အပိုင်း(၃၂)
စံအိမ်၏ ဝိုင်သိုလှောင်ခန်းအတွင်း ကောင်းမွန်သော ဝိုင်များကို သိုလှောင်ထားသည်။ အောင်ပွဲခံနေသော ဓားပြများက စံအိမ်၏ ကြွယ်ဝမှုများကို ပွေ့ဖက်သောက်စားရင်း အောင်ပွဲခံနေသည်မှာ နေ့ရောညပါ ကြာလာသည်။ ချဉ်းကပ်လာသော အန္တရာယ်ကို သတိ မမူကြသေးချေ။
အနုစိတ်ကျကျ ထွင်းထုထားသော ကြီးမားကျယ်ပြောလွန်းသည့် ပန်းပွင့်များနှင့် အလှဆင်ထားသည့် ပြတင်းပေါက်အပြင်ဘက်တွင် ခပ်တိုးတိုး ခြေလှမ်းသံများကို ကြားနိုင်သည်။ ထို့အပြင် တွားသွား၍ သွားလာရသော သတ္တဝါအချို့က မြေပြင်ကို ဖြတ်သန်းသွားနေသော အသံကလည်း ကပ်ပါလာ၏။
ဓားပြခေါင်းဆောင် ကျိုးချီက ဝက်သစ်ချစည်ပိုင်းအတွင်းမှ ကောင်းမွန်လွန်းသော ဝိုင်ထည့်ထားသည့် ဖန်ခွက်တစ်ခွက်ကို ကိုင်ထားရင် ရုတ်တရက် သူ၏ လည်ပင်းက စိမ့်တက် သွားသလို ခံစားလိုက်ရသဖြင့် တစ်စုံတစ်ရာက သူ့အပေါ် စိုက်ကြည့်လာသလို ခံစားလိုက်ရသည်။
သူက ခပ်မြန်မြန် နောက်သို့လှည့်ပြီး ဒေါသတကြီး စိုက်ကြည့်လိုက်သောအခါ သူ၏အနောက်ဘက်တွင် ဧည့်ခန်း၏ ပြတင်းပေါက်ကြီး ရှိနေကြောင်း၊ ပြတင်းပေါက်၏ အပြင်ဘက် ဥယျာဉ်အတွင်းတွင် သွေးစွန်းနေသော နှင်းဆီပန်းများကလွဲပြီး မည်သည့်အရာမှ မရှိကြောင်း သိလိုက်ရသည်။
စိတ်ရှုပ်သွားသော ကျိုးချီက ခပ်တိုးတိုး တစ်ချက် ရေရွတ်လိုက်ပြီး နောက်သို့ ပြန်လှည့်သွားသည်။
သူ မသိသည်မှာ သူက လှည့်လိုက်သည့်အခိုက်အတန့်တွင် ပြတင်းပေါက် အပြင်ဘက်တွင် အနီရောင်ဝတ်စုံနှင့် သရဲတစ်ကောင်က ရုတ်တရက် ပေါ်လာပြီး တစ်ဖက်သို့ လှည့်သွားသည့် သူ၏ခန္ဓာကိုယ်ကို သွေးနီရောင် မျက်လုံးများနှင့် ခက်ထန်စွာ စိုက်ကြည့်နေခြင်း ဖြစ်သည်။
ကျိုးချီ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ဓားပြက မူးနေသောကြောင့် အမြင်က ဝါးနေသည်။ သူသည် ဧည့်ခန်းအတွင်းရှိ ပြင်သစ်ပြတင်းပေါက်ဘက်သို့ တစ်ချက် ကြည့်လိုက်မိသည်။ ထိုအခါ မုန်းတီးမှုများ ပြည့်နှက်နေသော မျက်လုံးကြောင့် ကြောင်အသွားပြီး ချက်ချင်း အမူးပြေသွားသည်။ သို့ရာတွင် သူက တစ်ချက် ပြန်လည်အာရုံစိုက် ကြည့်လိုက်သောအခါ ပြတင်းပေါက်တွင် မည်သည့်အရာမှ မရှိတော့ချေ။
မျက်တောင်တစ်ခတ် အချိန်အတွင်း ဖြစ်သွားပုံရသည့် သွေးနီရောင် အရိပ်တစ်ခုကိုမူ မြင်လိုက်သည်။ သို့သော် ထင်ယောင်ထင်မှားကဲ့သို့ ဖြစ်နေသည်။
ဓားပြက စိတ်ပြန်အေးသွားချိန်တွင် ဓားပြခေါင်းဆောင် ကျိုးချီက ရုတ်တရက် မျက်လုံးပြူးကျယ်စွာနှင့် သူ့ကို အံ့အားတကြီး စိုက်ကြည့်နေကြောင်း မြင်လိုက်ရသည်။
“ခေါင်းဆောင်”
ဓားပြက စိတ်ရှုပ်ထွေးစွာ မေးသည်။ သို့သော် သူ နောက်ပိုင်းတွင် သတိထားမိလိုက်သည်။ ခေါင်းဆောင်က သူ့ကို ကြည့်နေခြင်းမဟုတ်ပဲ သူ၏နောက်ဘက်သို့ ကြည့်နေခြင်းဖြစ်သည်။
သူ၏ အနောက်ဘက်တွင် တစ်စုံတစ်ရာ ရှိနေသည်။
ဓားပြက တံတွေး မိချလိုက်ရင်း တုန်ယင်စွာနှင့် လည်တိုင်ကို တောင့်တင်းစွာ လှည့်လျက် အနောက်ဘက်သို့ ကြည့်သည်။
ထိုအခါ အထက်မှ သွေးရနံ့ ထောင်းထနေသော အနက်ရောင်ဆံပင်တစ်မွှေးက ပြုတ်ကျလာပြီး မျက်နှာပေါ် ရောက်လာသည်။ ထို့နောက် ဓားပြက လိမ်တွန့်ကာ ပုတ်ပွနေသည့် မိန်းမတစ်ယောက်၏ မျက်နှာကြီးနှင့် ဆုံသွားလေသည်။
“အား”
ချွန်ထက်နေသော လက်သည်းများက ထိုဓားပြ၏မျက်လုံးထဲသို့ တိုက်ရိုက် စိုက်ဝင်သွားပြီး ဦးခေါင်းခွံအပြင်ဘက်မှ ဖောက်ထွက် သွားသည်။ သွေးနှင့် ရောနေသော ရှုပ်ထွေးနေသည့် ဦးနှောက်များက ကြမ်းပြင်အနှံ့ ပြန့်ကျဲသွားသည်။
သူ၏ ကြောက်လန့်တကြား အော်သံက ရုတ်တရက် ပြတ်တောက် သွားသည်။ ခန္ဓာကိုယ်က နှစ်ကြိမ် တုန်ယင်ပြီးနောက် ရပ်တန့် သွားလေသည်။
ထိုနေရာက အသံများက မူးမူးရူးရူးနှင့် ရယ်မောနေသည့် ဓားပြများ၏ အာရုံကို ဆွဲဆောင် သွားသည်။ ကျိုးချီကပင် ရုတ်တရက် ပေါ်လာသော သရဲမကြောင့် ကြောင်အ သွားရာမှ အသိ ပြန်ဝင်သွားသည်။
အံ့အားသင့်မှုက သူ့ကို အရက်ကြောင့် မူးဝေမှုမှ ပြေပျောက်သွားစေသည်။ သို့သော် သူက သိပ်မကြာခင် စိတ်ပြန် ငြိမ်သွား၏။ ကြမ်းပြင်ပေါ်မှ သွေးဦးနှောက်များ၏ သက်ရောက်မှုများကို မခံရသလိုမျိုး မျက်လုံးများကို ကျဉ်းမြောင်းလိုက်ရင်း သရဲမ၏ ဆံပင်ကြားမှ တစ်ဝက်သာ ပေါ်နေသည့် မျက်နှာကို လှမ်းကြည့်လိုက်သည်။
“မင်းက လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က ငါ သတ်လိုက်တဲ့ မိန်းမ မဟုတ်လား”
ကျိုးချီက ခြောက်ခြားဖွယ် ကောင်းလောက်အောင် ရယ်မောရင်း ထရပ်သည်။
“ဘာလဲ သရဲအဖြစ် ပြောင်းပြီး ကလဲ့စား လာချေတယ်ပေါ့”
“ဒါဆိုရင်လည်း လာလေ။ ငါက သတ်ခဲ့တာ ဘယ်လောက် များမှန်းတောင် မသိတော့ဘူး။ ငါကိုယ်တိုင်တောင် မမှတ်မိနိုင်ဘူး။ ဒါပေမယ့် ဘယ်ကောင်ကမှ သရဲအဖြစ် ပြောင်းပြီး လာမသတ်နိုင်ဘူး”
ကျိုးချီက သွေးများစိုရွှဲနေသော ကြမ်းပြင်တွင် ရပ်နေသည့် သရဲမကို လှောင်သလို ပြုံးရင်း ကြည့်လိုက်သည်။
“ငါသာ သရဲကြောက်ရင် ဒီအလုပ် လုပ်မနေဘူး”
သွေးနီရောင်ချည်ဖောင်၏ အနားစမှတဆင့် သွေးများက ကြမ်းပြင်ပေါ်သို့ စီးကျနေရင်း အိုင်ထွန်းသွားသည်။
ချီရွှမ်းက ခေါင်းကို ငုံ့ရင်း ကြမ်းပြင်တွင် လဲကျနေသည့် ကြောက်လန့်မှုကြောင့် မျက်လုံး ပြူးကျယ်နေသော ဓားပြကို ငုံ့ကြည့်လိုက်သည်။ သူမ၏ ဆန့်ထွက်နေသည့် အနက်ရောင် ဆံပင်များက မျက်နှာအမူအယာတိုင်းကို ဖုံးကွယ်ထားလေရာ ထိုသွေးများက သူမအပေါ် စင်သွားလော သို့မဟုတ် သူမ၏သွေးမျက်ရည်များလော မသိနိုင်ချေ။
“ခွင့်မလွှတ်နိုင်ဘူး။ ခွင့်မလွှတ်နိုင်ဘူး။ ခွင့်မလွှတ်နိုင်ဘူး.....”
အပြစ်ကင်းသူတွေ အများကြီးကို သတ်ပြီးတဲ့နောက်မှာ ဒီလူတွေက ဘယ်လိုကြောင့်များ ဒီလိုနေရာမှာ ငြိမ်ငြိမ် ထိုင်နေနိုင်ရတာလဲ။ ဘယ်လို ဖြစ်နိုင်တယ်။
သူမ သူတို့ကို မုန်းတယ်။ တအား မုန်းတယ်။ သေချာပေါက် သတ်ရမယ်။
သူမ၏ အနက်ရောင်ဆံပင်ကြားတွင် ပုန်းအောင်းနေသော ချီရွှမ်း၏ လက်ချောင်းက လက်သည်းများက တဖြည်းဖြည်း ရှည်ထွက်သထက် ရှည်ထွက်လာပြီး အလွန်အမင်း ထက်ရှသွားသည်။
သူမက သွေးများ စွန်းထင်းနေပြီး ပုတ်ပွနေသော မျက်နှာကြီးကို ခပ်ကြမ်းကြမ်းမော့လျက် ခန်းမအတွင်းရှိ ဓားပြတိုင်းထံ စူးရှစွာ အော်ဟစ်ရင်း မုန်းတီးမှု အပြည့်နှင့် ခုန်ဝင်သွားလေသည်။
သူမ၏ ထက်ရှသော လက်သည်းများက သွေးနီရောင်ဓားမြှောင်များအလား၊ ဓားမြှောင်များက သူမကို တားရန် ကြိုးစားသည့် အရာအားလုံးကို အလွယ်တကူ ထိုးဖောက်သွားသည်။
ထိုလက်သည်းများက ဓားပြတစ်ယောက်၏ လည်ပင်းကို တို့ဖူးလို အသာအယာ ခုတ်ထစ် လိုက်နိုင်သည်။ ချက်ချင်းဆိုသလိုပင် ပွင့်ထွက်သွားသော နေရာမှတဆင့် သွေးများက ရေတံခွန်လို ပန်းထွက်လာပြီး အခြားမတုန့်ပြန်နိုင်သည့် မှင်သက်နေသော ဓားပြတိုင်းကို စိုရွှဲသွားစေသည်။
လည်ပင်းခုတ်ဖြတ်ခံရသည့် ဓားပြက မည်မျှ စိတ်ပြတ် အားငယ်နေစေကာမူ သူ၏အသက်စွမ်းအားက တဖြည်းဖြည်းချင်း လျော့ပါးသွားသော မြင်ကွင်းကိုသာ ကြည့်နေရလေသည်။
သူသည် ပါးစပ် အဟောင်းသားဖြစ်လျက် စကားပြောရန် ကြိုးစားသော်လည်း သွေးများအကြား အားအင်မဲ့စွာ လဲသွားရုံသာ တတ်နိုင်သည်။ ထိုသို့ဖြင့် သူ၏လက်အတွင်း သေသွားခဲ့ရသော လူများအလား စိတ်ပျက်အားငယ်မှုကို ခံစားလိုက်ရသည်။
ခေါင်းဆောင်၏ ယခုလေးတင် ပြောလာသော စကားလုံးများကြောင့် ကြောက်လန့်ပြီးနောက် ပြန်လည် တည်ငြိမ်သွားသည့် ဓားပြများက သရဲမကြောင့် ချက်ချင်းလိုလို သေသွားသော အပေါင်းအဖော်ကို ကြည့်ရင်း တိတ်တဆိတ် ကြောက်လန့် လာကြသည်။
ပုံမှန်အားဖြင့် သတ်ဖြတ်ရန် အသုံးပြုသည့် ဆေဘာများ၊ ဓားများပေါ်တွင် တင်ထားသော သူတို့၏လက်များက တုန်ယင်လာသလို တင်းတင်းပင် မကိုင်နိုင်ချေ။ အချို့ဆိုလျှင် အလိုအလျောက် နောက်ဆုတ် မိသွားသည်။
သူတို့ထဲမှ မည်သူကမှလည်း ရှေ့သို့အရင်တက်ပြီး အရင်သေရမည့်လူ မဖြစ်ချင်ကြချေ။
သို့သော် မုန်းတီးမှု အပြည့်နှင့် ရန်ငြိုးကြီးဝိဉာဉ် လိုလိုလားလား ဖြစ်ချင်နေခဲ့သည့် ချီရွှမ်းကမူ မည်သည့်ဓားပြကိုမျှ ညှာတာပေးလိမ့်မည် မဟုတ်ချေ။
ဓားပြများက သူတို့၏အရှေ့မှ အနီရောင်အလင်းတန်း ဖြတ်သန်းသွားကြောင်းကိုသာ မြင်လိုက်ရသည်။ သူတို့က သေချာအာရုံစိုက်လိုက်သောအခါ သွေးနီရောင်သရဲမက နဂိုနေရာတွင် ရှိမနေတော့ချေ။ ထိုအစား အပေါင်းအဖော်များ၏ အော်သံကို ကြားရသည်။
အော်သံများ၊ သွေးကျသံများနှင့်အတူ ဓားပြတစ်ယောက်ပြီးတစ်ယောက်က စိတ်ပျက်အားငယ်စွာ လဲကျသွားကြသည်။ သူတို့သည် သွေးအိုင်ထဲ လဲကျသွားပြီး ဓားပြခေါင်းဆောင် ကျိုးချီရှိရာဘက်သို့ တွားသွား၍ သွားကြသည်။ သူတို့သည် ရွှေထည်ငွေထည် ရတနာများကို ပိုင်ဆိုင်ရန် ကြိုးစားခဲ့ကြသည်မှာ လက်လှမ်း မှီနိုင်သော အတိုင်းအတာအတွင်းတွင် ရှိသည့် ကောင်းမွန်သည့်ဘဝကို ပိုင်ဆိုင်လို၍ ဖြစ်သည်။ သူတို့သည် မသေချင်သေးချေ။ မသေနိုင်သေးချေ။
သို့ရာတွင် ကျိုးချီပင်ဖြစ်စေ၊ အခြားသော ဓားပြများပင် ဖြစ်စေ သူတို့၏ လက်နက်များက သရဲမနှင့် ရင်ဆိုင်ရသောအခါ တို့ဖူးအလား နူးညံ့လွန်းနေခဲ့သည်။ ထို့ကြောင့် သူမ၏ထက်ရှသော လက်သည်းများအောက်တွင် မရေမတွက်နိုင်သော အပိုင်းများအဖြစ် ခုတ်ပိုင်းခံရသည်။
အဓိကခန်းမ၏ နေရာအနှံ့ သွေးနှင့်ဦးနှောက်များက တစ်စစီ ပြန့်ကျဲလျက် ရှိနေသည်။ အလွန်မြင့်သော မျက်နှာကျက်တွင် ရှိသည့် သလင်းမီးဆိုင်းကြီးကပင် သွေးများ တစ်စက်စက် ကျနေသေးသည်။
မူလက ခမ်းနားထည်ဝါပြီး အဆင့်အတန်းမြင့်သည့် ပြင်ဆင်မှုများနှင့် အခြားသော ပရိဘောဂများအားလုံးက သိပ်သည်းသော သွေးများ စွန်းထင်းပြီး မူလအရောင်ကို မမှတ်မိနိုင်အောင် ဖြစ်သွားစေသေးသည်။
ကိုယ်ပိုင်သွေးအိုင်အတွင်း တွားသွားနေရသည့် ဓားပြများက လွတ်မြောက်နိုင်ရန် ခက်ခက်ခဲခဲ ကုန်းထွက်လိုက်ရသည်။
သူတို့သည် အားအင်ချည့်နဲ့စွာနှင့် သွေးများ စိုရွှဲနေသော ဓားပြများကို အနားရှိ တံခါးများထံ လှမ်းကြစေသည်။ အကွာအဝေးက တိုတောင်းလွန်းသော်လည်း မည်သို့ပင် ရုန်းကန်နေစေကာမူ မရောက်နိုင်သေးချေ။
အချို့က ကျိုးချီ၏ ဘောင်းဘီကို ဆွဲထားသည်။ တစ်ချို့က စိတ်ပျက်အားငယ်စွာ မော့ကြည့်ကြ၏။ သူတို့၏ အသံအိုးက အဖျက်ခံလိုက်ရသောကြောင့် စကားမပြောနိုင်တော့သောကြောင့် အာ အား အသံများကိုသာ ထုတ်နိုင်သည်။ ထိုသို့ဖြင့် ကျိုးချီအား နည်းလမ်းတစ်ခုသုံးပြီး သူတို့အား ကယ်ခိုင်းရန် တောင်းပန်ကြသည်။
သို့သော် ကျိုးချီက သူတို့ကို ကန်ထုတ်လိုက်လေသည်။
ယခုလေးတင် ချီရွှမ်းကဲ့သို့ အားနည်းလွန်းသော မိန်းမတစ်ယောက် အလွန်ဆိုးယုတ်ပြီး မိစ္ဆာဆန်လွန်းသော သေဆုံးမှုကို ဦးတည်စေမည့် လူမျိုးမဟုတ်နိုင်ဟု ထင်ပြီး အကြောက်အလန့်မဲ့နေခဲ့သည့် ဓားပြခေါင်းဆောင်က အရှေ့မှ ဓားပြ ဆယ်ယောက်ကျော်ကပင် သူမ၏ ထိုးနှက်ချက်ကို မခံနိုင်သော မြင်ကွင်းကို တွေ့ကြုံ လိုက်ရသည်။ မည်သည့် ဆေဘာပင် ဖြစ်စေ၊ ဓားပင်ဖြစ်စေ ချီရွှမ်းကို ဒဏ်ရာရအောင် မလုပ်နိုင်ချေ။ သူတို့သည် သရဲမကို မှန်အောင်ပင် မချိန်နိုင်ချေ။
တစ်ချက် ကြည့်လိုက်သည့်အခါ သူမက ဒီနေရာတွင် ရှိသည်။ နောက်ထပ် တစ်ချက် ပြန်ကြည့်ပြီး သူတို့ဓားများက ခုတ်ပိုင်းလိုက်သောအခါ သူမဟာ ပျောက်ကွယ်သွားပြီး သူတို့၏ ခေါင်းအနောက်ဘက်သို့ ရောက်ရှိလာပြီး ထက်ရှသော လက်သည်းခွံကို သုံးပြီး ဦးခေါင်းခွံကို ဖွင့်ပြီးသွားပြီ ဖြစ်သည်။ ကျိုးချီက ကြောက်လွန်း လာသည်။
ရှင်သန်ခဲ့သော နှစ်များအတွင်း ပထမဦးဆုံးအကြိမ် ကြောက်လန့်မှုကို အစစ်အမှန် ခံစားဖူးခြင်း ဖြစ်သည်။
ရန်ငြိုးကြီးဝိဉာဉ်တစ်ကောင်၏ ဒေါသနှင့် အရိုးစွဲအောင် မုန်းတီးမှုက သက်ရှိများ အကြားမှ တိုက်ခိုက်မှုလောက် မရိုးရှင်းတော့ချေ။
ကျိုးချီသည် ကြောက်လန့်တကြား ဘေးဘီသို့ ကြည့်လိုက်သောအခါ အခြားသော သူများ၏ သွေးများက အိုင်ထွန်းနေကြောင်း တွေ့လိုက်ရသည်။ ထို့နောက် သူ၏သွေးသောက် ညီအစ်ကိုများ အားလုံးက သေဆုံးသူက သေဆုံး၊ ဒဏ်ရာရသူက ဒဏ်ရာ ရနေကြသည်။ ထိုသူများက အမှန်တကယ် သေဆုံးသွားလော သို့မဟုတ် ဒဏ်ရာများက ပြင်းထန်သွားသလော မသိနိုင်ချေ။ အသက်ရှိသူများဆိုလျှင်လည်း သရဲများကြောင့် အသိစိတ်ကြောင့် ကြောက်လန့်နေကြပြီး သူတို့၏ ဆေဘာဓားများကို ပစ်လွှတ်လျက် အလန့်တကြား ထွက်ပြေးကြသည်။ သူမက လိုက်မဖမ်းနိုင်အောင် ထွက်ပြေးချင်နေကြသည်။
ထိုသို့ဖြင့် သတ်ဖြတ်သူနှင့် အသတ်ခံရသူက နေရာပြောင်းသွားသည်။
သူမ၏ချစ်ရသူများ ဝမ်းနည်းစွာ သေဆုံးခဲ့ရသည့် မြင်ကွင်းကိုသာ ထိုင်ကြည့်နေခဲ့ရပြီး ခုခံနိုင်စွမ်းအား မဲ့ခဲ့ရသည့် အသက်ရှင်ချိန်က ချီရွှမ်းက သေဆုံးပြီးနောက်မှ သူမ လိုချင်သည့် အင်အားကို ရသွားလေသည်။
တန်ကြေးတစ်ခုကို ပေးဆပ်ရမည်ဆိုလျှင်ပင်၊ သေမျိုးနယ်ပယ်သို့ ဘယ်သောအခါ မဝင်နိုင်ခွင့် ရရှိမည်ဆိုလျှင်ပင် _ _ _
သွေးအိုင်များအကြားတွင် အနက်ရောင်ဆံပင်များက ထိုနေရာတွင် တွားသွားလျက် အပြင်သို့ ထွက်ရန် ကြိုးစားနေသည့် ဓားပြတိုင်းကို ချုပ်နှောင်ထားပြီး ထွက်မပြေး နိုင်အောင် ဆွဲထားလေသည်။
ချီရွှမ်းက ထွက်ပြေးရန် ကြံစည်သူများ၏နောက်သို့ လိုက်ပြီး နောက်ဆုံးတွင် ထိုလူများ၏ မျက်နှာပေါ်မှ ကြောက်လန့်မှုများနှင့် ထိတ်လန့်မှုများကို ကျေနပ်စွာ ခံစား လိုက်နိုင်သည်။
ဟုတ်တယ် ဒီလိုပဲ ဖြစ်သင့်တာ။
သူတို့က ဒီလောက်အများကြီး သတ်ထားတာ။ နောက်ပြီး ဒီအခြေအနေကနေ ရထားတဲ့ အရာတွေကိုတောင် ပျော်မွေ့တာမျိုး ဘယ်လိုဖြစ်နိုင်မှာလဲ။ သူတို့ရဲ့အပြစ်နဲ့ တန်လို့လား။
သူတို့ ဒါကို နောင်တ ရသင့်တယ်။ သူတို့လည်း သူမ ခံခဲ့ရသလိုမျိုး နာကျင်မှုကို ခံစားပြီး စိတ်ပျက် အားငယ်နေသင့်တယ်။ သူမဟာ သူတို့ရဲ့ ဝိဉာဉ်ကို လိုချင်တာ။ ပြန်မမွေးဖွားနိုင်တဲ့အထိ ထပ်ခါတလဲလဲ နှိပ်စက်ချင်သေးတာ။
စံအိမ်၏ နေရာအနှံ့တွင် ခြေပြတ်လက်ပြတ်နှင့် သွေးများ စွန်းထင်းနေသည်။ နံရံနှင့် မျက်နှာကြတ်များတွင်ပင် သိပ်သည်းသော သွေးများအထပ်ထပ် ရှိနေသည်။ ဆက်တိုက် စီးကျနေသည်။
သွေးအိုင်များအတွင်း တစ်စစီကွဲကြေလျက်ရှိသော ဦးခေါင်းခွံများအတွင်းမှ အဖြူရောင် အပိုင်းအစများနှင့် သွေးလွှမ်းနေသော ခန္ဓာကိုယ် အစိတ်အပိုင်းများက ရုန်းကန်မှုကြောင့် သေးငယ်သည့် အပိုင်းများအဖြစ် နင်းချေ ခံရလေသည်။ ထိုနေရာတွင် ငရဲ၏ ဆယ့်ရှစ်ထပ်မြောက် အလားပင် ထင်ရသည်။
ဒါဟာ ရန်ငြိုးကြီးဝိဉာဉ်က သူမ၏ အငြိုးတရားများအတွက် အထူးတလည် ပြင်ဆင်ထားသည့် နှိပ်စက်ခန်း ဖြစ်သည်။
ခရက် ခရက် ခရက်
ငိုငြီးသံများက အားနည်းသွားပြီး ပျောက်ကွယ်သွားပြီးနောက် ကျိုးချီက သူ၏ကိုယ်ပိုင် နှလုံးခုန်သံကို ကြားလိုက်ရသည်။ ဒါဟာ သူ၏ အလှည့်ဖြစ်ကြောင်း သူသည်လည်း သိသည်။
သူကိုယ်တိုင် အစိပ်စိပ် အပိုင်းပိုင်းဖြစ်အောင် ခုတ်ပိုင်းခဲ့သည့် အမျိုးသမီးက သရဲအဖြစ် သူ့ထံ ပြန်လာလေပြီ။
ကျိုးချီသည် နောက်ဆုံးတွင် လှုပ်ရှားရန် ဆုံးဖြတ်လိုက်၏။ သူ၏ဓားကို စွန့်ပစ်လိုက်ပြီး စံအိမ်တံခါးထံ အပြေးအလွှား သွားသည်။ ဒီနေရာမှ သူ၏သွေးသောက်ညီအစ်ကိုများ၏ ရတနာများက အရေးမပါတော့ပဲ ရူးသွပ်နေသော စိတ်ပျက်စရာ ငရဲကြီးအတွင်းမှ ထွက်ပြေးရန်သာ ကြိုးစားရမည် ဖြစ်သည်။
သို့သော် ချီရွှမ်းကမူ ကျိုးချီကို ဘယ်သောအခါမှ မေ့လိမ့်မည် မဟုတ်ချေ။ သူက သူမ၏ မျက်စိရှေ့တွင် သူမ၏ နာနီကို သေအောင်သတ်သည်။ သူမကိုလည်း ခေါင်းဖြတ်ပြီး အစိပ်စိပ်အပိုင်းပိုင်း ဖြစ်အောင် ခုတ်လျက် ထင်းတဲထဲ လွှင့်ပစ်ခဲ့သေးသည်။ ထိုလူက သူမ၏မျှော်လင့်ချက်များနှင့် ပျော်ရွှင်မှုများကို ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။
“နင်က_ _ _ ဘယ်သွားဖို့ ကြံနေတာလဲ”
ရုတ်တရက် ကျိုးချီ၏ အနောက်မှ အလွန် သုန်မှုန်နေသော လေသံကြီး ထွက်လာသည်။
“အသက်တစ်ခုအတွက် တစ်ခု။ ဒါက မှန်ကန်တဲ့ စည်းမျဉ်းပဲ။ နင်က ငါနဲ့အခြားသူတွေရဲ့ အသက်ကို ယူပြီး ပြန်ပေးဆပ်သင့်ပြီလို့ မထင်ဘူးလား”
“နင့်ရဲ့အသက်နဲ့ ပေး”
ရူးသွပ်မတတ် ဒေါသထွက်နေသည့် ရန်ငြိုးကြီးဝိဉာဉ်က စူးရှစွာ အော်ဟစ်လိုက်၏။ သူမ၏ ရှည်လျားသော အနက်ရောင်ဆံပင်များက လေထဲတွင် အရိုင်းဆန်စွာ ကခုန်လေပြီး စံအိမ်ထဲ တစ်ခုလုံးကို စောင်သဖွယ် လွှမ်းခြုံလိုက်သည်။ ဒေါသတကြီး တိုက်ခိုက်လာသည့် လေပြင်းက အပြင်ဘက်ရှိ အပင်တိုင်းကို ခပ်ကြမ်းကြမ်း လှုပ်ခါသည်။ စံအိမ်အတွင်းရှိ အရာအားလုံးကမူ ပြင်းထန်စွာ ဖျက်ဆီးခြင်း ခံရသည်။ ကွဲကြေသွားသော ဖန်သားများနှင့် လိုက်ကာစများ အားလုံးက ကျိုးချီ၏ လွတ်လမ်းတိုင်းကို အလိုအလျောက် ပိတ်သည်။
ချီရွှမ်း၏ ရှည်လျားသော လက်သည်းများက ကျိုးချီ၏ ခန္ဓာကိုယ်ပေါ်တွင် သိသာ ထင်ရှားသော ဒဏ်ရာကြီးများကို ထပ်ခါတလဲလဲ ချန်ထားရစ်သည်။ ကျိုးချီက နာကျင်စွာ အော်ဟစ် နေရသည်။ သို့သော် ထွက်ပြေးစရာ နေရာမရှိချေ။ လက်သည်းများက နီးကပ်သထက် နီးကပ်လာသော မြင်ကွင်းကိုသာ ကြည့်နေရသည်။
ဗွက်
ထိုလက်သည်းက ကျိုးချီ၏မျက်လုံးသို့ တိုက်ရိုက်ဖောက်ဝင်ပြီး ဦးခေါင်းခွံ အနောက်ဘက်မှ ပြန်ထွက်သည်။
ကျိုးချီက နာကျင်မှုကို တောင့်မခံနိုင်တော့ပဲ စူးရှစွာ အော်ဟစ်လိုက်ပြီးနောက် ချီရွှမ်းက သူ၏လက်မောင်း၊ ခြေထောက်နှင့် ပေါင်_ _ _စသည်ဖြင့်တို့ကို ထိခိုက်အောင် လုပ်ပြီး နောက်ဆုံးတွင် ခေါင်းထံ ပြန်ဦးတည် လာသည်။
ကျိုးချီသည် လွန်ခဲ့သော ခုနှစ်ညက ချီရွှမ်း၏အလောင်းကို အစိပ်စိပ်အပိုင်းပိုင်း ဖြစ်အောင် ရက်စက်စွာ ခုတ်ပိုင်းခဲ့သည်။ ထိုအချိန်က အေးစက်သော လမင်းက အရာအားလုံးကို သက်သေ ပြုပေးသည်။ ဒီညတွင်ချီရွှမ်းက တောက်ပသည့် လမင်းအောက်တွင် အပြည့်အဝ ပြန်လည်ပေးဆပ်လေပြီး အတိုးပင်ပါသည်။
ကြင်နာမှု၊ ခွင့်လွှတ်မှု ဟုတ်လား။
မရှိဘူး။
သူမက လူသတ်သမားများအားလုံးကို သည်းမခံနိုင်လောက်အောင် ပြင်းထန်သည့် နာကျင်မှုနှင့် တစ်လွှာပြီးတစ်လွှာ လှီးဖြတ်ခံရသောကြောင့် စိတ်ဓာတ်ကျဖွယ် ကောင်းသည့် နာကျင်မှု၊ စိတ်ပျက်အားငယ်မှုများကို ခံစားရစေချင်သည်။
“နင်လို့ အမှိုက်ကောင်က လူအရေခွံ ခြုံထားပြီး လူလိုဟန်ဆောင်နေတာမျိုးနဲ့ မတန်ဘူး”
ချီရွှမ်းက ပြောသည်။
သူမ၏ ထက်ရှသည့် လက်သည်းများကို သုံးပြီး ဓားပြများ၏ မျက်နှာတိုင်းကို အလွှာလိုက် ခွာချပစ်သည်။
ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသည့် ဓားပြများက စူးရှစွာ အော်ဟစ်ပြီး အသံကို ချမ်းသာပေးရန် အသနားခံသော်လည်း အလဟသသာ ဖြစ်သည်။ မည်သူကမှ ခဲနေပြီ ဖြစ်သော ရန်ငြိုးကြီး ဝိဉာဉ်တစ်ကောင်၏ နှလုံးသားကို ယိမ်းယိုင်အောင် မလုပ်နိုင်ချေ။
အဆုံးသတ်တွင် သူတို့သည် လူပုံသဏ္ဍာန် ကျန်ရုံသာ ကျန်လောက်အောင် အရေခွံ အချွတ်ခံရသည်။ ထိုသို့ဖြင့် စံအိမ်အတွင်းတွင် သေသည်အထိ၊ သွေးများ ခြောက်သည်အထိ နှိပ်စက်ခံရ၏။
ချီရွှမ်းသည် ထိုမျက်နှာများကို သယ်ပြီး ဥယျာဉ်အတွင်းရှိ နှင်းဆီခြုံပုတ်များ အောက်တွင် မြှပ်လိုက်သည်။
မူလက အဖြူရောင်နှင်းဆီများက စံအိမ်၏ အစေခံများ သေသွားသောအခါ ယိုစိမ့်ထွက်လာသည့် သွေးများကြောင့် နီရဲနေခဲ့ပြီးသား ဖြစ်သည်။ ထိုသို့ဖြင့် ပန်းပွင့်တိုင်းက သူတို့၏ နက်ရှိုင်းသည့် ရန်ငြိုးနှင့် ခါးသီးမှုကို သယ်ဆောင်ထားလေပြီ။
လူအရေခွံ တစ်ပိုင်းချင်းစီတိုင်းက အမြှပ်ခံရသောအခါ နှင်းဆီခြုံပုတ်များက လှုပ်ခါသွားသည်မှာ ဒေါသများနှင့် မျက်ရည် ကျနေသည်အလား ထင်ရသည်။
နောက်ဆုံးတော့ သူတို့ကို သတ်ခဲ့တဲ့ မုန်းဖို့ကောင်းတဲ့ ရန်သူတွေက တန်တဲ့ သေခြင်းတရားကို ခံစားလိုက်ရပြီ။
နှင်းဆီခြုံပုတ်များ၏ အမြစ်လက်တံများက ပြန့်သထက် ပြန့်သွားပြီး မြေဆီလွှာအတွင်းသို့ မြှပ်နှံထားခြင်း ခံရသည့် လူအရေခွံများနှင့် ပေါင်းစပ်လိုက်ကာ ထိုသူများကို ထွက်မပြေးနိုင်အောင် တားမြစ်လေသည်။
သူတို့က ဒီနေရာမှာ သေသွားလို့ ဒီရန်ငြိုးကြောင့် ဒီနေရာက မထွက်နိုင်ဘူး။ ဒီတော့ သူတို့ရဲ့ ရန်သူတွေကလည်း ဒီနေရာမှာ ထာဝရ နေပါစေ။
သူတို့ရဲ့ မုန်းတီးမှုတွေ မပျက်ပြယ်သမျှ နောင်ပြန်လည် မွေးဖွားတဲ့ စက်ကွင်းထဲကို မဝင်လိုဘူး။ ဒီနေရာကနေလည်း မထွက်သွားလိုဘူး။
ဒါမှမဟုတ် သူတို့ကို သေဆုံးစေခဲ့တဲ့ ဒီအမုန်းတရားကို ဘယ်တော့မှ မမေ့နိုင်တာလဲ ဖြစ်သွား လောက်တာပဲ။
ခြုံပုတ်ပေါ်ရှိ သွေးများက တဖြည်းဖြည်းချင်း ဖျော့တော့ ပျောက်ကွယ်သွားသည်။ ထိုသို့ဖြင့် အနီရင့်ရောင် ပန်းများက ဖြူဖွေးစွတ်နေသော ပန်းများအသွင်ပြောင်းလျက် လရောင်အောက်တွင် လွှဲယမ်း နေပြန်သည်။ သို့ရာတွင် အနီးကပ် ကြည့်ရှုမည်ဆိုပါက ထိုအဖြူရောင် နှင်းဆီပန်းတစ်ပွင့်ချင်းစီတိုင်း၏ အထပ်ထပ်သော ရိုးတံများက မျက်နှာတစ်ခု၏ ပုံပန်းသွင်ပြင်ကို ခပ်ရေးရေး ဖော်ထုတ်နေကြောင်း မြင်နိုင် ပေလိမ့်မည်။
ထိုမျက်နှာကများက စူးရှစွာ အော်ဟစ်ပြီး စိတ်ပျက်အားငယ်စွာ ကျိန်ဆဲ နေကြပုံပေါ်သည်။ သို့သော် နှင်းဆီပန်းများထံမှ မလွတ်မြောက်နိုင်ပဲ ရှိနေသည်။
သွေးအပိုင်းအစများနှင့် အသားများကိုမူ ချီရွှမ်းကိုယ်တိုင် သယ်ယူရင်း ဝိုင်စည်ပိုင်းများအတွင်းသို့ ထိုးသိပ်လိုက်သည်။
မင်းတို့ တအားချစ်တဲ့ အရက်ထဲမှာပဲ ဝင်စိမ်နေကြလေ။ နင်တို့ရဲ့အပြစ်တွေ သွေးတွေအပြည့် အဲဒီမှာ ရှိနေလိမ့်မယ်။ နင်တို့က ဘာတန်ကြေးမှ မရှိလောက်တဲ့ နိမ့်ကျတဲ့ ဘဝမျိုးကို ပိုင်ဆိုင်ထားကြတာ။ နင်တို့ရဲ့လက်တွေက သွေးကြွေးအများကြီး စွန်းနေပြီးသားပဲ။ နင်တို့ သတ်ခဲ့တဲ့လူတွေက အချိန်တိုင်းလိုလို အော်ဟစ် ငိုကြွေးနေခဲ့ရတာတွေကို နင်တို့ ဘယ်တော့မှ မမေ့သင့်ဘူး။
ဒီတော့ နင်တို့ရဲ့အသွေးအသားတွေ၊ ဝိဉာဉ်တွေကလည်း ဒီနေရာမှာ ထာဝရနေပြီး အချိန်တိုင်းလိုလို နင်တို့ရဲ့ နာကျင်မှုတွေနဲ့ စိတ်ပျက်အားငယ်မှုတွေကို မှတ်မိနေသင့်တယ်။
.....
စံအိမ်အနှံ့ စွန်းထင်းနေသော သွေးများက တိုက်ခတ်လာသော လေအောက်တွင် သယ်ဆောင်ခံရပြီး ထင်ရှားသည့် လရောင်အောက်တွင် တောင်တန်းအတွင်းသို့ မြူအဖြစ် ရောနှော ဝင်ရောက်သွားသည်။
သွေးလက ထွက်လာပြီ။
ယန်ရှစ်ရွှမ်းက ချီရွမ်း၏ ရှုထောင့်မှတဆင့် အရာအားလုံးကို ပြန်ကြည့်လိုက်ပြီး နောက်ဆုံးတွင် သွေးနီရောင် လူသားပုံသဏ္ဍာန်အရာများနှင့် ဓားပြခေါင်းဆောင် ကျိုးချီက မည်သည့်အတွက်ကြောင့် ချီရွှမ်းကို အလွန်ကြောက်ကြောင်း သိသွားသည်။
ချီရွှမ်းက သေလွန်ပြီးနောက်တွင် ရန်ငြိုးကြီးဝိဉာဉ်တစ်ကောင် ဖြစ်လျက် ဓားပြတိုင်းကို ရက်စက်လွန်းသော ပုံစံမျိုးဖြင့် သတ်ဖြတ် ခဲ့သောကြောင့် ဖြစ်သည်။
သွေးနီရောင်လူသားပုံသဏ္ဍာန်အရာများမူ ချီရွှမ်းက လူအရေခွံ အတင်းချွတ်ခဲ့သည့် ဓားပြများ ဖြစ်ပေလိမ့်မည်။ လူမျက်နှာများနှင့် နှင်းဆီများကလည်း ဓားပြများ၏ ဝိဉာဉ်များက ပူးကပ်နေခြင်း ဖြစ်ပေလိမ့်မည်။ ထိုအတွက်ကြောင့် သူတို့သည် ချီရွှမ်းနှင့် စံအိမ်၏ အစေခံများ၏ အရိုးစုများကို သယ်ဆောင်ထားသော ဥယျာဉ်ရှိ ထင်းတဲကို ကြည့်ရန်ပင် ကြောက်ရွံ့နေခြင်း ဖြစ်ပေလိမ့်မည်။
ဓားပြခေါင်းဆောင် ကျိုးချီကမူ ယခုအခါ အိမ်တော်ထိန်းအိုကြီးအဖြစ် ရုပ်ဖျတ်လျက် ရှိနေသည်။ သို့သော် ဥယျာဉ်ထဲသို့ ခြေတစ်လှမ်းပင် မချရဲချေ။
အကြောင်းမူကား ထိုနေရာတွင် သူ သတ်ခဲ့သည့် လူပေါင်းများစွာ၏ မငြိမ်းချမ်းသေးသော ဝိဉာဉ်နှင့် အကြွင်းအကျန်များက ရှိနေသည်။
တစ္ဆေတောင်စံအိမ်အတွင်းတွင် စည်းမျဉ်းများက မပြောင်းချေ။ အသတ်ခံရသူက သတ်ဖြတ်သူကိုသာ ကြောက်နေရသေးသည်။
ထိုအတွက်ကြောင့် စံအိမ်အတွင်းတွင် နယ်မြေ ပိုင်းခြားမှုက ဖြစ်ပေါ်လာပြီး စံအိမ်နှင့် ဥယျာဉ်အတွင်း အင်အားစုက မချဉ်းကပ်ရဲသည့် နယ်မြေများအဖြစ် ပြောင်းလဲ သွားသည်။ ထိုသို့ဖြင့် ပိုင်နက်နယ်မြေက ကွာခြားသွားသည်။
ချီရွှမ်း၏ စံအိမ်ညာဘက်ခြမ်းတွင် နေသော လူများအပေါ် နက်ရှိုင်းလွန်းသည့် အငြိုးတရားများနှင့် ရက်စက်လိုစိတ် ဆန္ဒရှိနေရခြင်းမှာ ဓားပြများက ရှင်သန်နေထိုင်ခဲ့ချိန်က ညာဘက်ခြမ်းတစ်ခြမ်းလုံးကို သိမ်းယူခဲ့သောကြောင့် ဖြစ်သည်။ အကြောင်းမူကား ထိုဘက်ခြမ်းတွင် ဝိုင်သိုလှောင်ခန်း ရှိသည်။ သေလွန်းပြီးသည့်တိုင်အောင် သူတို့သည် ထိုအခြမ်းတွင် ဆက်နေကြသေး၏။ ချီရွှမ်းကမူ ညာဘက်ခြမ်း၏ အခန်းတိုင်တွင်နေသော လူတိုင်းက ဓားပြများအပိုင်ဟု ထင်ထားခြင်း ဖြစ်သည်။ ထိုအတွက်ကြောင့်လည်း တင်းချီကို တိုက်ခိုက်ပြီး ထိုသို့ မှတ်ချက်များ ချခဲ့ခြင်း ဖြစ်ခဲ့သည်။
ဘယ်ဘက်ခြမ်းအတွက်ကမူ ဥယျာဉ်နှင့်နီးခြင်း ဖြစ်သည်။ ထို့အပြင် ချီရွှမ်း၏ မာစတာဘက်ရွမ်းကလည်း ထိုဘက်အခြမ်းတွင် တည်ရှိသည်။ ဓားပြများကမူ ဥယျာဉ်ထဲတွင် ကျန်နေရစ်သေးသည့် ဝိဉာဉ်များနှင့် ဘယ်ဘက်ခြမ်းမှ ချီရွှမ်းကို ကြောက်သောကြောင့် ဘယ်ဘက်ခြမ်းသို့ ခြေတစ်လှမ်းမျှ မချကြချေ။ သူတို့သည် ဘက်ဘက်ခြမ်းရှိ အခန်းထဲမှ လူများကို သတ်ချင်သည့်တိုင်အောင် မလှုပ်ရှားသေးခင် အပြင်သို့ ထွက်လာရန် မြှားရသေးသည်။
ဆန့်ကျင်ဘက် ဖြစ်သည်မှာ ချီရွှမ်းက ဘယ်ဘက်ခြမ်းရှိ အခန်းများတွင် နေထားသော လူများအပေါ် ရင်းနှီးကျွမ်းဝင်စွာ ဆက်ဆံပြသည်။
ယန်ရှစ်ရွှမ်းက ရုတ်တရက် ချီရွှမ်းသည် သူ့ကို မကြာခဏဆိုသလို သတ်ဖြတ်ရန် ကြိုးစားဖူးကြောင်း သိသဖြင့် စိတ်ရှုပ်ထွေးစွာ ခေါင်းလှည့်ကြည့်လိုက်မိသည်။
သူလည်း ဘယ်ဘက်ခြမ်းမှာ နေတာပါ။ ဘာလို့ ချီရွှမ်းက သူ့ကို ပိုင်ရွှမ်းကို ဆက်ဆံသလို မဆက်ဆံတာလဲ။
သူက နာနီရဲ့အခန်းမှာ နေလို့လား။
ဒါမှမဟုတ် ဒါက အရေးမကြီးတော့ဘူး။ ထို့ကြောင့် ယန်ရှစ်ရွှမ်းက ထိုအကြောင်းအရာကို ဘေးဖယ်ထားလိုက်သည်။
လွန်ခဲ့သော နှစ်တစ်ရာခန့်က ပုံပြင်က မတူညီသော ရှုထောင့်နှစ်ခုအဖြစ် သူ၏အရှေ့တွင် ပေါ်ပေါက်လာပြီ ဖြစ်သည်။ လွတ်နေသော ပဟေဠိမှ အပိုင်းအစများက စတင်ကာ ဆက်သွားသည်။ ဒါပေမယ့် တစ်ပိုင်းလိုနေသေးသည်။_
စံအိမ်အတွင်းရှိလူများက သေကုန်ပြီး ဓားပြများရဲ့ အလောင်းများကို ဝိုင်သိုလှောင်အတွင်းသို့ ထိုးထည့်ခဲ့သောအခါ တောင်ပေါ်သို့ တက်လာသော ရွာသားများက တောင်ကုန်းများအနှံ့ ပြည့်နေသည့် ဓားပြများရဲ့ အလောင်းများကို မမြင်နိုင်သင့်ချေ။
ဒါဆိုရင် ကောလဟလတွေက ဘယ်နေရာက စတာလဲ။ ဘယ်လိုကြောင့် အဲဒီရွာသားတွေက သေဆုံးပြီး ဖြတ်လျှောက်တွေက ဆိုးဆိုးရွားရွား ပျောက်ဆုံး သေကုန်ကြလို့ တစ္ဆေတောင်ဆိုတဲ့ နာမည်က ပေါ်လာတာလဲ။
ယန်ရှစ်ရွှမ်းက ချီရွှမ်း၏ ရှုထောင့်ဘက်မှ ကြည့်ရှုခြင်းအားဖြင့် သူမသည် ရန်ငြိုးကြီး ဝိဉာဉ်တစ်ကောင် ဖြစ်သည်။ သို့သော် သတ်ဖြတ်ရခြင်းကို မွေ့လျော်သော လူမျိုးလည်း မဟုတ်ချေ။ ဒီအတိုင်း ဓားပြများက သေလွန်ပြီးနောက် လှုပ်ရှားခဲ့ခြင်းသာ ဖြစ်လောက်သည်။
သို့သော် ချီရွှမ်းကလည်း ထိုတစ္ဆေပုံရိပ်ကို ပြောခဲ့သည်။ သူမသည် ဓားပြများကို ဒီနေရာတွင်နေပြီး အပြစ်ကင်းစင်သော လူများကို ထိခိုက်အောင် မလုပ်နိုင်ဟု ဆိုထားသည်။
ယန်ရှစ်ရွှမ်း၏ ဦးနှောက်က အတွေးပေါင်းများစွာနှင့် ပြည့်နှက်နေပြီး ရှုပ်ထွေးနေသည့် အခိုက်အတန့်တွင် မှတ်ဉာဏ်လောက က ပြိုလဲကျသွားသည်။
စံအိမ်၏ နေရာတိုင်း၊ ထောင့်တိုင်းတွင် ပင့်ကူအိမ်လို ကွဲအက်ရာများက ပြည့်နှက်လာပြီး သွားကြိတ်သံလို ကွဲအက်သံများ ထွက်ပေါ်လာသည်။
ထူးဆန်းသော ဆူညံသံက ယန်ရှစ်ရွှမ်းအား သူ၏အတွေးယာဉ်ကြောမှ ဆွဲထုတ် လိုက်သည်။ သူက အသံလာရာ အရင်းအမြစ်ဘက်သို့ ကြည့်လိုက်သည်။
စံအိမ်ပင် မဟုတ်ချေ။ တစ်တောင်လုံးက ငလျင်လှုပ်သလိုမျိုး တုန်ခါလာသည်။ ယန်ရှစ်ရွှမ်းက ထိုတစ်ခဏတွင်ပင် မှင်သက်သွားမိသည်။
သူက ကျိုးချီ၏နောက်ခံကို သွားပြီး ဝင်ရောက်သွားခဲ့သည့် မှတ်ဉာဏ်လောက၊ ချီရွှမ်းက နာနီ ထွက်ခွာ သွားခဲ့သောကြောင့် စိတ်အာရုံထွေပြားပြီး ဖြစ်ပေါ်လာစေခဲ့သည့် မှတ်ဉာဏ်လောကတို့က ပြိုလဲကျသွားပြီ ဖြစ်သည်။
ဒါဆိုရင် ဒါက ဘာဖြစ်နေတာလဲ။
လက်ရှိအချိန်တွင် သူဟာ ချီရွှမ်း၏ နောက်ခံနှင့်အတူ အတူရှိနေသေးသည်။
အဲဒီလိုမဟုတ်မှ_ _ _
ချီရွှမ်းကိုယ်တိုင်က ယိမ်းယိုင်သွားခဲ့လို့ ဒါမှမဟုတ် ပြင်ပအားတစ်ခုက မှတ်ဉာဏ်လောက အပြင်ဘက်တစ်နေရာကနေ သူမကို တိုက်ခိုက်လာခဲ့လိုမှ မဟုတ်ရင်_ _ _
ယန်ရှစ်ရွှမ်း၏ နှလုံးသားက လေးလံသွားပြီး စွန့်ခွာခြင်းဂါထာကို တိတ်တဆိတ် ရွတ်ဆိုလိုက်သည်။ ထိုအချိန်တွင် သူသည် တုန့်ဆိုင်းမနေပဲ မှတ်ဉာဏ်လောကထဲမှ ထွက်ခွာရန် ကြံစည် လိုက်သည်။ သူ ယခင်တစ်ခေါက် ကျိုးချီ၏ နောက်ခံကို သုံးခဲ့ချိန်က ကိုယ်မှခွာရန် ကြိုးစားခဲ့သော နည်းလမ်းကို သုံးရမည့်အစား မကြည်မလင် ဖြစ်နေသော နေရာတစ်ခုကို သုံးလျက် ချီရွမ်း၏ကိုယ်နှင့် ဆွဲခွာလိုက်သည်။
ယန်ရှစ်ရွှမ်း၏ သွယ်လျသော ခန္ဓာကိုယ်က ချီရွှမ်းနှင့် သိပ်မဝေးသောနေရာတွင် ပေါ်လာသည့် အခိုက်အတန့်တွင် မှတ်ဉာဏ်လောကကြီး တစ်ခုလုံးက ကျယ်လောင်သော အော်သံများနှင့်အတူ ပြိုလဲကျသွားပြီး အမှောင်ထုအတွင်း ပျောက်သွားသည်။
သူ၏အာရုံက ပြန်လည်မကြည်လင်သေးခင် ယန်ရှစ်ရွှမ်းက ချီရွှမ်းထံမှ လာသည့် စူးရှသည့် အော်သံကို ကြားရသည်။
“ကျိုးချီ နင် မျိုးမစစ်ကောင် ငါ့ဆီ လာရဲတယ်။ ငါ နင့်ကိုသတ်မယ်။ ငါ နင့်ကိုသတ်မယ်”
အော်သံထဲတွင် ဒေါသနှင့် မုန်းတီးမှုများပါပြီး တစ်လုံးချင်းစီတိုင်းက ရန်ငြိုးအပြည့် သယ်ဆောင်ထားသည်။
ယန်ရှစ်ရွှမ်းကို ပို၍သတိကပ်စေသည်မှာ ချီရွှမ်း၏ စကားလုံးများကြောင့် ဖြစ်သည်။ လွန်ခဲ့သော နှစ်တစ်ရာခန့်က ချီရွှမ်းသည် စံအိမ်မှ အစေခံများ၏ ဝိဉာဉ်များကို သုံးခဲ့သလို ဓားပြများ၏ အရက်ကိုသုံးပြီး အောင်ပွဲခံချင် စိတ်ကြောင့် ဓားပြများ၏ ခန္ဓာကိုယ်များနှင့် ဝိဉာဉ်များကို ပိတ်လှောင်ထားနိုင်ခဲ့သည်။ ထိုလူများက ချီရွှမ်းကို အမြဲတစေ ကြောက်နေခဲ့ရပြီး သူမ၏ထိန်းချုပ်မှုအောက်တွင် ရှိသော နယ်မြေများသို့ ခြေတစ်လှမ်းပင် မတိုးလာနိုင်ခဲ့သေးလေရာတွင် ရှေ့တွင်ပေါ်လာရန် ပို၍ဆိုးသည်။
သို့သော် ယခုမူ ချီရွှမ်းက ဒေါသထွက်နေပုံရပြီး ကျိုးချီက သူမကို လာတွေ့ကြောင်း အော်နေသည်။
ယန်ရှစ်ရွှမ်း၏ ချက်ချင်းလိုလို တုန့်ပြန်မှုအရ ကျိုးချီဟာ စတုတ္ထထပ်သို့ တက်ပြီး ချီရွှမ်းကို လာရှာသည်ဆိုသော အချက်ဖြစ်သည်။
သို့ရာတွင် ကျိုးချီသည် ချီရွှမ်းကို အလွန်အမင်း ကြောက်ပြခဲ့သည်။ ဥယျာဉ်အတွင်းသို့ ခြေတစ်လှမ်းပင် မချခဲ့ချေ။
ဒါကို ဘာလို့ ရုတ်တရက်ကြီး စတုတ္ထထပ်ကို ဝင်နိုင်သွားတာလဲ။
နောက်ပြီး နာနီတောင် မဝင်နိုင်ခဲ့တဲ့နေရာကို။ မဟုတ်ဘူး တစ်ခုခုတော့ မှားနေပြီ။
ယန်ရှစ်ရွှမ်းက ရုတ်တရက် တစ်စုံတစ်ရာကို သိသွားသည်။
စံအိမ်ထဲမှာ မတူတဲ့ အင်အားစုတွေ ရှိတယ်။ မတူတဲ့ အင်အားစုတွေတိုင်းက ကိုယ်ပိုင်စည်းမျဉ်းတွေကို ရာစုနှစ်အထိ ထိန်းပြီး ဟန်ချက်ကို ထိန်းထားကြတယ်။
ဒါပေမယ့် အခုစံအိမ်အတွင်းမှာ ပြင်ပအင်အားစု ရှိတယ်။ ဒါက ရသစုံရှိုးရိုက်ကူးရေး အဖွဲ့သားတွေပဲ။
ကျိုးချီသည် ရိုက်ကူးရေးအဖွဲ့သားများကို အသွေးအသားများ ကျွေးရန် ကြံစည်ခဲ့ဖူးသည်။ ရူးသွပ်သွားလောက်အောင် ကြောက်လန့်သွားခဲ့ရသည့် အမျိုးသား သရုပ်ဆောင်ပင် ဖြစ်စေ၊ သွေးပါသော ဝိုင်ကို သောက်မိသည့် ဒဏ်ရာရသွားသော လျိုရီရီပင် ဖြစ်စေ_ _ _
ဟန်ချက်က ပျက်နေပြီပဲ။
ရိုက်ကူးရေး အဖွဲ့သားများကို ကြားခံအဖြစ် သုံးပြီးနောက် ကျိုးချီဟာ ချီရွှမ်းကို ရင်ဆိုင်နိုင်သည့် အင်အားတစ်ရပ် ရရှိသွားပုံ ပေါ်သည်။
ပို၍ဆိုးသည်မှာ သူသည် စတုတ္ထထပ်သို့ ဝင်ရောက်သည့် အကာအကွယ်လွှာကို အင်အားသုံးပြီး ဖျက်ဆီးခဲ့သည်။ ထို့အပြင် နာနီကလည်း အပြောင်းအလဲ ဖြစ်သွား စေခဲ့သေးသည်။ ထိုအခြေအနေက ယန်ရှစ်ရွှမ်းအား ချီရွှမ်းနှင့် ပတ်သက်သည့် အခြေအနေများမှတဆင့် သတင်း အချက်အလက်များကို ရရှိစေရုံသာ မကသေးလေပဲ သူမကို တန်ပြန် အထိနာ သွားစေသေးသည်။
မနက်စာစားပြီးကတည်းက အိမ်တော်ထိန်းအိုကြီး ကျိုးချီက ပျောက်နေခဲ့ခြင်း ဖြစ်ပြီး သူသည် ထောင့်တစ်နေရာတွင် ချောင်းနေလျက် သူလိုအပ်သည့် အင်အားစုများ စုဝေးလာမည့် အခိုက်အတန့်ကို စိတ်ရှည်စွာ စောင့်ဆိုင်းနေခြင်း ဖြစ်နိုင်သည်။ စတုတ္ထပေါ်မှာ အကာအကွယ်လွှာက ပျက်စီးသွားခဲ့ပြီးနောက် သူက အခွင့်အရေးကို အမိအရယူကာ အပေါ်သို့တက်ပြီး စတုတ္ထပေါ်သို့ တက်လှမ်းခဲ့ပေလိမ့်မည်။
မျက်တောင် တစ်ခတ်အချိန်တွင်း ယန်ရှစ်ရွှမ်းက အားလုံးကို သိသွားခဲ့သည်။
ထို့နောက် ယန်ရှစ်ရွှမ်း၏ရှုထောင့်၏ အဆုံးနားတွင် ခပ်ရေးရေးတောက်ပနေသည့် အလင်းတန်းလေးကို မြင်လိုက်ရသည်။ သူက မျက်လုံးကို တဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ ထိုအခါ သူသည် မီတာအနည်းငယ်ခန့် အကွာတွင် တွန့်လိမ့် ရှုပ်တွနေသော စုတ်ပြတ်သတ်နေသော ပုံစံနှင့် အိမ်တော်ထိန်းအိုကြီး၏ မျက်နှာကို တွေ့လိုက်ရသည်။
အိမ်တော်ထိန်းအိုကြီးက တောင့်တင်းစွာ ပြုံးရင်းပြောသည်။
“ဆိုတော့ ဧည့်သည်က ရောက်နေတာလဲ”
******