Chapter 80
မက်ခါပြိုင်ပွဲပြီးချိန်တွင် ယွမ်ရှင်းကျဲ လော့ဝမ်ချွမ်းအား သူ့၏မက်ခါကိုအဆင့်မြှင့်တင်ရန်လိုအပ်မည်လားဟူ၍မေးမြန်းခဲ့သော်လည်း လော့ဝမ်ချွမ်းကလိမ္မာပါးနပ်စွာငြင်းဆိုခဲ့လေသည်။ အဘယ့်ကြောင့်ဆိုသော် ယွမ်ရှင်းကျဲမှာ နေ့စဉ်နေ့တိုင်းခက်ခဲကြမ်းတမ်းသောလေ့ကျင့်ရေးများဆင်းနေရပြီး သူ့အတွက်နောက်ထပ်တာဝန်များအားထမ်းဆောင်နိုင်မည်မဟုတ်သောကြောင့်ပင်ဖြစ်သည်။
အုပ်စုခွဲရလဒ်များထွက်လာသည့်အချိန်မှစ၍ ရစ်ချက်က ကျောင်းအဖွဲ့၏ လေ့ကျင့်ရေးများအား တိုးမြင့်ခဲ့သောကြောင့် လူတိုင်းမှာမကျေမနပ်ဖြစ်နေခဲ့ရသည်။
မနက်ခင်းလေ့ကျင့်ရေးပြီးချိန်တွင် ယွမ်ရှင်းကျဲကြမ်းပြင်ပေါ်၌ မောမောပန်းပန်းနှင့်လှဲချလိုက်ကာ မျက်နှာကျက်အားကြည့်နေမိသည်။ ရုတ်တရက်ဆိုသလို သူ၏ရှေ့တွင် လှပသောမျက်နှာတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
" အိုး မက်ခါမောင်းတဲ့ကောင်လေး ပင်ပန်းနေပြီလား…"
အက်ရှလေပြုံးလျက် ကြမ်းပြင်ပေါ်တွင်လဲလျောင်းနေသော သန့်စင်သည့်အဖြူထည်ကောင်ငယ်လေးအား ကြည့်နေခဲ့သည်။
" ကြည့်ရတာ သာ့ချွမ်းကမင်းခန္ဓာကိုယ်ကိုအားဖြည့်ပေးဖို့လိုမယ်ထင်တယ်…"
ယွမ်ရှင်းကျဲ အက်ရှလေ၏စကားများမှာ အမြဲလိုလိုထူးဆန်းနေသည်ဟုခံစားမိသော်လည်း မည်သည့်အရာကထူးဆန်းနေသည်ကိုမူ မပြောနိုင်ခဲ့ချေ။
အက်ရှလေ ထိုအခြေအနေအားအခွင့်ကောင်းယူလိုက်ကာ ယွမ်ရှင်းကျဲအားဆွဲခေါ်လျက် ထိုင်ချလိုက်ပြီး ရုတ်တရက်ဆိုသလို နှုတ်ခမ်းများကပြုံးကာပြောလာခဲ့သည်။
" မင်းအသားအရေကတကယ်ကိုကောင်းတာပဲ…"
အက်ရှလေမှာ မိန်းကလေးဖြစ်နေသော်လည်း သူမသည်အယ်လ်ဖာဖြစ်နေသောကြောင့် သဘာဝကျစွာပင် အိုမီဂါကောင်လေးများအားစိတ်ဝင်စားမှုရှိနေလေသည်။
အက်ရှလေ၏ချီးကျူးစကားကြားလိုက်ပြီးနောက် ယွမ်ရှင်းကျဲအနောက်သို့ဆုတ်မိသွားခဲ့သည်။ လွန်ခဲ့သောရက်အနည်းငယ်များအတွင်းက သူမကြာခဏဆိုသလို အက်ရှလေ၏စကားဖြင့်အခွင့်အရေးယူခြင်းအား ခံခဲ့ရလေသည်။ သူမသည် သူ့အား မည်မျှကြည့်ကောင်းကြောင်း ကောင်းမွန်သောအသားအရည်ရှိကြောင်း မျက်လုံးဝိုင်းဝိုင်းလေးများရှိကြောင်း စသည့်ဖြင့် အမြဲဆိုသလိုပြောနေခဲ့ရာ ၎င်းကြောင့် သူ့အား အက်ရှလေနှင့်စကားပြောဆိုရန်အတွက် အနည်းငယ်ကြောက်လန့်စေခဲ့သည်။
မိန်းကလေးအယ်လ်ဖာတိုင်း သူမလိုပဲ အတားအဆီးကင်းမဲ့သည်လား…
အက်ရှလေတစ်ယောက် ယွမ်ရှင်းကျဲအားဘေးမှနေ၍အနှောင့်အယှက်ပေးနေသည်အား မြင်လိုက်ရချိန်၌ ချီယုတောင့်ခဲသွားလေသည်။ သူထရပ်ကာ တားမည်ပြုလိုက်သော်လည်း လော့ဝမ်ချွမ်းမှာ သူတို့နှစ်ဦးရှိရာသို့ လျှောက်နှင့်ပြီး ဖြစ်နေခဲ့သည်။
လော့ဝမ်ချွမ်း ယွမ်ရှင်းကျဲထံသို့ သူ့လက်ထဲရှိရေဘူးနှင့်ပုဝါတစ်ထည်ကမ်းပေးလာရာ ယွမ်ရှင်းကျဲလည်း လှမ်းယူလိုက်ပြီး ကျေးဇူးတင်ကြောင်းပြောလိုက်လေသည်။
ထို့နောက် လော့ဝမ်ချွမ်း အက်ရှလေရှိရာဘက်သို့လှည့်ကာ မျက်မှောင်ကြုတ်လိုက်ပြီး " မင်းအရမ်းအားနေတာလား…"
" မအားပါဘူး အခုပဲ အခါငါးဆယ်ပတ်ပြေးလာတာ.."
အက်ရှလေသူမ၏နူးညံ့သောရွှေရောင်ဆံပင်များအား ပေါ့ပေါ့ပါးပါးခါယမ်းလိုက်ကာ သူ၏အဖြူရောင်လည်တိုင်အားပုဝါဖြင့်သုတ်နေသော ယွမ်ရှင်းကျဲကိုကြည့်၍
" ဘယ်အယ်လ်ဖာကများ ဖြူစင်ပြီးသန့်ရှင်းတဲ့အိုမီဂါလေးကို မကြိုက်ဘဲနေကြလို့လဲ…"
ယွမ်ရှင်းကျဲ အက်ရှလေ၏စကားများအားကြားလိုက်ရချိန်၌ ရပ်တန့်သွားကာ မနေနိုင်ဘဲ လော့ဝမ်ချွမ်းရှိရာဘက်သို့ကြည့်လိုက်မိတော့သည်။
နောက်စက္ကန့်အနည်းငယ်အတွင်း သက်တောင့်သက်သာမဖြစ်သည့်အမူအရာတစ်ခု လော့ဝမ်ချွမ်း၏မျက်နှာပေါ်၌ ဖြတ်ပြေးသွားလေသည်။
သူ အက်ရှလေအား အေးစက်နေသောအသံဖြင့် ပြောလာခဲ့သည်။
" ယွမ်ရှင်းကျဲရဲ့လေ့ကျင့်ခန်းအတွက် ဘာမှအနှောင့်အယှက်ပေးစရာအကြောင်းမရှိဘူး…"
အက်ရှလေသူမ၏နှုတ်ခမ်းများအားတွန့်ကွေးကာ " ငါကဘယ်လိုလုပ်ပြီး…"
ထိုအချိန်တွင် မနည်းမဝေးမှချီယုရောက်လာကာ သူ၏လည်ချောင်းကိုရှင်း၍ ယွမ်ရှင်းကျဲအားသူနှင့်အတူနေ့လည်စာစားနိုင်မည်လားဟူ၍ မေးမြန်းလာခဲ့သည်။
ယွမ်ရှင်းကျဲ သူ့အားလျစ်လျူသာရှုထားခဲ့၏။
ချီယုသည်လည်း တခြားလူနှစ်ဦး၏ရှေ့တွင်ဖြစ်သဖြင့် အနည်းငယ်အရှက်ရသွားသောကြောင့် ပြန်လှည့်ထွက်သွားရုံသာ တတ်နိုင်ခဲ့သည်။
" ပြိုင်ပွဲရဲ့ စံချိန်ကဘယ်လောက်ပဲမြင့်မြင့် ဘာအသုံးဝင်မှာမလို့လဲ…"
အက်ရှလေအသံသေးသေးဖြင့်ပြောလာခဲ့သည်။
" သူတို့မကြိုက်ဘူးဆိုရင် ဘာမှအသုံးမဝင်ဘူး…"
ချီယု၏နောက်ကျောမှာ တောင့်ခဲသွားရသည်
ယွမ်မိသားစုသည် ချီယုအားထောက်ပံ့ပေးနေပြီး လော့ဝမ်ချွမ်း၏ရှေ့၌ သူမည်မျှပင်ယုံကြည်မှုရှိနေစေကာမူ ယွမ်ရှင်းကျဲ၏မတူညီသော ပြုမူဆက်ဆံပုံမှာ အရာအားလုံးအားဖော်ပြနေခဲ့ပြီးဖြစ်ရာ ၎င်းမှာ သူ့အားပို၍ ပို၍ မသေချာသောခံစားချက်အားပေးစွမ်းနေခဲ့သည်။
တကယ်ကြီး ယွမ်ရှင်းကျဲကအဲ့လူနဲ့အတူရှိနေတော့မည်လား…
ချီယုခဏကြာတောင့်ခဲနေပြီး လက်ချောင်းများအားတင်းတင်းကြပ်ကြပ်ဆုပ်လျက်ထွက်သွားခဲ့ပြီး သူ၏နောက်ကျောမှာ အနည်းငယ်အထီးကျန်နေသည့်ပုံပေါ်နေခဲ့သည်။
ရုတ်တရက်ဆိုသလိုပင် လော့ဝမ်ချွမ်း ချီယုပြောခဲ့သည်အား မှတ်မိလာလေသည် " ငါတစ်ယောက်ထဲကပဲ ယွမ်ရှင်းကျဲကိုပျော်ရွှင်စေနိုင်တာ…"
လော့ဝမ်ချွမ်းလည်း ကြမ်းပြင်ပေါ်တွင်ထိုင်နေခဲ့သော အသားအရည်လှပသည့်ကောင်ငယ်လေးယွမ်ရှင်းကျဲအား တုန်လှုပ်စွာကြည့်လိုက်မိလေသည်။ သူဆိုသည်မှာ ပြိုင်ပွဲစံနှုန်းအား အရေးစိုက်ပါမည်လော…
" မင်းမှန်တာပဲ အစ်မအက်ရှလေ…" ယွမ်ရှင်းကျဲပါးစပ်အပြည့်သောက်ချလိုက်ပြီး ပြောလာခဲ့သည် " မင်းကဒီခေတ်ရဲ့ကောင်းမွန်တဲ့ အယ်လ်ဖာတစ်ယောက်ပဲ…"
ဤသည်အားကြားပြီးနောက် လော့ဝမ်ချွမ်းအပျော်လွန်သွားခဲ့သော်လည်း မသိမသာဖြင့် မနာလိုဖြစ်နေခဲ့မိသေးသည်။
အက်ရှလေ လော့ဝမ်ချွမ်းအားစိုက်ကြည့်လိုက်ပြီးနောက် သူမ၏မျက်ခုံးများအားပြင့်ကာ ယွမ်ရှင်းကျဲထံအကြည့်လွှဲလိုက်ပြီး " အဲ့ဒီတော့ မင်းငါ့နောက်လိုက်ချင်လား…"
ယွမ်ရှင်းကျဲမှာ ရေများထွေးထုတ်မိမလိုဖြစ်သွားရပြီး ချောင်းအနည်းငယ်ဆိုးသွားခဲ့ရသည်။
လော့ဝမ်ချွမ်းလည်း ထိုင်ချလိုက်ကာ ယွမ်ရှင်းကျဲ၏ကျောအားပုတ်ပေးလိုက်လေသည်။ ထို့နောက် မျက်မှောင်ကြုတ်လျက် အက်ရှလေအားကြည့်လာခဲ့သည်။
" မင်းမပြီးတော့ဘူးလား…"
ထိုအချိန်မှာပင် သူ တစ်ရှူးတစ်ခုအားထုတ်ယူကာ ယွမ်ရှင်းကျဲ၏နှုတ်ခမ်းများကိုသုတ်ပေးနေခဲ့သည်။
သုတ်ပေးနေရင်းမှ လော့ဝမ်ချွမ်း၏ခြောက်သွေ့ကြမ်းတမ်းသော လက်ချောင်းထိပ်များမှာ မတော်တဆဖြင့် ယွမ်ရှင်းကျဲ၏နှုတ်ခမ်းအားထိမိသွားလေသည်။ သူတို့နှစ်ဦး၏ ခန္ဓာကိုယ်အပူချိန်များဆုံတွေ့သွားချိန်၌ နှစ်ဦးစလုံးအံ့အားသင့်သွားခဲ့ရသည်။
80.2
အပြုံးတစ်ခုညှစ်ထုတ်လိုက်ပြီးနောက် သူမ၏ဂုဏ်သိက္ခာနှင့်ကျော်ကြားမှုအားကာကွယ်သည့်အနေဖြင့်အက်ရှလေထရပ်ကာထွက်သွားခဲ့လေသည်။
" အာ " လော့ဝမ်ချွမ်းတည့်တည့်ကြည့်လိုက်ပြီးနောက် သူ၏လက်ချောင်းများအား ပြန်ဆုတ်လိုက်လေသည်။ သူ၏လက်ချောင်းထိပ်များမှာ လောင်ကျွမ်းနေခဲ့ပြီး " နောက်တစ်ခါ အက်ရှလေကိုမြင်ရင် သူမနဲ့ဝေးဝေးမှာနေလိုက်…"
ယွမ်ရှင်းကျဲလည်း ကြောင်အသွားခဲ့ရသည်။ လော့ဝမ်ချွမ်းထိုကဲ့သို့တောင်းဆိုမှုမျိုး ပြောလာမည်ဟု သူမထင်မိခဲ့ပေ။ အချိန်အတန်ကြာအထိ ထိုစကားမှာ မည့်သည့်ဘက်ကပြောခဲ့သည်အား သူမဝေခွဲနိုင်ခဲ့ချေ။
သို့သော်လည်း ယွမ်ရှင်းကျဲ၏ခံစားချက်မှာ သိသိသာသာတိုးတက်လာသောကြောင့် သူ့နှုတ်ခမ်းအားကွေးလျက် ပြုံးနေလေသည်။
ယွမ်ရှင်းကျဲပြုံးတုံ့တုံ့လုပ်နေသည်အားမြင်လိုက်ရပြီးနောက် လော့ဝမ်ချွမ်းလည်း မျက်မှောင်ကြုတ်လိုက်ကာ သူ၏အသံတွင် မနာလိုမှုများအပြည့်ဖြင့် ပြောလိုက်သည်။
" မင်း ငါ့ကိုနားကောထောင်နေရဲ့လား…"
သူ၏စိတ်အတွင်းရှိခံစားချက်များအား ရှင်းရှင်းပြလိုက်မိသကဲ့သို့ ဖြစ်သွားသဖြင့် ထိုသို့ပြောပြီးနောက်တွင် လော့ဝမ်ချွမ်းလည်း ဘေးဘက်သို့ မသက်မသာကြည့်လျက် ထပ်ပြောလာခဲ့သည်။
" ငါကြောက်တာ သူမက … မင်းရဲ့လေ့ကျင့်ရေးတွေမှာ သက်ရောက်လာမှာစိုးလို့ပါ…"
ယွမ်ရှင်းကျဲခေါင်းငြိမ့်လိုက်လေသည်။
" ကျွန်တော်သိပါတယ်…"
ကျေနပ်အားရစွာဖြင့် လော့ဝမ်ချွမ်းသည် ယွမ်ရှင်းကျဲအား ကြည့်နေမိခဲ့သည်။
ထိုကောင်ငယ်လေး ကောင်းမွန်စွာပြုမူနေသည်အား မြင်လိုက်ရချိန်၌ သူ့ဆန္ဒအလျောက် သူလေး၏အနည်းငယ်ချွေးစိုနေသောဆံပင်အား လက်လှမ်းကာ ပွတ်သပ်ပေးလိုက်ပြီးနောက် ထရပ်လိုက်ကာ လေ့ကျင့်ရေးခန်းမ၏တံခါးရှေ့သို့ လျောက်သွားလိုက်လေသည်။
" သွားရအောင် မင်းကိုစားဖို့ကိုယ်ဖိတ်တယ်…"
သူ၏ခေါင်းအားထိတွေ့သွားခြင်းကြောင့် ယွမ်ရှင်းကျဲ၏အံ့အားသင့်နေမှု သက်သာမလာခင်မှာပင် လော့ဝမ်ချွမ်းမှာအဝေးသို့ရောက်နေပြီဖြစ်၏။
ခဏအကြာတွင် လော့ဝမ်ချွမ်းသူ့အားလှည့်ကြည့်ကာ မျက်ခုံးများပင့်လျက် ခေါ်လိုက်သည်။
" မက်ခါဆရာငယ်လေး…"
ယွမ်ရှင်းကျဲလည်း အမြန်ထရပ်လိုက်ပြီးနောက် လော့ဝမ်ချွမ်း၏ခြေလှမ်းများအား အမှီလိုက်သွားလိုက်ရတော့သည်။
ထို့နေ့ပြီးနောက်တွင် လော့ဝမ်ချွမ်း ယွမ်ရှင်းကျဲ၏သုံးနပ်စလုံးအတွက် တာဝန်ယူခဲ့လေသည်။ ၎င်းတို့မှာ ယွမ်ရှင်းကျဲ၏ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်များနှင့်ထို့နေ့အတွက်လေ့ကျင့်ရေးအဆင့်တို့ဖြင့် ကိုက်ညီမည်ဖြစ်သည်။ လော့ဝမ်ချွမ်း၏အစားအစာများမှာ မြို့တော်ရှိကျော်ကြားသောအာဟာရပညာရှင်နှင့် တိုင်ပင်ဆွေးနွေးပြီးနောက် ဖော်စပ်ထားသည်ဟူ၍ဆိုနိုင်ပေမည်။
လော့ဝမ်ချွမ်း သူ့အပေါ်တွင် အမြဲလိုလိုစိုးရိမ်ကြီးနေသည်ဟု ယွမ်ရှင်းကျဲခံစားမိနေခဲ့သည်။
အမှန်တကယ်ပင် လော့ဝမ်ချွမ်းထိုအရာအား စိုးရိမ်တကြီးဖြင့် လုပ်ဆောင်နေခဲ့ခြင်းဖြစ်သည်။
မကြာသေးမှီအချိန်က လော့ဝမ်ချွမ်းအိမ်မက်တစ်ခုမက်ခဲ့လေသည်။ အိမ်မက်ထဲတွင် ယွမ်ရှင်းကျဲ၏ပန်းပြာရောင်အလင်းဓားမက်ခါသည် အမျိုးသားဗိုလ်လောင်းအဆင့်မက်ခါပြိုင်ပွဲ၌ အလိုက်ခံရပြီးဖိနှိပ်ခံရသည်ဟူ၍ပင် ဖြစ်သည်။သူသွားရောက်ကူညီချင်ခဲ့သော်လည်း သူ့အား ခယ့်လိုင်နှင့်အခြားသူများကအတင်းတားဆီးခဲ့ကြသဖြင့် သူဘာမှမတတ်နိုင်ခဲ့ချေ။
လော့ဝမ်ချွမ်းအိမ်မက်မှလန့်နိုးလာသည့်နောက်တွင်တော့ သူ ယွမ်ရှင်းကျဲ၏ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာခွန်အားများကူညီပေးရန်အတွက် ဆုံးဖြတ်ချက်ချမိတော့သည်။
ထိုနည်းဖြင့် လော့ဝမ်ချွမ်းသည် ရစ်ချက်နှင့် ကျိုးဖေးရွှယ်တို့အပြင် ယွမ်ရှင်းကျဲ၏တတိယဆရာဖြစ်လာခဲ့၏။
ယွမ်ရှင်းကျဲအတွက်အာဟာရပြည့်ဝသောအစားအစာများပြင်ဆင်ပေးရုံသာမက နေ့စဉ်နေ့တိုင်း သူ၏လေ့ကျင့်ခန်းများအတွက် ကူညီပြသပေးနေခဲ့သည်။
ထိုနေ့တွင် ယွမ်ရှင်းကျဲသူ၏လက်မောင်းနှင့်ဆိုင်သော လေ့ကျင့်ခန်းများအပြီးတွင် ခဏတာမျှပျင်းရိနေချင်ခဲ့မိသည်။ ရုတ်တရက်ဆိုသလို လော့ဝမ်ချွမ်းပေါ်ပေါက်လာပြီး သူ၏မျက်လုံးများတွင် စိုးရိမ်ပူပန်နေမှုများပြည့်နေခဲ့သည်။
သူမည်သည့်စကားမှမပြောခဲ့သော်လည်း ယွမ်ရှင်းကျဲထိတ်လန့်သွားပြီး သူ့အားအလျင်အမြန်ပြောလာခဲ့သည်။
" ကျွန်တော်ဆယ်မိနစ်ပဲနားမှာပါ…"
လော့ဝမ်ချွမ်း ယွမ်ရှင်းကျဲအလွန်ပင်ပန်းနေသည်အားမြင်လိုက်ရသောအခါ မတတ်နိုင်တော့ဘဲ သူ၏သွားများအားကြိတ်ကာပြောလိုက်သည်။
" ငါးမိနစ်…"
ယွမ်ရှင်းကျဲ : " ရှစ်မိနစ်…"
လော့ဝမ်ချွမ်း : "...." သူဘယ်လိုတောင်ဈေးဆစ်နေတာလဲ…
မည်သည့်အချိန်ကမှအတားအဆီးမရှိခဲ့သော လော့၏ဒုတိယမင်းသားမှာ သဘာဝကျစွာပင် ယွမ်ရှင်းကျဲ၏ပြိုင်ဘက်မဖြစ်နိုင်ခဲ့ချေ။ အဆုံးမှာတော့ ယွမ်ရှင်းကျဲသူ၏ဆန္ဒပြည့်ဝသွားပြီး ရှစ်မိနစ်ခန့်နားလိုက်ရလေသည်။
လေ့ကျင့်ရန်အတွက်မူ လော့ဝမ်ချွမ်း ရုတ်တရက်ကြီး ယွမ်ရှင်းကျဲအား စာရင်းတစ်ခုစာပါဝင်ပစ္စည်းစာရင်းများအားပေးလာခဲ့သည်။
ယွမ်ရှင်းကျဲမှာ ကြောင်အသွားပြီး " ကျွန်တော်အဲ့လောက်အများကြီးမသုံးနိုင်ဘူးလေ.."
လော့ဝမ်ချွမ်း : " ယူလိုက် …"
ယွမ်ရှင်းကျဲ ထပ်ခါထပ်ခါ သူထိုမျှပစ္စည်းများအားမလိုအပ်ကြောင်း ပြောနေခဲ့ပါသော်လည်း အဆုံးတွင်တော့ လော့ဝမ်ချွမ်း၏စူးရှသောမျက်လုံးများအောက်တွင် ကျရှုံးသွားရကာ ထိုပစ္စည်းအပုံလိုက်ကြီးအားလက်ခံရယူလိုက်တော့သည်။
xxxxxxx