အပိုင်း ၇၇
Viewers 17k

Chapter 77


ငွေအလုံးအရင်းဖြင့်နှစ်ကြိမ်လက်ခံပြီးချိန်၌ ကျိုးဖေးရွှယ်ချေးပေးထားသည်အား ယွမ်ရှင်းကျဲပြန်ဆပ်နိုင်လိုက်သည်။ သူ့တွင်ငွေအတော်များများကျန်ရှိနေသေးသဖြင့် သူ၏မက်ခါအားပြီးပြည့်စုံသောမွမ်းမံပြင်ဆင်မှုကိုပြုလုပ်နိုင်မည်ဖြစ်သည်။


သူ့တွင်ရှိနေသောပြင်ဆင်မည့်အစီအစဉ်မှာမူအကောင်အထည်မဖော်ရသေးချေ။


ကျောင်းအဖွဲ့သို့ဝင်ရောက်ပြီးချိန်၌ နှစ်ပတ်အကြာတွင် ကျင်းပမည့်နိုင်ငံတော်အဆင့်ပြိုင်ပွဲအတွက် ကျောင်းအဖွဲ့မှလေ့ကျင့်ရေးများကိုလည်း ဆင်းရဦးမည်ဖြစ်သည်။


ရှင်းဟိုင်စစ်တက္ကသိုလ်သည် ကျောင်းအဖွဲ့အားအလွန်တန်ဖိုးထား၏။ လေ့ကျင့်ရေးတိုင်းမှာ အားသွန်ခွန်စိုက်ကြိုးစားကြပြီး နေ့စဉ်နေ့တိုင်းအချိန်စောစောလာရန်လိုအပ်သဖြင့် ယွမ်ရှင်းကျဲအတွက်မူအနည်းငယ်အသားမကျနေသေးချေ။


မိုးမလင်းခင်အချိန်တွင် ယွမ်ရှင်းကျဲလေ့ကျင့်ရေးကွင်းပြင်သို့ရောက်လာလေသည်။


အိပ်ချင်မူးတူးဖြင့်သူ၏မျက်လုံးများကိုပွတ်နေလိုက်ပြီး အခြားသူများလည်းရောက်နေပြီဖြစ်သည်ကိုတွေ့လိုက်ရသည်။


ကြီးမားလှသောလေ့ကျင့်ရေးကွင်းပြင်ကြီးများ မီးများထိန်လင်းနေပြီး ပြတင်းပေါက်အပြင်ဘက်ရှိမှုန်မှိုင်းနေသောမိုးကောင်းကင်နှင့်တခြားစီဖြစ်နေလေသည်။


ကျောင်းအဖွဲ့၏နည်းပြမှာ ရစ်ချက်ဆိုသူဖြစ်၏။ သူသည် ယမန်နှစ်ပြိုင်ပွဲတုန်းက ကျောင်းအဖွဲ့အတွက်လုပ်ဆောင်ချက်ကောင်းကောင်းရအောင်ဆောင်ရွက်ပေးခဲ့သည့်နည်းပြဖြစ်သည်။ ကျိုးဖေးရွှယ်နှင့်အသက်တူသော်လည်း ရစ်ချက်မှာပို၍ငယ်သည့်ပုံပေါ်သည်။ ကြယ်နှစ်ထပ်မက်ခါကိုအသုံးပြုသည့် အယ်လ်ဖာတစ်ဦးဖြစ်ကာ ဘယ်ဘက်မျက်လုံးထောင့်တွက်အမာရွတ်တစ်ခုရှိပြီး အလွန်တိုသောဆံပင်ပုံစံရှိသူဖြစ်၏။


ယွမ်ရှင်းကျဲနောက်ကျမှရောက်လာသည်အားမြင်လိုက်ပြီးနောက် ရစ်ချက်ရုတ်တရက်ဆိုသလို ကြမ်းကြမ်းတမ်းတမ်းပြောလာခဲ့သည် " ယွမ်ရှင်းကျဲ လေ့ကျင့်ရေးကွင်းကိုဆယ်ခေါက်ပတ်ပြေးလိုက်…"


ယွမ်ရှင်းကျဲစိတ်ပျက်လက်ပျက်ဖြင့် " ဘာလို့လဲ ကျွန်တော်မှနောက်မကျတာ…"


သူအချိန်တစ်ချက်ပြန်ကြည့်လိုက်ရာ ငါးနာရီပင်မခွဲသေးချေ။


" မင်းကနောက်ဆုံးမှရောက်လာတာမလို့ပဲ…" ရစ်ချက်အေးစက်စွာပြောလိုက်သည် " အဲ့ဒါကြောင့် ဆယ်ကြိမ်ပတ်ပြေးရမယ်…"


ယွမ်ရှင်းကျဲပြောမည့်စကားများအား မြိုသာချလိုက်ရတော့သည်။ နည်းပြဖြစ်သူမှာထိုမျှလောက်ရက်စက်မည်ဟုသူထင်မထားခဲ့မိချေ။ သူအံတင်းတင်းကြိတ်၍ ပြေးရန်သာပြင်ဆင်လိုက်ရသည်။


ချီယု စိတ်မသက်မသာဖြင့်ပြောလိုက်လေသည်။


 " နည်းပြ ရှင်းကျဲကမသိလို့ပါ…"


" မင်းလည်းပြေး…" ရစ်ချက် ချီယုအားအေးစက်စွာကြည့်ကာ " ဆယ်ကြိမ်ပတ်ပြေး…"


ထိုစကားအားကြားလိုက်ရပြီးနောက် ချီယုမှာအလွန်ပျော်ရွှင်သွားပြီး ပြေးရန်ပြင်လိုက်လေသည်။


ထိုအခြေအနေအားမြင်လိုက်ရသောကြောင့် လော့ဝမ်ကျွမ်းမျက်မှောင်ကြုတ်လိုက်ပြီး သူ၏လက်ကိုမြောက်လျက်…


" ကျွန်တော်လည်းပဲပြေးပါမယ်…"


သို့သော် ရစ်ချက် လော့ဝမ်ချွမ်းအား တစ်ချက်လှည့်ကြည့်လိုက်ပြီးနောက် ခပ်ပြတ်ပြတ်ပြောလာခဲ့သည် " မင်းကဘာလို့ပြေးမှာလဲ မင်းကလေ့ကျင့်ဖို့မလိုဘူးလေ…"


ထိုမှသာ ‌လော့ဝမ်ချွမ်းရပ်တန့်သွားခဲ့သည်။ ရစ်ချက်မှာ ‌ယွမ်ရှင်းကျဲ၏ရုပ်ပိုင်းဆိုင်ရာခွန်အားကိုလေ့ကျင့်ပေးချင်သည့်ပုံပင်။ သို့သော်လည်း ချီယုရည်ရွယ်ချက်ရှိရှိ သို့မဟုတ် မရည်ရွယ်ဘဲ ယွမ်ရှင်းကျဲပြေးလမ်းအနီးတွင် ကပ်လိုက်နေသည်အား မြင်လိုက်ရချိန်၌ သူစိတ်ညစ်နေဆဲသာဖြစ်သည်။


ယွမ်ရှင်းကျဲ၏ပြေးလမ်းအဆုံး၌ လော့ဝမ်ချွမ်းသူ့ကိုစောင့်နေခဲ့ပြီး ရေတစ်ဘူးနှင့်ပုဝါတစ်ထည်ကမ်းပေးလိုက်၏။


ချီယုပြေးပြီးသွားချိန်တွင် ထိုအဖြစ်အပျက်အားမြင်တွေ့လိုက်ရသောကြောင့် သူအနည်းငယ်မပျော်ရွှင်တော့ဘဲ မနာလိုမှုကြောင့် ပြောလိုက်လေသည်။


 " လော့ဝမ်ချွမ်း မင်းအရမ်းအားနေလား…"


ယွမ်ရှင်းကျဲမှာမူ အနားယူရန်အတွက်ဘေးဘက်သို့လျှောက်လာနေပြီဖြစ်သည်။ သို့ဖြစ်ရာ လော့ဝမ်ချွမ်းလည်း ယဉ်ကျေးမနေတော့ဘဲ ချီယုအားအေးစက်စွာပြန်ဖြေလာခဲ့သည်။


 " ချီယု သူမင်းကိုသဘောမကျဘူးလို့ပြောထားတယ်မဟုတ်ဘူးလား… မင်းခေါင်းမှာ အသိဉာဏ်နည်းနည်းတောင်မနိုင်တော့လို့လား…"


ချီယုနှုတ်ခမ်းကိုကိုက်ကာ လက်သီးတင်းတင်းဆုပ်လျက် ချက်ချင်းဆိုသလို ပြန်လည်ကဲ့ရဲ့လာခဲ့သည်


 " လော့ဝမ်ချွမ်း ယွမ်ရှင်းကျဲကစိတ်ကြီးတယ်ဆိုရင်တောင်.. ဒါမှမဟုတ် လောလောဆယ်ငါ့ကိုသဘောမကျသေးဘူးဆိုရင်တောင် ယွမ်မိသားစုကငါနဲ့ပတ်သတ်ရင်အရမ်းကျေနပ်တယ်လေ…"


လော့ဝမ်ချွမ်း ချီယုအားစိုက်ကြည့်လိုက်ပြီး သူ၏အကြည့်များမှာ မည်သည့်ခံစားချက်မှမရှိသကဲ့သို့ ဗလာဖြစ်နေကာ


 " အဲ့ဒီတော့ ဘာဖြစ်လဲ…"


" အဲ့ဒီတော့ ရှင်းကျဲကသေချာပေါက်ငါနဲ့ပဲရှိရမှာလေ…" 


ချီယုရင်ဘတ်ကိုကော့ကာ ယုံကြည်ချက်ရှိရှိဖြင့်ပြောလိုက်လေသည်။


" သူမင်းကိုမကြိုက်ဘူး…" 


လော့ဝမ်ချွမ်း ထပ်မံပြောဆိုလိုက်ပြီးနောက် သူတို့နှစ်ဦးကြားရှိလေထုမှအေးစက်လာခဲ့သည်။


" ဒါပေမယ့်လည်း ငါ့ရဲ့သူနဲ့လိုက်ဖက်မှုနှုန်းက ၈၉ရာခိုင်နှုန်းတောင်မြင့်တက်နေတာလေ…" 


ချီယုအောင်မြင်စွာ ခနဲ့လိုက်ကာ


 " ငါတစ်ယောက်ထဲကပဲ ဒီကြယ်စုတစ်ခုလုံးမှာ သူ့ကိုပျော်ရွှင်မှုပေးနိုင်တာလေ… လော့ဝမ်ချွမ်း မင်းလုပ်နိုင်လို့လား…"


ထိုစကားအားကြားလိုက်ပြီးနောက် လော့ဝမ်ချွမ်း မျက်မှောင်ကြုတ်လိုက်ကာ သူ၏အပေါ်နှုတ်ခမ်းမှာ အလိုလိုတင်းကြပ်လာတော့သည်။


" အိုမီဂါတွေအတွက် လိုက်ဖက်မှုနှုန်းမြင့်မားဖို့ဘယ်လောက်အရေးကြီးလဲဆိုတာ မင်းသိသင့်တယ်…" 


ချီယုသူ၏ချွေးများအား သုတ်လိုက်ပြီး လော့ဝမ်ချွမ်းအားကြည့်လျက် ဖြည်းဖြည်းချင်းပြောလိုက်လေသည်။


 " လိုက်ဖက်မှုနှုန်းမြင့်တဲ့အယ်လ်ဖာတစ်ယောက်ထဲကပဲ အိုမီဂါ‌တစ်ယောက်ကို ပျော်ရွှင်အောင်လုပ်ပေးနိုင်တာလေ…"


လော့ဝမ်ချွမ်းအေးစက်နေသောမျက်လုံးများဖြင့် ချီယုအားကြည့်ကာ " အဲ့ဒါက မင်းသူ့ကိုမင်းနဲ့အတင်းအကြပ်ချည်နှောင်စေချင်တဲ့အကြောင်းပြချက်ပေါ့…"


" မင်းသူ့ကိုတကယ်သဘောကျတယ်ဆိုရင်…" 


ချီယုအရှေ့တိုးကာ လော့ဝမ်ချွမ်းအားအေးစက်စွာကြည့်၍


 " မင်းသူ့အတွက်စဉ်းစားပေးသင့်တယ်…မင်းကသူ့အတွက်လိုက်ဖက်မှုနှုန်းမမြင့်နိုင်မှတော့ သူ့ကိုပျော်ရွှင်အောင်လုပ်ပေးနိုင်မှာမဟုတ်ဘူးလေ… ပြီးတော့ယွမ်မိသားစုက ချီမိသားစုလိုမျိုးမိသားစုကြီးဆီကအကူအညီကိုလိုအပ်နေတာ… မင်းကိုစွန့်ပစ်ကြယ်ကသားမက်ဆီကမဟုတ်ဘူး…"


ထိုသို့ပြောပြီးနောက် ချီယုအနိုင်အားကြေညာနိုင်သကဲ့သို့ နှာခေါင်းရှုံ့လိုက်လေသည်။ လော့ဝမ်ချွမ်းမှာမူ ထိုနေရာတွင်ရပ်နေဆဲဖြစ်ပြီး သူ၏လက်ချောင်းများကို တဖြည်းဖြည်းလက်သီးဆုပ်ထားလျက် ယွမ်ရှင်းကျဲရှိနေသည့်နေရာအား အမှတ်တမဲ့လှမ်းကြည့်နေ၏။

77.2


ယွမ်ရှင်းကျဲမှာ ရေသောက်လျက် ထိုင်ချလိုက်သည်။ ထို့နောက် ရုတ်တရက်ဆိုသလို ဟဲဟောင်မင်ပေါ်လာပြီး သူ၏ဘေးမှ အားကစားဖျော်ရည်ဘူးတစ်ဘူးကိုဆွဲယူကာ သူ့အားနှုတ်ခမ်းများတွန့်ကွေးလျက်ကြည့်နေခဲ့ပြီး..


 " မင်းငါ့ကိုအခုထိခွင့်မလွှတ်နိုင်ဘူးပေါ့…"


ယွမ်ရှင်းကျဲမျက်ခုံးပင့်လိုက်ပြီးသူ့အားကြည့်နေသော ဟဲဟောင်မင်အားစိုက်ကြည့်ကာ


 " တစ်ခုခုရှိလို့လား…"


ဟဲဟောင်မင် သူ၏လက်ထဲရှိဖျော်ရည်ဘူးအား ယွမ်ရှင်းကျဲလက်ထဲသို့ကမ်းပေးလိုက်ပြီး " အရင်တစ်ခေါက် ကစားပွဲ‌တုန်းက မင်းကိုအဲ့လိုစကားတွေပြောခဲ့မိတာ ငါ့အမှားပါကွာ…"


" အိုးး " ယွမ်ရှင်းကျဲဘူးအားမယူခဲ့ချေ " ဒါပဲလား…."


ဟဲဟောင်မင် သက်ပြင်းကြီးကြီးတစ်ချက်ချလိုက်ပြီးနောက် " ဒီလောက်ခဏလေးအတွင်း မင်းငါ့ကိုခွင့်မလွှတ်နိုင်ဘူးဆိုတာ ငါသိပါတယ်… ဒါပေမယ့်လည်း မင်းကချီယုကို မက်ခါပစ္စည်းတွေပေးလိုက်တာဆိုတော့ ငါမင်းကိုကျေးဇူးတင်ရမှာပေါ့… မဟုတ်ရင် ငါ့မက်ခါက အက်စ်+ အဆင့်ကိုရောက်နိုင်မှာမဟုတ်ဘူးလေ…"


နောက်ဆုံးမှာတော့ ယွမ်ရှင်းကျဲသူ၏ခေါင်းကိုမော့လာခဲ့ပြီး သူ့အားကြည့်ကာ


 " ငါ့ကိုကျေးဇူးတင်ဖို့မလိုပါဘူး အဲ့အတွက်မင်းပိုက်ဆံပေးခဲ့တာပဲ‌လေ…"


ဟဲဟောင်မင်မှာ လူဆိုးတစ်ယောက်မဟုတ်နေသော်လည်း ယွမ်ရှင်းကျဲ သူနှင့်မဆက်ဆံချင်သေးပါ။


" ငါမင်းကိုနောက်ဆုံးမေးခွန်းတစ်ခုပဲမေးမယ်…" ဟဲဟောင်မင်အနည်းငယ်မျက်မှောင်ကြုတ်ကာ ယွမ်ရှင်းကျဲအားကြည့်လျက် မေးလိုက်လေသည်။


 " ဘယ်လိုတောင်… မင်းဘာလို့အဲ့မက်ခါရဲ့သေနတ်ကိုအသက်သွင်းပြီး ငါ့ကိုတိုက်နိုင်ခဲ့တာလဲ…မင်းကတကယ်ပဲ ဘီအဆင့်ပဲရှိသေးတာလား…"


" အဲ့ဒီမှာ မင်းမက်ခါလက်မောင်းရဲ့ခံနိုင်အားဒီဇိုင်းနဲ့ပတ်သတ်ပြီး ပြသနာတစ်ခုရှိတယ်လေ…" 


ယွမ်ရှင်းကျဲပေါ့ပေါ့ပါးပါးသာဖြေလာခဲ့သည်။


 " အဲ့ဒီတော့ မင်းကိုဒိုင်းကိုမလိုက်တဲ့အချိန်ကျရင် ဒိုင်းနှစ်ခုကြားမှာဟသွားပြီးတော့ အချိန်ကွာဟချက်လဲပေါ်လာ‌တယ်လေ…ဖြစ်နိုင်တာက မင်းအဲ့ဒါကိုသတိမထားမိခဲ့တာနေမှာပေါ့…"


ဟဲဟောင်မင်မှာ ထိတ်လန့်သွားခဲ့ရပြီး အံ့ဩနေခြင်းအချို့ သူ၏မျက်လုံးထဲ၌ ဖြတ်ပြေးသွား၏။


သူယွမ်ရှင်းကျဲမည်ကဲ့သို့သတိပြုမိသည်အား ဆက်လက်မေးမြန်းချင်ပါသော်လည်း ရုတ်တရက်ဆိုသလို ရစ်ချက်၏အသံမှာထွက်ပေါ်လာခဲ့သည်။


 " ငါကမင်းတို့အားလုံးကို နိုင်ငံအဆင့်ပြိုင်ပွဲမှာပါဝင်နိုင်အောင်လို့ ကူပေးဖို့လာခဲ့တာပဲ အဲ့ဒီတော့ မင်းတို့အားလုံးရဲ့ စိတ်ခွန်အားနဲ့ရုပ်ပိုင်းဆိုင်ရာအင်အားတွေကို စစ်ဆေးရလိမ့်မယ်…"


ပြောပြီးသည်နှင့် ရစ်ချက်ယွမ်ရှင်းကျဲအားတစ်ချက်ကြည့်လိုက်ပြီး မျက်ခုံးပင့်လျက် မေးလိုက်လေသည်။


 " မင်းကဘီအဆင့်ဆိုတာသေချာလား…"


ယွမ်ရှင်းကျဲကြက်သေသေသွားပြီး သူ့လက်ထဲမှရေဘူးအား ချလိုက်မိ၏။


" လောလောဆယ်တော့ မင်းကပထမဆုံးစစ်ဆေးခံရလိမ့်မယ်…" 


ရစ်ချက် ယွမ်ရှင်းကျဲအားပြောလိုက်လေသည်။


ရစ်ချက်ထွက်ခွာသွားပြီးနောက် ဟဲဟောင်မင် ယွမ်ရှင်းကျဲအား အသံနိမ့်နိမ့်ဖြင့် တီးတိုးပြောလာခဲ့သည်။


 " ရစ်ချက်နဲ့ ကျိုးဖေးရွယ်တို့က ပြိုင်ဘက်တွေလေ အဲ့ဒါကြောင့် ကျိုးဖေးရွှယ်မှာဒီနှစ်ကျောင်းအဖွဲ့ထဲတရားဝင်ဝင်နိုင်တဲ့ကျောင်းသားတစ်ယောက်ရှိနေတာကိုသိလိုက်ရတော့ သူအရမ်းဒေါပွနေတာပဲ…မင်းတော့သတိထားရလိမ့်မယ်…"


စိတ်ခွန်အားစစ်ဆေးခြင်းမှာ ကျောင်းအဖွဲ့အတွက်ရွေးချယ်သည့်အချိန်ထဲက လေ့ကျင့်ရေးကွင်းပြင်ထဲတွင် စစ်ဆေးခဲ့ပြီးဖြစ်သည်။


ယခင်တစ်ချိန်တုန်းက ယွမ်ရှင်းကျဲအား ကျိုးဖေးရွှယ်ခေါ်လာပေးခဲ့သည်။


စစ်ဘက်သုံးအမြောက်နှစ်လက်ပါသောမက်ခါအား ယွမ်ရှင်းကျဲပစ်ခတ်နိုင်ခဲ့သည့် အကြောင်းအရင်းမှာ မက်ခါသားရဲနှစ်ခြမ်းမဖြစ်လာခင်ကပင် သူ၏စိတ်စွမ်းအားအလုံးစုအား မက်ခါသားရဲနှင့်ချည်နှောင်ထားခြင်းမှ ယူဆောင်ကာ ပင်မမက်ခါအဖြစ်ပြောင်းလဲခဲ့ခြင်းကြောင့်ပင်ဖြစ်သည်။


၎င်းမှာ ပွဲမစတင်ခင်အချိန်၌ သူ၏စိတ်စွမ်းအားအထိန်းအချုပ်နှင့်လွှဲပြောင်းခြင်းကို လေ့ကျင့်ခဲ့ခြင်း၏ရ‌လဒ်ပင်ဖြစ်ပေသည်။


အတိအကျပင် ထိုသို့လုပ်ဆောင်ရုံပင် မလုံလောက်သေးပေ။ စစ်ဘက်သုံးအမြောက်အား အောင်အောင်မြင်မြင်အသက်သွင်းရန်အတွက် သူ၏စွမ်းအင်များကိုခုန်ပျံကျော်လွှားနိုင်ရန်အတွက်အသုံးချခဲ့ခြင်းဖြစ်သည်။


သို့သော် ၎င်းအား ယွမ်ရှင်းကျဲမထုတ်ဖော်ချင်ခဲ့ပါ။ အဘယ့်ကြောင့်ဆိုသော် ထိုနည်းအား တစ်ကြိမ်ပြသလိုက်သည်နှင့် အနာဂတ်တွင် ပြိုင်ဘက်ဖြစ်သူမှာ သူ့အားအလွန်သတိထားနေပြီး ပြန်လည်တိုက်ခိုက်လာနိုင်ပေမည်။ နောက်တစ်ချိန်တွင် တစ်ကျော့ပြန်လာရန်အတွက် ထိုလှည့်ကွက်အားအသုံးပြုခြင်းမှာ ခက်ခဲလာပေလိမ့်မည်။


သိသိသာသာပင် နည်းပြရစ်ချက်သည် ယွမ်ရှင်းကျဲအားမစစ်ဆေးမီ သူ၏ကစားပွဲများအားကြည့်ရှုခဲ့သည်။


ယွမ်ရှင်းကျဲ ခြေရာခံခေါင်းဆောင်းအားတပ်ဆင်လိုက်၏။


ရစ်ချက်မှာ ဘေးဘက်တွင် သူ၏လက်များကရင်ဘတ်ကိုဖိထားလျက်ရပ်နေခဲ့သည်။ သူနှင့်ကျိုးဖေးရွှယ်တို့မှာ အချိန်ကြာမြင့်စွာပြိုင်ဆိုင်လာကြသော ပြိုင်ဘက်များဖြစ်ကြသော်လည်း သူသည်အရည်အချင်းရှိသောနည်းပြတစ်ဦးပင်ဖြစ်၏။ ကစားပွဲအားကြည့်ရှူပြီးနောက် သူ ယွမ်ရှင်းကျဲ၏မက်ခါခုန်ပျံနိုင်စွမ်းအား သံသယဝင်နေခဲ့မိသည်။


အကယ်၍ ယွမ်ရှင်းကျဲတွင်သာ ထိုသို့သောစွမ်းရည်ရှိခဲ့မည်ဆိုပါက သူသည်စစ်တပ်မှလို‌ချင်သော ကြယ်တစ်ပွင့်ဖြစ်လာပေမည်။ အနည်းငယ်မျှသော စိတ်စွမ်းအားလေ့ကျင့်ရေးနှင့်ပင် သူ၏စွမ်းဆောင်ရည်သည် အိမ်နီးချင်းမိတ်ဖက်အဖွဲ့ကိုပါ ဆွဲဆောင်နိုင်မည်ဖြစ်သည်။


သိထားသင့်သည့် အချက်တစ်ချက်မှာ လက်ရှိကြယ်စုအဝေးကမ္ဘာကြီးတွင် အဓိကနိုင်ငံတော်နှစ်ခုရှိပြီး ၎င်းတို့မှာ ကြယ်အစုအဝေးအင်ပါယာနှင့် ကြယ်အစုအဝေးမိတ်ဖက်အဖွဲ့အစည်းတို့ပင်ဖြစ်ပြီး ထိုသူတို့မှာ ခုန်‌ပျံကျော်လွှား၍မက်ခါမောင်းနှင်နိုင်မည့်လူအား အမြဲလိုလိုရှာဖွေနေခဲ့ကြသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် အလွန်ခက်ခဲသော အက်စ်သုံးလုံးအထက်အဆင့်ရှိ မက်ခါကိုသာမောင်းနှင်နိုင်ခြင်းကြောင့်ဖြစ်ပြီး ထိုသူတို့မှာ စိတ်စွမ်းအားအဆင့်များ၏ ကန့်သတ်ချက်များအား ဖြတ်ကျော်ကာ မက်ခါအတွက် အာရုံကြောချိတ်ဆက်မှုနည်းပညာကို မြှင့်တင်ရန် ကြိုးစားနေသည့် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်နိုင်သော တစ်ဦးတည်းသောအဖွဲ့အစည်းဖြစ်ခြင်းကြောင့်ပင်ဖြစ်၏။


ရစ်ချက်နှင့် ကျောင်းအဖွဲ့မှအခြားသူများအပြင် လော့ဝမ်ချွမ်းသည်လည်း ထိုအကြောင်းအရာနှင့်ပတ်သတ်၍ သိသိသာသာစိုးရိမ်‌ပူပန်နေကြသည်။


စစ်ဆေးချက်ရလဒ်များထွက်ပေါ်လာတော့မည့်အချိန်၌ အဖွဲ့ဝင်များလည်း စုစည်းလာကာ မျက်နှာပြင်အားနီးကပ်စွာကြည့်နေကြလေသည်။


xxxxxx