Chapter 74
ယွမ်ချန်ရှန့်၏လက်ထဲမှ ဖိတ်ကြားလွှာမှာအထူးပစ္စည်းများဖြင့်ပြုလုပ်ထားခြင်းပင်ဖြစ်၏။ သူဖွင့်လိုက်သည့်အချိန်၌ စာလုံးများမှာ သုံးဖက်မြင်ပုံရိပ်များအဖြစ်မျောလွင့်သွားပြီး ယွမ်ရှင်းကျဲ၏ပြိုင်ပွဲရလဒ်များနှင့်ဆုပေးပွဲအခမ်းအနားသို့တက်ရန်ဖိတ်ကြားနေသည်အား ပြောကြားလာခဲ့သည်။
ယွမ်ချန်ရှန့်ရလဒ်များအားမြင်လိုက်ရချိန်၌ သူ၏မျက်လုံးများမှာထင်ယောင်ထင်မှားဖြစ်နေသည်ဟုပင်ထင်သွားခဲ့ရကာ အကြိမ်ပေါင်းများစွာပြန်လည်စစ်ဆေးလိုက်ရလေသည်။
ထို့နောက် သူ၏အသံမှာ ယွမ်မိသားစုဧည့်ခန်း၌ လွင့်ပျံလာခဲ့၏။
" ဆယ် ဆယ်ပွဲဆက်တိုက်နိုင်ထားတာလား…" ယွမ်ချန်ရှန့်စိတ်မသက်မသာဖြစ်မှုကြောင့် အော်ဟစ်လိုက်ကာ
" အကုန်ပေါင်းရင် တတိယအဆင့်ချိတ်တာတဲ့လား… ဒါကဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ…"
ဘေးတွင်ရှိနေသောချင်ရွှမ်းမှာ ယွမ်ချန်ရှန့်အား အံ့ဩတကြီးကြည့်လာကာ " တတိယ… ယွမ်ရှင်းကျဲကငါတို့အတန်းထဲမှာတတိယရတာလား ဒါမှမဟုတ် အိုမီဂါတွေအကုန်လုံးရဲ့တတိယလား…"
" တစ်ကျောင်းလုံးရဲ့တတိယဟ…"
ယွမ်ချန်ရှန့်ကျယ်လောင်စွာအော်ပြောလိုက်လေသည်။ သူ၏အသံမှာမထိန်းချူပ်နိုင်သောစိတ်လှုပ်ရှားမှုများဖြင့် တုန်ယင်နေလျက်
" သူကကျောင်းရဲ့မက်ခါအဖွဲ့ထဲရောက်သွားပြီ…"
ထိုအချိန်တွင် ယွမ်ချင်ရှန့်၏မျက်လုံးများမှာ အံ့ဩမှုနှင့်ကြည်နူးမှုများဖြင့်ပြည့်နှက်နေခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် သူသည်အလွန်စိတ်ကူးယဉ်ဆန်သောအယ်လ်ဖာတစ်ယောက်ဖြစ်ပြီး ငယ်စဉ်အချိန်ထဲက မက်ခါတိုက်ခိုက်သူတစ်ယောက်ဖြစ်ချင်ခဲ့သူဖြစ်သည်။ သို့သော်လည်း သူ၏စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာခွန်အားမလုံလောက်မှုကြောင့် သူ၏မျှော်လင့်ချက်များအား သားဖြစ်သူယွမ်ဝူ၏အပေါ်သို့သာ စုပုံထားခဲ့ရလေသည်။
သူလုံးဝမထင်မှတ်ထားခဲ့သောအရာမှာ ယွမ်ရှင်းကျဲမက်ခါအားအမှန်တကယ်မောင်းနှင်နိုင်သွားပြီး ကျောင်းအဖွဲ့ထဲသို့ ဝင်ရောက်နိုင်သွားခြင်းပင်ဖြစ်၏။
ယွမ်ဝူမှာမူ စားလက်စထမင်းအားထွေးထုတ်မိတော့မလို ဖြစ်သွားခဲ့ရသည်။ သူ၏ကြင်နာတတ်ပြီး နူးညံ့သောအိုမီဂါအစ်ကိုဖြစ်သူမှာ ရှင်းဟိုင်မက်ခါစစ်တက္ကသိုလ်သို့ ဝင်ရောက်နိုင်သွားခဲ့သည်လား…
" ဒါကနောက်နေတာမလား…" ချင်ရွှမ်း ယွမ်ချန်ရှန့်၏လက်မှဖိတ်ကြားလွှာအား အံ့ဩခြင်းအပြည့်ဖြင့်လုယူမိလိုက်လေသည်
" သူကဘယ်လိုတောင်ကျောင်းအဖွဲ့ထဲဝင်နိုင်သွားတာလဲ… ကျောင်းအဖွဲ့ဆိုတာ ရှောင်ဝူ့လိုအယ်လ်ဖာတွေကိုပဲလက်ခံတာမဟုတ်ဘူးလား…"
အဆုံးတွင် ယွမ်ဝူအံ့ဩနေမိခြင်းမှ သက်သာသွားခဲ့သည်။ ၎င်းမှာမယုံကြည်စရာဖြစ်ခဲ့သော်လည်း သူနှုတ်ခမ်းစူလိုက်ကာပြောလိုက်မိသည်
" အယ်လ်ဖာတွေပဲကျောင်းအဖွဲ့ထဲဝင်ရမယ်ဆိုတဲ့စည်းကမ်းမှမရှိတာပဲကို…"
ချင်ရွှမ်းဖိတ်ကြားလွှာပေါ်ရှိ သင်္ကေတအား အပြန်ပြန်အလှန်လှန်စစ်ဆေးပြီးနောက် ၎င်းမှာ ရှင်းဟိုင်စစ်တက္ကသိုလ်၏တံဆိပ်တုံးအစစ်အမှန်ဖြစ်သည်အား ရှာတွေ့သွားခဲ့ပြီး ယွမ်ရှင်းကျဲ၏ရလဒ်နံပါတ်အား ကော်လံပေါ်တွင်အတည်ပြုထားခဲ့သည်။
စုစုပေါင်းအမှတ်မှာ 107.3မှတ်ဖြစ်၏။ စစ်ဆေးပွဲ၏အောင်မှတ်မှာ အမှတ် 100ဖြစ်ပြီး စွမ်းဆောင်ရည်အတွက်အမှတ်မှာ 7.3 မှတ်ဖြစ်ရာ ရလဒ်အားလုံးပေါင်းအဆင့်သတ်မှတ်ခြင်း၌ တတိယအဆင့်ချိတ်ခဲ့လေသည်။
အံ့ဩမှုဖြင့် ချင်ရွှမ်းသူ၏ပါးစပ်အားအုပ်ကာ ပြောလိုက်မိသည်
" သူ့လိုအိုမီဂါတစ်ယောက်က တကယ်ကြီးကို မက်ခါတိုက်ခိုက်ရတဲ့စစ်ဆေးပွဲမှာ အဆင့်သုံးရခဲ့တာလား… သိသိသာသာကြီးကို သူမက်ခါဘယ်လိုမောင်းနှင်ရမလဲဆိုတာမသိဘူးလေ… ပြီးတော့မိသားစုကလည်း ဘယ်တုန်းကမှမက်ခါတစ်စီးမပေးခဲ့ဖူးဘူးဟာကို…"
" ကောင်းပြီ သူကိုယ်တိုင်ဝယ်ခဲ့တာများလား…" ယွမ်ချန်ရှန့်မျက်မှောင်ကြုတ်ကာ မေးလိုက်လေသည်။
" မဖြစ်နိုင်ဘူး "
ချင်ရွှမ်းမှင်သက်နေလျက် ပြောလာခဲ့၏
" ကျွန်မသူ့ရဲ့အသုံးစရိတ်တွေကို ဖြတ်တောက်ခဲ့ပြီးသားလေ…"
" ဘာ…" ယွမ်ချန်ရှန့် ရှော့ရသွားသောကြောင့် ချင်ရွှမ်း၏စကားအား ကြားဖြတ်ပြောလိုက်မိလေသည်
" ဘာလို့မင်းကယွမ်ရှင်းကျဲရဲ့အသုံးစရိတ်ကိုဖြတ်တောက်ခဲ့တာလဲ… မင်းဦးနှောက်ရေမျောသွားလို့လားဟ…"
ယွမ်ချန်ရှန့်ထံမှ အဆူခံခဲ့ရသဖြင့် ချင်ရွှမ်း၏မျက်နှာပြောင်းလဲသွားကာ အလျင်အမြန်ပြောလာခဲ့၏
" ဒါကျွန်မကို အပြစ်တင်လို့တော့မရဘူးလေ … ဘယ်သူကများသူ့ကိုချီယုနဲ့ပဋိပက္ခဖြစ်ခိုင်းခဲ့လို့လဲ.. အဲ့ဒါကသူ့ကိုချီယုနဲ့ပြန်အဆင်ပြေဖို့ကို တိုက်တွန်းဖို့အတွက်ပဲမဟုတ်ဘူးလား…ပြီးတော့ သူလည်း ငွေပမာဏတစ်ခုအထိ ယူထားခဲ့ပြီးပြီပဲလေ.. အသုံးစရိတ်လေးဖြတ်လိုက်ရုံနဲ့တော့ ငတ်မသေပါဘူး…"
ချင်ရွှမ်း၏လက်ထဲမှ ဖိတ်ကြားလွှာအားလုယူလိုက်ကာ ယွမ်ချင်ရှန့်သုန်မှုန်နေသည့်အမူအယာဖြင့်ပြောလိုက်လေသည်
" မင်းသူ့ကိုအသုံးစရိတ်ဖြတ်ထားတာဘယ်လောက်ကြာပြီလဲ…"
" သိပ်မကြာသေးပါဘူး တစ်လနှစ်လလောက်ပါပဲ "
ချင်ရွှမ်းသူမ၏မျက်လုံးများအားလှိမ့်လိုက်ပြီး
" ဘာလို့ကျွန်မကိုလာအော်နေတာလဲ..သူကသာချီယုနဲ့ပြန်အဆင်ပြေဖို့ကိုခေါင်းမာမာနဲ့ငြင်းဆန်နေတဲ့သူလေ… တကယ်လို့ချီမိသားစုကသာကျွန်မတို့ကိုမကူညီပေးတော့ရင် ကျွန်မတို့ကုမ္ပဏီရဲ့မက်ခါအရောင်းက ပိုပြီးခက်ခဲလာတော့မှာဟာကို…"
" အဲ့ဒါဆိုလည်း မရောင်းနဲ့ပေါ့…"
ယွမ်ချန်ရှန့် မျက်မှောင်ကြုတ်လိုက်ကာ ချင်ရွှမ်း၏ရှင်းပြချက်အားသဘောတူခြင်းမရှိခဲ့ချေ
" မနက်ဖြန်ကျရင် ငါဆုပေးပွဲကိုသွားမယ်…"
ချင်ရွှမ်း၏မျက်လုံးဝိုင်းများပြူးကျယ်သွားခဲ့ရလေသည်။
" ရှင့်မှာမနက်ဖြန်ကျရင်အစည်းအဝေးရှိတယ်လေ ဒီလိုကိစ္စလေးအတွက်နဲ့ဘာလို့ကျောင်းကိုသွားမှာလဲ… အဲ့ကိုသွားဖို့လက်ထောက်တစ်ယောက်ပဲလွှတ်လိုက်စမ်းပါ…"
ယွမ်ချန်ရှန့် သူ၏လည်ချောင်းအားရှင်းလိုက်ပြီးပြောလိုက်လေသည်။
" ရှင်းဟိုင်စစ်တက္ကသိုလ်ကငါ့ကိုဖိတ်ခဲ့တာလေ ပြီးတော့ရှင်းကျဲကလည်းထပ်ပြီးရလဒ်ကောင်းတွေရခဲ့တာကို သွားရမှာပေါ့…"
ယွမ်ဝူသူ၏စိတ်ထဲ၌သာညည်းညူမိခဲ့၏… ယွမ်ရှင်းကျဲမှာ ဒီအတိုင်းအောင်မြင်မှုအား ခံစားချင်ရုံသာဖြစ်လေသည်…
ခဏကြာစဉ်းစားပြီးနောက် ချင်ရွှမ်းပြောလာခဲ့သည်။
" အဲ့ဒါဆိုရင် ကျွန်မလည်းအတူသွားမယ် အခုသူနဲ့ချီယုတို့ဘယ်လိုဆက်ဆံရေးဖြစ်သွားပြီလဲဆိုတာမြင်ချင်သေးတယ်…"
ထိုသို့ပြောပြီးနောက် ချင်ရွှမ်းအလိုမကျမှုဖြင့် ယွမ်ဝူအားထပ်မံကြည့်လိုက်ကာ " မင်းလဲလိုက်သင့်တယ်…ဘယ်လိုပဲဖြစ် ဖြစ်မင်းအစ်ကိုတောင်ကျောင်းအဖွဲ့ကိုဝင်နိုင်သေးတယ်ဆိုတော့ မင်းအတွက်ဆိုပထမရဖို့အလွယ်လေးပဲ…"
" ဘယ်လိုလုပ်ပြီးအဲ့လောက်လွယ်မှာလဲ…" ယွမ်ဝူရေရွတ်လိုက်သည်။
" ငါဂရုမစိုက်ဘူး…"
ချင်ရွှမ်းသည် ယွမ်ဝူအားကလေးဘဝထဲပင် အမြဲတစေဘက်လိုက်ခဲ့သောကြောင့် ယခုအဖြစ်အပျက်အပေါ်၌ အနည်းငယ်စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ရသည်။
74.2
" ဒီအချိန်အတောအတွင်း မင်းမက်ခါမောင်းတာကိုပိုပြီးလေ့ကျင့်ရလိမ့်မယ်…ငါတို့ရဲ့မျှော်လင့်ချက်တွေကိုရိုက်မချိုးပစ်မိစေနဲ့…"
ဘေးတစ်ဘက်တွင်တော့ ယွမ်ချန်ရှန့်ဖိတ်ကြားလွှာအား ကြည့်နေခဲ့ပြီး သူ၏မျက်နှာပေါ်၌ ကျေနပ်အားရနေသောအပြုံးတစ်ပွင့်ဖြစ်ပေါ်နေခဲ့သည်။ ယွမ်မိသားစု၏မျိုးရိုးဗီဇမှာအလွန်သန်မာသောကြောင့် အိုမီဂါတစ်ယောက်သည်ပင်ထိုမျှအင်အားကြီးနိုင်ခဲ့သည်။
ယွမ်ရှင်းကျဲအား ရှင်းဟိုင်စစ်တက္ကသိုလ်အားပို့ခြင်းမှာ မှန်ကန်သောရွေးချယ်မှုဖြစ်မည့်ပုံပင်။
ယွမ်ရှင်းကျဲထိုမျှစွမ်းအားကြီးသည်အား အရင်အချိန်များကသူတို့အဘယ့်ကြောင့်မသိခဲ့ရသည်နည်း…
နောက်တစ်နေ့တွင် ဆုပေးပွဲအခမ်းအနားမှာရောက်ရှိလာပြီဖြစ်၏။ မနက်ခင်းထဲကပင် မရေတွက်နိုင်သောစက်ရုပ်များမှာ ပွဲကျင်းပမည့်နေရာအား ပြင်ဆင်ပေးနေခဲ့ကြသည်။ ခန်းမတစ်လုံးသည် အလွန်ကြီးကျယ်ခမ်းနားလှကာ လူပေါင်းသောင်းချီအားဧည့်ခံနိုင်မည်ဖြစ်သည်။
ယွမ်ရှင်းကျဲသည်တတိယအဆင့်သာရခဲ့သော်လည်း သူသည်ခယ့်လိုင်နှင့် 0.2 မှတ်သာကွာခြားခဲ့လေသည်။ လော့ဝမ်ချွမ်းမှာမူ သူ၏အလွန်ပြောင်မြောက်လှသောစွမ်းဆောင်ရည်ကြောင့် 108.7 မှတ်ဖြင့်ပထမနေရာအားရခဲ့လေသည်။
မည်သို့ပင်ဆိုစေကာမူ ယွမ်ရှင်းကျဲ၏အောင်မြင်မှုမှာ အလွန်အံ့ချီးဖွယ်ရာပင်ဖြစ်၏။
အဆုံး၌ ယွမ်ရှင်းကျဲသည် ဘီအဆင့်မက်ခါမောင်းနှင်ရေးစွမ်းအင်နှင့် အိုမီဂါတစ်ယောက်သာဖြစ်သည်။ သူ့အဖို့ အက်စ်အဆင့်နှင့် အေ+ အဆင့်ရှိသော ကစားသမားများအားကျော်ဖြတ်နိုင်ခြင်းမှာ ရှားပါးသော ဖြစ်ရပ်ဆန်းကြယ်မှုတစ်ခုဖြစ်လေသည်။ သူသည် အက်ရှလေနှင့် ဟဲဟောင်မင်တို့ကိုပင် ဖိနှိပ်ကာ အဆင့်သုံးအထိစွမ်းဆောင်နိုင်ခဲ့သည်။
ဆုပေးပွဲအခမ်းအနားမစတင်မီအချိန်၌ ယွမ်ရှင်းကျဲ ချီယုနှင့်တံခါးရှေ့တွင်ဆုံတွေ့မိခဲ့သည်။
ချီယုမှာဆယ်မှတ်နုတ်ယူခံခဲ့ရသော်လည်း သူ၏သန်မာသောခွန်အားဖြင့် ကျောင်းအဖွဲ့ထဲသို့ဝင်ရောက်နိုင်ခဲ့ကာ အဆင့်ကိုးရခဲ့လေသည်။ သို့ဖြစ်ရာ ကျောင်းအဖွဲ့၏တရားဝင်ဖြစ်သောသူ၏နေရာအား အလွန်အန္တရာယ်ကြီးစွာဆုပ်ကိုင်ထားနိုင်ရုံသာ တတ်နိုင်ပေမည်။
" ရှင်းကျဲ " သူ့အားမြင်သည့်နှင့်တစ်ပြိုင်နက် ချီယုအရှေ့တိုးလာကာ ဂုဏ်ပြုစကားဆိုလာခဲ့သည်။
" ကျောင်းအဖွဲ့ထဲကို အတူတူဝင်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ်…"
သူ၏စကားမဆုံးခင်မှာပင် ဘေးဘက်မှ အေးစက်သောအသံတစ်ခုထွက်ပေါ်လာကာ သူ့စကားလုံးများအား ကြားဖြတ်ပြောလာခဲ့သည်
" ဒီလမ်းပဲ…"
ယွမ်ရှင်းကျဲထိုလူအသံလာရာသို့ကြည့်လိုက်မိချိန်၌ အပြာရင့်ရောင်ကျောင်းဝတ်စုံအားသပ်သပ်ရပ်ရပ်ဝတ်ဆင်ထားပြီး မည်သည့်အမူအယာမျှမပေါ်နေသည့်မျက်နှာဖြင့် တံခါးဝတွင်ရပ်နေသော လော့ဝမ်ချွမ်းအားမြင်တွေ့လိုက်ရလေသည်။ သူ၏အကြည့်မှာမူ ချီယုကိုတိုက်ရိုက်ဖြတ်ကျော်သွားပြီး ယွမ်ရှင်းကျဲကိုသာစိုက်ကြည့်နေ၏။
ယွမ်ရှင်းကျဲ ချီယုအားဖြတ်ကျော်ကာ လော့ဝမ်ချွမ်းဆီသို့တည့်တည့်သွားလိုက်ပြီး သူ၏နှုတ်ခမ်းများအားကွေးလျက်ပြောလာခဲ့သည်။
" ခင်ဗျားဒီနေ့အစောကြီးလာတာပဲ…"
လော့ဝမ်ချွမ်းခေါင်းငြိမ့်လိုက်ပြီး ခန်းမဘက်သို့လှည့်ထွက်လာကာ လမ်းလျောက်နေရင်းမှ မေးလာလေသည်။
" မင်းမိသားစုတွေရော လာမှာလား…"
ချီယု ထိုသူနှစ်ဦးမှလုံးဝဆိုသလိုလျစ်လျူခြင်းအားခံလိုက်ရသောအချိန်၌ သူ၏လက်ချောင်းများမှာ ကူကယ်ရာမဲ့စွာဖြင့် လက်သီးဆုပ်မိလိုက်ပြီး လော့ဝမ်ချွမ်းအားကြည့်နေသည့် သူ၏အမူအယာမှာ သုန်မှုန်နေခဲ့သည်။
" မသေချာပါဘူး.." ခဏကြာစဉ်းစားပြီးနောက် ယွမ်ရှင်းကျဲပြောလာခဲ့သည်။
" သူတို့လာလာ မလာလာ အရေးတော့လည်းမကြီးပါဘူး… မက်ခါပြိုင်ပွဲကကျွန်တော့်ရဲ့ဂိမ်းပဲလေ သူတို့တွေနဲ့ဘာမှဆိုင်တာမှမဟုတ်တာ…"
ယွမ်ရှင်းကျဲအချိန်တိုအတွင်း မက်ခါများကို ပြန်လည်ပြင်ဆင်နိုင်ရန်အတွက် မည်ကဲ့သို့အချိန်ပိုင်းအလုပ်လုပ်ကာ ပိုက်ဆံရှာဖွေခဲ့ရပုံအား လော့ဝမ်ချွမ်းတွေးတောလိုက်မိလေသည်။ ခဏတာတိတ်ဆိတ်သွားပြီးနောက် သူယွမ်ရှင်းကျဲအားစိုက်ကြည့်ကာပြောလာခဲ့၏။
" တကယ်ကိုသူတို့နဲ့ဘာမှမဆိုင်တာပဲ…"
ယွမ်ရှင်းကျဲသူ၏မျက်လုံးများအားပင့်ကာ ထိုအရာအား သူအလွန်အရေးမစိုက်ခဲ့သည့်ပုံဖြင့် လော့ဝမ်ချွမ်းအားကြည့်လိုက်ပြီး ပြုံးလျက် မေးလာခဲ့သည်။
" ခင်ဗျားကကောဘယ်လိုလဲ…စွန့်ပစ်ကြယ်ကခင်ဗျားမိသားစုကဒီလိုလာဖို့ဆိုတာ တော်တော်လေးကိုကသောင်းကနင်းမနိုင်နေဘူးလား…"
လော့ဝမ်ချွမ်း " အမ် " ဟူ၍ နူးညံ့စွာရေရွတ်မိသွားခဲ့သည်။
ထိုကောင်ငယ်ကလေး၏အပြုံးမှာမူ နွေးထွေးနေခဲ့သည်။ သူ၏မိသားစုမှ သူ့အားယခုကဲ့သို့ဆက်ဆံခံရသည့်တိုင်အောင် သူသည်အမြဲဆိုသလိုကောင်းမြင်တတ်ကာ တည်ငြိမ်နေလေ့ရှိပြီး ပြိုင်ပွဲတွင်လည်း အံ့ဩဖွယ်ကောင်းသော ရလဒ်များရရှိခဲ့သည်။
လော့ဝမ်းချွမ်း၏မျက်လုံးတွင် ဖြတ်ပြေးသွားသည့်ခံစားချက်တစ်စုံတရာရှိနေခဲ့လေသည်။
လော့ဝမ်ချွမ်းသူ့အားဆက်ကြည့်နေသည်ကိုမြင်ရပြီးနောက် ယွမ်ရှင်းကျဲ၏မျက်လုံးများမှာ မှိန်ကျသွား၏။ တဖက်လူဝမ်းနည်းနေသည်အား သူကြည့်မနေနိုင်တော့သောကြောင့် လော့ဝမ်ချွမ်းအားနှစ်သိမ့်ပေးလိုက်လေသည်။
" မိသားစုဝင်တွေဒီထိလာဖို့တော့လည်း မလိုပါဘူးလေ…သူငယ်ချင်းဖြစ်ဖြစ် အတန်းဖော်ဖြစ်ဖြစ် လက်ရှိမင်းကိုဂရုစိုက်ပေးတဲ့သူတွေအကုန်လုံးကအတူတူပါပဲ…"
လော့ဝမ်ချွမ်း ထို " မင်းကိုဂရုစိုက်တဲ့ " ဟူသောစကားလုံးအား ကြားလိုက်မိချိန်တွင် အချိန်ခဏတာမျှကြောင်အသွားခဲ့ရသည်။
ချက်ချင်းဆိုသလိုပင် သူ၏နှုတ်ခမ်းများမှာ စက္ကန့်ဝက်မျှ ဖျော့တော့စွာ ကွေးတက်သွားပြီး ရေရွတ်လိုက်သည်။
" အမ်းး မင်းမှန်တာပဲ…"
အော်ရီရယ်သူ့အနားကပ်ကာ " ဟယ်လို " ဟုနှုတ်ဆက်လိုက်ပြီးနောက် " ရှင်းကျဲ ငါကအဆင့်တစ်ဆယ်ဆိုတော့ စီလိုက်မယ်ဆိုရင် ငါလည်းမင်းနဲ့တစ်ဖွဲ့ထဲ ကျမှာပဲ…"
ဟူ၍ပြောလာခဲ့သဖြင့် လော့ဝမ်ချွမ်း၏အာရုံအပြောင်းအလဲအား ယွမ်ရှင်းကျဲသတိမပြုလိုက်မိချေ။
" အစားထိုးကလည်းပဲ ငါတို့ကျောင်းအဖွဲ့ဝင်ထဲကပဲလေ…"
ယွမ်ရှင်းကျဲ သူ၏နှုတ်ခမ်းထောင့်များမှပြုံးလျက် ပြောလာခဲ့လေသည်
" အော်ရီရယ် ဂုဏ်ယူပါတယ် …"
xxxxx