44 01
အပိုင်း(၄၄)
ယန်ရှစ်ရွှမ်း “?”
...
လျှင်မြန်စွာ တုန့်ပြန် လိုက်နိုင်သွားသည့် ယန်ရှစ်ရွှမ်းက အံကြိတ်သံနှင့် အတူ ကျန်းဝူပင်း၏နာမည်ကို အော်ခေါ်သည်။
“ကျန်း ဝူ ပင်း”
ထိုအချိန်တွင် ယန်ရှစ်ရွှမ်း၏ နာမည်အပြည့်အစုံ အခေါ်ခံရသော ကျန်းဝူပင်းသည် သူငယ်စဉ် ကလေးဘဝက မိခင်ဖြစ်သူက နာမည် အပြည့်အစုံခေါ်ပြီး ရိုက်နှက်မှုကို ခံခဲ့ရသည့် ခြောက်ခြားဖွယ် ကောင်းသော မှတ်ဉာဏ်ကိုပင် သတိရသွားသည်။
သူ၏ တစ်ကိုယ်လုံးက တုန်ယင်သွားပြီး ကျယ်လောင်စွာ ပြန်အော်သည်။
“ရှိပါတယ်”
ယန်ရှစ်ရွှမ်းက နှာခေါင်း ရှုံ့လိုက်သည်။ ထို့နောက် သူ ကိုင်ထားသည့် တံခါးကို လွှတ်ပေးလိုက်ပြီး တံခါး အပြင်ဘက် ကြမ်းပြင်တွင် ထိုင်နေသည့် ကျန်းဝူပင်းထံ တဖြည်းဖြည်းချင်း လျှောက်သွား လိုက်သည်။
“မင်း အခု ဘာပြော လိုက်တာလဲ”
သူက အေးစက်စွာ ပြုံးပြီး အေးစက်သော လေသံနှင့်မေးသည်။
“ငါ ရှင်းရှင်းလင်းလင်း မကြားလိုက်ဘူး။ လာစမ်းပါ ရှောင်ယီ တုန်ယင် မနေစမ်းပါနဲ့။ ငါ့ကို ခပ်ကျယ်ကျယ် ပြန်ပြောစမ်း။ မင်း ငါ့ဆီ လာရှာတာ ဘာလုပ်ချင်တာလဲ”
ယန်ရှစ်ရွှမ်းက စကားတစ်လုံး ပြောလိုက်ချိန်တွင် ကျန်းဝူပင်းက ကျုံ့ကျုံ့ သွားသည်။ အဆုံးသတ်တွင် သူက လုံးဝိုင်းသော ဘောလုံးလေးတစ်ခုလိုမျိုး လုံးထွေးလျက်သား ရှိနေသည်။ သို့သော် လက်နှစ်ဖက်လုံးဖြင့် ကိုင်ထားသည့် တိုက်ရိုက် ထုတ်လွှင့်မှု ကိရိယာကိုလည်း ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရန် မမေ့ချေ။ ကင်မရာကလည်း ယန်ရှစ်ရွှမ်းကိုသာ ပြထားသည်။
ကြည့်ရှုသူများက ကျန်းဝူပင်း၏ နေရာမှတဆင့် ယန်ရှစ်ရွှမ်းကို မြင်လိုက်ရပြီး သူတို့၏ နှလုံးသားအတွင်း ကြောက်လန့်မှုများ နှင့်အတူ ပြည့်နှက် လာလေသည်။ သူတို့သည် ယန်ရှစ်ရွှမ်း၏အရှေ့တွင် ရပ်နေခြင်း မဟုတ်သည်မှာ ရှင်းလင်းနေသည်။ သို့သော် သူတို့၏အိမ်တွင်ပင် အသက်ပြင်းပြင်း မရှူရဲလောက်အောင် ဖြစ်နေသည်။ သူတို့က အသက်ရှူအောင့်ပြီး မှင်သက်စွာနှင့် စိုက်ကြည့် နေမိ၏။ ယန်ရှစ်ရွှမ်း၏ ရှင်းရှင်းလင်းလင်း ထုဆစ် ပုံဖော်ထားသလို မေးရိုးအား ကင်မရာမှတဆင့် မြင်နေရသည်။ သို့သော်ယခုလိုမျိုး သူတို့၏အသံများပင် ပျောက်သွားပြီး မည်သူကမှ မလှုပ်ရဲကြချေ။
ယန်ရှစ်ရွှမ်း၏ ပိန်သွယ်ပြီး အရပ်ရှည်ရှည်နှင့် ကိုယ်ထည်က မှောင်မဲနေသည့် အမှောင်ထု အတွင်းတွင် ရှိနေသည်။ သူ၏ဆံပင်မှ အရိပ်များက သူ၏ ရှည်လျားပြီး ကျဉ်းမြောင်းကာ အပေါ်သို့ ကော့တက်နေသည့် အနက်ရောင် မျက်ဝန်းတစ်စုံကို လွှမ်းခြုံထားပြီး သူ၏ အနီရင့်ရောင် နူတ်ခမ်းတစ်စုံက လှောင်ပြုံးလိုမျိုး ပြုံးနေသည်။ သူ၏ ပိန်ပါးသော ခန္ဓာကိုယ်နှင့် ကွက်တိ ဖြစ်နေသည့် အနက်ရောင်ရှပ်က သူ၏ကိုယ်အောက်ဘက်မှ အချိုးအစားများကို ပြီးပြည့်စုံစွာ ဖော်ပြပေးနေသည်။ တင်းကြပ်နေသော ကြွက်သား၊ သေးသိမ်သော ခါးနှင့် လက်မောင်းများက မတိုင်းတာ နိုင်သည့် ခွန်အားတွေကို သယ်ဆောင်းထားပုံ ပေါ်သည်။
သူသည် ပြိုင်ဘက်ကင်းသော အင်အားနှင့် အလှတရားကို ပိုင်ဆိုင်ထားသည့် ဓားအိမ်ထဲသို့ ထည့်ထားသော ဓားတစ်လက်လိုမျိုး ဖြစ်နေသည်။
လွန်ခဲ့သော မိနစ် အနည်းငယ်ခန့်က ကြည့်ရှုသူများက ယန်ရှစ်ရွှမ်းက ဒေါသ ထွက်သောအခါ ပြိုင်ဘက်ကင်းအောင် လှကြောင်းပြောပြီး ပျော်ရွှင်ကာ စိတ်လှုပ်ရှား နေကြသေးသည်။ ထိုသို့ဖြင့် သူ၏ ဒေါသထွက်နေသော မျက်နှာကို သိချင်စိတ် ပြင်းပြနေခဲ့သည်။
သို့ရာတွင် အမှန်တကယ် ရင်ဆိုင်ရသည့် အချိန်တွင်မူ အလွန်အမင်း လှလွန်းသည့်အပြင် တစ်စုံတစ်ရာကို သတိထား လိုက်မိကြသည်။
ဒါက ဓားသွားတစ်လက်ရဲ့ အလှတရားလိုပဲ။ ယင်နှင့်ယန် ပေါင်းစပ်ထားတဲ့ အကြားမှ ရပ်နေတဲ့ တစ်စုံတစ်ယောက်လို။ သေမျိုးတွေက နီးကပ်သွားတာနဲ့ ခုတ်ဖြတ် ခံရမယ်။
ကျန်းဝူပင်းကမူ သူ၏မဟာမိတ်များက ပုန်ကန် သွားကြောင်း မသိချေ။ အချိန်အတန် ကြာအောင် တုန်ယင်နေပြီးနောက် တိုက်ရိုက် ထုတ်လွှင့်မှု အရှေ့တွင် ကြည့်ရှုသူများအား ကတိပေးခဲ့သည့် အကြောင်းအရာကို မှတ်မိ နေသေးသည်။ ထို့ကြောင့် သူက သတ္တိကို စုစည်းလိုက်ပြီး ကတိကို ထိန်းသိမ်းရန်အလို့ငှာ တုန်ယင်စွာနှင့် ထပ်ပြောလိုက်ရသည်။
44 02
“ယန် ယန် ယန်ကော ကော ကော ကောက နောက်ဆုံးနေရာမှာ မဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်တို့ရဲ့ သဘောတူညီချက်အရ ယန်ကော ယန်ကော ဆက်ပြီး နောက်ဆုံးမှာ ထုတ်ပယ် ခံရတဲ့အထိ ပရိုဂရမ်မှာ ပါနေရဦးမှာပါ”
သို့ရာတွင် ကျန်းဝူပင်း၏အသံက တိုးသထက် တိုးသွားသည်။ ယန်ရှစ်ရွှမ်း၏မျက်နှာက မဲမှောင်သထက် မဲမှောင်လာသည်။
ဟော်တယ်စံအိမ်၏ လျှောက်လမ်းတစ်ခုလုံးက သေဆုံးမှု စွမ်းအားများ ပြည့်နှက်နေသော ခြောက်ခြားဖွယ် မြင်ကွင်းကြီးတစ်ခုလိုမျိုး တိတ်ကျသွားသည်။
ကျန်းဝူပင်းသည် ဒေါသထွက်ကြောင်း မပြရဲချေ။ သူသည် ကြောက်လွန်းသဖြင့် တစ်ကိုယ်လုံးကပင် တွန့်လိမ် နေလေသည်။ သူသည်လည်း သရဲများ၏လက်တွင် မသေဘဲ ယန်ကောက ရိုက်သတ်၍ သေလောက်ပြီဟု ခံစားလိုက်ရသည်။
ဘေးခန်းရှိတံခါးက တိတ်တဆိတ်နှင့် ကွဲအက်ရာ အဟကြားလေးအဖြစ် ပွင့်သွားသည်။
ပိုင်ရွှမ်းသည် တိုက်တိုက်ဆိုင်ဆိုင် တိုက်ရိုက် ထုတ်လွှင့်မှု အခန်းကို ကြည့်နေ ခဲ့သောကြောင့် ကင်မရာ၏အရှေ့မှ မြင်ကွင်းများကို သိလေရာ သတိအပြည့်နှင့် လှမ်းကြည့်ခြင်း ဖြစ်သည်။ ကျန်းဝူပင်းက ရိုက်သတ်ခံရပြီး သူတို့ဆက်ပြီး ပါဝင်စရာ ပရိုဂရမ် မရှိတော့မည့် အခြေအနေကိုလည်း စိုးရိမ်မိသေး၏။ သူမသည် ကြောက်လွန်းသဖြင့် ယန်ရှစ်ရွှမ်းကို ဖြောင်းဖျ ပေးချင်သော်လည်း အပြေးအလွှား ထွက်ပြီး မလုပ်ရဲပြန်ချေ။
သူမသည်လည်း ကြောက်သည်။
ယန်ရှစ်ရွှမ်၏အကြားအာရုံက ကောင်းလွန်းသည်။ ထို့ကြောင့် ဘေးခန်းမှ လာသည့် ပြင်းထန်သည့် နှလုံးခုန်သံကို ကြားလိုက်ရ၏။ သူက ခံစားချက်မဲ့စွာနှင့် ဘေးဘက်သို့ တစ်ချက်လှည့်ပြီး ထိုအဟကြား နေရာကို ကြည့်သည်။
သူသည် ခံစားချက်မဲ့စွာ တစ်ချက် ပြန်ကြည့်သည်။ ထို့နောက် ကျန်းဝူပင်းက သေအောက် ကြောက်လွန်းသဖြင့် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသော တိုက်ရိုက် ထုတ်လွှင့်သည့် ပစ္စည်းကို ပြန်ကြည့်လိုက်သည်။
အချိန်အတန် ကြာပြီးနောက် ယန်ရှစ်ရွှမ်းက တစ်ချက် လှောင်ပြီး တစ်ချက် နှာခေါင်းရှုံ့ရင်း တိတ်ဆိတ်မှုကို ဖြိုခွင်းသည်။
“မင်းက သရဲတွေကြောင့် သေလောက်အောင် ကြောက်နေကြ။ ဒါပေမယ့် အခု မင်းရဲ့ရှိုးအတွက်ကြောင့်နဲ့ ငါ့ကိုတောင် အကွက်ချ ကြံစည် ရလောက်တဲ့အထိ ရဲရင့်နေပြီပေါ့ ရှောင်ယီ။ မင်း အရွယ် ရောက်လာပြီလား”
ယန်ရှစ်ရွှမ်း၏ အသံကို ကြားလိုက်ရသည့် ကျန်းဝူပင်းသည် ယန်ကောဟာ သူ့ကို သေအောင် ရိုက်သတ်တော့မည်ဟု ခံစားလို က်ရသည်။ သူသည် တုန်ယင်စွာနှင့် မျက်လုံးကို ဝင့်လျက် ယန်ရှစ်ရွှမ်းကို ကြည့်သည်။
“ယန် ယန်ကော ယန်ကောရဲ့ဒီကလေးက ဒီဘဝမှာ အိပ်မက်တစ်ခုပဲ ရှိပါတယ်။ အဲဒီအိပ်မက်ကို အောင်မြင်အောင် အကောင်အထည် မဖော်နိုင်သေးခင် ဒီကလေးက ဒီဘဝမှာ ရှင်သန် နေရတာက အသေကောင် တစ်ကောင်နဲ့ ခြားနားတော့မှာ မဟုတ်ပါဘူး”
သူ၏မျက်နှာတွင် မျက်ရည်များ ရှိနေပြီး ကြောက်လန့်မှုများနှင့် စိုးရိမ်မှုများက ရှိနေသည်။ သို့သော် ကျန်းဝူပင်းသည် သူ၏ အိမ်မက်အကြောင်း ပြောရုံနှင့် လေသံဟာ အစပိုင်းနှင့် တပြေးတည်း ဖြစ်သွားပြီး လေးနက်၊ တည်ကြည်မှု အပြည့် ပါဝင်လာသည်။
ယန်ရှစ်ရွှမ်းက သေလုအောင် ကြောက်နေသည့် ကျန်းဝူပင်းကို ကြည့်လိုက်သည်။ ဆယ်မိနစ်ကြာပြီးနောက် နောက်ဆုံးတွင် ရွံရှာသလိုမျိုး အေးစက်သော လေသံနှင့် ပြောလိုက်သည်။
“ဒါက တိုက်ရိုက် ထုတ်လွှင့်နေတာကို မင်း မေ့သွားပြီလား။ ကင်မရာရဲ့အရှေ့မှာ ဒါရိုက်တာတစ်ယောက်က ဒီလို ငိုသင့်ရဲ့လား။ မင်းရဲ့မျက်နှာကို မြန်မြန် သုတ်လိုက်စမ်း။ ညစ်ပတ်လိုက်တာ”
ကျန်းဝူပင်းက ယန်ရှစ်ရွှမ်းကို အချိန် တစ်ခဏကြာအောင် စိုက်ကြည့်မှသာ ယန်ကောဟာ သူ့ကို မသတ်တော့ကြောင်း အတည်ပြု လိုက်နိုင်သည်။
ထို့ကြောင့် သူသည် ကင်မရာအရှေ့တွင် ရှိနေသော အခြေအနေကို ဂရုမစိုက်နိုင်ချေ။ သူ့အတွက် အရေးကြီးဆုံးက ယန်ကောက သူ့ကို ဒေါသ မထွက်သည့် ကိစ္စဖြစ်သည်။ မည်သို့ပင်ဆိုစေ လောကက ကြီးမား လွန်းသည်။ ယန်ကောက သူ့ကို လုံခြုံအောင် ကာကွယ် ပေးနိုင်သည်။
သူဟာ မြေပြင်ပေါ်သို့ ဖင်ထိုင်လျက်သာ လဲကျသွားသည်။ ထို့နောက် ပြောင်လက်နေသော ကြမ်းခင်းတောက်လျောက် တရွတ်တိုက်သွားရင်း ယန်ရှစ်ရွှမ်း၏ခြေသလုံးကို ကျွမ်းကျင်စွာ ဖက်လိုက်သည်။
“ယန်ကော ဝူး ဝူး ဟူး ယန်ကောကို အရမ်းချစ်တာပဲ။ မဟုတ်ဘူး ငါ့ရဲ့ပါးပါ ပါး ပါး ပါးကို ကျေးဇူး အများကြီးတင်ပါတယ် ပါး”
ယန်ရှစ်ရွှမ်းက ရွံရှာသလိုမျိုး တစ်ချက် ခါထုတ်လိုက်သည်။
“သွားစမ်း။ မင်းရဲ့နှပ်ချေးတွေက စီးကျ နေပြန်ပြီ။ ငါ့ရဲ့အဝတ်တွေကို လာမသုတ်နဲ့။ မင်း ချစ်တာ မချစ်တာ ငါ ဂရုမစိုက်ဘူး။ မြန်မြန်လေး ပါးစပ်ပိတ်စမ်းပါ။ ရွံစရာ ကောင်းလွန်းတယ်”
ထိုအခါမှသာ ကင်မရာအရှေ့မှ ကြည့်ရှုသူများက စိတ်အေးသွားသလို သက်ပြင်း ချနိုင်သည်။
44 03
[ဒါရိုက်တာက ဘယ်လောက်တောင် ရဲရင့်လိုက်တဲ့ စစ်သည်တော်လဲ။ ဒီနေ့ကစပြီး ငါက ဒါရိုက်တာရဲ့ ပရိသတ်လို့ အခိုင်အမာ ပြောရဲတယ်။ တော်လိုက်တာ ယန်ကောရဲ့အဲဒီလို အကြည့်မျိုးအောက်မှာတောင် သူက စကား ပြောရဲတယ်။ တအားရဲရင့်တာပဲ]
[ငါဆိုရင် စကားတောင် မပြောရဲဘဲ ကြောက်လွန်းလို့ တုန်နေတာ။ ငါ့ရဲ့အမေက ငါ့ကို မေးတယ်။ ငါ ဘာလို့ မအိပ်တာလဲတဲ့။ ငါ ပါးစပ် ဟနေခဲ့ပေမယ့် ဘာစကားမှ မထွက်လာဘူး။ ဒါရိုက်တာ အရမ်းရဲရင့်တာပဲ]
[သောက်ကျိုးနည်း။ ယန်ကောရဲ့ ယန်ကောရဲ့ အဲဒီမျက်လုံးတွေ ငါ့ကို တစ်ချက်လေးပဲ ကြည့်သွားတာ။ ငါ မြေပြင်ပေါ်မှာ ဒူးထောက် ကျလုနီးပါးပဲ။ တအား ကြောက်ဖို့ ကောင်းတာပဲ။ ဒီအမျိုးသားက တစ္ဆေသရဲတွေကို နှင်ပြီး မိစ္ဆာတွေကို နှိမ်နင်း နိုင်တယ်ဆိုတာ တကယ်ပဲလား။ ဘယ်လောက်တောင် မှင်သက်ဖို့ ကောင်းလိုက်လေလဲ။ သူက ယန်ကော ဖြစ်ထိုက်ပါပေတယ်]
[အာ ငါ အခုလေးတင် ယန်ကော နေ့တိုင်းဒေါသထွက်တာကို မြင်ချင်တယ်လို့ ပြောနေခဲ့တာ။ ဒါပေမယ့် အမှန်တကယ်လည်း ယန်ကောရဲ့ ဒေါသထွက်နေတဲ့ မျက်နှာကို မြင်လိုက်ရရော ငါ ဒူးထောက် ကျသွားတယ်။ တောင်းပန်ပါတယ် ဝူး ဝူး ဝူး ယန်ကော တောင်းပန်ပါတယ်]
[ငါလည်း တူတူပဲ။ ငါ အရင်က ဒီရှိုးကို မကြည့်ဖူးဘူးလေ။ အုတ်ဂျုံတွေက တင်ထားတဲ့ စခရင်ရှုကို မြင်ပြီး ငါ ဖန်သားပြင်ကို ယက်နေရင်းနဲ့ ရောက်လာတာ။ နောက်ပြီး ငါတောင်မှ အပ်ပဒိတ်ပို့စ်တွေ တင်ပြီး ယန်ကောက ဒေါသ ထွက်နေချိန်မှာတောင် တအားလန်းတာပဲလို့ တွေးနေခဲ့သေးတယ်။ သူ့ကို ပိုပြီး ဒေါသထွက်အောင် လုပ်သင့်တယ်လို့ စဉ်းစားနေခဲ့တာ။ ဒါပေမယ့် အခုတော့ တောင်းပန်ပါတယ်။ ဒီကလေးက မိုက်ရူးရဲဆန်ခဲ့တာပါ။ ဒီကလေးကသာ ပြောခဲ့တဲ့စကားကို ချက်ချင်း ပြန်ရုတ်သိမ်း ပါတယ်။ ပို့စ်ကိုလည်း ချက်ချင်း ဖျက်လိုက်ပါမယ် ယန်ကော။ ယန်ကောက ဒီအတိုင်း ပျော်နေသင့်တာ။ ယန်ကော ဒေါသထွက်သွားရင် ဒီကလေးလေးရဲ့ သနားစရာကောင်းတဲ့ နှလုံးသားလေးက ဒီဒဏ်ကို မခံနိုင်လောက်ပါဘူး]
ယန်ရှစ်ရွှမ်း၏ ဒေါသထွက်နေသော အမူအယာက လျော့ပါး ပျောက်ကွယ် သွားပြီးနောက် တိုက်ရိုက် ထုတ်လွှင့်မှုအခန်း၏ ကွန့်မန့်များက ပြန်လည် စည်းကား လာသည်။
ဘေးဘက်ရှိအခန်းထဲမှ ချောင်းကြည့်နေသည့် ပိုင်ရွှမ်းသည်လည်း ထိုအခါမှသာ သတ္တိကို စုစည်းပြီး တံခါးကို ဖွင့်လိုက် ယန်ရှစ်ရွှမ်းအား မျှော်လင့်ချက် ပြင်းပြသော အကြည့်နှင့် ကို့ရိုကားယားနိုင်စွာ လက်ယမ်း ပြလိုက်ရသည်။
“ယန်ကော တိုက်ဆိုင်လိုက်တာ ယန်ကောလဲ နောက်တစ်ပိုင်းမှာ ပါမှာပေါ့။ ဟား ဟား ဟား ဟား”
ယန်ရှစ်ရွှမ်း၏ အကြည့်အောက်တွင် ပိုင်ရွှမ်း၏အသံဟာ တိုးသထက် တိုးသွားပြီး ပါးစပ်ကို တိတ်တဆိတ် ပိတ်လိုက်သည်။
ယန်ရှစ်ရွှမ်းက အမူအယာမဲ့စွာနှင့် တစ်ချက် နှာခေါင်း ရှုံ့လိုက်သည်။ ထို့နောက် ကျန်းဝူပင်းကို တစ်ချက်ပြန်ကြည့်ကာ “သွားအိပ်တော့”ဟု ပြန်ပြောပြီးနောက် နောက်သို့ လှည့်ကာ အခန်းအတွင်းသို့ ဝင်သွားသည်။
လျှောက်လမ်းတွင် ကျန်းဝူပင်းက သက်ပြင်း ရှည်ကြီးကို ချလိုက်သည်။ သူသည် ကိုယ်ပေါ်မှ ဖုန်များကို ခါရင်း ထရပ်လိုက်၏။ ထို့နောက် လက်ကို တည်ငြိမ်စွာ မြှောက်ရင်း ပိုင်ရွှမ်းကို နူတ်ဆက်လိုက်သည်။
“ငါ ဒီအတိုင်း ကြမ်းပြင်ကို လာသုတ်တာလေ။ သုတ်ပြီးသွားတဲ့ နောက်မှာတော့ ငါသွားလို့ ရပြီ”
“ပိုင်ရွှမ်းလောင်ရှစ်လဲ စောစောလေး အိပ်ယာဝင်ပါ။ နူတ်ဆက်ပါတယ်”
ပိုင်ရွှမ်း “.....”
တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာအရှေ့မှ ကြည့်ရှုသူများ “....”
သောက်ကျိုးနည်း ကြမ်းပြင်ကို သုတ်တာလား။
ပိတ်ထားသော တံခါးအနောက်မှ ယန်ရှစ်ရွှမ်း၏ ကောင်းမွန် လွန်းသော အကြားအာရုံက ကျန်းဝူပင်း၏ စကားကို ကြားလိုက်ပြန်သည်။
သူသည် ရှင်းပြရန် ခက်ခဲစွာ ငိုက်မြည်း သွားခဲ့ပြီး ဝိဉာဉ်က ခန္ဓာကိုယ်အတွင်းမှ ထွက်ကာ ဖုန်းတုတစ္ဆေမြို့သို့ ရောက်ရှိ သွားသည်။ ထို့နောက် သူ၏ ကိုယ်ပိုင်မျက်လုံးနှင့် သရဲမချီရွှမ်းကို အဆုံးသတ်ကို မြင်လိုက်ရသည်။ ဒါဟာ တိုက်ဆိုင်လွန်းသည်ဟု မထင်ပေ။
အဆုံးသတ်နားတွင် ဖုန်းတု၏တစ်စုံတစ်ယောက်က သူ့အား တစ်ချက် ကြည့်လာသည်။
ထိုအခိုက်အတန့်တွင် သူ၏ဝိဉာဉ်အနက်ရှိုင်းဆုံး အပိုင်းမှလာသည့် ကပ်ဘေးကို အာရုံ ခံလိုက်နိုင်သော စိတ်ခံစားချက် အပြည့်၊ ထိုတည်ရှိမှုကြီးက ပေးစွမ်းနိုင်သော အန္တရာယ်မှ လွတ်မြောက်အောင် ထွက်ပြေးလိုစိတ်က ပြင်းထန်ခဲ့သည်။
အရေးကြီး အချက်ကမူ ထိုတည်ရှိမှူကြီးက ထုတ်လွှင့်နေသော ဖျက်ဆီး နိုင်စွမ်းအားနှင့် တစ္ဆေအရှိန်အဝါကြီးက ကြာရှည်စွာ ပျောက်ဆုံးနေခဲ့သည့် ရင်းနှီးမှုကို ပြန်လည် ခံစားလိုက်ရခြင်း ဖြစ်သည်။ ရင်းနှီးလွန်းသဖြင့် လွန်ခဲ့သော ဆယ်နှစ်ကျော်ခန့်က သူ၏မိဘများက ဈေးထဲတွင် ပစ်ထားခဲ့ချိန်က သူတွေ့ခဲ့သော မိစ္ဆာဝိဉာဉ်ကြောင့် ပထမဦးဆုံးအကြိမ် သူ၏သရဲနှင်နိုင်သည့် စွမ်းရည်ကို အမှတ်ရသွားပုံ ပေါ်နေသည်။
44 04
ယန်ရှစ်ရွှမ်း၏ အမူအယာက အေးစက်စွာ တည်ငြိမ်သွားပုံ ပေါ်သည်။ သူ၏ လက်ချောင်းများက ကျွမ်းကျင်စွာ စတင် တွက်ချက်သည်။ သို့ရာတွင် သူဟာ အကြိမ်ရေ မည်မျှကြာအောင် တွက်ချက်နေခဲ့စေကာမူ အလဟဿ ဖြစ်ရသည်။ သူ ကလေးဘဝအရွယ်က ဂမ္ဘီရပညာဖြင့် တွက်ချက်မှုကို စတင် သိခဲ့ရချိန်က ယခုလိုမျိုး တွက်ချက်လျှင် ဒုက္ခ ရောက်နိုင်ကြောင်း သိခဲ့ရသည်။
ထိုမတော်တဆမှုက ၁၂နာရီဝန်းကျင်တွင် ဖြစ်သွားသည်။ ထို့ကြောင့် တစ်နေ့တာလုံးတွင်မှ ကောင်းကင်နှင့် မြေကြီးအား မေးခွန်း ထုတ်နိုင်စွမ်းရည် မရှိဆုံးအချိန် ဖြစ်သည်။ ယန်ရှစ်ရွှမ်းသည် လောကနှင့် ကွဲထွက်နေသည့် ဗလာအခန်းကြီး အတွင်းတွင် ရှိနေသလိုမျိုး မည်သည့် သတင်းအချက်အလက်မျှ မရနိုင်သလိုမျိုး ဖြစ်သည်။
ပို၍ဆိုးသည်မှာ သူသည် ပရိုဂရမ်အသင်းနောက်သို့ လိုက်ပြီး ကွေ့တောင်သို့ သွားသည့် အချိန်ကတည်းက သူ၏တွက်ချက်မှုတိုင်းကို ရှင်းပြရန် ခက်ခဲသော အားတစ်ရပ်က နှောက်ယှက် နေသလို၊ ဆွဲထားသလိုမျိုး ဖြစ်နေလေပြီး သူ့အား သူ၏ hesagram ဆယ်ထောင့်လုံးဖြင့် တိတိကျကျ တွက်ချက်နိုင်သည့် စွမ်းရည်ကိုပင် မသုံးနိုင်အောင် ဖြစ်နေသေးသည်။
လွှမ်းမိုးမှု အားနှစ်ရပ်လုံးအောက်တွင် ယန်ရှစ်ရွှမ်းသည် အချိန်အတန်ကြာ ကြိုးစားခဲ့သည့် တိုင်အောင် အလဟဿ ဖြစ်နေသေးသည်။ ထို့ကြောင့် သူသည် ထိုကိစ္စကို ယာယီအားဖြင့် ဘေးဖယ် ထားလိုက်ရတယ်။
“သရဲ_ _ _ ဖုန်းတု”
ယန်ရှစ်ရွှမ်းက အရေးပါသော သတင်းအချက်များကို ပြန်တွေးနေရင်း ရုတ်တရက် ကွေ့တောင်စံအိမ်တွင် ချီရွှမ်း၏ မှတ်ဉာဏ်ကို တစ်ခုကို သတိရသွားသည်။ ထိုအချိန်က သူသည်လည်း ချီရွှမ်းသည် လွန်ခဲ့သော နှစ်တစ်ရာခန့်က ကြောက်မက်ဖွယ် ကောင်းသော သရဲဖြစ်လာသည့် ပုံကို မြင်ခဲ့ရသည်။ ထိုအချိန်က ချီရွှမ်းအား ကြောက်မက်ဖွယ် ကောင်းသည့် သရဲဖြစ်ခွင့် ပြုခဲ့သူက ဖုန်းတုမှဟု ပြောခဲ့သည်။
ယခုလေးတင် သူ၏ဝိဉာဉ်က ကိုယ်ထဲမှာ ကွဲထွက်ပြီး ဖုန်းတုကို ရောက်ရှိ သွားချိန်တွင်လည်း အကောင်အထည် မမြင်ရသည့် တစ်စုံတစ်ရာကြီးက ချီရွှမ်း ယခုလို သရဲကြီး ဖြစ်လာခဲ့သည်မှာ သူက ခွင့်ပြု ပေးခဲ့သောကြောင့်ဟု ပြောခြင်းအား ကိုယ်တိုင်ကိုယ်ကျ ကြားခဲ့ရသည်။
ဒါဆိုရင် ဒီနှစ်ယောက်လုံးက တစ်ယောက်တည်းလား။
ယန်ရှစ်ရွှမ်းက ထိုသံသယကို စိတ်ထဲတွင်သာ ဆက်လက်ပြီး ထိန်းသိမ်း ထားလိုက်သည်။
.....
“လီကွေ့(ကြောက်မက်ဖွယ်ကောင်းတဲ့ ရန်ငြိုးကြီးသရဲ) မင်းတောင်မှ လှုပ်ခတ် သွားနိုင်တာလား”
ဖုန်းတုတွင် သုန်မှုန်သော တစ္ဆေသရဲများ ရှိနေသည့် ဝန်းကျင်အတွင်း တိုးလျသော်လည်း အေးစက်မှု အပြည့်ပါသည့် လှောင်သံက အမှောင်ထု၏ အနက်ရှိုင်းဆုံး အပိုင်းထဲမှ ထွက်လာသည်။
“အံ့အားသင့်စရာ ကောင်းတာက သက်ရှိတစ်ယောက်က မိစ္ဆာဝိဉာဉ်ရဲ့ စိတ်ကို လှုပ်ခါအောင် လုပ်နိုင်ပြီး ပြန်လည် ဝင်စားချင်စိတ် ရှိအောင် ဖြောင်းဖျ ပေးနိုင်တယ်”
“နှစ်ထောင်ပေါင်းများစွာ ကြာသွားပြီ။ လောကမှာ စည်းမဲ့ကမ်းမဲ့နိုင်တဲ့ သရဲနှင်သူတစ်ယောက်က တကယ်ပဲ ရှိသေးတာလား။ ဟား ဟား ဟား”
_ _ _
ပရိသတ်ပေါင်းများစွာ၏ ဂရုစိုက်ဖိနှိပ်လိုက်သည့် စိတ်လှုပ်ရှားမှုများ ပြီးဆုံးပြီးချိန်တွင် ပရိုဂရမ်အသင်းသည် နောက်ခရီးတွင် ပါဝင်မည့် ဧည့်သည်များနှင့် တည်နေရာကို ကြေငြာလေသည်။
လူတိုင်း အမျှော်လင့်ဆုံး ယန်ရှစ်ရွှမ်းသည်လည်း ပါဝင်လာသည်။ ထိုအခြေအနေက တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာအရှေ့တွင် ဆောင့်ကြောင့် ထိုင်စောင့်နေသော ပရိသတ်တိုင်းကို အောင်ပွဲ ခံမိစေသည်။
“ငါတို့တွေ ယန်ကောကို ဆက်ပြီး ကြည့်နိုင်တော့မယ်”
ထိုအခြေအနေများအပြင် ဒီတစ်ကြိမ် ပရိုဂရမ်ဂရု၏ ဧည့်သည့် line upက ပြောင်းသွားပြန်သည်။
အကြောင်းမူကား ယခင်တစ်ခေါက် ကွေ့တောင်ခရီးတွင် ဖြစ်ခဲ့သည့် မတော်တဆမှုများကြောင့် ပရိုဂရမ်အသင်းသည် အာရုံစိုက်မှု ပေါင်းများစွာကို ဖမ်းစား နိုင်ခဲ့သလို ကျော်ကြားမှုကလည်း အများကြီး ထိုးတက်သွားခဲ့သည်။ ထိုသို့ဖြင့် ဆိုရှယ်မီဒီယာ ပလက်ဖောင်းတိုင်း၊ ဗီဒီယို ပလက်ဖောင်းတိုင်းနီးပါးတွင် ဆွေးနွေးမှု အမြင့်ဆုံး ရှိုးပွဲတစ်ခု ဖြစ်လာသည်။ ထို့အပြင် ပရိုဂရမ်အသင်းသည်လည်း လျိုရီရီနှင့် အမျိုးသား သရုပ်ဆောင်ကလွဲပြီး ကျန်သော ဧည့်သည်တိုင်းကို လာရောက် လျှောက်ထားခွင့် လက်ခံခဲ့သည်။ ထို့သို့ဖြင့် အမျိုးမျိုးသော အကြီးအကဲ ဖျော်ဖြေရေး ကုမ္ပဏီများ၊ အေးဂျင့် ကုမ္ပဏီများကလည်း သူတို့၏အနုပညာရှင်များကို စာရင်းပေးသွင်း ကြလေသည်။
44 05
သရဲကို တွေ့ရတယ် ဟုတ်လား။ စိတ်ဓာတ် ကျရတယ် ဟုတ်လား။
ကိစ္စမရှိဘူး။ အန္တရာယ်ထဲမှာ ကျော်ကြားမှုကို ရှာတွေ့နိုင်တာပဲ။
အရင်ဧည့်သည်တွေရဲ့ ဖန်အရေအတွက် တိုးတက်သွားတာကို မမြင်ဘူးလား။
အန်းနန်ယွမ်လို၊ ပိုင်ရွှမ်းလိုမျိုး ပရိသတ် နှစ်ဆလောက်အထိ ထိုးတက်သွားတာ။ ဒီလိုဆိုရင် ပရိသတ်တွေ ကြားထဲမှာ သူတို့ရဲ့ အဆင့်အတန်းကလည်း အများကြီး မြင့်သွားသေးတယ်။ သရဲနဲ့ တွေ့မယ်ဆိုရင်တောင်မှ တန်ပါတယ်။
ဒါ့အပြင် အရင်တစ်ခေါက်က တကယ်ပဲ သရဲနဲ့ တွေ့ခဲ့တယ် ဆိုရင်တောင်မှ ဒီတစ်ခေါက်မှာ မတွေ့နိုင် လောက်ပါဘူး။ ရှိုးနဲ့ ဒါရိုက်တာက အမြဲတမ်းတော့ ကံမဆိုး လောက်ပါဘူးလေ။
ထို့ကြောင့် ကံကောင်းမှုကို လောင်းကြေးထပ်လိုမှုနှင့်အတူ မြောက်မြားလှစွာသော နာမည်ကျော်များ၊ နာမည်ကြီး ဆယ်လယ်ဗရီတီပေါင်းများစွာက ပရိုဂရမ်အတွင်းသို့ ဝင်ရောက်ပြီး ဧည်သည့် ဖြစ်လိုကြသည်။
တင်းချန်သည် ကြောက်လွန်းအား ကြီးသဖြင့် သူမက အလျင်လက်ဦးမှု ယူကာ ယာယီအားဖြင့် ရှိုးမှ နုတ်ထွက်မည် ဆိုသွားသည်။ သဘာဝအလျောက်ပင် အခြားသော ဒဏ်ရာ ပြင်းပြင်းထန်ထန်ရသော ဧည့်သည်များနှင့် စိတ်ပိုင်းဆိုင်ရာ လွတ်ထွက်သွားသော သူများကလည်း ဆက်လက်ပြီး ဝင်မပါ နိုင်တော့ချေ။
ထိုအစား ယခုတလော ရို့မန့်ဒရမ်မာများကြောင့် နာမည်ကျော် ကြားလာသည့် မင်းသမီးတစ်ယောက်၊ အန်းနန်ယွမ်နှင့် အေဂျင်စီတူသော အန်တိုနီဟုခေါ်သည့် ထရိန်နင်တစ်ယောက်နှင့် ကျန်းဝူပင်း၏ တတိယမျိုးဆက် လူချမ်းသာ သူငယ်ချင်း စုန့်ချီအပြင် တတိယတန်းစား အမျိုးသား စတားတစ်ယောက်ကလည်း အရင်းအမြစ်များကို သုံးပြီး ဝင်တိုးလာလေသည်။
တိုးဂိုက်နေရာက လွတ်ထွက်နေပြိး အခြားသော သင့်တော်သောသူကို ရှာမတွေ့ခဲ့ကတည်းက ကျန်းဝူပင်းက တည်ငြိမ်စွာနှင့် ယန်ရှစ်ရွှမ်းကိုသာ လှမ်းမေးလိုက်သည်။
ယန်ရှစ်ရွှမ်း “_ _ _ မေ့လိုက်တော့ သူ့ကို သေတဲ့အထိ ရိုက်သတ်လိုက်တာ ကောင်းမယ် ထင်တယ်”
ကွေ့တောင် စံအိမ်ဟော်တယ်တွင် စုစည်းပြီးနောက် ပရိုဂရမ်အသင်းကို ဝင်ရောက် ပူးပေါင်းခဲ့သော ဧည့်သည်များကလည်း သူတို့ ၏ဆိုရှယ်ပလက်ဖောင်း အသီးသီးတွင် လာမည့်ခရီးနှင့် ပတ်သက်သည့် ပရီဗျူးများကို တင်ကြသည်။ ထို့နောက် ဧည့်သည်များက အားလုံးပေါင်းပြီး အဖွဲ့ဓာတ်ပုံများကိုလည်း တင်သည်။
ဓာတ်ပုံအတွင်းတွင် ပြုံးနေသော မျက်နှာများအကြားတွင်မှ ယန်ရှစ်ရွှမ်း၏ မျက်နှာက ကြောက်မက်ဖွယ် ကောင်းလောက်အောင် သုန်မှုန်နေသည်မှာ ဝန်းကျင် တစ်ခုလုံးကိုပင် မဲမှောင်သွားစေမတတ် ဖြစ်သည်။ အမြင်စူးရှသော ပရိသတ်များက ထိုပုံကိုမြ င်ပြီး ရယ်ကြသည်။
[ပြင်းပြင်းထန်ထန် ကြိုးစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ယန်ကော။ ဟားဟား ဒါရိုက်တာက ယန်ကော ဆက်နေတာ သူ့ရဲ့အသက်ကို ရင်းခိုင်းတာလား]
[အရယ်ရဆုံးက ယန်ကောက ဆိုရှယ်မီဒီယာအကောင့် မရှိသေးတာပဲ။ ဒါကြောင့် ပရိုဂရမ်အသင်းက ဧည့်သည်တွေကို တရားဝင်ဖိတ်ကြားတဲ့အခါ ယန်ကောကို မtagနိုင်သေးဘူး]
[ခရီးသွားရသစုံရှိုးကို ကြည့်ရတာ အရမ်းကောင်းပါတယ်။ နွေရာသီရေများတဲ့ကာလက ရောက်တော့မယ်လေ။ နောက်ပြီး အနီးအနား တောင်ပိုင်းနယ်မြေတွေမှာတောင် မိုးသည်းမယ်လို့ ပြောသံကြားနေတာ။ ငါတို့အပြင်လည်း မထွက်နိုင်ဘူးလေ။ အား... ငါတော့ ဒီအတိုင်းဆက်မနေနိုင်တော့ပါဘူး]
“ငါတို့ရဲ့နောက်ခရီးကရဲ့ လန်တောင်ထိပ်ပဲ။ ပင်းဟိုင်မြို့နဲ့ဆိုရင် ကီလိုမီတာ ၃၀ဝဝေးတယ်။ ပြောကြတာက နွေရာသီ ညပိုင်းတွေမှာဆို အရှင်းလင်းဆုံး ညကောင်းကင်ကြီးကို မြင်နိုင်တယ်တဲ့။ အားလုံးပဲ အခုချက်ချင်းပဲ ထွက်ကြရအောင်”
ကျန်းဝူပင်းက အပြုံးနှင့်အတူ သွားမည့်နေရာကို ကြေငြာပြီးနောက် ချက်ချင်းဆိုသလိုပင် တိုးဂိုက်၏တာဝန်ကို ယူထားသည့် ယန်ရှစ်ရွှမ်းကို အရိပ်အမြွတ် ပြသည်။ ဒီနည်းအားဖြင့် လူတိုင်းအား ဘက်စ်ကားပေါ်သို့တက်ပြီး ထွက်ခွာအောင် ပြောခိုင်းလေသည်။
သို့ရာတွင် ယန်ရှစ်ရွှမ်းကမူ အေးစက်စွာ နှာခေါင်း တစ်ချက်ရှုံ့ပြီး စိတ်အားထက်သန်မှု ကင်းမဲ့စွာနှင့် မေးစေ့ကို ပင့်မော့ရင်း အနားရှိ အဆင့်မြင့်ခရီးသွား မီနီဘက်စ်ထံ မေးငေါ့ပြသည်။
“သွားရအောင်”
သူက စကားကို ရွှေလို တန်ဖိုးထားတာပဲ။
ကျန်းဝူပင်း “.....”
ကံကောင်းသည်မှာ ဧည့်သည်များက ယန်ရှစ်ရွှမ်းနှင့် အဆင်ပြေသူက ပြေ သို့မဟုတ် ကျန်းဝူပင်းက အကြောင်းအရာများကို အမျိုးမျိုးပြောင်းပြီး ဆွဲဆောင်နိုင်သည့်အပြင် သူ့တို့အား ထရက်ဖစ်များ ပေးနိုင်သောကြောင့်လည်း ဖြစ်နိုင်သည်။ ယန်ရှစ်ရွှမ်း၏ မှင်သေသေ အပြုအမူကို မည်သူကမှ ဂရုမထားကြချေ။ သူတို့သည် သူတို့၏ အခွဲကင်မရာများကို အသီးသီးဖွင့်လျက် ကားများအတွင်းသို့ သူတို့၏ ခရီးဆောင်အိတ်များကို သယ်ကာ ဝင်သွားကြသည်။ ထိုသို့ဖြင့် နွေရာသီအပြင်ထွက် ပျော်ပါးကြသည့် မိတ်ဆွေအလား အလွန်အမင်း ရင်းနှီးပြီး တက်တက်ကြွကြွ ရှိသည့် လေထုအခြေအနေကို သယ်ဆောင်ထားလေသည်။
44 06
ကျန်းဝူးပင်းက တိတ်တဆိတ် ပြေးလာပြီး တိုက်ရိုက်ထုတ်လွှင့်မှု၏ အဓိက ဖန်သားပြင်က မမြင်အောင်ကွယ်လျက် ယန်ရှစ်ရွှမ်း၏ နားနားကပ်ကာ ပြောသည်။
“ယန်ကော ငါတို့ တိုက်ရိုက် ထုတ်လွှင့် နေတာနော်။ ယန်ကောကို ကြိုက်တဲ့လူတွေလည်း အများကြီးပဲ။ စကား နည်းနည်းလောက် ပိုပြောတာက သက်ရောက်မှု ရှိနိုင်တယ်။ များလေလေ ပိုကောင်းလေလေဲ။ ကျော်ကြားတာပေါ့”
ယန်ရှစ်ရွှမ်း၏ ခံစားချက်မဲ့သောမျက်နှာက ပို၍ တင်းမာသွားသည်။
“ငါ မလိုဘူး။ ငါ အိမ်ပဲ ပြန်ချင်တယ်”
ကျန်းဝူပင်း _ _ _ ငါ ဒီလိုလုပ်လို့ မရဘူးလေ။
“ယန်ကော ယန်ကော ထွက်သွားရင် အုတ်ဂျုံတွေက ငါ့ကို ဆွဲဖြဲလိမ့်မယ်”
ထိုအချိန်တွင် အဝေးမှ အရပ်ရှည်ရှည် ခြေတံရှည်ရှည်နှင့် လူတစ်ယောက်က ရောက်လာသည်။
သူ၏သန်မာပြီး ဖြောင့်တန်းနေသော ခန္ဓာကိုယ်တည်ဆောက်ပုံက လမ်းလျှောက်လိုက်သည့် အချိန်တိုင်း အဝတ်များမှ တဆင့် လှပသည့် ခန္ဓာကိုယ်ကောက်ကြောင်းများကို ထင်းထွက်နေစေသည်။ ထိုသို့ဖြင့် သူ၏တင်းကြပ်သော ကြွက်သားများ၏အင်အားကို ဖော်ထုတ်ပြသနေသလို အချိုးကျလွန်းသော အလှတရားက ပေါ်လာသည်။ သူက ကျန်းဝူပင်း၏ဘေးနားတွင် ရပ်လိုက်သောအခါ နေရောင်တစ်ခုလုံးက ပိတ်ဆို့သွားပြီး မဲမှောင်သည့် အရိပ်ကသာ ဖြာကျလာသည်။
သူသည် လျှာထိုးဦးထုပ်ကို ဆောင်းထားသည်။ ဦးထုပ်ထိပ်ကို အောက်သို့ ဆွဲချထားပြီး ကျန်းဝူပင်းအား တိုးလျပြီး ဆွဲဆောင်မှုအပြည့်ပါသည့် လေသံဖြင့် ပြောလိုက်သည်။
“ဒါရိုက်တာ ရဲ့လန်(ဝံပုလေရိုင်းတောင်)ကို သွားမယ့်ခရီးလမ်းကို စစ်ဆေးပြီးသွားပြီ။ ငါတို့သွားဖို့ အဆင်သင့် ဖြစ်ပြီ”
ကပ်ဘေးကို အာရုံခံနိုင်သည့် သူ၏မသိစိတ်က အထိခံလိုက်ရပြီး ယန်ရှစ်ရွှမ်းက ချက်ချင်းလိုလို ခေါင်းမော့လိုက်ပြီး ထိုလူကို စူးရှစွာ ကြည့်လိုက်သည်။
ကျန်းဝူပင်းကမူ အခြေအနေကို မသိချေ။ သူက ပုံမှန်ပုံစံမျိုးနှင့် ခေါင်းကိုသာ ညိတ်ပြီးပြောသည်။
“ကောင်းပြီလေ ဒါဆိုရင် သူတို့ ခရီးဆောင်အိတ်တွေ တင်ပြီးတာနဲ့ ထွက်ကြတာပေါ့”
ထို့နောက် ယန်ရှစ်ရွှမ်း၏ သတိအပြည့်ပါသည့် အကြည့်ကို သတိထားမိသည့်အလျောက် ကျန်းဝူပင်းက မိတ်ဆက် ပေးလိုက်သည်။
“အရင်တစ်ခေါက်က ဒါရိုက်တာနဲ့ လက်ထောက်က မိစ္ဆာဝိဉာဉ် ဝင်ပူးထားတဲ့ တစ်စုံတစ်ယောက်ကို ငှားရမ်းမိလောက်အောင် ကံဆိုးသွားတယ်လေ။ ဒီတစ်ကြိမ်မှာတော့ ငါ အသစ်တစ်ယောက် ပြောင်းငှားထားတယ်။ ဒါက လက်ထောက် အသစ်လေ”
ထိုလူက သာမာန်ကာလျှံကာ ပုံစံမျိုးနှင့် ပြန်လည် တုန့်ပြန်သည်။ သို့သော် ရာထူးကြီးသော လူကို ပြန်လည် ဖြေကြားသော လက်အောက်ငယ်သားနှင့် မတူညီလေဘဲ အမြဲတစေ မြင့်မားလွန်းသော နေရာတွင်သာ အချိန်အတန်ကြာ နေခဲ့ပြီးသည့် တစ်စုံတစ်ယောက်က လက်အောက်ငယ်သားများကို ယဉ်ကျေးပေးသည့် ပုံစံမျိုးဖြင့် ပြန်ဖြေနေခြင်း ဖြစ်သည်။
ထို့နောက် သူက ယန်ရှစ်ရွှမ်းကို ဖျော့တော့သော အပြုံးနှင့်ကြည့်ပြီး လေးနက်သော လေသံနှင့် မေးသည်။
“ယန် ရှစ် ရွှမ်းလား”
သူက ဦးထုပ်ကို အသာမော့လိုက်သောအခါ အရိပ်အောက်တွင် ရောက်နေသည့် မျက်နှာတစ်ခုလုံးက ပေါ်လာသည်။
ယန်ရှစ်ရွှမ်းက အရိုင်းဆန်လွန်းသည့် ချောမောသည့် ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားလျှင် ထိုအမျိုးသားကမူ ထာဝရ ညအမှောင်ထုအတွင်းသို့ နစ်မြှပ်နေသည့် မိစ္ဆာနတ်ဆိုး တစ်ကောင်လို ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။
ဦးထုပ်၏လျှာထိုးအောက်ဘက်မှ မျက်နှာသည် ဓားတစ်ချောင်းလို ထက်ရှပြီး သန်မာမှုအပြည့်နှင့် ဖြစ်သည်။ သို့သော် သွေးတစ်စပင် မရှိပဲ အေးစက်ပြီး ဖြူဖွေး နေသေးပြန်သည်။ သူ၏ရှည်လျားပြီး ထက်ရှသည့် မျက်ခုံးက အဝေးရှိ တောင်တန်းများ အတွင်းတွင် ကျသွားမည်ဟု ထင်ရလောက်အောင် ထက်ရှသည်။ ထို့အပြင် သူ၏ နားထင်တွင်လည်း ထူးဆန်းသည့် အနက်ရောင် အမှတ်အသားတစ်ချို့ ရှိနေသေးပြန်သည်။ သူ၏ကျဉ်းမြောင်းသော မျက်လုံးများက မင်ရည်ကဲ့သို့ မဲနက်နေပြီး ထင်ယောင်ထင်မှား ဖြစ်သည်လားမသိ အနီရောင်အလင်းတစ်ချက်ပင် လက်သွားသေးကာ ကြည့်မိသူတိုင်းကို တုန်ယင် စေလောက်သည်။
ယန်ရှစ်ရွှမ်းနှင့် မျက်နှာချင်း ဆိုင်လိုက်သည့် အခိုက်အတန့်တွင်မှ သူ၏သွေးမဲ့သော နူတ်ခမ်းတွင် အပြုံးတစ်စက ပေါ်ထွက်လာပြီး ရုတ်တရက် သူဟာ အသက်ဝင်လာသလို ဖြစ်သွားသည်။
သူသည် တစ္ဆေသရဲများ၊ နတ်ဘုရားများအတွက် ပြင်ဆင်ထားသော ရွံ့စေးဖြင့် လုပ်ထားသည့် ပူဇော်ခံရာ ရုပ်ထုကြီးအသွင်ဖြင့် သေမျိုးလောကထဲသို့ ဆင်းသက်လာပြီး သေမျိုးလောကမှ မီးပန်းများ စိုစွတ်ကာ အသက်ဝင်လာသလိုမျိုး ဖြစ်သည်။
44 07
ယန်ရှစ်ရွှမ်းဟာ တစ်ဖက်သူကို မြင်သောအခါ မသက်မသာ ခံစားလိုက်ရသည်။ သူ၏နှလုံးသားတွင် ဒေါသများက လိမ့်ထွက်လာ၏။ သံသယဝင်ရန် မလိုလောက်အောင် သူသည် လူတစ်ယောက်ကို ရင်ဆိုင်နေရခြင်း ဖြစ်သည်။ သို့သော် သူကမူ သူ၏လက်ဖြင့် မှော်ဂါထာများထုတ်ပြီး တစ်ဖက်သူကို နှင်ထုတ်ချင်နေသည်။
ဒေါသထွက်လာသောကြောင့် ယန်ရှစ်ရွှမ်း၏လေသံက အလွန်အမင်း ဆိုးသွားသည်။
“ငါက ယန်ရှစ်ရွှမ်းပဲ ဘာဖြစ်လဲ”
ထိုလူက ရယ်သည်။
“ဟယ်လို ယန်ရှစ်ရွှမ်း”
******