အခန်း 122 " သင်္ဘောသားဆိုတာ ဘာလဲ "
"နောက်တစ်နေ့ "
လျူယောင် ဆေးရုံကို စောစောရောက်လာပြီး ခုတင်ပေါ်တွင် လဲလျောင်းနေတဲ့ လျူဟုန်ဖူကို သွားရောက်ကြည့်ရှုခဲ့သည်။ မနေ့ညက လီချန်လဲ့ရဲ့ အိမ်မှပြန်လာပြီးနောက် ဝူကျန်းဟိုတယ်ကို မသွားမှီ ဆေးရုံသို့ အရင်ဝင်ကြည့်ခဲ့သေးသည်။
လျူဟုန်ဖူရဲ့မျက်နှာအသားအရောင်မှာ အများကြီးပိုကောင်းလာတာကို ရှင်းရှင်းလင်းလင်းမြင်နိုင်ခဲ့ သည်။အရင်လို ဖြူဖျော့မနေတော့ဘဲ စွမ်းအင်အနည်းငယ်ရှိနေပြီး အလွန်အားနည်းခြင်း မရှိတော့ပေ။
ဖခင်ရဲ့အခြေအနေ တိုးတက်လာတာကိုတွေ့ရတာကြောင့် လျူယောင် အနည်းငယ်စိတ်သက်သာရာရသွားသည်။
မိခင်နဲ့ညီမဖြစ်သူ နှစ်ဦးစလုံးရှိနေတာကို တွေ့ရသဖြင့် ဖခင်နှင့်ခဏတာနေပြီးနောက် လျူယောင်က
“အဖေ မနက်ဖြန် ဆေးရုံပြောင်းလို့ရပြီထင်တယ်။ ဟွာဟိုင်းမြို့ကို ပြောင်းဖို့ရော ဘယ်လိုလဲ။ အဲဒီ့က အခြေအနေတွေက ပိုကောင်းတယ် ” ဟု အကြံပြု ပြောလိုက်သည်။
လျူလန်က မိဘများကို ဟွာဟိုင်းမြို့သွားစေချင်တာ သေချာသည်။အဲ့လိုသာဆိုရင် မိဘများကို နေ့တိုင်းနီးပါးတွေ့မြင်နိုင်မှာ ဖြစ်တာကြောင့်
“ဖေဖေ အစ်ကိုပြောတာ မှန်တယ် ဟွာဟိုင်းမြို့ဆေးရုံကို သွားတာက ပိုကောင်းတယ် ဖေဖေ ဆေးရုံကဆင်းပြီးတဲ့အခါ အစ်ကို့ဗီလာကြီးထဲမှာနေပြီး ခဏလောက်ကောင်းကောင်းအနားယူလေနော် "
သူ့ရဲ့ သားနဲ့သမီးနှစ်ယောက်စလုံးက ဒီလိုပြောနေတာကိုတွေ့တာကြောင့် လျူဟုန်ဖူ ခေါင်း ညိတ်ပြီး သဘောတူလိုက်သည်။
လျူယောင် အလွန်ပျော်ရွှင်သွားသည်။ သူ များစွာစည်းရုံးရလိမ့်မယ်လို့ တွေးခဲ့ပေမဲ့ ဖခင်က အလျင်အမြန်သဘောတူလိမ့်မယ်လို့ မမျှော်လင့်ခဲ့ပေ။
ကျွန်တော့်ဗီလာက လူရှင်းနေလို့ မိဘတွေ အဲ့မှာ နေရင် အိမ်လို့ ခံစားရမှာသေချာသည်။
လျူယောင် ဟွာဟိုင်းမြို့ကို မနက်ပြန်ရန်စီစဉ်နေပြီး ဖခင်ကို နောက်တစ်ရက်အနားယူစေခဲ့သည်။ မနက်ဖြန်တွင် အခြေအနေက သေချာပေါက်ပိုမိုကောင်းမွန်လာမှာ မို့လို့ ပြောင်းရွှေ့ရန် ပိုမိုသင့်လျော်လိမ့်မည်။
" ဒေါက် ဒေါက် ဒေါက် "
ထိုအချိန် တံခါးခေါက်သံကြားတာကြောင့် သူနာပြု သို့မဟုတ် ဆရာဝန်တစ်ဦးဦး ဖြစ်မယ်လို့ လျူယောင် တွေးလိုက်မိသည်။ဒါပေမဲ့ တံခါးကိုဖွင့် ဝင်လာသူက ဒေါင်းမင်းရွာအကြီးအကဲ လျူကျန့်ဖိန်ဖြစ်လိမ့်မယ်လို့ မထင်ထားခဲ့ပေ။
လျူယောင် အစပိုင်းတွင် အနည်းငယ်အံ့အားသင့်သွားပြီး ချက်ချင်း စိတ်အားထက်သန်လာခဲ့သည်။ သူ လျူကျန့်ဖိန်ကို ဆိုဖာပေါ်တွင်ထိုင်စေပြီး ရေနွေးကြမ်းကို ကိုယ်တိုင်လောင်းထည့်ပေးလိုက်သည်။
လျူကျန့်ဖိန်အပေါ် လျူယောင် အလွန်သဘောကျပြီး ကျေးဇူးတင်စိတ်ပင်ခံစားရသည်။ မနေ့ညက ဖခင်မှာ အစာအိမ်သွေးထွက်ခဲ့ရာ လျူကျန့်ဖိန်က သူ့ရဲ့ဖခင်ကို ဆေးရုံသွားရန် ကားတစ်စီး ခေါ်ပေးခဲ့သည်။
“ဦးလေးကျန့်ဖိန် လာရင်ပြီးတာပဲကို ပစ္စည်းတွေအများကြီး ဝယ်လာသေးတယ် ”
လျူကျန့်ဖိန်က သစ်သီးအချို့၊ ပရိုတင်းမှုန့်၊ နို့နှင့်အခြားအာဟာရဖြည့်ပစ္စည်းများကဲ့သို့သော ပစ္စည်းများစွာ ဝယ်လာခဲ့သည်။
လျူကျန့်ဖိန်က ပြုံးပြီး
“လက်ဗလာနဲ့မလာချင်လို့ လမ်းပေါ်မှာ နည်းနည်းပါးပါးလေး ဝယ်ခဲ့တာပါ” ဟုပြန်ဖြေလိုက်သည်။
စကားအနည်းငယ်ပြောဆိုပြီးနောက် လျူကျန့်ဖိန်က ဆေးရုံခုတင်နား လျှောက်သွားကာ ဖခင်ရဲ့အခြေအနေကို စိုးရိမ်တကြီးမေးမြန်းလိုက်သည်။ လျူဟုန်ဖူရဲ့အခြေအနေမှာ သိသိသာသာတိုးတက်လာတာကို တွေ့ရပြီးနောက် သူ စိတ်အေးသွားခဲ့သည်။
လျူဟုန်ဖူအား သွားရောက်ကြည့်ရှုပြီးနောက် လျူကျန့်ဖိန်က ဆိုဖာပေါ်တွင်ထိုင်ပြီး လျူယောင်နှင့် စကားပြောလိုက်သည်။ သူက ရွာမှာရှိတဲ့ လမ်းတည်ဆောက်ရေးအခြေအနေကို အရင်ပြောပြခဲ့သည်။
ရွာက ကွန်ကရစ်လမ်းကို အပြည့်အဝပြုပြင်ပြီးစီးသွားပြီဖြစ်ကြောင်းနှင့် ကျယ်ပြန့်တဲ့ ကွန်ကရစ်လမ်းမှာ အိမ်တိုင်းသို့ရောက်ရှိနေပြီဖြစ်ကြောင်းကို လျူယောင်အား ပျော်ရွှင်စွာပြောပြခဲ့သည်။ လျူယောင်ကို ပြန်လာပြီး ကြည့်ရန်ပြောကာ လျူယောင်အား ကျေးဇူးတင်ကြောင်း ထပ်မံပြောခဲ့သည်။
ရွာမှ လမ်းတည်ဆောက်ရေးအခြေအနေနဲ့ပတ်သက်၍ ပြောဆိုပြီးနောက် လျူကျန်းဖိန်က ဟွာဟိုင်းမြို့ရှိ လျူယောင်ရဲ့အခြေအနေကိုလည်း အတိုချုံးမေးမြန်းလိုက်သည်။ လျူယောင်က ရေကြောင်းပို့ဆောင်ရေးကုမ္ပဏီကြီးတစ်ခုကို ဖွင့်လှစ်ထားကြောင်း သိလိုက်ရသောအခါ လျူကျန့်ဖိန်ရဲ့စိတ်ထဲ အနည်းငယ်လှုပ်ရှားသွားသည်။
“လျူယောင် မင်းလည်း ငါတို့ရွာရဲ့အခြေအနေကို သိမှာပါ။ တွင်းထွက်ပစ္စည်းလည်းမရှိ သယံဇာတလည်းမရှိဘူး။ ဝင်ငွေရဲ့ အဓိကအရင်းအမြစ်က အပြင်ထွက်အလုပ်လုပ်တာပဲ ”
“ဒီရက်ပိုင်းမှာတော့ အချိန်ပိုင်းအလုပ်တွေက ပိုပြီးဆိုးရွားလာတယ်။ လုပ်ခကမများဘဲ အလုပ်က ပင်ပန်းတယ်။ တချို့လူတွေကတော့ ရွာကိုပြန်လာကြတယ်ကွာ ငါတို့ရွာမှာ အလုပ်လက်မဲ့ဦးရေက ပိုများလာတာကို ငါမြင်ရတော့ စိတ်ထဲမှာ စိုးရိမ်နေတယ်။ မင်းရဲ့ကုမ္ပဏီက မသေးဘူးဆိုရင် ငါတို့ရွာကလူတွေကို နည်းနည်းပါးပါး ခန့်ထားနိုင်ရင် အရမ်းကောင်းမှာပဲကွာ”
လျူယောင်က ကုမ္ပဏီတွင် ထူးချွန်တဲ့ မန်နေဂျာအချို့ကို ဈေးကွက်မှ ခန့်အပ်ခြင်းအပြင် ဒုတိ ယအထွေထွေမန်နေဂျာတစ်ဦးကို ခန့်အပ်ရန် အကျိုးဆောင်ကုမ္ပဏီတစ်ခုကိုပင် ရှာဖွေခဲ့သေးသည်။
လျူယောင် ဇာတိမြို့မှ အဖွဲ့တစ်ဖွဲ့ကို သင်္ဘောသားများအဖြစ် လေ့ကျင့်ပေးပြီး ခန့်အပ်ရန် စဉ်းစားခဲ့သေးသည်။ ယခုတွင် လျူကျန့်ဖိန်က ဒီလိုမေးခွန်းကို ကိုယ်တိုင်မေးလာတဲ့အခါ အနည်းငယ်တွေးတောပြီးနောက် လျူယောင် သဘောတူလိုက်သည်။
“ဦးလေးကျန့်ဖိန် ကျွန်တော်တို့ဇာတိမြို့က အဖွဲ့တစ်ဖွဲ့ကို ခန့်အပ်ဖို့ အစီအစဉ်ရှိပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ သူတို့ကို သင်္ဘောသားတွေဖြစ်လာအောင် လေ့ကျင့်ပေးဖို့ဖြစ်ပြီး ပင်လယ်ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းကို လုပ်ကိုင်ဖို့ပါ” ဟုပြောလိုက်သည်။
လျူကျန့်ဖိန် ချက်ချင်း ပျော်ရွှင်သွားခဲ့သည်။ ရွာအကြီးအကဲဖြစ်တဲ့အတွက် အတွေ့အကြုံအနည်းငယ်ရှိတာကြောင့် သင်္ဘောသားများရဲ့ဝင်ငွေက မြင့်မားတာကို သူသိထားသည်။ဒါက စက်ရုံအချို့တွင် အလုပ်လုပ်ရခြင်းထက် အ များကြီးပိုကောင်းလှသည်။
“လျူယောင် သင်္ဘောသားတွေရဲ့ တစ်လလုပ်ခက ဘယ်လောက်လဲ.”
လျူယောင်က “ကျွန်တော်တို့ရဲ့ သင်္ဘောသားအဖြစ် ခန့်အပ်ခံရရင် လစာ ယွမ် ၁၅,၀၀၀ လောက်ရပြီး ခြောက်လ အလုပ်သင်ကာလရှိပါမယ်။ အလုပ်သင်ကာလ ခြောက်လကို ကျော်လွန်ပြီး ပုံမှန်သင်္ဘောသားဖြစ်လာရင်တော့ လစာက ယွမ် ၂၀,၀၀၀ ကနေ ၃၀,၀၀၀ လောက်ရှိပါမယ်။ အခြားအကျိုးခံစားခွင့်တွေနဲ့ ဆုကြေးတွေပါဆိုရင် တစ်နှစ်ကို ယွမ် ၃၀၀,၀၀၀ အောက်မနည်းပါဘူး” ဟုပြန်ဖြေလိုက်သည်။
"ဘာ!"
"ဒီလောက်များတာလား"
"တစ်လကို ယွမ် ၂၀,၀၀၀ ကနေ ၃၀,၀၀၀ အထိ၊ အခြားအကျိုးခံစားခွင့်တွေနဲ့ ဆုကြေးတွေနဲ့ပါဆိုရင် တစ်နှစ်ဝင်ငွေက ယွမ် ၃၀၀,၀၀၀ လောက် မကဘူး! "
လျူကျန့်ဖိန် အချိန်အတော်ကြာအောင် သတိမဝင်ခဲ့ပေ။ပင်လယ်ရေကြောင်းသင်္ဘောသားများရဲ့ဝင်ငွေက မြင့်မားတာကို သူ သိပေမဲ့ ဒီလောက် မြင့်မားလိမ့်မယ်လို့ မမျှော်လင့်ခဲ့ပေ။
လျူကျန့်ဖိန်ရဲ့အံ့ဩမှု့ကိုမြင်ရတာကြောင့် လျူယောင်က
“ကျွန်တော်တို့ကုမ္ပဏီရဲ့ ဆက်ဆံမှု့က ပိုကောင်းတာကြောင့် အခြားပင်လယ်ရေကြောင်းကုမ္ပဏီတွေထက် လစာပိုများပါတယ်” ဟု ရှင်းပြလိုက်သည်။
လျူယောင် ဒီလို ပြောနေပေမဲ့ လျူကျန့်ဖိန်ဟာ သတိပြန်ဝင်လာရန် အချိန်အတော်ကြာယူခဲ့ရသည်။
“သူဋေးလျူ သင်္ဘောသားတွေခန့်အပ်ဖို့အတွက် မင်းရဲ့ကုမ္ပဏီက ဘယ်လိုလိုအပ်ချက်တွေရှိလဲ ”ဟု မေးလိုက်သည်။
လျူယောင်က “ပထမဆုံးအနေနဲ့ ကျန်းမာရေးကောင်းမွန်ဖို့ လိုအပ်ပါတယ်။ ခန့်အပ်တဲ့အခါ မြို့နယ်ပြည်သူ့ဆေးရုံမှာ ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုခံယူဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ယဉ်ကျေးမှု့လိုအပ်ချက်တွေလည်း ရှိဖို့ လိုပါတယ်။
အနည်းဆုံးတော့ အထက်တန်းကျောင်း ဒါမှမဟုတ် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထက်တန်းကျောင်းကနေ ဘွဲ့ရဖို့လိုပါတယ်။ ယောက်ျားလေးသာဖြစ်ပြီး အသက် ၄၀ နှစ် မကျော်ရပါဘူး” ဟု ရှင်းပြလိုက်သည်။
ယဉ်ကျေးမှု့ပိုင်းအရ ဇာတိမြို့မှလူများအတွက် လိုအပ်ချက်များကို လျူယောင် လျှော့ချထားပုံရပြီး အထက်တန်းကျောင်းပြီးရုံသာ သတ်မှတ်ထားခဲ့သည်။ တကယ်တော့ ကုမ္ပဏီရဲ့သင်္ဘော သားများအတွက် ပညာရေး လိုအပ်ချက်မှာ ကောလိပ်ပညာရေးအဆင့်ပဲ ဖြစ်သည်။
"ကျန်းမာရေးကောင်းမွန်တာ နဲ့အထက်တန်းအဆင့်ပညာရေး လား "
လျူကျန့်ဖိန်ဟာ ဒီလိုမျိုး လိုအပ်ချက်ကို ပြည့်မီတဲ့ လူအတော်များများရှိကြောင်းကို သိတာကြောင့် အလွန်ပျော်ရွှင်သွားခဲ့သည်။ သူ ခဏလေးသာ ထိုင်ပြီးနောက် ပြန်ရန် နှုတ်ဆက်လိုက်သည်။
လျူကျန့်ဖိန် မကြာမှီ ဒေါင်းမင်းရွာကိုပြန်ရောက်လာခဲ့သည်။
သူပြန်ရောက်ပြီး ပထမဆုံးလုပ်ခဲ့တဲ့အရာမှာ ရွာရဲ့အသံလွှင့်ခန်းကို သွားရောက်ပြီး စကားပြောစက်ဖြင့် ရွာသားအားလုံးကို သတင်းကောင်းလွှင့်ထုတ်ခြင်းပဲ ဖြစ်သည်။
“ရွာသားများနားထောင်ပါ !ရွာသားများနားထောင်ပေးပါ ”
“အခုအချိန်မှာ ကျွန်တော်အားလုံးအတွက် သတင်းကောင်းတစ်ခုလွှင့်ချင်ပါတယ်။ ကျွန်တော်တို့ရွာက လျူယောင်ဟာ ရွာသားအားလုံးအတွက် ပင်လယ်ရေကြောင်းသင်္ဘောသားတစ်စုကို ခန့်အပ်ဖို့စီစဉ်နေပါတယ်။ လစာက မနည်းပါဘူး။ ပထမဆုံး အလုပ်သင်ကာလခြောက်လအတွက် တစ်လလုပ်ခက ယွမ် ၁၅,၀၀၀ ဖြစ်ပါတယ်။ ပုံမှန်ဝန်ထမ်းဖြစ်လာပြီးနောက် တစ်လလုပ်ခက ယွမ် ၂၀,၀၀၀ ကနေ ၃၀,၀၀၀ ရမှာဖြစ်ပြီး အခြားအကျိုးခံစားခွင့်တွေနဲ့ ဆုကြေးတွေပါဆိုရင် တစ်နှစ်ဝင်ငွေက ယွမ် ၃၀၀,၀၀၀ အောက်မနည်းပါဘူး ”
လျူကျန့်ဖိန် ဒီဟာကို သုံးကြိမ်တိုင်တိုင် ထပ်ခါတလဲလဲ အသံလွှင့်ခဲ့သည်။
ရုတ်တရက် ဒေါင်းမင်းရွာတစ်ရွာလုံး ဆူညံပွက်လောရိုက်သွားကြသည်။
ဒီလိုမြင့်မားတဲ့ဝင်ငွေမှာ ဒေါင်းမင်းရွာမှရွာသားများရဲ့ စိတ်ကူးများထက်ကျော်လွန်နေခဲ့သည်။ သူတို့ဟာ အပြင်မှာ ပင်ပန်းစွာလုပ်ကိုင်ရတာတောင် တစ်လကို ယွမ် လေးထောင်မှ ငါးထောင်သာရရှိကြသည်။
“ငါနားကြားမှားတာလားဟ”
“မင်းနားမကြားမှားပါဘူး၊ ရွာသူကြီးက သုံးကြိမ်တောင် ထပ်ပြောထားတာ”
“သင်္ဘောသားဆိုတာ ဘာလဲဟ”
သိတဲ့သူ တစ်ယောက်က ထ ပြောလိုက်သည်။
“သင်္ဘောသားတွေက ပင်လယ်ရေကြောင်းကုန်တင်သင်္ဘောတွေနဲ့ ပို့ဆောင်ရေးလုပ်ငန်းလုပ်ကြပြီး ကမ္ဘာအနှံ့သွားနိုင်တယ်။ ပင်လယ်ရေကြောင်းသင်္ဘောသားဖြစ်ဖို့ဆိုတာ ငါ့ရဲ့အိပ်မက်တစ်ခုဖြစ် ခဲ့တာ ငါရွာသူကြီးဆီ စာရင်းသွားသွင်းအူံးမယ်”
“ကျွန်တော်လည်း စာရင်းသွားသွင်းမယ်သင်္ဘောသားတစ်ယောက်ဖြစ်ရမယ်ဗျာ”
.
ဒေါင်းမင်းရွာလေးမှာ ဆူညံပွက်လောရိုက်နေပြီး ရွာသားအားလုံး ထိုကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးနေခဲ့ကြသည်။ လူတိုင်းအတွက်တော့ ဒါက သတင်းကောင်းကြီးတစ်ခုပဲ ဖြစ်သည်။
ရွာမှာကျန်ခဲ့တဲ့ လူများမှာ အပြင်တွင် အလုပ်လုပ်နေတဲ့ သူတို့ရဲ့ယောက်ျားများနဲ့သားများကို ဖုန်းဆက်ပြီး သတင်းကောင်းပြောပြခဲ့သည်။
သူတို့ကို အမြန်ပြန်လာပြီး သင်္ဘော သားအဖြစ် လုပ်ရန် တိုက်တွန်းခဲ့ကြသည်။