အပိုင်း (၂၀၀)
Viewers 35k

Chapter 200


လီကျင်းက ဆေးရုံကုတင်ပေါ်တွင် အိပ်မောကျနေဆဲဖြစ်သည်။ သူမနှုတ်ခမ်းများ ဖြူဖျော့နေကာ အသားအရည်ကလည်း သွေးရောင်သန်းမနေပေ။ ဆေးရုံတွင် အခန်းလုံလောက်မှုမရှိသည့်အပြင် သူမက အပြင်းအထန် နာမကျန်းဖြစ်နေသူ မဟုတ်သည့်အတွက် သူမက အခြားလူနာနှစ်ယောက်နှင့် အခန်းမျှသုံးနေရသည်။


" ကလေးမလေးက ငယ်ငယ်လေးပဲရှိသေးတာ ဘာလို့ အဲ့လိုလုပ်ရတာပါလိမ့် ..."

ဘေးကုတင်မှအမျိုးသမီးကြီးက လီကျင်းအိပ်ဆေးများသောက်ထားသည်ကို သိသည်။ သူမက လီယွမ်ဟန့်ကိုကြည့်ကာ ပြောလိုက်သည်။


" မင်းရဲ့ ညီမလေးကို ပိုဂရုစိုက်ပါ ... ခုခေတ်လူငယ်တွေရဲ့ လောကဓံကို တောင့်ခံနိုင်စွမ်းက ပိုပြီးဆိုးလာကြပြီ ..."


လီယွမ်ဟန့်က ခြောက်ကပ်စွာပြုံးပြလိုက်သည်။ သူက တာဝါတစ်ထည်ဖြင့် လီကျင်း၏လက်ကြိ သုတ်ပေးနေသည်။


" ယောက်ျား အိမ်ပြန်ပြီး အနားယူလိုက်ပါဦး ... ကျွန်မ ဒီမှာညအိပ်ပြီး ရှောင်ကျင်းကို ကြည့်ထားပေးမယ် ..."


သူမ ခင်ပွန်း ပင်ပန်းနေသည်ကိုမြင်၍ မစ္စလီက သူမ၏ ယောင်းမအကြောင်း မကောင်းသည့် ထင်မြင်ချက်များမပေးချင်ပေ။ 


ယခုရက်ပိုင်းတွင် အားလုံးကိုယ်စီ အလုပ်ရှုပ်နေကြသည်။ သူမ၏ ယောက္ခမများက နိုင်ငံခြားသို့ ခရီးသွားနေကြသည့်အပြင် သူမယောင်းမက အသေးအဖွဲ့ကိစ္စလေးအတွက် သေကြောင်းကြံစည်သဖြင့် သူတို့လင်မယားနှစ်ယောက်က အလုပ်ရှုပ်နေသည့်ကြားမှ သူမကို လာရောက်ပြုစုပေးနေရခြင်းဖြစ်သည်။


ဇနီးဖြစ်သူ မကျေမနပ်ဖြစ်နေသည်ကို လီယွမ်ဟန့်သိသည်။ ဘေးကုတင်မှ အမျိုးသမီးကြီးကို သူ့ညီမလေးအား ခဏကြည့်ခိုင်းထားပြီးသည့်နောက် သူ့ဇနီး၏လက်ကိုဆွဲကာ ဆေးရုံအပြင်ဘက်သို့ လမ်းလျှောက်ထွက်လာခဲ့လိုက်သည်။ ညနေအချိန်သို့ရောက်နေပြီဖြစ်၍ နေ့အချိန်ထက်ပို၍ တိတ်ဆိတ်နေသည်။ ‌အနားတွင် လူတစ်ယောက်မှ မရှိသည့်အခါမှ လီယွမ်ဟန့်က ပြောလိုက်သည်။


" ဒီရက်ပိုင်း မင်းတော်တော်ပင်ပန်းနေမှာပဲ ... ကိုယ်လူနာစောင့်တစ်ယောက် ရှာထားတယ် ... မနက်ဖြန်လောက်ဆိုရင်တော့ ရောက်လာမှာပါ ..."


" ကျွန်မ စိတ်အလိုမကျဖြစ်တယ်ဆိုတာ ရှင်အလုပ်များနေတာကို သိလို့ပါ ... ရှင်က ပရောဂျက်အကြီးတွေ အများကြီးကို တာဝန်ယူနေရတာလေ ... နေ့တိုင်း အရမ်းနောက်ကျတဲ့အထိ အလုပ်လုပ်ရတယ် ... အမေနဲ့အဖေကိုလည်း ပြောပြလို့မရတော့ ကျွန်မတို့တစ်လှည့်စီ ဒီကိုလာစောင့်ရှောက်နေရတာမလား ... ယောက်ျား ကျွန်မကို မဖုံးကွယ်ထားပါနဲ့ ... ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ကျွန်မသိတယ် ..."

မစ္စလီက စိတ်တိုလာသည်။


" ရှောင်ကျင်းက သူ့ဘာသာ သတ်သေဖို့ကြိုးစားတာမဟုတ်ဘူး ... သူမျိုချလိုက်တဲ့ ဆေးက အရမ်းမများဘူးတော့ သူ အဆင်မပြေစရာအကြောင်း မရှိဘူး ... သူမက မသေချင်မှတော့ ဘာကြောင့် ဒီလိုလုပ်ရတာလဲ ...ကျွန်မမှာလည်း သိခွင့်ရှိတယ်လေ ..."


ယခင်က သူမယောင်းမကို သဘောကျခဲ့သော်လည်း ယခုအခါ ပြောင်းလဲသွားပြီဖြစ်သည်။ ပြဿနာရှာတတ်သည့်လူမျိုးကို မည်သူမှ သဘောမကျကြပေ။


လီယွမ်ဟန့်က ထိုကိစ္စကို ဖုံးကွယ်၍ မရနိုင်တော့ကြောင်း သိသွားသည်။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးသည့်နောက်တွင်မှ ပြောလိုက်သည်။

" ကိုယ်သူ့ကို အလုပ်ထွက်ခိုင်းပေမယ့် သူမက မထွက်ချင်ဘူး ..."


" ဘာလို့လဲ ..."

မစ္စလီက ငတုံးမဟုတ်သည့်အတွက် အကြောင်းအရာကို လမ်းလွဲမသွားစေပဲ မေးလိုက်သည်။ သူမခင်ပွန်းက ရှင်းလင်းစွာမပြောသော်လည်း သိသင့်သည်ကို မေးမြန်းရမည်သာဖြစ်သည်။

ဘာလို့ သူမခင်ပွန်းက သူ့ညီမလေးကို စုန့်ထင်ရှန်းရဲ့ ကုမ္ပဏီက အလုပ်ထွက်ခိုင်းတာလဲ ... ဘာလို့ သူမကကရော အဲ့လိုမလုပ်ချင်ရတာလဲ ... ဒီလို အသေးအဖွဲ့ကိစ္စလေးကြောင့် သေကြောင်းကြံတယ်ဆိုတာ အဓိပ္ပါယ်မရှိဘူးလေ ...


မစ္စလီက သူမ‌ခင်ပွန်းကိုကြည့်ပြီး မတွန့်ဆုတ်တော့ပဲ မေးလိုက်သည်။

" ရှောင်ကျင်း သူမ ... စုန့်ထင်ရှန်းကိုများ ..."


ထုတ်ပြော၍ မသင့်သော စကားများလည်းရှိသည်။


လီယွမ်ဟန့်က စိတ်ပင်ပန်းနေသည့်ပုံဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ သူ့မျက်ကွင်းများပင် ညို‌နေပြီဖြစ်သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်မှစ၍ ညဘက်တွင် လုံးဝအိပ်မပျော်တော့ပေ။ သူ၏ စိတ်အခြေအနေကလည်း ကန့်သတ်ချက်သို့ ရောက်နေပြီဖြစ်သည်။


" ဘုရားရေ ..." 


မစ္စလီ အနောက်မှ နံရံကို လှမ်းမှီလိုက်ရသည်။ သူမ ထိတ်လန့်နေခြင်းမှ ပြန်ကောင်းလာရန် အချိန်အတော်ယူလိုက်ရသည်။


" စုန့်ထင်ရှန်းက မိန်းမနဲ့ကလေးရှိတယ်လေ ..."


သူမ၏ ကိုယ်ကျင့်တရားအရ ကြည့်မည်ဆိုပါက တစ်ဖက်လူက မိန်းမနှင့် ကလေးရှိနေသူဖြစ်ပါက လူပြောခံရမည့် ကိစ္စများ မဖြစ်ရန် ရှောင်ရမည်သာဖြစ်သည်။ ထို့အပြင် လက်ထပ်ပြီးသည့် ယောက်ျားတစ်ယောက်နှင့်လည်း မပက်သတ်သင့်ပေ။ ယခုအခါ သူမ၏ ယောင်းမက စုန့်ထင်ရှန်းကို ကြိုက်နေရုံမက သူ၏ကုမ္ပဏီမှ အလုပ်မထွက်ချင်သည့်အတွက် သေကြောင်းကြံစည်မှုအတုပါပြုလုပ်ခဲ့သည် ။ 


ဒါကတော့ အရမ်းကို အလွန်အကြူးဖြစ်သွားပြီလေ ...


xxxxxx