49 01
အပိုင်း(၄၉)
[မင်းတို့တွေ ငါ့ရဲ့အိမ်မှာ စောင့်ကြည့်ကင်မရာများ တပ်ထားတာလား။ ဒါက အဖြုတ်ခံရတော့မဲ့ အခြေအနေပဲ။ ဘယ်လိုကြောင့်များ ငါ အသားကုန် ရယ်မောနေတာကို သိနေတာလဲ။ ငါ့ရဲ့ ပေါင်တောင်မှ ရိုက်ပြီး ရယ်နေလွန်းလို့ နီရဲနေပြီ]
[ဘာကို စခရင်ရှုရိုက်ရမှာလဲ။ ငါက မှင်သက် နေတာ]
[ငါ အနေနဲ့ ပထမဦးဆုံးအကြိမ် စတားတစ်ယောက်က မာတင်ဘွတ်ဖိနပ်ကြီး စီးထားတာတောင် ဒီလောက်အထိ အင်အားအပြည့် ရှိနေတာမျိုးကို ပထမဦးဆုံး အကြိမ် မြင်ဖူးတာပဲ။ ယန်ကောက အပေါ်ကနေ ခုန်ချပြီး လေထဲက ခုန်ဆင်းလိုက်တဲ့အချိန်မှာ အင်အားကြောင့် ဖြစ်လာတဲ့ ဆွဲဆောင်မှုက ဘယ်လောက်ဆွဲဆောင်မှု ပြင်းလဲဆိုတာကို နားလည်သွားတယ်]
[ဟုတ်တယ် ဟုတ်တယ် ငါကတော့ ဒီပုံစံက အရမ်းကိုလန်းတာပဲလို့ ထင်တာပဲ။ ယန်ကော ရွှံ့တွေ ပေကျံနေပြီးတဲ့နောက်မှာ ပိုပြီးတော့တောင် ဆွဲဆောင်မှုအား ပြင်းသွားသေးတယ်။ ငါ အခု တိုက်ရိုက်ထုတ်လွှင့်မှု အခန်းရှေ့မှာ ထိုင်စောင့် ကြည့်နေတာကြောင့် မဟုတ်ဘဲ အခြားတစ်ယောက်ကသာ ဒီစခရင်ရှုကို လာပြခဲ့ရင် ဖက်ရှင်ကုမ္ပဏီတစ်ခုခုက ပုံလို့ထင်မိမှာပဲ]
နောက်ဘက်မှ ကားကို ခပ်မြန်မြန် ကူညီပေးပြီး ပြဿနာများကို ဖြေရှင်းပေးသွားသည့် ယန်ရှစ်ရွှမ်းက သူ၏ခြေတံရှည်များကို ချက်ချင်းလိုလို အသာကောက်ကွေးလိုက်ပြီး လမ်းပေါ်သို့ လျင်မြန်စွာ ခုန်တက်လိုက်သည်။
လက်ထောက်ဒါရိုက်တာက ယန်ရှစ်ရွှမ်းကို ခပ်မြန်မြန် ကျေးဇူးတင်လိုက်ပြီး ကျန်သောကိစ္စများကို ခပ်မြန်မြန် ဆောင်ရွက်လျက် ယဉ်တန်းနောက်မှ လိုက်ပါမည် ဖြစ်ကြောင်း ပြောပြလိုက်သည်။
သို့သော် ယန်ရှစ်ရွှမ်းကမူ သူကခြေထော်ကို ကွေးပြီး ခုန်လိုက်သည့် အခိုက်အတန့်တွင် သူ၏ ဟန်အမူအယာကြောင့် အိပ်ကပ် အတွင်းပိုင်းမှ ဖုန်းက ချောကျသွားကြောင်း သတိ မထားမိခဲ့ချေ။ ထို့နောက် ဖားကနဲ အသံထွက်သွားပြီး ဘေးဘက်ရှိ ချုံနွယ်ပင်များအကြားမှ သစ်ကိုင်းခြောက်ထဲသို့ ပြုတ်ကျသွားခဲ့သည်။
ဧည့်သည်ကားဘက်သို့ ပြန်လျှောက်သွားခဲ့သည့် ယန်ရှစ်ရွှမ်းက ရုတ်တရက် အကြည့်ကို အာရုံခံမိလိုက်သည်။ ထိုအကြည့်က သူ့အပေါ် အမြဲတစေ ကျရောက်နေခဲ့ခြင်း ဖြစ်သည်။ ထိုလူကသာ စိတ်အေးအေးရှိနေပြီး အာရုံခံမိသောကြောင့်သာ မဟုတ်လျှင် သေချာပေါက် လွဲချော်သွားပေလိမ့်မည်။
ယန်ရှစ်ရွှမ်းက ခေါင်းကို ခပ်မြန်မြန် မြှောက်လိုက်ပြီး ဓားလို စူးရှသောအကြည့်ဖြင့် ပြန်ကြည့်လိုက်သည်။
တစ်ဖက်မြင်မှန်ဖြင့် ကာထားသည့် မဲမှောင်နေသော ကားမှန်အနောက်ဘက်တွင် တိမ်ထူနေသော နေ့၏ဖျော့တော့သော အလင်းရောင်အောက်မှတစ်ဆင့် အချိုးကျ ပြီးပြည့်စုံသော မျက်နှာကို ခပ်ရေးရေး မြင်လိုက်သည်။
သူက မျက်မှောင်ကြုတ်လိုက်သည်။
“ယန်ကော”
ကျန်းဝူပင်းကလည်း ယန်ရှစ်ရွှမ်းဟာ ကားနှင့် သိပ်မဝေးသော နေရာတွင် ရပ်နေပြီး ဒီအတိုင်း ငြိမ်နေကြောင်း မြင်သောအခါ သိချင်စိတ်ပြင်းပြစွာနှင့် လှမ်းမေးသည်။
“ဘာဖြစ်လို့လဲ အခြေအနေက တအားခက်ခဲနေလို့လား”
“မဟုတ်ပါဘူး ကိုင်တွယ်ပြီးပြီ။ သူက သိပ်မကြာခင် လိုက်လာလိမ့်မယ်”
ယန်ရှစ်ရွှမ်းက သူ၏လက်ထဲမှ အနီရောင်မှန်လေးနှင့် ကားမှန်တံခါးကိုခေါက်ပြီး ဧည့်သည်တိုင်း၏ အာရုံကို ဆွဲဆောင်လိုက်သည်။ သူတို့အားလုံးက သူ့ကို ကြည့်လာကြသောအခါ သူသည် ခြေလှမ်းကျဲကြီးများနှင့် ကားပေါ်သို့ တက်ရင်းပြောလိုက်ကြသည်။
“အားလုံးပဲ မစိုးရိမ်ကြနဲ့တော့ လမ်းကြောင်းပြောင်းရုံပဲ”
အသေးစား မတော်တဆမှုကို ဖြေရှင်းပြီးသွားသည်။ ဒါရိုက်တာ၏ကားနှင့် ဧည့်သည်များ၏ ကားက ခပ်မြန်မြန် ပြန်လည်ထွက်ခွာကြသည်။ ထိုသို့ဖြင့် အသစ်ပြန်လည် စီစဉ်လိုက်သည့် လမ်းကြောင်းအတိုင်း ရဲ့လန်တောင်သို့ သွားကြမည် ဖြစ်သည်။
သို့သော် ယန်ရှစ်ရွှမ်းကမူ ဒါရိုက်ဘာပြေသည့် လူသားမျက်နှာ မြင်သည်ဆိုသော အကြောင်းအရာကို စိတ်ခုနေသောကြောင့် ဒါရိုက်ဘာ ၏ဘေးဘက်တွင် ပြောင်းထိုင်လိုက်သည်။
49 02
ယန်ရှစ်ရွှမ်းက ထိုင်ပြီးနောက် မူလက ကြောက်လန့်နေသော ဒါရိုက်ဘာက သူ၏ခန္ဓာကိုယ်တစ်ခုလုံး အေးစက်သော မိုးလေပြေကြောင့် အေးစိမ့်နေခဲ့ရာမှ အသက်စွမ်းအား ပြင်းထန်သည့် နေမင်းလေး၏အနားသို့ ပြေးကပ်လိုက်နိုင်သလိုမျိုး ထိတ်လန့်မှုများ၊ အေးစက်မှုများ ပျောက်ကွယ်သွားကြောင်း ခံစားလိုက်ရသည်။ ယခုအခါ နဂိုက စီယာတိုင်ကို ကိုင်နေသည့် သူ၏လက်များကလည်း မတုန်ယင် ပါတော့ချေ။
ထိုသို့ဖြင့် ယဉ်တန်းက စတင်ကာ ထွက်ခွာသည်။
ကားထဲရှိ ဧည့်သည်များက ယန်ရှစ်ရွှမ်း တွေးသလိုမျိုး မတွေးကြချေ။ အကြောင်းမူကား ဘရိတ်ကို ဆောင့်အုပ်ခံရချိန်တွင် အားလုံးက အခြားသော သူများကိုသာ ကူညီကာကွယ်ပေးရန်သာ အာရုံစိုက်များနေကြသောကြောင့် ဒါရိုက်ဘာပြောသည့် လူမျက်နှာကို မြင်သည်ဆိုသော အကြောင်းအရာကို မကြားလိုက်ကြချေ။ ဒီအတိုင်း ရာသီဥတုဆိုးသောကြောင့် လမ်းကိုပင် ဖြတ်လျှောက်ရန် မလွယ်ကူသည်ဟုသာ ထင်လိုက်ကြသည်။
ထိုသို့ဖြင့် သူတို့က နဂိုအလုပ်လုပ်စအတိုင်း ဆက်လက်ပြီး ရယ်မောပြောဆို ကြလေသည်။ ရသစုံရှိုးစတားကလည်း အရင်ဦးဆောင်သောကြောင့် ကောင်းမွန်သည့် သက်ရောက်မှု ရှိလာသည်။ သို့သော် ပိုင်ရွှမ်းကမူ သူမ၏ခန္ဓာကိုယ်က အအေးဒဏ်ကြောင့် တုန်ယင်နေသလို ထင်နေရသည်။ ဝတ်စုံအပြည့်နှင့် ကားနောက်ခုံတွင် ထိုင်နေသော်လည်း အဘက်ဘက်မှ လေများက တိုက်နေသလိုမျိုး အရာအားလုံးက သူမကို အေးစက်စေပြီး ဖိအားများလာစေသည်။
“ကားထဲက လေးအေးပေးစက်က တအားနိမ့်နေလို့လား”
သူက ခပ်တိုးတိုးရေရွတ်လိုက်ပြီး ကျောပိုးအိတ်ထဲမှ တောင်တက်ဂျာကင်ကို ထုတ်ဝတ်လိုက်သည်။
ယန်ရှစ်ရွှမ်းက အနားတွင်ရှိနေသောကြောင့် ဒါရိုက်ဘာကလည်း စိတ်အေးသွားပြီး ကားကို တည်တည်ငြိမ်ငြိမ် မောင်းနိုင် သွားသည်။
ယန်ရှစ်ရွှမ်းက လက်ထဲတွင် တက်ပလက်ကိုကိုင်ပြီး ကွန့်မန့်များကို မြင်နေသည့်အပြင် ပတ်ဝန်းကျင်ကိုလည်း ဆက်တိုက်အာရုံစိုက်ထားသည်။
“ဘာလို့ တိုးဂိုက် ဖြစ်ချင်ကြလဲ ဟုတ်လား။ ဒါဆိုရင်တော့ ကျန်းဝူပင်းကို မေးရမယ်”
သူက နွမ်းနယ်နေသော ပုံစံမျိုးနှင့် ပြန်ဖြေသည်။
“တိုးဂိုက်တစ်ယောက် လုပ်တဲ့အခါ ကွန့်မန့်ကဏ္ဍကိုလည်း ကိုင်တွယ် စီစဉ် ပေးရသေးတယ်။ နောက်ပိုင်း ပလက်စတစ်ကိုလည်း စောင့်ကြည့်နေပေးနေရတယ်။ ကားရဲ့နောက်ခုံမှာလဲ သွားအိပ်နေလို့ မရဘူး။ တော်တော်လေးကို ကောင်းတယ်။ ဒါကြောင့် မင်းတို့ ကွန့်မန့်တွေ မန့်တဲ့အခါ တက်တက်ကြွကြွ ပျော်ပျော်ရွှင်ရွှင်နဲ့ ကောင်းမွန်တာတွေပဲ မန့်ကြ။ ငါ့ကို အပိုပိုက်ဆံ ထပ်တောင်းခံရအောင် မလုပ်နဲ့။ အပိုအလုပ်တွေ မပေးကြနဲ့ ”
“ငါက ဘာလို့ အင်အား အရမ်းကြီးနေတာလဲ ဟုတ်လား။ အသီးအရွက် များများ စားလေ။ အထူးသဖြင့် ဆလက်ရွက်ပေါ့။
သိပ္ပံနည်းပညာကျကျ ဒိုင်းယက်လုပ်နိုင်တဲ့ နည်းလမ်းမျိုး မဟုတ်လား။ ငါက သာမာန် လူတစ်ယောက်ရဲ့ အင်အားမျိုးကို ပိုင်ဆိုင်ထားတာ။ ဒီလိုမေးခွန်းမျိုးကို မေးတာကို ငါ မြင်ရတဲ့အချိန်တိုင်း ငါက နှစ်တစ်ရာကျော်လောက် ရှင်သန်နေပြီးသလိုတောင် ခံစားနေရတယ်။ ဒီလိုခေတ်မှာ သိပ္ပံကိုပဲ ယုံကြည်ကြပါ။ ရုပ်ရှင်တွေ လျော့ကြည့်၊ စာများများ ဖတ်”
တိုက်ရိုက်ထုတ်လွှင့်မှု အဓိကဖန်သားပြင်က ဧည့်သည်များကို ချိန်ရွယ်ခဲ့သောကြောင့် ဒါရိုက်ဘာ၏ဘေးဘက်တွင် ထိုင်နေသော ယန်ရှစ်ရွှမ်းဟာ အဓိကဖန်သားပြင် အောက်ဘက်တွင် မဟုတ်ချေ။ ထို့ကြောင့် ကြည့်ရှုသူပေါင်းများစွာနှင့် ပရိသတ်ပေါင်း များစွာက အဓိက ဖန်သားပြင်မှ ခွဲထွက်ပြီး သူ၏အခွဲဖန်သားပြင်ထံသို့ လာလာ ကြည့်ကြသည်။
သူတို့သည် ယန်ရှစ်ရွှမ်းက ယုံကြည်မှုအပြည့်နှင့် သိပ္ပံကို ယုံကြည့်ရန် ပြောနေကြသော စကားများကို ကြားလိုက်ရချိန်တွင် ကွေ့တောင်ခရီးကိုပင် စောင့်ကြည့်ခဲ့ပြီးသော လူဟောင်း ပေါင်းများစွာက ရယ်ကြသည်။
[ယန်ကော ဟန်ဆောင်မနေပါနဲ့တော့။ ယန်ကောရဲ့လက်တွေ တွက်ချက်တာကို ငါ မြင်လိုက်ပြီးသား။ ယန်ကောက တွက်ချက်နေတာ မရပ်တော့ဘူးလေ]
ယန်ရှစ်ရွှမ်း၏ နူတ်ခမ်းများက မကျေနပ်သလို ကွေးတက်သွားသည်။ ထို့နောက် သူက လက်ကိုမြှောက်ပြီး တွက်ချက်သည့် ဟန်အမူအယာကို ပြသည်။ ထို့နောက် ဟန်အမူအယာကို ထိန်းသိမ်းထားရင်း ကင်မရာကိုကြည့်ကာ ပြောလိုက်၏။
“ငါ့မှာ ADHDရှိတယ်”
[.....]
[မေ့လိုက်တော့ ငါ ငါ့ဘာသာပဲ စိတ်ကူးယဉ်လိုက်တော့မယ်။ ငါ ယုံတယ် ငါ ယုံတယ်]
ယန်ရှစ်ရွှမ်းကမူ သူတို့ ယုံယုံမယုံယုံ ဂရုစိုက်ပါချေ။ သူတို့က သိပ္ပံနည်းမကျသော ကွန့်မန့်ကိုမန့်ပြီး ပရိုဂရမ် တိုက်ရိုက်ထုတ်လွှင့်မှု ခွင့်ပြုမှုကို ပိတ်သိမ်းအောင် မလုပ်လျှင် ကျန်သော ကိစ္စများကို ဂရိုစိုက်လိမ့်မည် မဟုတ်ချေ။
သူ၏အကြည့်က ကားပြတင်းဘက် အပြင်ဘက်သို့ တစ်ချက်ကြည့်မိလိုက်ပြီးနောက် အဝေးရှိ လယ်ကွင်းထဲမှ စာခြောက်ရုပ်ကို အာရုံစိုက်မိသွားသည်။ ယန်ရှစ်ရွှမ်း၏ ထူးချွန်ပြောင်မြောက်သော မြင်နိုင်စွမ်းအားအောက်တွင် လူသားဝတ်စုံများကို ဝတ်ဆင်ထားသည့် အလွန်အမင်း စစ်မှန်သော ပုံစံမျိုးဖြစ့် စာခြောက်ရုပ်ကို မြင်လိုက်ရသည်။
49 03
နေရာအများစုတွင် ကောက်ပဲသီးနှံများကို လာစားသည့်ငှက်များကို တားရန်အလို့ငှာ စာခြောက်ရုပ်များကို ထားထားလေ့ရှိလေသည်။
သို့သော် ထိုစာခြောက်ရုပ်ကမူ အသက်အဝင်ဆုံးဖြစ်ပြီး ယန်ရှစ်ရွှမ်း မြင်ဖူးသမျှထဲတွင်ပင် အထူးဆန်းဆုံး ဖြစ်နေသည်။
ကိုယ်ထည်က သာမာန်စာခြောက်ရုပ်များလို ကောက်ရိုးခြောက်များဖြင့် လုပ်ထားခြင်း မဟုတ်ဘဲ ခြေလက်များ အမှန်တကယ် ပိုင်ဆိုင်ထားသည့် လူသားအလား ဖြစ်နေသည်။ ပေါ်နေသော ပုခုံးနှင့် လည်တိုင်များကို ဂရုတစိုက်သာ မကြည့်မိလျှင် လူအစစ်ဟု ထင်မိလောက်သည်။ သူ ဝတ်ထားသော အဝတ်များကလည်း အလွန်ရှည်ကာ ခန္ဓာကိုယ်၏ အချိုးအဆစ်နေရာများကို တိုက်ရိုက်ဖုံးနေခြင်းအားဖြင့် အဝေးမှကြည့်လျှင် လူတစ်ယောက် အမှန်ကတယ် ရပ်နေသည်ဟု ထင်ရသည်။
ဆောင်းထားသည့် ကောက်ရိုးဦးထုပ်က မျက်လုံးအထိ ဖုံးနေလေသောကြောင့် ယန်ရှစ်ရွှမ်းသည် တစ်ဖက်သူ၏ မျက်နှာတစ်ဝက်ကိုသာ မြင်ရသည်။
ရွာသားတွေက ဒုက္ခများ သက်သာအောင် ကြေငြာပစ္စည်းတွေ သုံးပြီး လုပ်လိုက်တာပဲ။
စာခြောက်ရုပ်၏ မျက်နှာက သေလွန်ပြီးသော သူတို့ ဈာပနမှရသည့် စက္ကူပိုက်ဆံသားဖြင့် လုပ်ထားသည်မှာ ကြေကွခြင်းခန်းမ (အသုဘခန်းမ)အတွင်းမှ စက္ကူလူများအလား ထင်ရသည်။ ထပ်ပြီးဖျော့တော့နေသော စာခြောက်ရုပ်၏ မျက်နှာပေါ်တွင် တောက်ပ စိုရွှဲနေသော ပါးစပ်ကိုပင် မြင်နိုင်သေးသည်။ ပါးဘက်တွင်လည်း ပါးနီအစက်နှစ်စက်က ရှိနေ၏။ မိုးက စက္ကူကို စိုသွားသောအခါ တောက်ပနီရဲလွန်းသော ဆေးများက စာခြောက်ရုပ်၏ အသက်မဲ့နေသော မျက်နှာတောက်လျောက် စီးဆင်းသွားသည်။ အောက်ဘက်သို့ တောက်လျောက် စီးကျနေလေပြီး ဖြူဖျော့နေသော စက္ကူမျက်နှာပေါ်တွင် အန္တရာယ်ရှိသော အစင်းအရာများ ရှိနေလေရာ အလွန်အမင်း ထူးဆန်းသည်။
ထိုမျက်နှာက ယန်ရှစ်ရွမ်းအား မသက်မသာ ဖြစ်စေသည်။ သို့သော် သူဟာ စာခြောက်ရုပ်ကို အချိန်အတန်ကြာ စိုက်ကြည့်နေပြီး စာခြောက်ရုပ်ကို ကားက ကျော်ဖြတ်သွားသောကြောင့် မမြင်နိုင်သည်အထိ ထူးဆန်းသည့် အရာများကို ရှာမတွေ့ခဲ့ချေ။
သူပဲ ထင်ယောင်ထင်မှား ဖြစ်တာလား။
ယန်ရှစ်ရွမ်းက မျက်မှောင် ကြုတ်လိုက်သည်။ သူက အကြိမ်ပေါင်းများစွာ သတိ အပြည့်ကပ်ထားသော်လည်း ဘာကိုမှ မတွေ့ရသည့်အတွက် စိတ်ရှုပ်ထွေး သွားရသည်။
ကားပြတင်းပေါက်နားတွင် မှီထိုင်နေသည့် ပိုင်ရွှမ်းက အဝေးမှစာခြောက်ရုပ်ကို မြင်နိုင်သည်။ သို့သော် သူမ၏အမြင်အာရုံက ယန်ရှစ်ရွှမ်းလောက် မကောင်းချေ။ သူမသည် ပြင်းပြင်းထန်ထန် ကြိုးစားကာ မျက်လုံးကို မှေးကြည့်သော်လည်း ပုံစံခပ်ရေးရေးကိုသာ မြင်နိုင်သည်။
စာခြောက်ရုပ်၏ ဘောင်းဘီရှည်များက အောက်ပိုင်းခန္ဓာကိုယ်တစ်ခုလုံးကို အုပ်ထားသည်။ သို့သော် အနီရောင်ဆေးခြယ်ပြီး သုတ်ထားသော တိုင်များက ရှည်လွန်းသောကြောင့် ခေါင်းထိပ်သို့ပင် ဖောက်ထွက်နေသည်။
သူမဟာ တစ်ချက်ကြည့်လိုက်ရုံနှင့် လူတစ်ယောက်က ခြေထောက်မှခေါင်းအထိ ထုတ်ချင်းဖောက်ထိုးလျက် အစိုက်ခံထားရသလို ထင်ရစေလေရာ အလန့်တကြားဖြင့် ပါးစပ်ကို ခပ်မြန်မြန် ပိတ်လိုက်သည်။
အန်းနန်ယွမ်က စိတ်ရှုပ်ထွေးစွာဖြင့် လှမ်းကြည့်လာသောအခါ သူမက အသံကို တိုးရင်း ပြတင်းပေါက်ဘက်သို့ ညွှန်ပြကာ ပြောသည်။
“အဲဒီကို ကြည့်လိုက်ဦး အဲဒီမှာ တစ်ယောက်ယောက်ရှိနေတယ်”
ရသစုံရှိုးက ထိုစကားကို ကြားသောအခါ ခေါင်းလှည့်ပြီး စာခြောက်ရုပ်ကို ကြည့်သည်။ ထို့နောက်ရယ်သည်။
“ပိုင်ရွှမ်းက မြို့မှာကြီးလာတာလား။ ဒါက စာခြောက်ရုပ်လေ။ လူမဟုတ်ဘူး။ လယ်ကွင်းတွေမှာ ငှက်ခြောက်ဖို့ သုံးတာ”
ထိုစကားကို ကြားသောအခါ ပိုင်ရွှမ်းက ထပ်ကြည့်သည်။ ထို့နောက် ရူးကြောင်ကြောင်ပြုံးသည်။
“အိုး စာခြောက်ရုပ်ကိုး ရယ်ရတယ်နော် ဒီစာခြောက်ရုပ်က အရမ်းရုပ်ဆိုးတာပဲ”
ရသစုံရှိုးစတားက အော်ရယ်သည်။
“သူက လူနဲ့တူတာကလွဲရင် ရုပ်ရည်က အရေးမကြီးဘူး”
ကားက လျင်မြန်စွာ ဖြတ်သွားပြီး ရယ်သံများက ကျန်ရစ်ခဲ့သည်။
ထိုသို့ဖြင့် ကွင်းက သေလုခြောက်ခြားဖွယ် တိတ်ဆိတ် သွားပြန်သည်။ မဲမှောင်နေသော ကောင်းကင်အောက်တွင် မိုးရေစက်များက ရုတ်တရက် ကျဆင်းလာပြီး အစက်များက ကြီးသထက်ကြီးလာသည်။
49 04
မိုးက အသံလှိုင်းကို ဖြတ်တောက် လိုက်သည်။ ထိုအနီးအနားဝန်းကျင်တွင် မည်သည့်ရွာမှ မရှိသလို မီးခိုးပင် မရှိလောက်အောင် ခြောက်ကပ်တိတ်ဆိတ်နေသည်။ ထိုသို့ဖြင့် အေးစက်ပြီး ခြောက်ကပ်နေသော လယ်ကွင်းများသာ ရှိသည်။
စာခြောက်ရုပ်၏ မျက်နှာတွင်ရှိသော မျက်လုံးအဖြစ် သုံးထားသည့် ကျောက်စရစ်ခဲလုံးများက ပြုတ်ထွက်သွားသည်။ ထို့နောက် သူက တောင့်တင်းစွာနှင့် ကောက်ရိုးဦးထုပ်ကို မြှောက်မလိုက်ပြီး တဖြည်းဖြည်းချင်း ကလေးများက လျှောက်ခြစ်ထားသလို ရှုပ်ထွေးနေသည့် အစင်းကြောင်းများနှင့် အနက်ရောင် မျက်ဝန်းတစ်စုံကို ထုတ်ဖော်ပြသသည်။
ထို့နောက် ကားက ဖြတ်သန်းသွားပြီဖြစ်သည့် အဝေးရှိတစ်နေရာသို့ လှမ်းကြည့်လိုက်လေသည်။ ထိုကားက တဖြည်းဖြည်းချင်း ဖြတ်သန်းသွားပြီးနောက် ကားက ဝေးသထက် ဝေးသွားသောအခါ သူတို့က ခေါင်းကိုလည်ပြီး တဖြည်းဖြည်းချင်း လှည့်ကြည့်ကြသည်။ မျက်လုံးက တောက်လျောက်လိုက်ပါသွားသည်။
ရုတ်တရက် ဖြူဖျော့နေသော စက္ကူမျက်နှာပေါ်မှ ရေစိုရွှဲနေသော စာရွက်တစ်ရွက်က ကျသွားသည်။ ထိုနေရာက ပါးစပ်နားတည့်တည့် ဖြစ်သည်။
ထို့အခါ စာခြောက်ရုပ်၏ နီရဲတောက်ပနေသော ပါးစပ်ကြီးက ရယ်သည်။
ရယ်နေတယ်။
တိတ်ဆိတ်တယ် ရူးသွပ်ပြီး ရက်စက်မှု အပြည့်ပဲ။
ယခင်တစ်ခေါက် တစ္ဆေတောင်မှ မတော်တဆမှုကြောင့် _ _ _ ထိုကိစ္စကို အောင်မြင်အောင် အဆုံးထိ ဖြေရှင်းနိုင်ခဲ့သော်လည်း ဟိုင်ရွန်ဂူဘုရားကျောင်းကမူ အလုံးစုံ လက်မလွှတ်နိုင်သေးချေ။ ထို့အစား ဘုန်းတော်ကြီးတစ်ယောက်အား ထိုရှိုးကို စောင့်ကြည့် ခိုင်းထားသည်။ ထို့အပြင် ဟိုင်ရွှန်ဂူဘုရားကျောင်းမှ သက်လတ်ပိုင်း အရွယ်နှင့် ငယ်ရွယ်သော တာအိုဘုန်းတော်ကြီးတိုင်းက လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ချန်းရွှန်ဘုန်းတော်ကြီးနှင့် ပတ်သက်သည့် ဒဏ္ဍာရီလာ ဖြစ်ရပ်များအားလုံးကို နားထောင်ပြီးကြလေရာ ထိုလူကြီး၏တပည့်ကို အလွန်စိတ်ဝင်စား လေသည်။
တိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်ကြည့်တဲ့ တာဝန်ပေးခြင်း ခံထားရတဲ့ တာအိုဆရာသခင်မာက ထိုတာဝန်ဟာ ပျင်းစရာကောင်းသည်ဟု မခံစားရချေ။ ထို့အစား ဦးလေးချန်းရွှမ်၏ တပည့်က အမှန်ပင် စိတ်ဝင်စားဖွယ် ကောင်းကြောင်း ခံစားနေရသည်။
ရုတ်တရက်တွင် သူက ပရိုဂရမ်၏ ဦးတည်ရာနေရာက ဝံပုလွေရိုင်းတောင် ဖြစ်ကြောင်း သိလိုက်သည်။
နောက်ပြီး မိုးရွာတဲ့နေ့က ဝံပုလွေရိုင်းတောင်မှာ ဖြစ်နေသေးတယ်။
တာအိုဘုန်းတော်ကြီးမာက ခပ်မြန်မြန် သူ၏ဆဲလ်ဖုန်းကို ထုတ်ပြီး ယန်ရှစ်ရွှမ်း၏ ပရိုက်ဘိတ်အကောင့်ထံ စာပို့သည်။ သူသည် ထိုအကောင့်ကို အရင်တစ်ခေါက်တည်းက တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
[ဂျူနီယာ ညီလေးယန် မင်းတို့အခု ဝံပုလွေရိုင်းတောင်ကို သွားနေတာလား]
[မသွားနဲ့ မြန်မြန် ပြန်လှည့်လာခဲ့။ မိုးရွာတဲ့ရက်မှာ ဝံပုလွေရိုင်းတောင်ကို သွားရင် အဲဒီနေရာက ဝံပုလွေရိုင်းတောင် မဟုတ်တော့ဘူး]
သို့ရာတွင် တာအိုဆရာသခင်မာက သူ၏ဖုန်းကို အချိန်အတန်ကြာအောင် စောင့်ကြည့်နေခဲ့သော်လည်း ယန်ရှစ်ရွှမ်းထံမှ ပြန်စာကို မရရှိခဲ့ချေ။ ထို့နောက် သူပို့သော စာတိုင်းက မဖတ်ထားကြောင်းသာ ဖော်ပြနေသည်။
သည်းထန်စွာ ရွာသွန်းနေသော မိုးက စိုက်ခင်းများ၏ ရေမြောင်းများကို ရေများ ပြည့်နှက်လာစေသည်။ ထိုသို့ဖြင့် ထိုနေရာတွင် ပေါလောမြောနေသည့် မိုဘိုင်းဖုန်း၏ ဖန်သားပြင်က တောက်ပ လင်းလက်လာသည်။ သို့သော် အားနည်းသော အလင်းက သည်းထန်စွာ ရွာသွန်းနေသည့် မိုးကြောင့် မဲမှောင်နေသည့်နေရာကို ထိုးဖောက်နိုင်စွမ်းအား မရှိချေ။
ရုတ်တရက် ဘေးဘက်ခြမ်းရှိ အရိုးသာ ရှိနေသည့် လက်တစ်ဖက်က ဆန့်ထွက်လာပြီး ထိုဖုန်းအား သစ်ကိုင်းခြောက်များ၊ ရွှံ့များထဲသို့ ဆွဲသွင်းလျက် ချိုးချေပစ်လိုက်သည်။
ခရက်
ယန်ရှစ်ရွှမ်းက မျက်လုံးကို ရုတ်တရက် ဖွင့်လိုက်သည်။ သူ၏ငိုက်မြည်းစိတ်က ပျောက်ကွယ်သွားပြီ ဖြစ်သည်။
မိုးက သည်းသထက် သည်းလာသည်။ ကားပြတင်းပေါက်များထံမှ ကျောက်တုံးများ ပစ်ခတ်နေသလိုမျိုး ကွဲအက်သံများက ပြတင်းပေါက်များ ကွဲမည့်အခြေအနေကိုပင် စိုးရိမ်မိသေးသည်။
နောက်ဘက်မှ ရယ်မောပျော်ရွှင်ကာ ဆူညံနေကြသည့် ဧည့်သည်များက အသံတိုး သွားကြပြီဖြစ်ပြီး သူတို့၏ ယုံကြည်မှု ပျောက်ဆုံးမှုနှင့် တုန်ယင်နေသော အသံများအရ ကြောက်လန့်မှုကို ဖော်ပြလာကြသည်။
သည်းထန်စွာ ရွာသွန်းနေသော မိုးအောက်တွင် တောကြီးမျက်မည်းထဲကို ရောက်နေသည့်အပြင် ကား၏မီးအရောင်တစ်ခုတည်းကသာ တစ်ခုတည်းသော အလင်းရောင်ဖြစ်နေသည်။ ဘေးဘက်တွင် လူသူရှင်းလင်းသော လမ်းကြီးဖြစ်နေပြီး ထိုလမ်းတောက်လျောက် မောင်းနှင်နေရလေရာ ပတ်ဝန်းကျင်အမှောင်ထုက ဝါးမြိုသထက် ဝါးမြိုနေသည့် ပတ်ဝန်းကျင်ကိုသာ တောက်လျောက် မြင်နေရပေလိမ့်မည်။ မည်သည့် နေရာမှ ရပ်နားစရာမရှိပဲ ရှေ့သို့သာ ဆက်သွား နေရသည်။ လမ်းတွင်လည်း မည်သည့်ဆိုင်မှ မရှိချေ။ ထို့ကြောင့် လူအများသည် ယာယီအားဖြင့် မည်သည့်အခြေအနေကိုမှ မကြုံနေရသောလည်း အလိုလိုပင် ကပ်ဘေးကို အာရုံခံမိလာလေသည်။
******