Chapter 76
ဆုပေးပွဲအခမ်းအနားအပြီး၌ ယွမ်မိသားစုမှာယွမ်ရှင်းကျဲနှင့်တွေ့ဆုံရန်မစောင့်နိုင်တော့ချေ။
" ရှင်းကျဲ သားပိုပြီးပိန်သွားတယ်…"
ယွမ်ချန်ရှန့်ဆုံလိုက်သည်နှင့် အလွန်ပျော်ရွှင်နေသည့်အသံဖြင့် ယွမ်ရှင်းကျဲအားချီးကျုးလာလေသည်
" သားကိုကျောင်းအဖွဲ့ထဲဝင်သွားနိုင်မယ်လို့တောင် အဖေမထင်ခဲ့ဘူး… အဖေသားအတွက်အရမ်းဂုဏ်ယူတာပဲ…"
ယွမ်ရှင်းကျဲတောင့်ခဲသွား၏။ သူ၏အမြင်အရ ထိုဖခင်ဖြစ်သူမှာ မူလကိုယ်အားလုံးလုံးဂရုမစိုက်ခဲ့သူဟုဆိုနိုင်ပေမည်။ ကိစ္စအတော်များများမှာပင် ချင်ရွှမ်း၏ဘက်လိုက်မှုများနှင့် ယွမ်ဝူအားယွမ်ချန်ရှန့်မှတိတ်တဆိတ်ထောက်ခံနေခြင်းများရှိခဲ့လေရာ အကယ်၍ ယွမ်ချန်ရှန့်သာ သူ့အားအမှန်တကယ်ဂရုစိုက်ခဲ့ပါက ချင်ရွမ်းသူ့အသုံးစရိတ်အားဖြတ်တောက်သည်ကို မည်ကဲ့သို့ခွင့်ပြုပေးခဲ့မည်နည်း…
ယွမ်ရှင်းကျဲသည်ကားမလှုပ်ရှားခဲ့ချေ။ ယွမ်ချန်ရှန့်မှပွေ့ဖက်လာသည်အား မတုံ့ပြန်ဘဲ အသံခပ်ပြတ်ပြတ်ဖြင့် " ခင်ဗျားတို့ရောက်လာမယ်လို့မထင်ခဲ့ဘူး…"
သူ၏စကားများအားကြားလိုက်ရချိန်၌ ယွမ်ချန်ရှန့်တောင့်တင်းသွားသော်လည်း အလျင်အမြန်ပင်ပြုံးပြလိုက်ကာ
" အဖေနည်းနည်းအလုပ်များနေတယ်ဆိုပေမယ့်လည်း ဒီနေ့ကမင်းရဲ့ဆုပေးပွဲလေ မလာလို့ဘယ်ဖြစ်မလဲ…"
မက်ခါကုမ္ပဏီ၏သူဌေးတစ်ယောက်အနေဖြင့် ထိုမျှတိုတောင်းသောဗီဒီယိုများကပင် ယွမ်ရှင်းကျဲ၏အင်အားကိုဖော်ပြနေခဲ့သည်။ သဘာဝကျစွာပင် ယခင်အချိန်များတုန်းက ယွမ်ရှင်းကျဲအား သူထိုကဲ့သို့မဆက်ဆံခဲ့ဖူးချေ။
ထိုအချိန်တွင် ချင်ရွှမ်းသည်လည်း ရှေ့တိုးလာကာ ပြုံးလျက် ယွမ်ရှင်းကျဲအားပြောလာလေသည်။
" ရှင်းကျဲ အမေသားကိုယ့်ဘာသာမက်ခါဝယ်ပြီး ပြင်ဆင်ဖို့လူရှာနိုင်မယ်လို့တောင်မထင်ထားဘူး… အမေသိခဲ့ရင် သားကိုပိုက်ဆံမပေးပဲဘယ်နေပါ့မလဲ…မင်းကိုကြည့်ပါဦး ပြိုင်ပွဲဝင်ပြိုင်တာတောင်မိသားစုနဲ့မတိုင်ပင်ခဲ့ဘူး… အမေတို့ကသားဆုရတာတောင်မသိလိုက်ဘူးလေ…"
ယွမ်ရှင်းကျဲယခုချိန်ထိမှတ်မိနေသေးသည်မှာ သူလက်ထပ်ရန်ကတိပြုထားသည်အားဖျက်သိမ်းလိုက်ချိန်၌ ချင်ရွှမ်းသူ၏မှတ်ဉာဏ်အတုမှပင်ခုန်ထွက်လာကာ သူ့အားဆူပူကြိမ်းမောင်းခဲ့သည်။ သူ့အားကြည့်ကာ အော်ငေါက်နေလျက်...
" မင်းရဲ့တန်ဖိုးက ချီယုကိုကျေနပ်စေဖို့သက်သက်ပဲ…" ဟူ၍ပင်ပြောခဲ့ဖူးသည်။ သို့သော် ယခုအချိန်၌ သူမ၏အပြုအမူများမည်ကဲ့သို့ပြောင်းလဲသွားရသည်နည်း…
၎င်းမှာ အလွန်ရယ်စရာကောင်း၏။
ယွမ်ရှင်းကျဲ ချင်ရွှမ်းအား ယဉ်ကျေးစွာပြုံးပြလိုက်ကာ
" ပူလိုက်အေးလိုက် ဆက်ဆံခံရတာထက် ပိုက်ဆံတိုက်ရိုက်ရှာကမှပိုကောင်းသေးတယ်… "
ယွမ်ရှင်းကျဲသူမအားထိုကဲ့သို့ပြောလာမည်ဟု ချင်ရွှမ်းထင်မထားမိချေ။ သူမ၏မျက်နှာပေါ်မှအရှက်ရနေသည့်အမူအယာအားအလျင်အမြန်ပင်ဖုန်းကွယ်လိုက်ကာ ယွမ်ရှင်းကျဲကိုပြောလိုက်လေသည်။
" သားပိုက်ဆံလိုတယ်ဆိုလည်း ပြောလိုက်နော်…အမေတို့အားလုံးကတစ်မိသားစုထဲပဲဟာ သားကိုမမျှမတမဆက်ဆံပါဘူး…"
" အဖေအခုချက်ချင်းပို့လိုက်မယ်နော်…"
စကားပြောနေဆဲဖြစ်သည့် ချင်ရွှမ်းအားအနောက်ဘက်သို့တွန်းဖယ်လိုက်ကာ ယွမ်ချန်ရှန့်ပြောလာခဲ့သည်။ ထို့နောက် သူ၏မှတ်ဉာဏ်တုအားဖွင့်ကာ ယွမ်ရှင်းကျဲ၏အကောင့်သို့အလွန်များပြားသောကြယ်ဒင်္ဂါးသန်း၂၀၀မျှပို့ပေးလိုက်ပြီး " ရှင်းကျဲ သားကအခုမက်ခါမောင်းနိုင်နေပြီဆိုတော့ အဖေအရမ်းပျော်တာပဲကွာ… သားဘယ်အချိန်ထဲကလေ့လာခဲ့လဲဆိုတာတော့မသိပေမယ့် မက်ခါမောင်းနှင်ဖို့ဆိုတာ အယ်လ်ဖာတိုင်းရဲ့အိမ်မက်ပဲကွာ.. အာ အိုမီဂါတိုင်းရဲ့အိမ်မက်လည်းဖြစ်တယ်လေ…"
ယွမ်ချန်ရှန့်မှာလူများအား အင်အားဖြင့်သာတန်ဖိုးသတ်မှတ်သူဖြစ်သည်။ ထို့ကြောင့် မူလပိုင်ရှင်အား သူအတော်လေးသဘောမကျခြင်းပင်ဖြစ်၏။ ယခုအချိန်၌ ယွမ်ရှင်းကျဲမှာသန်မာနေပြီး လူအများ၏အာရုံစိုက်စရာလူတစ်ယောက်ဖြစ်လာသောကြောင့် ငွေသန်း၂၀၀ကျော်လွှဲပြောင်းပေးသည်အား မည်သို့မျှမနေတော့ပေ။
လော့ဝမ်းချွမ်း ယွမ်ရှင်းကျဲနားတွင်ဝန်းရံနေသော ယွမ်မိသားစုများအားကြည့်နေခဲ့၏။ သူထွက်သွားမည်အပြုတွင် သူတို့၏ရှေ့သို့လျှောက်လာနေသော ချီယုအားမြင်လိုက်ရတော့သည်။
ချီယုထွက်ပေါ်လာသည်အားမြင်လိုက်သည်နှင့် ချင်ရွှမ်းချက်ချင်းဆိုသလိုပြုံးလိုက်ကာ ပြောလာခဲ့သည်။
" အာ ဒါကချီယုမဟုတ်လား… သားလဲဒီနှစ်ကျောင်းအဖွဲ့ကိုဝင်ရတာပေါ့နော်…ကောင်းတာပေါ့ အဒေါ်တို့မိသားစုကရှင်းရှင်းလဲဝင်ခွင့်ရတယ်လေ… နောက်ကျရင် မင်းတို့နှစ်ယောက်အတူတူပေါင်းသင့်တယ်နော်…ဒါကချစ်မိသွားကြဖို့အတွက်ကောင်းမွန်တဲ့အခွင့်အရေးပဲလေ…"
ချင်ရွှမ်းပြောနေသည်မှာအလွန်ကျယ်လောင်လှသဖြင့် လော့ဝမ်ချွမ်းသည်ပင် သူမစကားများအားကြားလိုက်ရပြီး ထို့နောက်တွင် သူမတတ်နိုင်ဘဲ အနည်းငယ်မျက်မှောင်ကြုတ်မိသွားခဲ့သည်။
ချင်ရွှမ်း၏စကားများအားကြားလိုက်ရချိန်၌ သဘာဝကျစွာပင်ချီယုမှာပျော်ရွှင်သွားရလေသည်။ ချက်ချင်းဆိုသလိုပင် သူ၏လက်များအားယွမ်ရှင်းကျဲ၏ပုခုံးကိုဖက်ရန်လက်လှမ်းလိုက်ကာ ပြောလာခဲ့သည်။
" ကျွန်တော်ရှင်းကျဲအပေါ်သေချာပေါက်ကောင်းမှာပါ…"
ယွမ်ရှင်းကျဲဘေးဘက်သို့ရှောင်တိမ်းလိုက်ရာ
ချီယု၏လက်များမှာလေထဲတွင်အေးခဲသွားရလေ၏။
လော့ဝမ်ချွမ်း၏မျက်လုံးများမှာမူပို၍ပင်အေးစက်လာခဲ့သည်။
" ရှင်းကျဲရဲ့စိတ်ကြီးတာကတော့ အရင်အတိုင်းပဲနော်…"
ထိုအခြေအနေအားမြင်လိုက်ပြီးနောက် ချင်ရွှမ်းချက်ချင်းဆိုသလိုဖြန်ဖြေပေးလိုက်ကာ
" မင်းတို့နှစ်ဦးဘာမဟုတ်တဲ့ကိစ္စလေးတွေနဲ့စကားမများသင့်ဘူး… ရှင်းရှင်း သားမြင်တဲ့အတိုင်းပဲ ချီယုဘက်ကစပြီးမင်းကိုလာရှာတာလေ… အဲ့ဒါကြောင့် အတိတ်ကပျက်ဆီးနေတဲ့ကိစ္စတွေအတွက်စိတ်ပူနေစရာမလိုတော့ဘူး…"
ယွမ်ရှင်းကျဲအေးစက်စွာပြောလိုက်လေသည်။
" ဘာကိစ္စမှမရှိတော့ဘူးဆိုရင် ကျွန်တော်သွားတော့မယ်…"
" မင်းကိုကြည့်ပါဦး ဘယ်လိုတောင်လောနေတာလဲ…"
ချင်ရွှမ်း ယွမ်ရှင်းကျဲအားလှမ်းချိတ်လိုက်ကာ ချီယုအားပြုံးပြနေခဲ့ပြီး သူမ၏အသံကိုနှိမ့်၍ ယွမ်ရှင်းကျဲကိုပြောလာခဲ့သည်။
" အရူးလိုလုပ်မနေနဲ့ ငါတို့ချီမိသားစုကိုလိုအပ်တယ်…"
ယွမ်ရှင်းကျဲတိုက်ရိုက်ပင်ပြန်ဖြေပေးလိုက်သည်။
" ဒါပေမယ့် ကျွန်တော်မလိုဘူးလေ…"
" ချီယုထက်သာတဲ့လူတစ်ယောက်မတွေ့နိုင်သေးသရွေ့ပေါ့…"
ချင်ရွှမ်းသူမ၏အသံအားဖိချလိုက်ပြီး တီးတိုးပြောလာခဲ့သည်။
" မဟုတ်ရင်တော့ ပိုပြီးအသိဉာဏ်ရှိရှိနဲ့ ချီယုကိုပြန်ခေါ်လိုက်…"
" မေ့လိုက် မေ့လိုက်တော့ သူတို့နှစ်ယောက်ကိုအမြဲတမ်းပဲအရမ်းဖိအားပေးမနေနဲ့လေ…"
ယွမ်ချန်ရှန့် ချင်ရွှမ်းအားပြောလာခဲ့သည်။
" သူတို့ကိုသဘာဝကျကျပဲအတူတွဲသွားကြပါစေ…"
ချီယုသည်ဘေးတွင်ရပ်နေဆဲဖြစ်ကာ သူ၏နှုတ်ခမ်းအားကိုက်လိုက်ပြီး အနည်းငယ်ဆုံးရှုံးနေသကဲ့သို့ ခံစားနေရသည်။
76.2
ရုတ်တရက်ဆိုသလို ယွမ်ချန်ရှန့်အကြောင်းအရာအားပြောင်းလဲလိုက်ပြီး ယွမ်ရှင်းကျဲကိုမေးလာခဲ့သည်။
" စကားမစပ် ရှင်းရှင်း သားမက်ခါပြန်ပြင်ဖို့ကူညီပေးတဲ့သူကဘယ်သူလဲ အဖေ့ကိုသူတို့ရဲ့ဆက်သွယ်နိုင်မဲ့အချက်အလက်တွေပေးပါလား.."
ယွမ်ရှင်းကျဲ သူ၏ဖခင်ဖြစ်သူအား အလွန်ပင်နားလည်နေခဲ့သည်။ ထိုလူဂရုစိုက်သည်မှာ အကျိုးအမြတ်တစ်ခုထဲသာဖြစ်၏။
သူတို့ကိုယ်သူတို့မိသားစုဟူ၍ပင်မစဉ်းစားနိုင်ကြချေ။
" မက်ခါကိစ္စတွေနောက်မှပြောစမ်းပါရှင်…"
ချင်ရွှမ်းမျက်လုံးလှန်လိုက်ပြီး " ရှင်တောင်မှမြို့တော်ရဲ့အကောင်းဆုံးမက်ခါပညာရှင်တွေကိုမဆုံနိုင်သေးတာ ရှင်းရှင်းကဘယ်လိုလုပ်ပြီးကောင်းတဲ့တစ်ယောက်ရှာတွေနိုင်မှာတဲ့လဲ…"
ချီယုသူ၏ပါးစပ်အားဖွင့်ကာ ပြောလိုက်သည်
" တကယ်တော့ရှင်းကျဲကိုယ်တိုင်ပဲမက်ခါကိုပြန်ဆင်ခဲ့တာ…"
" ချီယု သားတော့အမြန်အမီလိုက်ရတော့မယ်နော်…" ချင်ရွှမ်း ချီယု၏လက်အားဆုပ်ကိုင်လိုက်ပြီး သူ၏စကားကိုဖြတ်အား အပြုံးတစ်ပွင့်ဖြင့်ပြောလိုက်လေသည်။
" ရှင်းရှင်းကဘယ်လိုလုပ်ပြီးမက်ခါတွေအကြောင်းသိနိုင်မှာလဲ… သူမက်ခါတွေမောင်းနိုင်တယ်ဆိုရင်တောင်မှ နောက်ကျရင် သားနဲ့ပဲလက်ထပ်ရမှာလေ…ကျောင်းအဖွဲ့ထဲရောက်သွားရင် မင်းတို့ရဲ့ဆက်ဆံရေးကိုပြုစုပျိုးထောင်ဖို့လိုသေးတယ်နော်…"
ယွမ်ဝူဘေးဘက်မှတီးတိုးပြောလိုက်လေသည်။
" ကျောင်းအဖွဲ့ကိုဝင်တယ်ဆိုတာပြိုင်ပွဲဝင်ဖို့လေ…ဘယ်လိုချိန်းတွေ့ဖို့ကိုပြောနေလဲမသိ…"
ယွမ်ရှင်းကျဲမနေနိုင်တော့ဘဲ ညီဖြစ်သူအားကြည့်လိုက်မိလေသည်။ ထိုအရပ်ရှည်ပြီးရုပ်ရည်ချောမောသည့်ညီငယ်လေးမှာ ဤမိသားစုထဲမှာ ပုံမှန်ဖြစ်နေသောလူနည်းစုထဲမှတစ်ဦးဖြစ်ရပေမည်။
" မင်းဘယ်လိုလုပ်သိနိုင်မှာလဲ…"
ချင်ရွှမ်းဖိအားပေးကာပြောခဲ့သည် " ငါတို့ရဲ့ရှင်းရှင်းနဲ့ ချီယုက ၈၉ရာခိုင်နှုန်းတောင်တူညီတဲ့မက်ခါရှိတာလေ.. ဒီလောက်ပြီးပြည့်စုံတဲ့အတွဲဟာကို သေချာပေါက် ခံစားချက်တွေမွေးမြူသင့်တာပေ့ါ…"
ထိုကိုက်ညီမှုဟူသောစကားအားကြားလိုက်ရချိန်တွင် ယွမ်ရှင်းကျဲ၏နှလုံးသားမှာ တုန်ခါသွားခဲ့ရသည်။
အဘယ့်ကြောင့်ဆိုသော် ထိုကိုက်ညီချက်ကြောင့်ပင် မူလပိုင်ရှင်၏ဘဝမှာချီယုနှင့်ဖိအားပေးချည်နှောင်ခြင်းခံခဲ့ရသည်။
ထိုစကားများအားကြားလိုက်ရချိန်၌ ချီယု၏နှလုံးသားထဲတွင်ပျော်ရွှင်မှုများပြည့်နှက်သွားပြီး ယွမ်ရှင်းကျဲအား ကြင်နာမှုနှင့် ချစ်ခင်မှုတို့ပြည့်နှက်နေသော မျက်လုံးများဖြင့်ကြည့်နေခဲ့သည်။
ချင်ရွမ်း ချီယုနှင့်ယွမ်ရှင်းကျဲတို့ကိုဆွဲခေါ်ကာ ထိုခံစားချက်များမွေးမြူမည့်အကြောင်းအားဆက်လက်ဆွေးနွေးတော့မည်အပြုတွင် ရုတ်တရက်ဆိုသလိုအေးစက်နေသောအသံတစ်သံထွက်ပေါ်လာလေသည် " ရှင်းကျဲ ကျောင်းသတင်းစာကသတင်းထောက်တစ်ယောက်ကမင်းကိုအင်တာဗျုးချင်လို့တဲ့…"
ယွမ်ရှင်းကျဲခဏတာမျှကြောင်အသွားပြီး သူ၏ခေါင်းကိုလှည့်ကြည့်လိုက်ရာ စကားပြောနေသောလူမှာ လော့ဝမ်ချွမ်းဖြစ်နေကော သူ၏ဘေးသို့တိတ်တိတ်ဆိတ်ဆိတ်ရောက်လာခဲ့ပြီး လက်လှမ်း၍သူ၏လက်ကောက်ဝတ်အားဆုပ်ကိုင်လာခဲ့သည်။
ချက်ချင်းဆိုသလို ယွမ်ရှင်းကျဲအားဆွဲထုတ်လိုက်ပြီး ထိုလူစုမှဝေးရာသို့မည်သည့်အကြောင်းပြချက်မှမပေးဘဲ ဆွဲခေါ်သွားလေ၏။
ချီယုကြောင်အသွားပြီး သူသတိပြန်ဝင်လာချိန်တွင် ယွမ်ရှင်းကျဲသည်လော့ဝမ်ချွမ်း၏အနောက်မှလိုက်ကာ အဝေးသို့ရောက်နေပြီဖြစ်ကြောင်း မြင်တွေ့လိုက်ရသဖြင့် သူ၏မျက်နှာမှာထပ်မံ၍မှောင်မိုက်သွားခဲ့ရသည်။
" အဲ့လူကဘယ်သူလဲ သူမျက်လုံးတွေကန်းနေလို့လား…"
ချင်ရွှမ်းမျက်မှောင်ကြုတ်ကာ ယွမ်ရှင်းကျဲ၏နောက်ကျောအားကြည့်လျက်
" သူကအရပ်ရှည်ပြီးရုပ်ချောတာပဲ အခုလေးတင်လာသွားတဲ့ပထမနေရာကထင်တယ်နော်… သူကတို့ရှင်းရှင်းကိုစိတ်ဝင်စားနေတာလား.."
၎င်းအားကြားလိုက်ရချိန်၌ ချီယု၏မျက်နှာမှာပို၍ပင်ဆိုးဝါးသွားလေ၏။ ထို့ကြောင့် သူအေးစက်စွာပြောလာခဲ့သည်။
" စွန့်ပစ်ကြယ်ကကျောင်းသားတစ်ယောက်ပါပဲလေ.."
" စွန့်ပစ်ကြယ်လား…"
ထိုစကားနှစ်လုံးအားကြားလိုက်ရချိန်၌ ချင်ရွှမ်း၏မျက်လုံးထဲတွင်ရွံရှာနေမှုအချို့ဖြတ်ပြေးသွားကာ
" ဒါကအဆင်မပြေဘူး… စွန့်ပစ်ကြယ်ကလာတဲ့လူတစ်ယောက်က ငါတို့ရှင်းရှင်းနဲ့ရင်းနှီးချင်နေတာလား…"
" ကျွန်တော်တို့ရဲ့ဘိုးဘေးတွေကကော စွန့်ပစ်ကြယ်ကပဲလာခဲ့ကြတာမဟုတ်လို့လား…"
ယွမ်ဝူတီးတိုးသာရေရွတ်လိုက်မိသည်။
" ဒီနေ့မင်းဘာလို့အဲ့လောက်လျာရှည်နေရတာလဲ…" ချင်ရွမ်း ယွမ်ဝူအားကြည့်လိုက်ပြီး
" အမေတို့ကအခုတောင်ဝင်မြို့တော်ရဲ့မြို့သားတွေဖြစ်နေပြီလေ အဲ့တော့ သေချာပေါက်ကို စွန့်ပစ်ကြယ်ကဆင်းရဲသားတစ်ယောက်ကိုမရှာသင့်ဘူးပေါ့…"
သူတို့၏ဘိုးဘေးများသည်စွန့်ပစ်ကြယ်မှလာသောသူများဖြစ်နေကြခြင်းကြောင့် ယွမ်မိသားစုအား " နောက်မှပေါက်သည့်ရွှေကြာပင် " ဟူ၍တိတ်တဆိတ်တံဆိပ်တပ်ခဲ့ကြသဖြင့် ချင်ရွှမ်းမှာ ထိုကိစ္စနှင့်ပတ်သက်ပါကအထူးအလေးထားလေသည်။
ယွမ်ချန်ရှန့် ချင်ရွှမ်းအား ကြားဖြတ်လိုက်ပြီး " ကောင်းပြီ ကောင်းပြီ မင်းတို့ဘာလို့စကားများနေကြမှာလဲ… အစထဲကဒီနေ့ကရှင်းရှင်းကိုဂုဏ်ပြုပေးဖို့ပဲလေ ဒါပေမယ့်မင်းကိုကြည့်ပါဦး ဒီလောက်ကိစ္စများများကိုလိုက်ပြီးတွတ်ထိုးနေတာ…ကုမ္ပဏီမှာကိစ္စတွေလည်းရှိသေးတယ်ဆိုတော့ သွားကြတာပေါ့…"
ချင်ရွှမ်း မသွားခင်၌ ချီယုအားကြည့်ကာ ပြောလာလေသည် " ရှောင်ချီ မစိုးရိမ်နဲ့နော် မင်းတို့နှစ်ယောက်ကလိုက်ဖက်မှုနှုန်းမြင့်မားတာကြောင့် အဆုံးမှာသေချာပေါက်ကိုလက်ထပ်ကြရလိမ့်မယ်…"
ချီယုအနည်းငယ်တုန်ယင်သွားပြီးမှ ချက်ချင်းဆိုသလိုရယ်မောလိုက်ကာ
" ကောင်းပါပြီ ကျေးဇူးတင်ပါတယ် အန်တီ…"
အနောက်သို့ရောက်နေသော ယွမ်ရှင်းကျဲနှင့်လော့ဝမ်ချွမ်းအားကြည့်လိုက်ပြီး သူ၏မျက်လုံးထဲရှိမှုန်မှိုင်းနေမှုမှာ ဂုဏ်ယူမှုများအဖြစ်ပြောင်းလဲသွားခဲ့သည်။ အနှေးနှင့်အမြန်ဆိုသလို သူတွေးထားသကဲ့သို့ ယွမ်ရှင်းကျဲသည်သူ၏အပိုင်ဖြစ်လာကာ လော့ဝမ်းချွမ်းမှာသူနှင့်ရင်ဆိုင်ဖို့ရန်အတွက်အချည်းနှီးသာဖြစ်ပေတော့မည်။
ယွမ်ရှင်းကျဲမှာမူ ထောင့်တစ်နေရာသို့ လော့ဝမ်ချွမ်း၏ခေါ်ဆောင်လာခြင်းအားခံလိုက်ရလေသည်။
" ကျောင်းသတင်းစာရဲ့သတင်းထောက်ကဘယ်နေရာမှာလဲ…"
ယွမ်ရှင်းကျဲ ဘေးဘီဝဲယာသို့လှည့်ပတ်ကြည့်လိုက်ပြီး
" ဘာလို့ကျွန်တော်သူတို့ကိုမမြင်ရတာလဲ…"
လော့ဝမ်ချွမ်းသူ၏နှုတ်ခမ်းများအားကွေးလိုက်ပြီး မိုက်ကိုင်ထားသည့်ပုံစံဖြင့် လက်ဆန့်လိုက်ကာ သူ၏လည်ချောင်းကိုရှင်း၍ မေးမြန်းရန်အတွက် သတင်းထောက်အသံပုံစံသို့ ပြောင်းလဲလိုက်သည် " အတန်းဖော်ကိုအနှောင့်အယှက်ပေးမိပါတယ်… ဒီပြိုင်ပွဲရဲ့တတိယနေရာကိုရခဲ့တာဘယ်လိုခံစားရပါသလဲ…"
ယွမ်ရှင်းကျဲခဏတာကြောင်အသွားပြီးမှ ပြန်လည်တုံ့ပြန်လာခဲ့သည်။ လော့ဝမ်ချွမ်းမှာ သူ့အားထိုလူစုထံမှလွတ်မြောက်ဖို့ရန် ခေါ်ဆောင်သွားချင်ရုံသာဖြစ်လေသည်။
သူမနေနိုင်တော့လဲ ရီချလိုက်ကာ ဟန်ဆောင်ဖြေကြားလိုက်၏ " အဲ့ဒါက… အတော်လေးတော့ကောင်းပါတယ်…"
သူသည်ကျောင်းမှသန်းတဝက်အားဆုကြေးအဖြစ်ရရှိခဲ့ရုံသာမက ယွမ်ချန်ရှန့်မှလည်း သန်း၂၀၀ လွှဲပြောင်းပေးခဲ့သည်ဖြစ်ရာ ယခုအချိန်တွင်သူ့ထံ၌ ငွေအတော်အတန်ရှိနေပြီဖြစ်သည်။
" နိုင်ငံတော်အဆင့်ပြိုင်ပွဲက နှစ်ပတ်နေရင်စတော့မှာ…"
လော့ဝမ်ချွမ်း ယွမ်ရှင်းကျဲအားကြည့်လျက်ပြောလာလေသည်။
" အခုလာမဲ့ကစားပွဲတွေအတွက် မင်းရဲ့မက်ခါကိုပြန်ပြင်ရလိမ့်မယ်…"
ယွမ်ရှင်းကျဲခေါင်းငြိမ့်လိုက်ပြီး ရုတ်တရက်မေးလာခဲ့၏ " နိုင်ငံတော်အဆင့်ပြိုင်ပွဲကိုနိုင်ရင် ဆုကြေးရှိမှာလား…"
လော့ဝမ်ချွမ်းမှာ ကြောင်အသွားခဲ့ရသည်။ ယွမ်ရှင်းကျဲထိုကဲ့သို့မေးလာမည်ဟုသူထင်မထားခဲ့ချေ။ ကြည့်ရသည်မှာ ၎င်းသည် ယွမ်ရှင်းကျဲမေးလာနိုင်မည့် နောက်ထပ်မေးခွန်းဖြစ်သည့်ပုံပင်။ ထို့ကြောင့် သူ၏နှုတ်ခမ်းများကော့တက်သွားပြီးနောက် ပြန်ဖြေလာခဲ့သည်။
" ထိပ်ဆုံးသုံးနေရာထဲဝင်နိုင်မယ်ဆိုရင် ဆုကြေးကလည်းတော်တော်လေးရက်ရောလိမ့်မယ်…"
ထိုစကားအားကြားပြီးနောက် ယွမ်ရှင်းကျဲပြောလိုက်လေသည် " အဲ့ဒါဆိုရင်တော့ ကျွန်တော်ကောင်းကောင်းပြင်ဆင်ထားရတော့မှာပဲ…"
xxxxxx