Ch 47
Viewers 6k

47 01

အပိုင်း(၄၇)

 

ပရိုဂရမ်က လုံလောက်အောင် သက်ရောက်မှုမရှိမည့် အခြေအနေကို ကျန်းဝူပင်းက စိုးရိမ်သောကြောင့် သူသည် ဧည်သည်များကို ရွေးချယ်ရာတွင် နာမည်ကျော် ရသစုံရှိုး အနုပညာရှင် တစ်ယောက်ကို ရွေးချယ်ခဲ့သည်။ ထိုသူသည် လူတိုင်းကို သူနှင့်အတူ ခေါ်ဆောင်ပြီး သူကြားဖူးသမျှ ကောလဟလပေါင်းများစွာကို ပြောပြနေသည်။ သူ၏အသံက တစ်ခါတစ်ရံတွင် ခြောက်ခြားဖွယ် ကောင်းသွားပြီး တစ်ခါတစ်ရံတွင် အံ့အားသင့်ဖွယ်ရာ ဖြစ်သည်။ ထို့ကြောင့် ကြည့်ရှုသူများကလည်း ထိုကိစ္စများကို မှန်မည်ဟု ယုံကြည်ကြမည့် အချိန်မှ ထိုလူက ဒါဟာ ကောလဟလများ ဖြစ်ကြောင်း ပြန်ပြောပြန်သည်။ ပရိုဂရမ်က လေထုအခြေအနေကို ပေါ့ပါး‌အေးဆေးအောင်၊ ပျော်ရွှင်ဖွယ်ရာ ဖြစ်အောင် လုပ်ရာတွင် အဆင်ပြေသွားသည်။ ထိုသို့ဖြင့် ကြည့်ရှုသူ ပေါင်းများစွာကလည်း စိတ်ဝင်စားလာကြသည်။

 

“ဝံပုလွေရိုင်းတောင်ထိပ်အကြောင်း ပြောမှ အဲဒီတောင်နဲ့ ပတ်သက်ပြီး နာမည်အကြီးဆုံး ကောလဟလတစ်ခု ရှိတယ်”

 

ရသစုံရှိုးစတားက အသံကို တိုးလိုက်သည်။ သူ၏ဖုန်းမီးမှ ဖလက်ရှ်မီးကို သုံးပြီး သူ၏မျက်နှာကို အောက်ဘက်မှတဆင့် အပေါ်သို့ ချိန်ထား လိုက်သည်။ ကား၏ လိုက်ကာများကိုလည်း ဆွဲထားလေရာ လေထုအခြေအနေက မဲမှောင်နေသလို ဖြစ်နေသည်။ ထို့နောက်သူဟာ ထိန်းချုပ်ထားသော လေသံမျိုးနှင့်ပြောသည်။

 

“ရဲ့လန်တောင်ထိပ်ဆိုတဲ့ နာမည်ကတဆင့် အဲဒီမှာ ဘာတွေရှိမလဲဆိုတာကို သိချင်တယ်။ ဟုတ်တယ် အဲဒီတောင်ကို လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်က ရဲ့လန်‌တောင်လို့ ပေးထားတာ။ ဘာလို့လဲဆိုတော့ အဲဒီမှာ တစ်နှစ်ပတ်လုံး ဝံပုလွေရိုင်းတွေ အများကြီး ရှိလို့လေ။ ဒါပေမယ့် မင်းတို့က ရဲ့လန်တောင်ထိပ်ကို မရောက်ဖူးတော့ သိမှာမဟုတ်ဘူး။ ပြောရရင် အခုနောက်ပိုင်းမှာ ရဲ့လန်တောင်ထိပ်မှာ ဘာဝံပုလွေမှ မရှိတော့ဘူး။ အဲဒီအစား‌ တောင်ထဲမှာ သေနေတဲ့ တိရစ္ဆာန်ငယ် သေးသေးလေးတွေကိုတော့ တွေ့ရတယ်”

 

သေချာအာရုံစိုက် နားထောင်နေသော ပိုင်ရွှမ်း၏တစ်ကိုယ်လုံးက တုန်ယင်သွားသည်။

 

“ဝံပုလွေတွေ မရှိတော့ဘူးလား။ ဒါဆိုရင်ဘာလို့ တိရိစ္ဆာန်လေးတွေက သေသွားတာလဲ”

 

ရသစုံရှိုးစတားက ပုခုံးတွန့်ပြသည်။

 

“ဒါတော့ မသိရဘူးလေ။ အတိုချုပ်ပြောရရင် အစပိုင်း စားစရာတွေ ပြတ်တောက်နေတဲ့ ကာလမှာ အချို့သူတွေက လတ်လတ်ဆတ်ဆတ် သေဆုံးနေတဲ့ အသေကောင်တွေကို သွားကောက်ပြီး အိမ်ယူပြီး စားသောက်ကြတယ်။ ရလဒ်အနေနဲ့ အဲဒါကို စားတဲ့လူတွေ အားလုံးက ရူးသွားကြတယ်ဆိုပဲ။ ရွာက နတ်ဆရာမက သူတို့တွေ သရဲတွေ ရင်ဆိုင်နေရတယ်လို့ ပြောတယ်။ သူတို့တွေက ဝိဉာဉ်  ပျောက်ဆုံးသွားကြတာတဲ့။ ဒါကြောင့် ဝိဉာဉ်ဆင့်ခေါ်ဖို့ မီးပုံပွဲတွေ ရလဒ်အနေနဲ့_ _ _ “

 

ရသစုံရှိုးစတားက ပြုံးလိုက်ပြီး ဆက်မပြောခင် ရပ်တန့်လေသည်။

 

“အဲဒီသူတွေအားလုံးက လူတိုင်းရဲ့ရှေ့မှာတင် မီးပုံထဲကို ခုန်ချပြီး အရှင်လတ်လတ် မီးရှို့ခံရင်း သေသွားကြတယ်။ ဘယ်သူကမှ သူတို့ကို ကယ်ဖို့ အနားကို မကပ်သွား နိုင်ကြဘူး။ ပိုဆိုးတာက သူတို့က မီးသွေးတုံးတွေလို ဖြစ်တဲ့အထိ မဲတူးသွားအောင် လောင်ကျွမ်းခံခဲ့ရတာပဲ။ အဲဒီနောက် အဲဒီခန္ဓာကိုယ်ကြီးတွေက မီးပုံထဲကနေ သာမာန်လူတွေလို အရှိန်နူန်းနဲ့ ထွက်ပြေးသွားခဲ့ကြတယ်။ အဲဒီအချိန်က စပြီး မနက်အစောပိုင်းကာလတွေမှာ လယ်ကွင်းထဲကို ဆင်းပြီး အလုပ်လုပ်တဲ့သူတွေ အိမ်သာ သွားတဲ့အခါ မီးသွေးတုံးတွေလို မဲတူးတဲ့ ခန္ဓာကိုယ်ကြီးတွေကို မြင်ရတယ်။ သူတို့ရဲ့ အရှေ့မှာ စကားတစ်ခွန်းမှ မပြောပေမယ့် တိတ်တဆိတ် ပြုံးပြနေတယ်လို့တော့ ပြောကြတယ်”

 

စိတ်လှုပ်ရှားနေသော ဧည့်သည်တစ်ယောက်က ကြောက်လန့်တကြား ဖြစ်သွားပြီး တအံ့တဩပြောသည်။

 

“ဘယ်လိုဖြစ်နိုင်မှာလဲ သူတို့က သေသွားပြီ မဟုတ်လား”

 

“ဟုတ်ပါ့မလား ဒီပုံပြင်က သေချာရေးသားထားတယ်လို့တောင် မထင်ရဘူး။ ရွာသား တစ်‌ယောက်က ပြောတယ်ဆိုရင်တောင် ယုံဦးမယ်”

 

“ငါက‌တော့ အနက်ရောင် ဝတ်စုံဝတ်ထားတဲ့ သူခိုးက အိမ်ပိုင်ရှင်က အိမ်သာသွားရင်း ပက်ပင်း တိုးသွားတဲ့အချိန်မှာ အလောင်းချင်ဟန်ဆောင်လိုက်တာလို့ ထင်တာပဲ”

 

ဧည်သည်များသာ မကသေးချေ နားထောင်နေသော ကြည့်ရှုသူများ အားလုံးကလည်း အံ့ဩသွားကြသည်။

 

သူတို့၏ အခုန်နူန်း မြန်ဆန်နေသော ရင်ဘတ်ကို တစ်ချက်အုပ်ထားရင်း ဘယ်ညာကို အံ့အားတကြီး ကြည့်ကြသည်။ ထို့နောက်မှသာ ဖန်သားပြင်တွင် ကွန့်မန့်များက ပြည့်နှက်လာသည်။ သူတို့သည် ထိုခံစားချက်ကို ခံစားရသည်မှာ တစ်ယောက်တည်း မဟုတ်ကြောင်း သိသွားကြလေသည်။

 

[ရသစုံရှိုးနောက်ခံကို ပိုင်ဆိုင်ထားတဲ့ စတားတစ်ယောက်ဆိုတဲ့ အတိုင်းပါပဲ။ သူက အရှိန်အဝါကို တော်တော်လေး ထိန်းသိမ်းနိုင်တယ်]

 

[ငါ တော်တော် ကြောက်သွားတာ။ တကယ် ကြောက်သွားတာ။ ငါ ဒါကို တွေးမိတယ်။ အဲဒီအလောင်းတွေက လောင်ကျွမ်းခံရပြီးတဲ့နောက်မှာ မဲတူးသွားတယ်လို့ ပြောတယ်နော်။ ညလယ်ခေါင်ကြီး အပြင်မှာ ရပ်နေတာဆို ဘယ်လောက်တောင် ကြောက်ဖို့ ကောင်းလိုက်မလဲ။ ပိုဆိုးတာက အခုနောက်ပိုင်း နယ်ဘက်တွေမှာ လမ်းမီး မရှိသေးဘူး မဟုတ်လား။ ဒီအတိုင်း အမှောင်ထုဆိုရင်တောင်မှ ဘာမှမမြင်ရမှာ မဟုတ်ဘူးလေ။ နောက်ပြီး အဲဒါက မဲနေသေးတယ်ဆိုတော့ သေချာပေါက် ဝင်တိုးမိမှာပဲ]

47 02

[အား မပြောပါနဲ့တော့ မပြောပါနဲ့တော့ ပါးစပ်ပိတ်ပါတော့]

 

[ရှူး ဒီရှိုးက ခရီးသွားရသစုံရှိုးလို့ ထင်သလောက် ရိုးရှင်းပြီး ကြင်နာတတ်မှာ မဟုတ်ဘူးလို့ ငါသိသားပဲ။ ငါ စားစရာတွေ၊ မုန့်တွေ၊ သောက်စရာတွေ ပြင်ဆင်ပြီး အိပ်ယာပေါ်မှာ အဆင်သင့်စောင့်နေတာ။ တံခါးကိုလည်း သော့ပိတ်ပြီးသား။ ဘာကမှ ငါ့ကို မခြောက်နိုင်တော့ဘူး။ ဟား ဟား ဒီအတိုင်း အိမ်သာကို အမြန်ဆုံး ဘယ်လို သွားရမလဲ သိလား။ ငါ အအေးတွေ အများကြီး သောက်လိုက်မိတာ ထင်တယ်။ ငါ အိမ်သာသွားချင်တယ်။ ဒါပေမယ့် အခန်းထဲက မထွက်ရဲဘူး ဝူး ဝူး]

 

[ထိန်းထားဦး ငါလည်း အိမ်သာကို တစ်ယောက်တည်း မသွားရဲဘူး]

 

ရသစုံရှိုးစတားကို လူတိုင်းကို အောင်မြင်စွာ ခြောက်လန့်နိုင်သဖြင့် သူဟာ ရယ်မောသည်။ ထို့နောက် သူဟာလက်ကို ဆန့်ပြရင်း ပြောသည်။

 

“မစိုးရိမ်ပါနဲ့ ဒါက ကလေးဘဝတုန်းက ငါ လူကြီးတွေဆီက ကြားထားတဲ့ ပုံပြင်ပဲ။ ကလေးတွေကို တမင်ခြောက်တာ ထင်ပါတယ်။ ငါ့ရဲ့မွေးရပ်မြေကလည်း တိုက်တိုက်ဆိုင်ဆိုင် ဝံပုလွေရိုင်းတောင်ထိပ်နားမှာလေ။ ဒီတော့ ငါ အဲဒီအကြောင်းကို နည်းနည်းတော့ သိတယ်”

 

“ဒါပေမယ့် ရဲ့လန်တောင်ထိပ်ရဲ့ ညကောင်းကင်ကတော့ တကယ့်ကို လှတာ။ အခုတလောမှာဆိုရင် အဲဒီနေရာကိုသွားတဲ့ လူပေါင်းများစွာက ဓာတ်ပုံတွေပြန်ရိုက်ပြီး ဝီချက်တွေမှာ ပို့စ်တွေ ပြန်တင်ကြတယ်လေ။ အင်တာနက် အနုပညာရှင်တွေတောင်မှ အဲဒီကို ခဏခဏ သွားချင်လောက်အောင် နာမည်ကြီးသေးတာ”

 

ရသစုံရှိုးစတား ရယ်ပြန်သည်။ ထို့‌နောက် သူဟာ ပြောသည်။

 

“ရဲ့လန်ဘုရားကျောင်းဆိုရင် ဆု‌တောင်းပြည့်တယ်ဆိုပြီး တော်တော်လေး နာမည်ကြီးသေးတယ်။ မင်းတို့သာ စိတ်ဝင်စားမယ်ဆိုရင် အဲဒီကိုသွားပြီး ဆု‌တောင်းသင့်တယ်”

 

ဧည့်သည်များက ထိုအခါမှာ အသိပြန်ဝင်သွားပြီး ပြုံးနိုင်သွားသည်။ ပုံပြင်က အပြောကောင်းလွန်းသည်ဟု ထင်လိုက်ကြ၏။

 

သို့သော် စုန့်ချီက နောက်ဘက်သို့ ပြန်လာသောမြင်ကွင်းကို အန်တိုနီက မြင်လိုက်သည်။ ထိုငယ်ရွယ်သော သခင်လေးက ကားပေါ်တက်ပြီးချိန်ကတည်းက မည်သူကိုမှ မျက်နှာသာမပေးခဲ့ချေ။ သူ့ကို မြင်သောအချိန်တွင်ပင် စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက် ရှိနေသလိုမျိုး အထင်တသေး ကြည့်သွားသည်။ သူက စကားပြောရန် စသော်လည်း ထပ်ခါတလဲလဲ ဖြတ်ပြောခဲ့ပြီး ကင်မရာ၏အ‌ရှေ့တွင်ပင် ရက်ရက်စက်စက် တုန့်ပြန်ခဲ့သည်။ သူ၏မျက်နှာကိုပင် ပျက်လုနီးပါး မူခဲ့သေး၏။

 

သို့ရာတွင် လောက၏ ဒုက္ခများကို မသိသော၊ ဖြောင့်မတ်မှန်ကန်သည့် စိတ်သဘောထားရှိသော ထိုလူငယ်လေးက ယန်ရှစ်ရွှမ်း၏အရှေ့တွင်မူ ယန်ရှစ်ရွှမ်းကဲ့သို့ မည်သည့်နာမည်မှ မရှိသည့် လူသစ်လေးတစ်ယောက်၏ အ‌ရှေ့တွင်မူ အလျင်လက်ဦးမှုယူကာ စကားသွားပြောသလို ရိုကျိုးပြနေသေးသည်။

 

ဘာလို့လဲ။

 

ဘာလို့ ယန်ရှစ်ရွှမ်းက ဘယ်လိုကောင်မျိုးမို့လဲ။

 

သူက ဒီအတိုင်း အရူးလို ဟန်ဆောင်နေရုံပဲ။

 

ရလဒ်အနေနဲ့ အန်းနန်ယွမ်သာ မကပဲ ထိုသခင်လေးက ယန်ရှစ်ရွှမ်းအပေါ် ကောင်းမွန် ပြနေကြသည်။

 

သူတို့ ကန်းနေကြတာလား။

 

အန်တိုနီ၏ခန္ဓာကိုယ်အတွင်း ဒေါသများက ပြည့်နှက်သွားသည်။ သူက ရုတ်တရက် အသံကို မြှင့်ပြီး ယန်ရှစ်ရွှမ်းကို ခက်ထန်သော လေသံဖြင့် လှမ်းအော်လိုက်သည်။

 

“ယန်ရှစ်ရွှမ်း မင်းက တိုးဂိုက် မဟုတ်ဘူးလား။ ဝံပုလွေရိုင်းတောင်အကြောင်း မိတ်မဆက်ပေးဘူးလား”

 

ကားအတွင်းမှ လေထုအခြေအနေက ယခုလေးတင် အေးစက် သွားသည်။ လူတိုင်းက အန်တိုနီကို ကြည့်လိုက်၊ အရှေ့ပိုင်းမှ ယန်ရှစ်ရွှမ်းကို ကြည့်လိုက်နှင့် တိတ်ဆိတ်  သွားကြသည်။ ထို့နောက် ရုတ်တရက် အန်တိုနီသည် ယန်ရှစ်ရွှမ်းကို ပစ်မှတ်ထားနေကြောင်း သိလိုက်ကြလေသည်။

 

အန်းနန်ယွမ်၏ မျက်နှာအမူအယာက ပို၍သုန်မှုန်သွားသည်။ သူက အန်တိုနီအား တစ်စုံတစ်ရာ  ပြောချင်သလိုမျိုး ကြည့်လိုက်သည်။

 

ယန်ရှစ်ရွှမ်းက မမျှော်လင့်ထားစွာနှင့် ပြန်ဖြေသည်။

 

“ရတယ်လေ”

 

အန်တိုနီကမူ ငြင်းခုံရန် ပြင်ဆင်ထားပြီးသား ဖြစ်သည်။ သို့သော် ရုတ်တရက် ကြောင်သွားသည်။

 

ရလဒ်အနေဖြင့် မီနီဘက်စ်က ရှေ့သို့ ဆက်မောင်းသွားသည့်အချိန်တွင် ယန်ရှစ်ရွှမ်းက ဘေးဘက်ရှိ ပြတင်းပေါက်ကို လက်ဆစ်လေးနဲ့ အသာခေါက်လိုက်ပြီး သူ၏လက်ထဲမှ အလံနီလေးကို ဝှေ့ယမ်းလျက် ပြောလာကြောင်း တွေ့လိုက်ရသည်။

47 03

“ဒါက အဝေးပြေးလမ်းမကြီးပေါ့ မင်းတို့တွေ မသိဘူးလား”

 

“ဒါက ပန်း”

 

“ဒါက မြက်”

 

“ဒါက လယ်သမားဦးလေးကြီးနဲ့ သူ့ရဲ့နွား”

 

“ဒါကတော့ တောင်ပေါ့”

 

...

 

တကယ်ကို ရွဲ့ပြောနိုင်လွန်းတဲ့ ဆရာသခင် ယန်ရှစ်ရွှမ်းပါပဲ။

 

တစ်စုံတစ်ရာသာ အမှားပြောလိုက်လျှင် တစ်ဖက်သူက မှန်သွားပေလိမ့်မည်။ သို့‌သော် သူပြောစေချင်သည့်အတိုင်း ထည့်ပြောလျှင်မူ သူက မှန်သွားသည်။ သို့သော် သူပြောသည့် စကားကို နားထောင်နေရင်း ရန်စသောသူကပင် အထီးကျန်လွန်းသလို ခံစားလာရသည်။

 

ဧည့်သည်များ၏ အံ့အားသင့်နေသော မျက်နှာက မှင်သက်မှုဖြင့် ပြောင်းလဲသွားကြသည်။ ထို့နောက် ဆွံ့အ သွားကြသည်။

 

.....

 

ဒီ‌လောက်အထိ ရွဲ့နိုင်လွန်းတဲ့ တိုးဂိုက်ကို မမြင်ဖူးဘူး။

 

ယန်ရှစ်ရွှမ်းက ပြုံးသည်။

 

“_ _ _ မင်း ကျေနပ်ပြီလား”

 

အန်တိုနီကမူ သည်းမခံနိုင်‌တော့ချေ။

 

“တိုးဂိုက် မင်း နည်းနည်းလောက် ပိုပြောလို့ မရဘူးလား။ ဘာလဲ မင်းက စကားလုံးတွေကို ထိန်းသိမ်းထားချင်ပြီး ငါတို့ကို တမင်ရန်စချင်နေတာလား”

 

ယန်ရှစ်ရွှမ်းက သာမာန်ကာလျှံကာ ပြောပြန်သည်။

 

“မင်း ခံစားမိတာ မှားနေပြီ”

 

အန်တိုနီက ဒေါသတကြီး ပြောသည်။

 

“ဒါဆိုရင် မင်း အခု ဘာလုပ်တာလဲ”

 

ယန်ရှစ်ရွှမ်းက သူ၏ထိုင်ခုံကို မှီလိုက်သည်။ အန်တိုနီကိုလည်း လှည့်ပင်မကြည့်ချေ။

 

“အိုး ငါက ဦးနှောက်ကို ထိခိုက်ထားတဲ့ ဒဏ်ရာကြောင့် စကားကို ပြတ်တောင်းပြတ်တောင်းပဲ ပြောနိုင်တယ်။ ဒါကြောင့် မင်းကို မြင်သွားတဲ့အချိန်မှာ ပိုပြီးတော့တောင် မပြောနိုင်တော့ဘူး။ ဒါကို နားလည်လား မသိဘူး”

 

အန်တိုနီနှင့် အခြားသောသူများ “.....”

 

ဒါက ဘာရောဂါလဲ ကြား‌တောင် မကြားဖူးဘူး။

 

ယန်ရှစ်ရွှမ်း၏ဘေးဘက် တိတ်တဆိတ် ထိုင်ပြီး နားထောင်နေ‌သော ထိုအမျိုးသားက နောက်ဆုံးတွင် ခပ်ဟဟ ရယ်သည်။ သူသည် အခြေအနေဟာ စိတ်ဝင်စားဖွယ် ကောင်းလွန်းသည်ဟု ခံစားရသည်။

 

သို့သော် ယန်ရှစ်ရွှမ်းက အန်တိုနီကို ပြန်ဖြေပြီးနောက် သူဟာ ခေါင်းကို တစ်ဖက်သို့ ပြန်လှည့်ကာ အလံနီလေးအား ကားဖန်သားနားတွင် ကပ်ပြီး ဆက်လက်ပြီး ရှင်းပြသည်။ သူဟာ ရုတ်တရက် ကားပြတင်းပေါက် အပြင်ဘက်ရှိ နေရောင်က ယခုလေးတင် တောက်ပနေခဲ့ရာက တဖြည်းဖြည်းချင်း အုံ့မှိုင်းလာကြောင်း တွေ့လိုက်ရသည်။ နဂိုက ဘေးဘက်ရှိ ခြောက်သွေ့နေသော လမ်းကလည်း မဲမှောင်လာသည်။ ထို့အပြင် ရွံနွံများကိုလည်း တွေ့လာရသည်။

 

ကားအပြင်ဘက်ရှိ လယ်ကွင်းထဲတွင်လည်း အဝါရောင်အရာတစ်ခုက ဖြတ်ပြေးသွားသည်။

 

ယန်ရှစ်ရွှမ်းက မျက်မှောင် ကြုတ်သည်။ သူက အာရုံစူးစိုက်ပြီး တစ်ချက်သေချာ အနီးကပ်ကြည့်မိချိန်တွင် ကားက ရုတ်တရက် ထိုးရပ်သွားသည်။

 

လူတိုင်းက ရှေ့ဘက်သို့ ထိုးကျသွားပြီး အော်ဟစ်ကြသည်။

 

ကား၏အပြင်ဘက်ကိုသာ အာရုံစိုက်နေခဲ့သည့် ယန်ရှစ်ရွှမ်းက သတိလက်လွတ် ဖြစ်သွားပြီး ကား‌ရှေ့ ပြတင်းပေါက်နှင့် ဆောင့်တိုက်မတတ် ဖြစ်သွားသည်။

 

ကံကောင်းသည်မှာ ဘေးဘက်ရှိ အရပ်ရှည်ရှည်နှင့် အမျိုးသားက ခြေမြန်လက်မြန် ရှိသည်။ သူက သူ၏ သွယ်လျသောလက်ကို ခပ်မြန်မြန် ဆန့်တန်းလိုက်ပြီး အင်အား ကြီးမားသော လက်မောင်းအားကို သုံးလျက် ယန်ရှစ်ရွှမ်းအား ခါးပတ်မှတဆင့် ပြန်ဆွဲခေါ်လိုက်သည်။ ယန်ရှစ်ရွှမ်း၏ကျောက သန်မာသော လက်မောင်းအတွင်းသို့ ရောက်ရှိသွားသည်။ ယန်ရှစ်ရွှမ်းသည် ကားမှန်ပြတင်းပေါက်နှင့် တိုက်မိပြီး ဒဏ်ရာရမည့် အခြေအနေမှ ကယ်တင်ခံလိုက်ရသည်။

 

ယန်ရှစ်ရွှမ်းကမူ သူ၏ကျောက နံရံနှင့် ဆောင့်တိုက်မိသွားသည်ဟု ခံစားလိုက်ရသည်။ သက်‌ရောက်မှုက သူ၏ ကိုယ်တွင်းအင်္ဂါများကိုပင် လှုပ်ခါ သွားစေသလိုမျိုး ဖြစ်သွားသည်။ ထို့ကြောင့် သတိလက်လွတ် တုန့်ပြန်ချင်စိတ်အရ ပြန်လည် တိုက်ခိုက် ချင်သွားသည်။

47 04

ကံကောင်းသည်မှာ သူ၏ဘေးဘက်တွင်ရှိသော ဒါရိုက်တာ၏လက်ထောက်က မကောင်းသော ရည်ရွယ်ချက် မရှိကြောင်း သတိရသွားသည်။ ထို့ကြောင့် သူ့ကိုယ်သူ မတိုက်ခိုက်မိအောင် ချုပ်ထိန်း ထားရသည်။

 

သို့ရာတွင် သူ၏ကျောက တစ်ဖက်သူ၏ရင်ဘတ်နှင့် ထိမိသည့် အခိုက်အတန့်တွင် ယန်ရှစ်ရွှမ်းသည် သူ၏ကျောမှ စတင်ပြီး အေးစက် တက်သွားသည့် ခံစားချက်မျိုးကို ရလိုက်သည်။ သူ၏ကျောနှင့် ထိနေသော အရေပြားက လူသားတစ်ယောက်၏ ခန္ဓာကိုယ် မဟုတ်လေပဲ ရေခဲတုံးကြီးလား ခံစားလိုက်ရ၏။ ယခုလေးတင် သူ၏အာရုံကို ဖမ်စားသွားသော အဝါရောင် အရာက သူ့အား လက်ရှိအခြေအနေကို ပို၍အာရုံစိုက် သွားစေသည်။

 

ကားထဲရှိ ဧည်သည့်များနှင့် ဝန်ထမ်းများကလည်း ရုတ်တရက် ဆောင့်လိုက်သော ဘရိတ်ကြောင့် ဝရုန်းသုန်းကား ဖြစ်သွားကြသည်။ ကံဆိုးလွန်းသော မင်းသမီးဆိုလျှင် ထိုင်ခုံပေါ်မှပင် တိုက်ရိုက်ပြုတ်ကျသွားပြီး သူမ၏ဖင်က ထိုင်ခုံနှစ်ခုထံ ညှပ်သွားပြီး ခြေထောက်များက အပေါ်သို့ ထောင်လျက် ရှိသည်။ ထို့နောက် သူမက အပေါ်မှ ပြုတ်ကျလာသော ကျောပိုးအိတ်များ အောက်တွင် ပိနေသေးလေရာ သူမ၏ပုံစံက အလွန်အမင်း ဆိုးရွားပြီး နာကျင်စွာ အော်ဟစ်စေသည်။

 

ကျန်သောဧည့်သည်များကမူ သတိလက်လွတ် ပြုတ်ကျသွားကြပြီးနောက် အချင်းချင်း ကူညီဖေးမကာ ပြန်ထူပေးကြသည်။ ထို့ကြောင့် ကားထဲရှိ မည်သူကမှ အခြားသော အရာများကို ဂရုမစိုက်နိုင်ကြချေ။

 

ယန်ရှစ်ရွှမ်းက ဘေးဘက်ရှိ လူကို အေးစက်သောမျက်နှာနှင့် ခပ်မြန်မြန် တွန်းထုတ်လိုက်ပြီး ခြေသုံးလှမ်းခန့်နှင့် ကားရှေ့ခန်းသို့ အပြေးအလွှားသွားကာ ဒါရိုက်ဘာကို မေးသည်။

 

“ဘာလို့ ရုတ်တရက်ကြီး ရပ်လိုက်တာလဲ”

 

ဒါရိုက်ဘာက ထိုင်ခုံပေါ်တွင် ထိုင်နေသည်။ သူ၏မျက်နှာက ဖြူဖျော့ပြီး ကြောက်လန့်နေပုံရသည်။ သူက ပြတင်းပေါက်အရှေ့ဘက်သို့ လက်ညိုးထိုးပြရင်း တုန်ယင်စွာနှင့် ပြောသည်။

 

“အဲဒီမှာတစ်ခုခု ရှိနေတယ်။ မျက်နှာကြီး အခုလေးတင် မျက်နှာကြီးကို မြင်လိုက်ရတယ်”

 

ယန်ရှစ်ရွှမ်းက ဒါရိုက်ဘာ ထိုးပြသော နေရာဘက်သို့ ကြည့်လိုက်သည်။ သို့သော် ကား၏အရှေ့ဘက်တွင် ရှိနေသည့် ရေများအိုင်နေသော နေရာများ၊ ရွံအိုင်များကလွဲပြီး မည်သည့်အရာကိုမှ မတွေ့ရပါ‌ချေ။

 

“ခင်ဗျား ကား‌မောင်းတာ ကြာနေလို့များလား။ ဒါကြောင့် ပင်ပန်းနေပြီး ကောင်းကောင်း အနားမယူခဲ့လို့ များလား”

 

ယန်ရှစ်ရွှမ်းက သတိအပြည့်နှင့် ဘေးဘီကိုကြည့်ပြီး ဒါရိုက်ဘာကို စိတ်အေးအောင် လုပ်သည်။

 

“ဒါက အကျင့်ကောင်း မဟုတ်ဘူးနော်။ ခင်ဗျား ထင်ယောင်ထင်မှား ဖြစ်နေတာ”

 

“နောက်ပြီး ဒီလိုအရာမျိုးက ဘယ်လိုများ ဖြစ်နိုင်မှာလဲ။ ကံကောင်းတာက ဒါက တောရွာဘက်က လမ်းဖြစ်နေတယ်။ အခြား ဘယ်သူမှလည်း မရှိဘူး။ အဲဒီလိုမှ မဟုတ်ရင် မတော်တဆမှု ဖြစ်သွားနိုင်တယ်။ အဲဒီအခါမှ နောင်တရရင် နောက်ကျသွားလိမ့်မယ်”

 

ယန်ရှစ်ရွှမ်း၏ စကားကို ကြားသောအခါ ဒါရိုက်ဘာက မျက်လုံးကို ပွတ်ပြီး ပြန်ကြည့်သည်။

 

သို့သော် အမှန်ပင် သူ ယခုလေးတင် မြင်ခဲ့ရသည့် မြေပြင်တွင် တွဲလောင်းကြီးဖြစ်နေသည့် လူသား မျက်နှာကြီးကို မမြင်ရတော့ပြန်ချေ။

 

တကယ်ပဲ ထင်ယောင်ထင်မှား ဖြစ်တာလား။

 

သို့သော် ထိုမျက်နှာတွင်မူ မျက်လုံးလည်း ပါသည်။ နှာခေါင်းလည်းပါသည်။ ထို့ကြောင့် သူဟာ မူးဝေနေ၍ မြင်လိုက်သည်နှင့် မတူပါချေ။

 

ဒါရိုက်ဘာက စိတ်ထဲတွင် ရေရွတ်နေသေးသည်။ သို့သော် သူ၏အခုန်နူန်းမြန်ဆန်နေသော နှလုံးသားကမူ တဖြည်းဖြည်းချင်း တည်ငြိမ်လာသည်။

 

ဒါရိုက်ဘာက စိတ်ငြိမ်သွားကြောင်း မြင်သောအခါ ယန်ရှစ်ရွှမ်းက ချက်ချင်းလိုလို မေးသည်။

 

“နေက သာနေတာ မဟုတ်လား။ ဘာလို့ ရုတ်တရက်ကြီး မြေပြင်က စိုစွတ်နေတာလဲ”

 

ဒါရိုက်ဘာကလည်း အံ့ဩသွားသည်။

 

“ငါ မသိဘူး ကြည့်ရတာက ငါ စီရင်စုဟိုက်ဝေးလမ်းကို ကျော်လာပြီးတဲ့နောက်မှာ နယ်ဘက်သွားတဲ့လမ်းကို ကွေ့လိုက်တာပဲ။ အဲဒီနောက် ရုတ်တရက် အဲဒီလို တွေ့ရတာပေါ့”

 

ယန်ရှစ်ရွှမ်းက ထိုစကားကို ကြားသောအခါ သူ၏မျက်လုံးက ကားအပြင်ဘက်သို့ ရောက်သွားသည်။

47 05

ရွံ့ထူနေသော မြေထုအပြင် ပတ်ဝန်းကျင်ရှိ သစ်ပင်များ၊ ကောက်ပဲသီးနှံများ အားလုံးက ရေစက်များ စီးကျရင်း စိမ်းလန်းနေကြသည်။ ထို့ကြောင့် ယခုလေးတင် မိုးသည်းသည်းထန်ထန် ရွာသွန်းထားခဲ့သလိုမျိုးသာ ထင်ရသည်။ ပုံမှန်မဟုတ်သည့် အခြေအနေကိုလည်း မမြင်ရပြန်‌ချေ။

 

ယန်ရှစ်ရွှမ်းက အနည်းငယ်စိတ်‌အေးသွားသည့် အချိန်တွင် ရုတ်တရက် ရှေ့မှ ပြန်လှည့်လာသော ကားတစ်စီးကို မြင်လိုက်ရသည်။

 

******