အပိုင်း(၃၅)
ချီရွှမ်းသည်လည်း ယန်ရှစ်ရွှမ်းက သူမကို ထိုကဲ့သို့ ဆုတောင်းပေးမည်ဟု မထင်ထားမိချေ။ သူမက ချောမောသော ကောင်လေးကို မှင်သက်စွာ စိုက်ကြည့်နေမိပြီး ဆက်ပြောသင့်သည် စကားကိုပင် မသေချာတော့ပေ။
လွန်ခဲ့သော နှစ်တစ်ရာခန့်က သေမင်းကို ငြင်းဆန်ခဲ့သည့် အချိန်ကတည်းက အမည်မသိရသော ပုံရိပ်ထံမှ အင်အားကို တောင်းဆိုခဲ့ပြီး ရန်ငြိုးကြီးဝိဉာဉ်တစ်ကောင် ဖြစ်ပြီးချိန်အထိ သူမ၏နှလုံးသားထဲတွင် သေမိန့်ကျခံထားရပြီးသည်ဟု ခံစားခဲ့ရသည်။
သူမသည် အသက်အရွယ် ကြီးရင့်လာချိန်တွင် ငြိမ်းငြိမ်းချမ်းချမ်း အနားယူသင့်သည့် သူမ၏နာနီကို ဆိုးရွားသော သေဆုံးခြင်းနှင့် ကြုံဆုံစေခဲ့သည့် မသိတတ်သည့် သမီးတစ်ယောက် ဖြစ်သည်။ ထို့အပြင် သူမသည် ဓားပြပေါင်းများစွာကို သတ်ဖြတ်ခဲ့သည့် ဆိုးယုတ်သော အပြစ်သားလည်းဖြစ်ပြီး ငရဲ၏ အနက်ရှိုင်းဆုံး အပိုင်းကို ထိုးကျလျက် အဆုံးအစမဲ့သည့် အပြစ်ဒဏ်ကို ခံသင့်သူ ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ဧည့်ခန်းထဲရှိ လူများသာ မကသေးလေပဲ အတိတ်က တစ္ဆေတောင်တန်းသို့ ဝင်ရောက်ခဲ့သော ရွာသားများနှင့် ဖြတ်သွားဖြတ်လာများက သူမကို မြင်သောအခါ အလန့်တကြား ထွက်ပြေးခဲ့သည့်အပြင် သူမက အသားစား မိစ္ဆာကြီးတစ်ကောင်လို့ ပြုမူခဲ့သည်။ သူတို့ကသာ အနည်းငယ် နှေးကွေးစွာ ပြေးမိသွားလျှင် သူမက သူ့ကို သတ်မည်ဟ တွေးခဲ့ကြသည်။ ဒါဟာ ထင်ရှားသော သက်သေဖြစ်သည်။ ပြောရမည်ဆိုလျှင် သူတို့ကိုလည်း ချီရွှမ်းက မငြင်းနိုင်ချေ။
သို့ရာတွင် သူမက ယခုလို ဖြစ်နေပြီး တစ်စုံတစ်ယောက်က သူမကို အလေးအနက်ကြီး “မင်းက လူကောင်းတစ်ယောက်ပါ မင်း လုပ်နိုင်ပါတယ်” ဟု ပြောလာသည်။
ချီရွှမ်း၏ မျက်နှာအမူအယာက ရှုပ်ထွေးသွားပြီး ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုများက ယှက်ထွေးသွားသည်။ သူမ၏အနီရဲရဲနူတ်ခမ်းက အသာပွင့်သွားသည်။ သို့သော် သူမ ပြောချင်သည့် စကားလုံးများကိုမူ ပြန်လည် မြိုချလိုက်မိသည်။
ယန်ရှစ်ရွှမ်းက ချီရွှမ်း၏ အမူအယာများကို ကြည့်ပြီး သူမ၏ တုံးဆိုင်းနေပြီး အကြောင်းအရာကို နားလည်လိုက်သည်။ ထို့ကြောင့် သူက လက်ကို အသာမြှောက်လိုက်ပြီး နောက်ဘက်တွင် ပုန်းနေသည့် ပိုင်ရွှမ်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“မင်း သူမကို မှတ်မိလား။ ဒါက မင်း အရင်က ဝင်ပူးခဲ့တဲ့ ကောင်မလေးလေ။ သူမကို ကြည့်ဦး။ သူမက အခု တက်တက်ကြွကြွ တောက်တောက်ပပနဲ့ လွပ်လွပ်လပ်လပ် နေနေတာ။ သူမက ချစ်ရဲမုန်းရဲတယ်။ နောက်ပြီး သူမရဲ့ ကိစ္စတွေကို ကိုယ်ပိုင်ဆုံးဖြတ်ချက်အပေါ် ဘယ်သောအခါမှ မကျရှုံးခဲ့ဖူးဘူး။ နောက်ပြီး အချို့အချိန်တွေမှာဆိုရင်လည်း ကိုယ့်ကိုယ်ကို မှီခိုတတ်သေးတယ်”
ပိုင်ရွှမ်းကလည်း မမျှော်လင့်ထားပဲ ယန်ရှစ်ရွှမ်းဟာ သူမကို ထိုသို့အများကြီး ချီးမွှမ်းလာမည်ဟု မထင်မိသည့်အတွက် ရှက်သွားသည်။ သူမသည် ရှက်ရွံ့စွာနှင့် ဆံပင်များကို နားနောက်ဘက်သို့ သပ်လိုက်ရင်း ပြောလိုက်သည်။
“ဒါက ကိစ္စကြီးမှ မဟုတ်တာ။ ငါလည်း ဒီကျဲကျဲကို ကြောက်ခဲ့တာပဲ။ ဒါပေမယ့် ကျဲကျဲ ကျဲကျဲက အရမ်းတော်တာ သိလား။ ငါ့ထက်တောင် အများကြီး လှသေးတယ်။ ငါ ကြားဖူးတာတော့ ကျဲကျဲက နာမည်ကျော် ကန်တိုးနစ်အော်ပရာအဆိုတော် တစ်ယောက်ဆို။ ဒါက ဒီနေ့ခေတ်မှာဆို စုန့်နတ်ဘုရားဆုကို ရသလိုမျိုး မဟုတ်ဘူးလား။ ကျဲကျဲသာ ဒီနေ့ခေတ်မှာ မွေးလာမယ်ဆိုရင် လူပေါင်းများစွာက ကျဲကျဲကို သဘောကျပြီး ရူးသွပ်နေမှာ သေချာတယ်”
ကိုယ်တိုင်ကလည်း အမျိုးသမီးတစ်ယောက် ဖြစ်သည့်အလျောက် နောက်ထပ် မိန်းမငယ်လေးတစ်ယောက်ထံမှ ချီးကျူးမှုနှင့် ခိုင်ခိုင်မာမာ ပြောဆိုသည့် ချီးမွမ်းမှုများကို လက်ခံရရှိလိုက်သည့်အခါ ချီရွှမ်း၏ လှပသည့် မျက်နှာတွင် ချောမောသည့် အပြုံးက ပေါ်လာသည်။ သူမက ပိုင်ရွှမ်းနှင့် ရိုက်ကူးရေး အဖွဲ့သားများကို ကြည့်သောအကြည့်က အများကြီး နူးညံ့သွားသည်။ ဒါက အတွေ့အကြုံရှိသည့် အစ်မကြီးတစ်ယောက်လို အကြည့်မျိုး ဖြစ်သွားသည်။
ထိုအခြေအနေကို မြင်သောအခါ ယန်ရှစ်ရွှမ်းက အသာပြုံးသည်။
သူက မျှော်လင့်ထားသလိုမျိုး ပိုင်ရွှမ်းက ပြီးပြည့်စုံသည့် လက်ထောက်တစ်ယောက် ဖြစ်ပေးနိုင်သည်။
ချီရွှမ်းသည် လူသားများနှင့် ပတ်သက်လျှင် အမြဲတွန့်ဆုတ် နေတတ်သည်။ ဘယ်ဘက်ခြမ်း အဖြူရောင်အခန်းတွင် နေခဲ့ဖူးသော လူတစ်ယောက်နှင့်ပင် သူမ၏ အပြုအမူများက ရန်လိုမှုလည်းမရှိ၊ ခြိမ်းခြောက်မှုလည်း မရှိသော ပုံစံမျိုးသာ ဖြစ်နိုင်သည်။ သို့ရာတွင် ချီရွှမ်းက ပိုင်ရွှမ်းကိုမူ ချို့ယွင်းချက်ထားပြီး ကြည့်ပေးသည်။
ရိုက်ကူးရေးအဖွဲ့သားများက တစ္ဆေတောင်သို့ ပထမဦးဆုံးအကြိမ် ရောက်ဖူးခဲ့သောအခါ ပိုင်ရွှမ်းသည် အဖြူရောင် နှင်းဆီပွင့်များ ရှိသော ဥယျာဉ်အတွင်းသို့ ဆင်းပြီး ကင်မရာ၏အရှေ့ သီချင်းစဆိုခဲ့ကာ တိုက်ရိုက် ထုတ်လွှတ်ခဲ့သည်။ ထိုအပြုအမူက စံအိမ်အတွင်းရှိ အမျိုးမျိုးသော အင်အားစုများအကြားမှ စည်းမျဉ်းကန့်သတ်ချက်ကို ကျော်လွန်ပြီး စိန်ခေါ်နေသလို ထင်ရသည်။
သို့ရာတွင် ဥယျာဉ်အတွင်းတွင် စွန့်ပစ်ခံထားခဲ့ရသည့် အကြွင်းအကျန်များနှင့် ချီရွှမ်းကိုယ်တိုင်ကလည်း ထိုနေရာကို ထိန်းချုပ်ထားသူ ဖြစ်သည့်အလျောက် သူမဟာ ပိုင်ရွှမ်းကို မတိုက်ခိုက်ခဲ့ချေ။
သူမက မှန်တင်ခုံမှန်မှတဆင့် ပိုင်ရွှမ်း၏ စိတ်ထဲသို့ ပုံရိပ်ယောင်များကို ထည့်သွင်း ဖန်တီးပေးခဲ့သည်မှာလည်း ပိုင်ရွှမ်းကလည်း ညဘက်အချိန်ကြီး ဥယျာဉ်အတွင်းသို့ သွားပြီး ဆက်ဖ်ဖီများ ဆွဲခဲ့သောကြောင့် ဖြစ်သည်။ သူမသည် ပိုင်ရွှမ်းကို ဝင်ပူးခဲ့ပြီး စံအိမ်အတွင်းရှိ ဓားပြများ ဖြစ်လာသည့် မကောင်းဆိုးဝါးများ၏ အမြင်တွင် ဒါဟာ သူမကိုယ်တိုင်နှင့် မခြားနားသော ပုံစံမျိုးဖြင့် ပေါ်ထွက်လာစေခဲ့သည်။
သို့မဟုတ်လျှင် ပိုင်ရွှမ်က ညဘက်တစ်ယောက်တည်း ထွက်သွားသောအခါ စံအိမ်အတွင်းရှိ မကောင်းဆိုးဝါးများနှင့် သေချာပေါက် တွေ့ပြီး လျိုရီရီနှင့် တူညီသည့် ကံကြမ္မာနှင့် အဆုံးသတ်နိုင်လေသည်။ ပိုင်ရွှမ်းကို ချီရွှမ်းနှင့် တူညီနေသည်ဟု ထိုမကောင်းဆိုးဝါးများက မြင်မှသာ သူမကို ဒုက္ခမပေးပဲ နေပေလိမ့်မည်။
ပို၍ဆိုးသည်မှာ သူမက ပိုင်ရွှမ်း၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ပြီး နှင်းဆီဥယျာဉ်ကို ဖြတ်သန်းခဲ့ပြီး မကောင်းဆိုးဝါးများ ချဉ်းကပ်ရန် တိတ်ဆိတ်သည့် ထင်းတဲသို့ ခေါ်သွားခြင်း ဖြစ်ခဲ့သည်။ ဒီနည်းအားဖြင့် ဥယျာဉ်အတွင်းရှိ နှင်းဆီမျက်နှာနှင့် နှင်းဆီပန်းများက ပိုင်ရွှမ်းအား မြေကြီးထဲသို့ ဆွဲသွင်းသွားမည့် ဖြစ်နိုင်ချေကို ရှောင်ရှားနိုင်သည်။
ထိုအတွက်ကြောင့်လည်း ယန်ရှစ်ရွှမ်းက ပိုင်ရွှမ်းကို ထင်းတဲအပြင်ဘက်တွင် လုံခြုံစွာ တွေ့နိုင်ခဲ့ခြင်း ဖြစ်သည်။
ယန်ရှစ်ရွှမ်းက ချီရွှမ်း၏ ပိုင်ရွှမ်းအပေါ်ထားသော ကောင်းမွန်သည့် စိတ်ဆန္ဒများကို စံအိမ်အတွင်းမှရသော အမျိုးမျိုးသော သတင်း အချက်အလက်များကို တစ်ဖန်ပြန်လည်ပြီး သုံးသပ်ပြီး ခွဲခြမ်းစိတ်ဖြာပြီးမှသာ ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ ဒါဟာ မျှော်လင့်ထားသော ရလဒ်ဖြစ်သည်။
ပိုင်ရွှမ်း၏ ဥယျာဉ်ထဲမှ သီချင်းဆိုသံက ချီရွှမ်းကို သဘောကျစေခဲ့သောကြောင့် သူ၏ စိတ်ထွေပြားပြီး အသိစိတ်လွတ်နေခဲ့သည့် ရန်ငြိုးကြီးသော ရက်စက်သည့် ဝိဉာဉ်တစ်ကောင်ကို သူမသည်လည်း ကန်တိုးနစ် အော်ပရာအဆိုတော်တစ်ယောက် ဖြစ်ခဲ့ဖူးကြောင်း သတိရသွားစေခဲ့သောကြောင့်လည်း ဖြစ်နိုင်သည်။
သို့မဟုတ်လျှင်လည်း သူမနှင့် နာမည်တူသည့် ထိုမိန်းကလေးက သူမ ငယ်ရွယ်ချိန်ကအတိုင်း တူညီသည့် အပြုံးမျိုးကို ပိုင်ဆိုင်သောကြောင့်လည်း ဖြစ်နိုင်သည်။
ချီရွှမ်းသည် အခြားသော ခေတ်ကာလမတူသည့် ကာလမှ သူမနှင့်အလွန်တူသော သို့မဟုတ် ပုံစံအနည်းငယ် ကွာသော သူမကို ပြန်မြင်ရသလိုမျိုး ပိုင်ရွှမ်းကို ကြည့်တတ်သည်။
ထို့ကြောင့် ယန်ရှစ်ရွှမ်းသည် ပိုင်ရွှမ်းကို ညွှန်ပြရင်း ချီရွှမ်းကို ပြောခဲ့ခြင်း ဖြစ်သည်။
“ဒီမိန်းကလေးက မင်း သေလွန်ပြီး နှစ်တစ်ရာ ကြာညောင်းပြီးတဲ့ ဒီခေတ်မှာ မွေးလာခဲ့တဲ့ ကောင်မလေးတစ်ယောက်လေ။ သူမက ချစ်ခွင့်လည်း ရှိတယ်။ စောင့်ဆိုင်းခွင့်လည်း ရှိတယ်။ နောက်ပြီး မင်း ဘယ်တော့မှ မခံစားဖူးတဲ့ လွပ်လပ်မှုကို ရထားတာ။ သူမက အားလုံး ပိုင်ဆိုင်ထားတယ်။ မင်း အရင်က ခံစားခဲ့ရတဲ့ ဘက်လိုက်တဲ့ ခံစားချက်တွေ၊ ဖိနှိပ်တဲ့ ခံစားချက်ကို ဒီခေတ်က အမျိုးသမီးတွေက ခံစားစရာ မရှိတော့ဘူး”
“မင်း မင်းလည်း ဒီခေတ်မှာ ရှင်သန်ချင်စိတ် မရှိဘူးလား”
ချီရွှမ်းက ထိုစကားများကြောင့် အလွန်ခံစားသွားရသည်။
သူမသည် တစ်ခဏခန့်အောင် တုန့်ဆိုင်းနေပြီးနောက် နူတ်ခမ်းကို ခွာလိုက်သည်။ သို့သော် ယန်ရှစ်ရွှမ်း၏ မေးခွန်းကို မဖြေနိုင်သေးပြန်ချေ။
ရိုက်ကူးရေးအဖွဲ့သားများကလည်း သူတို့နှစ်ယောက်၏ စကားပြောခန်းမှတဆင့် တစ်ချို့အကြောင်းအရာများကို နားလည်လိုက်သည်။ ချီရွှမ်းသည် အလွန် ရန်ငြိုးကြီးသော၊ ရက်စက်သော ဝိဉာဉ်တစ်ကောင် မဟုတ်ကြောင်း သိလိုက်ရ၏။ သူတို့၏ ယခင်ကြောက်လန့်စိတ်များက စတင်ကာ ပျက်ပြယ်လာကြပြီး သူတို့၏ ပိုင်ရွှမ်းအပေါ် ကြည့်သောအကြည့်များက အားပေးလိုစိတ် ဖြစ်လာကြသည်။
ထိုတစ်ခဏကို အခွင့်ကောင်းယူပြီးနောက် ယန်ရှစ်ရွှမ်းက ဆက်ပြောသည်။
“တကယ်တော့ မင်း နားလည်မှုလွဲနေတဲ့ ကိစ္စတစ်ချို့တော့ရှိတယ်”
ချီရွှမ်း၏ ပဟေဠိဖြစ်နေသော အကြည့်ကို တုန့်ပြန်သည့်အနေဖြင့် ယန်ရှစ်ရွှမ်းက ဆက်ပြောသည်။
“လွန်ခဲ့တဲ့နှစ်တစ်ရာလောက်က မင်းရဲ့ချစ်သူက မင်းကို စွန့်ပြစ်ခဲ့တာ မဟုတ်ဘူး”
ချီရွှမ်းက ချက်ချင်းလိုလို မျက်လုံးက ပြူးကျယ်သွားသည်။
“မင်းက ဓားမြတွေနဲ့ ရင်ဆိုင်နေရတဲ့ တစ်ချိန်တည်းမှာပဲ မြို့က လေယာဉ်ပေါ်က ကျဲချလာတဲ့ ဗုန်းတွေ ပေါက်ကွဲသွားတယ်။ မင်းရဲ့ ချစ်သူက ပျော်ရွှင်မှုတွေအပြည့်၊ မျှော်လင့် စောင့်စားမှုတွေ အပြည့်နဲ့ မင်းဆီကို လာနေတဲ့လမ်းမှာပဲ ပေါက်ကွဲမှု အတွင်းကို ရောက်ပြီး အလောင်းတောင်မကျန်ပဲ သေဆုံးသွားခဲ့တာ”
ချီရွှမ်း၏ မှန်တင်ခုံပေါ်တွင် ရှာတွေ့ခဲ့သော စာတွင်ပင် သူမရဲ့ ချစ်ရသူဟာ ကမ်းရိုးတန်း ကုန်သွယ်ရေးအဖွဲအစည်းကြီးမှ ဥက္ကဌအဖြစ် တရားဝင် ယူဆောင်ပြီးကြောင်း သိလိုက်ပြီးကတည်းက တစ်ဖက်လူရဲ့နောက်ခံကို သူသာ အတည်ပြု နိုင်ခဲ့သည်။
“ကမ်းရိုးတန်းကုန်သွယ်ရေး အဖွဲ့အစည်းရဲ့ ဥက္ကဌက ဗုံးပေါက်ကွဲတဲ့ မတော်တဆမှုမှာ ကတည်းက ပျောက်ကွယ်သွားပြီး သေတယ်လို့ ယူဆထားတာ။ နောက်ပြီး ဘာအကြွင်းအကျန်မှလည်း မကျန်ရစ်ဘူး”
ယန်ရှစ်ရွှမ်းက လွန်ခဲ့သော နှစ်တစ်ရာခန့်က ကမ်းရိုးတန်း ကုန်သွယ်ရေး အဖွဲ့အစည်းကြီး၏ ဥက္ကဌနှင့် ပတ်သက်ပြီး မှတ်တမ်းတင်ထားသည့် အကြောင်းအရာများကို တစ်လုံးချင်းစီ ပြန်လည် ရွတ်ပြသည်။
ချီရွှမ်း၏ ဖီးနစ်လို မျက်ဝန်းထဲတွင် မျက်ရည်များက ပြည့်တက်လာသည်။
သူမက ဘေးဘက်သို့ အသာလှည့်ပြီး သူမ၏နီရဲနေသော မျက်ဝန်းဖြင့် ကြည့်လာရင်း ရှိုက်ငိုနေရင်း ပြောသည်။
“ဒီတော့ သူက ငါ့ကို စွန့်ပစ်ထားခဲ့တာ မဟုတ်ပါဘူးနော်။ သူက ငါ့ကို အမြဲချစ်ခဲ့ပြီး သူက ငါ့ကို သူ့ရဲ့ဇနီးအဖြစ် လက်ထပ်ချင်နေခဲ့တာ။ သူ စိတ်မပြောင်း သွားခဲ့ဘူးပေါ့နော် ဟုတ်လား”
ချီရွှမ်း၏ စူးရဲသော အကြည့်ကို မြင်ရသောအခါ ယန်ရှစ်ရွှမ်းက တည်ငြိမ်စွာ ခေါင်းညိတ်လိုက်ပြီး ပိုခိုင်မာသည့်အဖြေကို ပေးလိုက်သည်။
“ဟုတ်တယ်”
လှပတဲ့ အမျိုးသမီးက မိုးဒဏ်ကို တောင့်ခံနိုင်တဲ့ နှင်းဆီပန်းတွေလိုပဲ။
သူမ၏ မျက်ရည်အတွင်းတွင် ပျော်ရွှင်မှုများနှင့် ဝမ်းနည်းမှုများက လွန်ဆွဲနေသည်။ ထိုသို့ဖြင့် ချီရွှမ်း၏ မျက်ဝန်းထဲရှိ နောက်ဆုံးသော မုန်းတီးမှု၊ အငြိုးတရားတိုင်းကို ရှင်းလင်းလိုက်သည်။ သူမသည် တောက်ပပြီး အသက်စွမ်းအား အပြည့်နှင့် ဖြစ်သွားပြန်ပါပြီ။
“ငါ မသိခဲ့ဘူး။ ငါက နှစ်တစ်ရာလုံးလုံး သူ့ကို မုန်းတီးနေခဲ့တာ။ ငါ နှစ်တစ်ရာလုံးလုံး သူ့ကို စောင့်နေခဲ့တာပါ။ ဒါပေမယ့် သူက သူက ငါ့ထက်အရင်စောပြီးတော့ သွားခဲ့ရတာပဲ။ နှစ်တစ်ရာကြာပြီးတဲ့နောက်မှာ သူ နိူင်းဟယ်မြစ်ကို ဖြတ်ပြီး ပြန်မွေးနေလောက်ပြီ။ ငါ နောက်ဆုံးတစ်ခေါက်အဖြစ်တောင် သူ့ကို မတွေ့နိုင်တော့ဘူး”
ချီရွှမ်းက ငိုသည်။ ထို့နောက် ပြန်ရယ်သည်။
“ငါက အရူးပဲ။ ငါက ကိစ္စတွေ အများကြီးကို လွတ်နေခဲ့တာ။ ငါက သူနဲ့နာနီတို့အတွက် မတန်ပါဘူး”
“မဟုတ်ဘူး နောက်မကျသေးပါဘူး”
ယန်ရှစ်ရွှမ်းက ပြောသည်။
“မင်းကလည်း အဲဒီကို သွားပြီး ဝိဉာဉ်တွေ သွားလိုက်လာလိုက် လုပ်နေတဲ့ လမ်းကို ဖြတ်ပြီးနောက်မှာ ကံကြမ္မာပါတဲ့ ဝိဉာဉ်တွေက ပြန်တွေ့နိုင်တာပေါ့”
“ကောင်းကင်နဲ့ မြေကြီးက ခြားနားချက် ရှိချင်မှ ရှိလိမ့်မယ်။ ဒါပေမယ့် သူတို့က လူတွေအတွက် အမြဲတမ်း မျှော်လင့်ချက်တွေ ထားထားပေးတာ။ ချီရွှမ်း မင်း အခြားလောကတွေကို ဝင်ရောက်သွားပြီးတဲ့နောက်မှာ မင်းချစ်ရတဲ့သူက အမြဲတမ်း တွေ့ရတာလဲ ဖြစ်နိုင်တယ်”
“မင်းသာ ခေါင်းညိတ်လိုက်ရုံနဲ့_ _ _ “
ယန်ရှစ်ရွှမ်းက တည်ငြိမ်စွာ ထွက်သွားသည်။ သူသည် သွယ်လျသော လက်က ချီရွှမ်းထံ ဆန့်ပေးရင်း ဖိတ်ခေါ်ဟန် ပြုသည်။
“ဒီတစ်လောကလုံးရဲ့ အလင်းရောင်တွေက မင်းအတွက် တံခါးဖွင့်ပေးထားမှာပါ”
ယန်ရှစ်ရွှမ်း၏ လက်အတွင်းတွင် လှလှပပ ပုံဖော်ထားသည့် နူတ်ခမ်းနီထောင့်လေးက ရှိနေသည်။
နူတ်ခမ်းနီကို ပိုင်ရွှမ်း၏အခန်းအတွင်းတွင် တွေ့ခဲ့ရသည့် ပုံရိပ်ယောင်မြင်ကွင်းတွင် မြင်တွေ့ခဲ့ရခြင်း ဖြစ်သလို ပိုင်ရွှမ်း၏ မှန်တင်ခုံစားပွဲခုံပေါ်မှ ယူလာခဲ့ခြင်း ဖြစ်သည်။ ချီရွှမ်းက ပိုင်ရွှမ်းကို ဝင်ပူးခဲ့ချိန်က ထိုနူတ်ခမ်းနီကို အချိန်အကြာကြီး စိုက်ကြည့် နေသည်။
“မင်းရဲ့နူတ်ခမ်းနီဘူးက တော်တော်လေး ဟောင်းနေပြီ။ အခု အသစ်ယူရမယ့်အချိန်ပဲ”
ယန်ရှစ်ရွှမ်းက လေသံကို တိုးသည်။ သို့သော် ညင်သာမှုက ပါသည်။
“ဒီနူတ်ခမ်းနီအရောင်က မင်းနဲ့တအားကို လိုက်တာ။ ငါ မင်းရဲ့နာမည်ကို ဒီပေါ်မှာ ထွင်းပေးမယ်။ ချီရွှမ်း အချိန်မဆွဲနဲ့တော့။ မတုန့်ဆိုင်းနဲ့တော့။ မကြောက်နဲ့တော့။ လှလှပပပြုံးပြီး မင်းရဲ့ဘဝအသစ်ကို ထွေးပွေ့လိုက်။ မင်းလည်း ပိုင်ရွှမ်းနဲ့အတူ ဒီခေတ်က မိန်းကလေးတွေလိုပဲ မင်းရဲ့ပျော်ရွှင်မှုအသစ်ကို ကြိုဆိုနိုင်မှာပါ”
ချီရွှမ်း၏မျက်လုံးထဲတွင် မျက်ရည်များက လှိမ့်တက်လာသည်။ သူမသည် ပြုံးလိုက်သည်။ သူမက သူမ၏သွယ်လျသော လက်ကို ဆန့်တန်းလိုက်ပြီး ယန်ရှစ်ရွှမ်းထံသို့ တုန်ယင်စွာ ကမ်းသည်။ တဖြည်းဖြည်း သို့သော် ခိုင်မာစွာနှင့် ချီရွှမ်း၏ လက်ကို နူတ်ခမ်းနီနှင့် တစ်ပါတည်း လှမ်းဆွဲလိုက်သည်။
“ကောင်းပြီ”
ချီရွှမ်းက ထိုသို့ပြောပြီးပြီးချင်း သူမ၏ခြေထောက်အောက်ဘက်မှ ပေါက်ကွဲသံနှင့် ကွဲအက်သံများက ထွက်လာသည်။ ထိုသို့ဖြင့် သူမရှိရာနေရာမှ စတင်ပြီး စံအိမ်နှင့် တစ္ဆေတောင် တစ်ခုလုံးအနှံ့ လွှမ်းခြုံ သွားလေသည်။ ထိုသို့ဖြင့် သေခြင်းနှင့် ရှင်သန်ခြင်းအကြား နယ်နမိတ်အတွင်း နှစ်တစ်ရာလုံးလုံး တည်ရှိခဲ့သည့် တစ္ဆေတောင်တန်းကြီးက ကျယ်လောင်သည့် ဟိန်းသံကို ပြုသည်။ ချီရွှမ်း၏ ထက်ရှသော မျက်ခုံးကလည်း နူးညံ့သွားပြီး ကောင်းချီးပေးရင်း ပြုံးလိုက်သည်။ ထိုသို့ဖြင့် သူမ၏ နောက်ဆုံးခရီးကို လိုက်ပါ ကြည့်ရှုခဲ့သည်။
“မြေအောက်လောက ရာမက စာနာသနားမှုသာ ရှိရင် မင်းက ဒီထက်ပိုစောစော ပြန်လည် မွေးဖွားနိုင်လိမ့်မယ်။ အဲဒီချိန်ကျလာတဲ့အခါ တိုက်တိုက်ဆိုင်ဆိုင် သေမျိုးလောကမှာ မင်း ငါ့ကို တွေ့သေးရင် မင်း အခြေအနေ ကောင်းနေတဲ့အကြောင်း လာပြောဖို့ သတိရပါဦး”
“သွားဖို့ အချိန်ကျပြီ ချီရွှမ်း”
“နူတ်ဆက်ပါတယ်”
မျက်ဝန်းထဲကမှ အပြုံးနှင့် ချီရွှမ်းက ကျေးဇူးတင်ကြောင်း ဖော်ပြနေသည့် အနေဖြင့် ဂါဝရသာ ပြုသွားသည်။
“ငါမှတ်ထားပါ့တယ် လူကြီးမင်းယန် နူတ်ဆက်ပါတယ်”
ဝေးကွာလွန်းသော လေဟာနယ်အတွင်းမှ စူးရဲသော အော်သံများနှင့် လူသားအသံမမည်သော အသံများက ပေါ်ထွက်လာပြီး လေနဲ့အတူ လွှင့်ထွက် သွားသည်။
ယင်အရာရှိများက သူတို့၏ တာဝန်ထမ်းဆောင်ပြီး ကြမ်းတမ်းသော သရဲချီရွှမ်းကို အရှေ့ခန်းမသို့ ခေါ်ဆောင်လျက် မေးခွန်းမေးကြမည် ဖြစ်သည်။
သက်ရှိလူသားတွေ လမ်းဖယ်_ _ _
ချီရွှမ်းက ယန်ရှစ်ရွှမ်းနှင့် ရိုက်ကူးရေးအဖွဲ့များကို နောက်ဆုံးတစ်ချက် ကြည့်ပြီး နောက်သို့လှည့်ကာ ပြုံးလိုက်သည်။ ယန်ရှစ်ရွှမ်းနှင့် ပိုင်ရွှမ်းတို့က ပေးထားသော လက်ဆောင်များကို သယ်ရင်း သူမသည် နောက်ဆုံးတွင် ကြောက်လန့်မှုများကို ကျော်လွန်လျက် သတ္တိကို ဆင့်ခေါ်ပြီး ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်။
သူမ၏ပုံရိပ်က ယန်ရှစ်ရွှမ်း၏မြင်ကွင်းမှ ပျောက်ကွယ်သွားပြီး ဝေးကွာသထက် ဝေးကွာလျက် အလုံးစုံ ပျောက်ကွယ်သွားလေသည်။
အယူသီးစိတ်များက ပျောက်ကွယ်သွားပြီးနောက် ပုံရိပ်ယောင် မြင်ကွင်းများ အားလုံးက ပြိုကျသည်။ သူမကို အကျဉ်းကျစေခဲ့သည့် အငြိုးတရာများအားလုံးက ပြန်လည်မွေးဖွားရန် မျှော်လင့် စောင့်စားမှုများ ဖြစ်သွားသည်။
အကျဉ်းထောင်နှင့်အတူ စံအိမ်နှင့် တစ္ဆေတောင်တန်းတို့ အားလုံးကလည်း ပြိုလဲ ကျသွားသည်။
လူတိုင်း၏နားအတွင်း အလွန်ကျယ်လောင်သော ဟိန်းသံက ထပ်ခါတလဲလဲ ဆိုသလို ထွက်လာသည်။
ကျောက်သားများက ပြိုကျပြီး နံရံများက လဲကျသည်။ ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးခြင်း မြင်ကွင်းက ဖြစ်ပေါ်လာသည်။
သို့ရာတွင် အံ့အားသင့်လွန်းသောကြောင့် ထအော်မိသော အသံများအတွင်းတွင် ယန်ရှစ်ရွှမ်း၏ အရပ်ရှည်မြင့်မားသော ပုံရိပ်က နေရာတွင်ပင် တည်ငြိမ်စွာ ရပ်နေလေသည်မှာ တောင်တန်းကြီး ပြိုကျနေလျှင်ပင် အရင်ဆုံး တောင့်ခံပေးမည့် ထန်းပင်အလား ထင်ရသည်။
ဝရုန်းသုန်းကား တိုက်နေသော လေက သူ၏ဆံပင်ကို လွှင့်စေလေပြီး အဝတ်အနားများကို တဖြတ်ဖြတ် လွှင့်ခါစေလေသည်။
သူသည် အကြည့်ကို အသာပြောင်းပြီး နောက်ဘက်မှ လူများကို ကြည့်လိုက်သည်။
“သွားမယ် မင်းတို့ နဂိုက သွားလည်ချင်နေတဲ့ ကွေ့တောင်က မင်းတို့ရဲ့အရှေ့တင်မှာ”
ယန်ရှစ်ရွှမ်း၏ စကားလုံးများနှင့်အတူ ကျယ်လောင်သည့် ဝုန်းကနဲ အော်သံများက ထွက်ပေါ်လာသည်။
လူအုပ်က မတုန့်ပြနိုင်သေးခင် သူတို့ဟာ ရုတ်တရက် အရှေ့ရှိ အရာအားလုံးဟာ မဲမှောင်သွားကြောင်း သိလိုက်သည်။ လူအများစုကမူ တဖြည်းဖြည်းချင်း မျက်လုံးကို မှိတ်လိုက်ကြ၏။
သူတို့က မျက်လုံးပြန်မဖွင့်ရသေးခင် တောအုပ်ထဲမှ အပင်များကို ဖြတ်တိုက်လာသည့် လတ်ဆတ်သည့် လေရနံ့ကို ရလိုက်သည်။ ထို့နောက် ငှက်များ၏ တစီစီ အော်သံ၊ တိရိစ္ဆာန်များ၏ အော်သံကို ကြားလိုက်ရသည်။ ညင်သာလေသာ လေပြေက မျက်နှာပေါ်သို့ လာရောက်ပွတ်တိုက်ပြီး ရာသီဥတုကလည်း အလွန် ကောင်းမွန် နေသည်။ ထိုသို့ဖြင့် အသက်စွမ်းအားများ ပြည့်နှက်နေသော မြင်ကွင်းကို မြင်လိုက်ရသည်။
ရိုက်ကူးရေးအဖွဲ့သားများက သတိအပြည့်နှင့် မျက်လုံးကို ဖွင့်လိုက်သောအခါ သူတို့သည် ယခင်က ရှိနေသော စံအိမ်အတွင်းတွင် မဟုတ်ကြောင်း သိလိုက်သည်။ ထို့အစား သူတို့သည် လှပလွန်းသော တောအုပ်အတွင်းတွင် ရပ်နေလျက်သား ရှိနေလေသည်။ ကောင်းကင်က ကျယ်ပြောသည်။ သို့သော် မည်သည့်တိမ်စိုင်ကိုမှ မမြင်ရချေ။ နေရောင်အောက်တွင် အရာအားလုံးက ကြည်လင်နေသည်။
ရိုက်ကူးရေးအဖွဲ့သားများက နေရာတစ်ခုတွင် အချိန်တစ်ခုကြာသည်အထိ ရပ်နေမိသည်။ ထို့နောက်မှသာ တဖြည်းဖြည်းချင်း အသိပြန်ဝင်သွားပြီး ယန်ရှစ်ရွှမ်းပြောသည့် စကားများကို ပြန်လည် တွေးလိုက်ကြသည်။ ထိုအခါမှသာ သူတို့သည် သရဲမချီရွှမ်း ပြန်လည်မွေးဖွားရန် ထွက်ခွာသွားပြီးနောက် ခြောက်ခြားဖွယ် ကောင်းသော စံအိမ်မှ လွတ်မြောက်လာပြီး လုံခြုံသော နေရာသို့ ရောက်ရှိ လာပြီဖြစ်ကြောင်း သိလိုက်ကြလေသည်။
အသက်ကို ခြိမ်းခြောက်သော အခြေအနေအမျိုးမျိုးကို အတွေ့အကြုံ ရှိခဲ့ပြီးသော ကျန်းဝူပင်းက အရင်ဦးဆုံး အခြေအနေကို ပြန်လည်ဖမ်းဆုပ် လိုက်နိုင်သည်။ သူက ဘေးဘီကို ကြည့်ပြီးနောက် သနားစရာကောင်းသော ပါပီလေးတစ်ကောင်ကဲ့သို့ ငိုရင်း ပြောသည်။
“ကွေ့တောင်၊ တစ္ဆေတောင် နောက်ဆုံး နာမည်လေးပဲ ကွာတာပါ။ ငါ့ရဲ့ခရီးသွား ရသစုံရှိုးကတော့ ဝါး”
ယန်ရှစ်ရွှမ်းက ကျန်းဝူပင်းကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် လက်ကိုမြှောက်ပြီး ကျန်းဝူပင်း၏ ခေါင်းကို ညင်သာစွာ ပုတ်လိုက်သည်။
“ရှောင်ပင်း ငါ မင်းရဲ့ ဖွဲ့စည်းတည်ဆောက်ပုံနဲ့အဆို မင်းအနေနဲ့ ဒါရိုက်တာ မလုပ်သင့်ဘူးလို့ ထင်တယ်။ အထူးသဖြင့် ရသစုံရှိုး ဒါရိုက်တာမျိုးပေါ့။ နင်ရဲ့ရှိုးကို လာချင်တဲ့ အကြောက်အလန့်မဲ့တဲ့ ဧည်သည့်တွေ ရှိပါ့မလားလို့တောင် တွေးမိတယ်။ နင် ဒီရသစုံရှိုးကို ဆက်လုပ်ချင်သေးလား”
ကျန်းဝူပင်း၏ ငိုသံက ပိုပြီးကျယ်လာသည်။
ရိုက်ကူးရေးအဖွဲ့သားများကလည်း အရာအားလုံးကို မယုံကြည် နိုင်စွာနှင့် အတည်ပြုနေချိန်တွင် ရုတ်တရက် တောအုပ်ထဲရှိ သစ်ပင်များထံမှ တိုးသံလိုလို အသံမျိုးကို ကြားလိုက်ရသည်။
ယခုလေးတင် အန္တရာယ်ထံမှ လွတ်မြောက်ခဲ့သော လူတိုင်းကလည်း အပြည့်အဝ စိတ်မအေးနိုင်ချေ။ ထို့ကြော့် သတိလက်လွတ် တွေ့ကရာ သစ်ကိုင်းခြောက်များကို ကောက်ကိုင်လိုက်ကြပြီး အသံလာရာ ဘက်သို့ ချိန်လိုက်ကြသည်။ သူတို့သည် သွေးနီရောင်သတ္တဝါများ ပေါ်လာမည်ဆိုလျှင်ပင် ရိုက်ချလျက် တောင်ပေါ်မှ ကန်ချရန် ဆုံးဖြတ်ထားပြီးသား ဖြစ်၏။ ယခင်တစ်ခေါက် အမျိုးသားသရုပ်ဆောင်ကို လှမ်းဆွဲရန် ကြိုးစားသလိုမျိုး အခြေအနေမျိုးကို အဖြစ်မခံနိုင်ပေ။
ယန်ရှစ်ရွှမ်းကသာ တစ်စုံတစ်ယောက်လာမည့် အခြေအနေကို ပိုသိထားသလိုမျိုး တည်ငြိမ်နေသည်။
ဆူညံသံများအကြားမှ လေပြင်းနှင့်အတူ ခုန်ထွက်လာသည့် တာအိုဘုန်းတော်ကြီး တစ်ယောက်ကို တွေ့ရသည်။
သူ၏ဆံပြင်ဖြူများနှင့် ဖြောင့်မတ်မှန်ကန်သော တာအိုဝတ်စုံအပြင် သူဟာ သရဲတစ္ဆေနှင့် မကောင်းဆိုးဝါးများ ချဉ်းကပ်ရန် ခက်ခဲသည့် အရှိန်အဝါကို သယ်ဆောင်ထားသည်။ အဖွဲ့ကို မြင်သောအခါ တာအိုဘုန်းတော်ကြီးက ပို၍ပင် အံ့ဩသွားသေးသည်။
“မင်းတို့ကောင်တွေ ငါကတော့ _ _ _”
“နေပါဦး”
တာအိုဘုန်းတော်ကြီးက ပဟေဠိဖြစ်သွားသည်။
“မင်းတို့တွေ တစ္ဆေတောင်ကနေ အားလုံး ထွက်လာ နိုင်ကြတာလား ဘယ်လို ကြောင့်လဲ”
ရိုက်ကူးရေးအဖွဲ့သားများက အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့သည်လည်း မည်သို့ ပြောသင့်ကြောင်း မသိချေ။ သတိလက်လွတ် သူတို့၏ခေါင်းဆောင်ကိုသာ ကြည့်လိုက်သည်။ သို့သော် သူတို့ကြည့်သည့် ခေါင်းဆောင်သည် ယန်ရှစ်ရွှမ်းဖြစ်သည်။
တာအိုဘုန်းတော်ကြီးက သတိလက်လွတ် ယန်ရှစ်ရွှမ်းကို လာကြည့်သည်။
ယန်ရှစ်ရွှမ်း၏ မျက်နှာကို မြင်လိုက်ပြီးနောက် အံ့အားတကြီး ဖြစ်သွားသည်။
“တန်ခွေးရဲ့တပည့်ပဲ”
ယန်ရှစ်ရွှမ်းက “.....”
******