Ch 68
Viewers 6k

68 01

အပိုင်း(၆၈)

 

ရုန့်ရုန့်သည် ပိုင်ရွှမ်းကို စိတ်ဝင်စားခြင်း မရှိချေ။

 

သူမက ဒီအတိုင်း ခေါင်းကိုသာ မော့ပြီး ပိုင်ရွှမ်းကို တစ်ချက်ကြည့်သည်။ ထို့နောက် ခေါင်းကို ပြန်ငုံ့ပြီး တက်တက်ကြွကြွနှင့် သူမ၏ အသွေးအသားများ ပြည့်နှက်နေပြီးသား ပါးစပ်အတွင်းသို့ အရိုးပေါ်နေသည့် လက်ကို ပြန်ထည့်ကာ ထက်ရှသော အစွယ်သွားကို သုံးပြီး ကိုက်သည်။

 

ပိုင်ရွှမ်းသည်လည်း ထိုအရာကို မြင်နေရုံနှင့် သူမ၏လက်ညိုးများက ကြိမ်းကိုက်လာသလို ခံစားလာရသည်။ သူမ၏လက်ညိုးများကပင် ဒဏ်ရာရသွားသလို ပြန်ကြည့်မိသွား၏။ ရုန့်ရုန့်က ထိုလက်ညိုးမှ သွေးများ တစ်စက်စက်ကျပြီး အသားများ ပဲ့ထွက်သည်အထိ ကိုက်ဝါးနေသော မြင်ကွင်းအား ပိုင်ရွှမ်းသည်လည်း ဒီအတိုင်း ထိုင်ကြည့်နေရသည်။ သူမ၏ နှလုံးသားက တုန်ယင်လာပြီး အသက်ရှူသံကို အောင့်ထားမိသွားသည်။ သူမကို ရုန့်ရုန့်က သတိထားမိမည့် အရေးကို စိုးရိမ်မိသွားသည်။ ယခုလေးတင် ရုန့်ရုန့်နှင့် ပတ်သက်ပြီး တစ်စုံတရာ မှားယွင်းနေကြောင်း ဆုံးဖြတ်ချက် ချလိုက်နိုင်သည်။  ဒါဟာ ညဘက်ရေသွားချိုးချိန်က ကိစ္စ‌ကြောင့် ဖြစ်နိုင်သည်။

 

ပိုင်ရွှမ်းက တံခါး၏လက်ကိုင်ကို တိတ်တဆိတ် ဖိလိုက်ပြီး ဖွင့်ကာ ခြေဖျားထောက် ထွက်သွားရန် ကြံစည်လိုက်သည်။

 

ဒက်

 

ယန်ကော အိပ်မက်ထဲမှာ လူသတ်တတ်လို့ နောက်ပေမဲ့လည်း သူမရဲ့အခန်းဖော်ကတော့ ကြည့်ရုံနဲ့တင် လူသတ်နိုင်တယ်။

 

သို့ရာတွင် ထိုအခိုက်အတန့်တွင် ယခုလေးတင် ဘာကိုမမြင်သလို တုန့်ဆိုင်းနေသည့် ရုန့်ရုန့်က ရုတ်တရက်‌ ခေါင်းကိုမော့ပြီး ပိုင်ရွှမ်းကို ကြည့်သည်။

 

ပိုင်ရွှမ်းကလည်း ကြောက်လွန်းသဖြင့် ထိုနေရာတွင် တောင့်တင်းစွာ ရပ်ပြီး ဆက်လုပ်မည့် ကိစ္စကိုပင် မေ့သွားသည်။

 

ရုန့်ရုန့်က ရယ်သည်။ သူမ၏ သွေးများစိုရွှဲနေပြီး သူမ၏ကိုယ်ပိုင်အသားများ ညှပ်နေသော သွားများက ပေါ်လာသည်။ ထို့နောက် ပိုင်ရွှမ်းကို ကြည့်ကာ ထူးဆန်းစွာ ရယ်လာသည်။

 

“လက်သည်းတွေက ချွန်တယ်”

 

ပိုင်ရွှမ်းက ထိုအဓိပ္ပာယ်ကို နားမလည်နိုင်သေးခင် ရုန့်ရုန့်က ရုတ်တရက် ခုတင်ပေါ်မှ ခုန်ဆင်းလာပြီး သူမဆီ အပြေးလာသည်။ သူမ၏ ကုန်းနေသော ကိုယ်က ဖြတ်လတ်မြန်ဆန်လွန်းလေရာ နူးညံ့ပြီး အားနည်းသည့်  မင်းသမီးတစ်ယောက်နှင့်ပင် မတူပဲ တောင်တန်းထဲတွင် တစ်နှစ်ပတ်လုံးနေပြီး အမဲလိုက်နေခဲ့သည့် သူအလား ထင်ရသည်။ တိရိစ္ဆာန်တစ်ကောင်က သူ၏အရိုးပေါ်နေသော လက်သည်းများကို ထုတ်လျက် ဆန့်တန်းလာကာ ပိုင်ရွှမ်းထံ အပြေးဝင်လာသည်။

 

ပိုင်ရွှမ်းက အသက်ရှူပင် အောင့်ထားမိသည်။ သူမ၏ အလားအလာများ အားလုံးက ကြောက်လန့်မှုများနှင့် အတူ ပေါက်ကွဲထွက်သွားပြီး အပြင်ဘက်သို့ တိန်းကာရှောင်ရင်း ရုန့်ရုန့်၏လက်ကို ရှောင်လိုက်နိုင်သည်။

 

ထို့နောက် သူမ၏ နဂိုရပ်နေသည့် နေရာဖြစ်သည့် တံခါးကို ရုန့်ရုန့်က ပေါက်ထွက်အောင် လုပ်လိုက်မိလေရာ အေးစက်သော လေပြင်းက တိုက်ရိုက်ဝင်ရောက်လာပြီး သူမတစ်ကိုယ်လုံးကို စိုရွှဲသွားစေသည်။

 

ရုန့်ရုန့်က သူမ၏လက်ဝါးဖြင့် တံခါး၏ကို ရိုက်ချလိုက်ပြီးနောက် ပိုင်ရွှမ်းကို ဆက်လက် မတိုက်ခိုက်တော့ပဲ သူမ၏လက်ချောင်းကိုသာ ပြန်လည်ဝါးနေနေသည်။ သူမ၏လက်ကောက်ဝတ် တစ်ခုလုံးက သွေးများစိုရွှဲနေပြီး ဒဏ်ရာက အပေါက်ပေါင်းများစွာ ဖြစ်လာသည်။ သို့သော် သူမကလည်း မနာတတ်သေးချေ။

 

ထိုမြင်ကွင်းကို မြင်သောအခါ ပိုင်ရွှမ်းနှလုံးသားက တုန်ယင်သွားသည်။ သူမက ငိုချင်နေသည်။ ဘေးဘီကို ကြည့်ရင်း ရုန့်ရုန့်အား အခန်းထဲမှ ထွက်သွားအောင် မောင်းထုတ်ရန် စဉ်းစားလိုက်သည်။ ရုတ်တရက် သူတို့အိပ်သော ကုတင်အောက်ဘက်တွင် သူမကို စိုက်ကြည့်နေသော သွေးနီရောင်မျက်ဝန်းတစ်စုံကို‌ တွေ့လိုက်သည်။

 

ထိုအရာဟာ မည်သည့်အချိန်ကတည်းက သူမကို စိုက်ကြည့်နေကြောင်း  မသိနိုင်ချေ။ သူတို့ဟာ မီးမှိတ်ပြီး အိပ်ယာဝင်ရန် ပြင်ဆင်ချိန်ကတည်းက စောင့်နေခဲ့ခြင်း ဖြစ်နိုင်သည်။ သူမကို ယခုလေးတင် ရုန့်ရုန့်က တိုက်ခိုက်ခဲ့သောအခါ ထိုအရာကလည်း ကြည့်နေ၏။ သူ၏မျက်လုံးထဲတွင် အေးစက်သော ရန်လိုမှုနှင့် လောဘများကို မြင်နိုင်သည်။ ထို့နောက် သူမကို တိတ်တဆိတ် စိုက်ကြည့်နေခဲ့သည်။

 

ထိုအချိန်အတွင်လည်း သူသည်လည်း ပိုင်ရွှမ်း၏အကြည့်ကို သတိထားမိသွားပြီး ကြည့်လာသည်။ ထို့နောက် သူက ခုတင်အောက်ဘက်မှ တဖြည်ဖြည်းချင်း တွားသွားကာ ထွက်လာသည်။ သူ၏အမွှေးများပြည့်နှက်နေသော လက်က အရင်ဦးဆုံး ဆန့်ထွက်လာ၏။ လက်သည်းထိပ်က ဓားမြှောင်တစ်လက်အလား ထက်ရှလွန်းပြီး သွေးနီရောင်အလင်းဖြင့် တောက်ပနေသည်။

 

ထိုနီရဲနေသော သွေးရောင်လက်သည်းက မည်မျှများပြားသော အသွေးအသားများကို ဆုတ်ဖြဲခဲ့ပြီးကြောင်း မည်သူမှ မသိနိုင်ချေ။

 

ထိုအချိန်တွင် ရုန့်ရုန့်ကလည်း တံခါးပေါက်နားတွင် ရပ်ပြီး သူမ၏လက်ချောင်းကို ကိုက်စားနေရာမှ ပိုင်ရွှမ်းကို လှည့်ကြည့်လာသည်။ ရန်သူဟာ အဖက်ဖက်တွင် ရှိနေသည်။ ပိုင်ရွှမ်း၏နဖူးတွင် ချွေးစေးများ ရွှဲနေပြီဖြစ်သည်။

68 02

တစ်ခဏခန့်ကြအောင် ထိပ်တိုက်ရင်ဆိုင်ရင်း လွန်ဆွဲနေခဲ့ပြီးနောက် နှစ်ယောက်လုံးက တစ်ချိန်တည်းလိုလို သူတို့၏လက်များ ဖြင့် ပိုင်ရွှမ်းထံ လှမ်းလာကြသည်။

 

ပိုင်ရွှမ်းကမူ ရုန့်ရုန့်၏လက်မောင်းကြားမှ အလျင်အမြန်ထွက်ပြီး အရှေ့ဘက်ခြမ်းမှ တံခါးဘက်သို့ အပြေးသွားသည်။ သူမက လျှင်မြန်စွာဖြင့် တံခါးကိုဖွင့်ကာ အပြေးထွက်သည်။ ထို့နောက် လက်နောက်ပြန်နှင့် တံခါးကို တင်းတင်းကြပ်ကြပ် ပိတ်လိုက်သည်။ ဘေးဘက်မှ ကုလားထိုင်ကိုလည်း ဆွဲလုယူလိုက်၏၊

 

တံခါးအတွင်းဘက်မှ ဘန်းဘန်းဘန်းနှင့် တံခါးခေါက်သံက ပေါ်လာသည်။ အသစ်စက်စက် ဖွင့်ထားသော တံခါးပေါက်အတွင်းမှ အမွှေးများ ပြည့်နှက်နေသော လက်တစ်ဖက်က ထွက်လာ၏။

 

ပိုင်ရွှမ်းက ခပ်မြန်မြန် တိမ်းကာရှောင်သည်။ သို့သော် ခန္ဓာကိုယ်တစ်ခုနှင့် ဝင်တိုက်မိသွားသည်။

 

လူများ၏ သွေးကြောများက ထိတ်လန့်မှုအမြင့်ဆုံးသို့ ရောက်ရှိနေသည့်အခါ အနီးအနားတွင် မမျှော်လင့်ထားသော တွေ့ဆုံမှုနှင့်ပင် ထိတ်လန့်မှုတတ်သည်။ ပိုင်ရွှမ်းကလည်း ထိုအချိန်တွင် သူမ၏ဝိဉာဉ်က ခန္ဓာကိုယ်အတွင်းမှ လွတ်ထွက်သွားသလို ခံစားရသည်။ သူမ၏စိတ်အတွင်း မရေမတွက်နိုင်သော အတွေးပေါင်းများစွာက ပြည့်နှက်သွားပြီး ချက်ချင်းဆိုသလို အော်လိုက်သည်။

 

“အား “

 

“အား_ _ _အား နေပါဦး  ပိုင်ရွှမ်းလား”

 

ပိုင်ရွှမ်း၏အသံက အပြီးတိုင်မထွက်သေးခင် ရုတ်တရက် သူမ၏နောက်ဘက်တွင် သူမနှင့် တိုက်မိ လိုက်သည့်အရာကလည်း သူမထက်ပင် ပိုပြီးကြောက်လန့်ပြီး အော်ဟစ်လာသည်။ ထို့အပြင် သူမကို သိသလိုနှင့် နာမည်ကို အော်ခေါ်လာသည်။

 

ထို့အပြင် ပိုင်ရွှမ်း၏စိတ်တွင် အတွေးပေါင်းများစွာက ဖြတ်ပြေးသွားသည်။

 

ညဘက် လမ်းလျှောက်နေချိန်တွင် တစ်စုံတစ်ယောက်ဟာ နာမည် အော်ခေါ်လာသောအခါ ပြန်ဖြေ၍ မရချေ။ သို့မဟုတ်လျှင် နောက်ခံကို အစားထိုး ခံရနိုင်သည်။ သို့သော် ပိုင်ရွှမ်းက ထိုအကြောင်း ဆက်မတွေး နိုင်သေးခင် နောက်ဘက်မှလူက တောင့်တင်းနေသော သူမကို ဘေးဘက်သို့ ဆွဲခေါ်လိုက်ပြီး မျက်ရည် ပြည့်နှက်နေသော အသံမျိုးနှင့် အော်ပြောသည်။

 

“ဟောလီဝုဒ်မူဗွီတွေက ငါ့ကို နောက်နေတာ ဖြစ်မယ်။ ဒီလို အခြေအနေမျိုး အသင်းဖော်နဲ့ တကယ်ပဲ လာတွေ့တာလား”

 

“မင်းနဲ့အတူ ထွက်ပြေးရတာ ကောင်းလိုက်တာ”

 

ပိုင်ရွှမ်း “???”

 

“အန်းနန်ယွမ်လား”

 

သူမက ထိတ်လန့်တကြားမေးသည်။

 

ထို့နောက် စိတ်အားထက်သန်သော အဖြေကိုရသည်။

 

ပိုင်ရွှမ်းက ဘေးဘက်သို့ လှည့်ကြည့်လိုက်သောအခါ သူမ ဝင်တိုက်မိသောသူက အန်းနန်ယွမ် ဖြစ်ကြောင်း မြင်လိုက်၏။ ဘေးဘက်တွင်လည်း မှင်သက်နေပုံရသည့် စုန့်ချီလည်း ရှိသည်။ သို့သော် လက်ရှိအခြေအနေက သူ့အား အကြာကြီး သံသယ ဝင်ခွင့် မပေးချေ။ ပိုင်ရွှမ်း၏အရှေ့မှ တံခါးက ဘန်းဘန်းဘန်း အသံကို ထုတ်နေရုံသာ မကသေးလေပဲ အချိန်မရွေး ပွင့်ထွက်ပြီး အတွင်းမှအရာများက ထွက်လာနိုင်ကြောင်း ဖော်ပြနေသည်။

 

ထို့အပြင် အန်းနန်ယွမ်၏ ဘေးခန်းတံခါးကလည်း တဘန်းဘန်း အသံထွက်နေသည်။

 

ပိုင်ရွှမ်းနှင့် အန်းနန်ယွမ်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး စုန့်ချီကို ဆွဲခေါ်ကာ ခပ်မြန်မြန်ပြေးသည်။

 

“ယန်ကော ယန်ကော ကယ်ပါ”

 

သို့ရာတွင် သူတို့က ယန်ရှစ်ရွှမ်း၏ တံခါးကို ခေါက်နေသောအခါ မည်သူကမှ လာဖွင့်မပေးချေ။ နောက်ဘက်မှ တံခါးက ကွဲအက်လာကြောင်း မြင်လိုက်ရုံနှင့် သူက ရွေးချယ်စရာမရှိပဲ ယန်ရှစ်ရွှမ်း၏တံခါးကို အတင်းဖွင့်လိုက်ရသည်။ သို့သော် တံခါးအတွင်းတွင် မည်သူမှမရှိချေ။ နှစ်ယောက်လုံးက နေရာတွင်ပင် မှင်သက် သွားကြသည်။

 

ထို့နောက် ထိုအရာများ သူတို့၏တံခါးများကို ဆုတ်ဖြဲပြီး အတွင်းမှ လျှောက်ထွက်လာသည်။

 

လျှောက်လမ်း၏ မှေးမှိန်သော အလင်းရောင်အောင်တွင် အမွှေးများ ပြည့်နှက်နေသော ထိုအရာက တစ်မီတာကျော်ခန့်ပင်မြင့်ပြီး မတ်တပ်ပင်ထရပ်နေသည့် ဝတုတ်တုတ် ကြွက်ကြီးတစ်ကောင် ဖြစ်ကြောင်း တွေ့လိုက်ရသည်။

 

အန်းနန်ယွမ်က မတော်တဆ ထိုအကောင်နှင့် မျက်လုံးချင်းဆုံလိုက်သည်။ ထိုအကောင်က ချက်ချင်းလိုလို ပြန်ကုန်းချလိုက်ပြီး သူတို့ထံ လျှင်မြန်စွာ ပြေးလာသည်။

 

ထို့နောက် သူတို့က ဘေးသို့ လှည့်ပြီး ပြေးသည်။ သူသည် အသက်ဘေးမှ လွတ်အောင်အော်ပြေးနေရသည်။

 

“ယန်ကောက မရှိတာ ငါတို့ဘယ်လိုလုပ်ရမလဲ”

 

“ငါ့ကို လာမေးမနေနဲ့။ ငါက ဘယ်လိုလုပ်သိမှာလဲ။ ငါ သရဲမဖမ်းတတ်ဘူးလေ။ ဘာပဲဖြစ်ဖြစ် ပြေးရအောင်။ အား ယန်ကော ယန်ကော ယန်ကော ဘယ်မှာလဲ”

 

တိတ်ဆိတ်နေသင့်သော ဘုရားကျောင်းတစ်ခုလုံးက ပြေးလွှားသံများ၊ တကျွီကျွီ အသံများဖြင့် ဆူညံသွားသည်။

68 03

ထိုသို့ဖြင့် လူပေါင်းများစွာက ကော်ရစ်တာနှင့် ခန်းမတောက်လျောက် လျင်မြန်စွာ ထွက်ပြေး လာကြသည်။ လွတ်‌မြောက်ရန် စိတ်အားထက်သန်လွန်းနေသောကြောင့် ခန်းမအတွင်းတွင် သူတို့၏အခန်းများကို ချိန်ကာ ဖွင့်ထား‌သော တိုက်ရိုက်ထုတ်လွှင့်မှု ဖန်သားပြင်က သူတို့၏လှုပ်ရှားမှုတိုင်းကို ရိုက်ကူးထားကြောင်း မသိလိုက်ချေ။

 

ညသန်းခေါင်အချိန်သည် လူအနည်းဆုံး အချိန် ဖြစ်သည်။

 

ယန်ရှစ်ရွှမ်းက လူတိုင်းကို မောင်းထုတ်ထားသောကြောင့် အန်းနန်ယွမ်မှ လွဲပြီး မည်သည့် ဖန်သားပြင်အခွဲမှ မဖွင့်ထားချေ။ ထို့ကြောင့် တိုက်ရိုက်ထုတ်လွှင့်မှု၏ အဓိကဖန်သားပြင်က ရှင်းလင်းသော ခန်းမကိုသာ ပြထားသည်။ သူတို့သည် ဧည့်သည်ကို မမြင်ရချေ။ ညအမှောင်ကိုသာ မြင်နိုင်လေရသည်။ ရလဒ်အနေဖြင့် ကြည့်ရှုသူများက ပျင်းလာကြသည်။  အများစုကမူ ထွက်ကာ အိပ်နေကြပြီ ဖြစ်သည်။

 

ထို့ကြောင့် တိုက်ရိုက်ထုတ်လွှင့်မှု ဖန်သားပြင်အရှေ့တွင် ကြည့်ရှုသူ အနည်းငယ်ကသာ ရှိနေသည်။ သူတို့သည် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ မိုးသံများကို နားထောင်ပြီး အိပ်ရန် ကြံစည်ထားပုံ ရသည်။

 

သို့ရာတွင် ရုတ်တရက် ဧည့်သည်များထံမှ အော်သံများကြောင့် တိတ်ဆိတ်မှုက ပြိုကွဲသွားသည်။ အိပ်ယာထဲတွင်လှဲရင်း ငိုက်မျဉ်းနေကြသည့်  ကြည့်ရှုသူပေါင်းများစွာက လန့်ပြီး အလန့်တကြား နိုးလာကြသည်။ သူတို့က ဖုန်းကို ခပ်မြန်မြန် ပြေးယူကြသည်။ သူတို့သည် အံ့အားသင့်မှုအပြည့်နှင့် အခြေအနေကို သိချင်သွားကြသည်။ ထို့နောက် သူတို့သည် အမွှေးရှည်ကြီးနှင့် သတ္တဝါတစ်ကောင်ကို တွေ့လိုက်ရသည်။

 

ထိုအကောင်သည် အင်တာနက်တွင်၊ တိရိစ္ဆာန်ရုံတွင် မြင်ခဲ့ဖူးသော ချစ်စရာကောင်းသည့် အကောင်လေးများနှင့် ခြားနားသည်။ ကင်မရာအောက်မှ ထိုအကောင်က အကျည်းတန်ပြီး ကြောက်စရာပုံစံမျိုးနှင့် ဖြစ်သည်။ အမွှေးများ၏အောက်မှ ကြွက်သားများအပြင် ကျဉ်းမြောင်းလွန်းသော မျက်လုံးက နီရဲနေသည်။ မဲမှောင်နေသာ ဝန်းကျင်တွင် ထိုအကောင်က ထူးဆန်းပြီး ကြောက်စရာ ကောင်းလေသည်။

 

ရလဒ်အနေဖြင့် ကြည့်ရှုသူများ၏ ဒေါသက လည်မြို့တွင် တစ်သွားသည်။ အရာအားလုံးကို ထိုသားရဲကောင်၏ မျက်လုံးကြောင့် ဖြစ်ပေါ်လာသော သက်ရောက်မှုက လွှမ်းခြုံသွားသည်။

 

[သောက်ကျိုးနည်း ရှစ် ငါ အခုလေးတင် တအားအိပ်ချင်နေတာ မဟုတ်ဘူးလား။ ဘယ်လိုကြောင့်များ ရုတ်တရက်ကြီး တစ်မီတာလောက်ရှိတဲ့ ကြွက်ကြီးက ဖြတ်ပြေးသွားတာကို မြင်လိုက်ရတာလဲ]

 

[မင်း အမြင်မှားတာ မဟုတ်ဘူးလို့ ငါ အာမခံပေးတယ်။ တော်တော်လေးကို  အံ့ဩဖို့ကောင်းတာပဲ။ ငါက တောင်ပိုင်းသားလေ။ ဒါကြောင့် ကြောင်ထက်ကြီးတဲ့ ကြွက်တွေကို မကြာခဏ မြင်နေကြပါ။ သူတို့ရဲ့ တော်တော်လေး ကြောက်ဖို့ ကောင်းတယ်။ နောက်ပြီး အဲ့ဒီကြွက်ရဲ့သွားကို မြင်လိုက်လား။ ဘုရားရေ ဒါကို ကြွက်လို့တောင် ခေါ်လို့မရတော့ဘူး။ ဒါက မကောင်းဆိုးဝါးပဲ]

 

[အရမ်းကောင်းတယ်။ ငါ အစကတော့ မိုးရဲ့ဆူညံသံကို နားထောင်ပြီး နောက်ခါတေး အဖြစ် သုံးချင်ခဲ့တာ။ ဒါပေမဲ့ အံ့အားသင့်မှုကြောင့် လန့်နိုးလာရတယ်။ ဒါကြောင့် ငါ စီးကရက်ကို မီးညှိလိုက်ပြီ jpg]

 

[အား အား အား ကျေးဇူးပြုပြီး ကွန့်မန့်တွေကို များများပို့ကြပါဦး။ ဒီကွန့်မန့်တွေကို စောင့်တဲ့သူက ဘယ်ရောက်သွားလဲ။ ဝူး ဝူး ငါ အခုလေးတင် အိမ်စာပြီးတာလေ။ ငါ ခေါင်းလေးမော့ရုံပဲ ရှိသေးတယ်။ အဲ့ဒီအရာကြီးကို တွေ့လိုက်ရတယ် ဝူး ဝူး ဝူး ငါ ကြောက်လို့ ငိုနေမိပြီ။ ငါ အခု အခန်းထဲက မီးတွေအားလုံး ဖွင့်ထားပြီး ကြောက်လို့ ငိုနေရတယ်။ အမေကလည်း ရှိနေသေးတယ်။ ငါ့ကို တံခါးနားမှာ ရပ်ပြီး ဘာဖြစ်နေတာလဲလို့ မေးတယ်။ ဒါပေမဲ့ ငါ တံခါးတောင် မဖွင့်ပေးရဲဘူး]

 

[အဆုံးမှာ ဘာဖြစ်သွားတာလဲ။ ကွေ့တောင်ကလို ဖြစ်တာတော့ မဟုတ်ပါဘူးနော်။ ငါ နောက်ပြီး အခုထွက်ပြေးသွားတာ ပိုင်ရွှမ်းလားလို့။ နောက်ပြီး ယန်ကော ဒီမှာမရှိဘူးလို့ ပြောလိုက်တဲ့ ဘေးကတစ်ယောက်က ဘယ်သူလဲ။ ဘယ်လိုလုပ်ရမလဲ။ ငါ တအားစိုးရိမ်နေပြီ။ ကွေ့တောင်က အတိုင်းပဲ ဖြစ်လာခဲ့မယ်ဆိုရင် ယန်ကောကပဲ သူတို့ကို ကယ်နိုင်မှာလေ]

 

[ငါ အခုလေးထပြီး ပရိုဂရမ်ရဲ့ မိတ်ဆက်တွေကို သွားကြည့်နေတာ။ ဒါက လှပတဲ့ သဘာဝရှုခင်းတွေကို ခံစားပြီး အေးအေးဆေးဆေး ပေါ့ပေါ့ပါးပါးနဲ့ ဟီးလင်းဖြစ်စေတဲ့ အစီအစဉ်တစ်ခုကို ဦးဆောင်မယ်ဆိုတာကို ယုံကြည်နေတုန်းပဲ ရှိသေးတယ်_ _ _ တိုက်ရိုက်ထုတ်လွှင့်မှုက ထွက်လာပြီး ဒီမိတ်ဆက်နဲ့ ပရိုဂရမ်ရဲ့ နေရာချထားမှုကို ပြန်ဆွေးနွေးရအောင်။ ငါ ရိုက်မသတ်ဘူးလို့ ကတိပေးပါတယ်။ ဒါက စိတ်အေးပြီး အပန်းဖြေနိုင်မဲ့ အရာလား။ မင်းတို့ရဲ့ရှိုးက နေရာမှာတင် ဝိဉာဉ်နူတ်နိုင်တဲ့ ဖျော်ဖြေမှုတစ်ခုလို့တောင် ထင်နေပြီ]

 

[နေပါဦး ခဏနေဦး ဖန်သားပြင်ကို ကြည့်စမ်း။ ဒါကဘာလဲ။ ခန်းမထဲက အဲ့တာက ဘာလဲ]

68 04

ကွန့်မန့်များမန့်ရင်း အလုပ်များနေကြသောသူများက ရုတ်တရက် ထွက်လာသော အကောင်ကြီးကြောင့် လန့်သွားသည့် သူတို့၏ကြောက်လန့်စိတ်ကို ချန်နယ်များပေါ်တွင် ဖြေဖျောက် နေကြချိန်တွင် ရုတ်တရက် သတိပေးချက် တစ်ခုလိုမျိုး တစ်စုံတရာက လူတိုင်း၏အာရုံကို ဆွဲဆောင်သွားသည်။ တစ်ချို့သော ထိတ်လန့်ကြသည့် ကြည့်ရှုသူများဆိုလျှင် သူတို့၏လက်ဖဝါးများကို ဖန်သားပြင်ကို အပြည့်ကပ်လိုက်ပြီး ချောင်းကြည့်ကြသည်။ လက်အဟကြားမှသာ ဖန်သားပြင်ကို ခိုးကြည့်ပြီး တစ်စုံတရာ ထွက်လာသည်နှင့် ချက်ချင်းပြန်ပိတ်ရန် ကြံစည်လိုက်သည်။

 

ထို့နောက် သူတို့က ကင်မရာ၏အောက်ဘက်တွင် ဖောက်ထွင်းမြင်ရမတတ် ကြည်လင်နေသည့် အနီရောင်ပုံရိပ်များက နံရံများကို ကျော်ဖြတ်လျက် တဖြည်းဖြည်းချင်း ခန်းမထဲသို့ ဝင်ရောက် ဖြတ်လျှောက်သွားကြောင်း မြင်လိုက်ရသည်။ ထို့အပြင် ရှေ့သို့ဆက်လျှောက်နေသေး၏။ သူတို့၏ခြေထောက်က မြေပြင်ကို မထိချေ။ မြေပြင်အထက် မီတာတစ်ဝက်ခန့်တွင် ရှိနေသည်။

 

သူတို့၏မျက်နှာကလည်း ဝါးနေသည်။ သူတို့၏ မျက်နှာသွင်ပြင် အသေးစိတ်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ချေ။ သူတို့က ဒီအတိုင်း တိတ်တဆိတ်စွာ အသက်မဲ့စွာ လျှောက်ပြီး ထွက်သွားနေကြသည်။ ထို့အပြင် မည်သည့်အသံမှလည်း မထွက်ချေ။

 

ထိုအရိပ်များ တစ်ခုပြီးတစ်ခု ထွက်လာပြီး တစ်ချိန်တည်း ထွက်သွားသည်။

 

ထိုအနီရောင်အရိပ်များက နံရံကိုပင် ဖြတ်နိုင်သည်။ ထို့အပြင် စားပွဲ၊ ကုလားထိုင်များကို ဖြတ်နိုင်ပြီး သူတို့နောက်ဘက်ရှိ အရာများကို ဖောက်မြင်နေရကြောင်း မြင်သောအခါ ကြည့်ရှုသူများက တောင့်တင်းလျက် မှင်သက်သွားသည်။ အချိန်အတန်ကြာမှသာ တုန့်ပြန်လာသည်။

 

“ဒါ ဒါ ဒါ ဒါက ဒဏ္ဍာရီလာသရဲဆိုတာ ထင်တယ်”

 

ထိုသရဲပုံရိပ်များက တိုက်ရိုက်ထုတ်လွှင့်မှု ပစ္စည်းများကိုပင် ဖောက်ဖြတ်သွားလာကာ မှန်ဘီလူးတစ်ခုလုံးကိုပင် ဝေဝါးသော သွေးနီရောင်အလင်းဖြင့် အလှဆင်လိုက်သည်။ တိုက်ရိုက်ထုတ်လွှင့်မှုတိုင်းကလည်း လှုပ်ခတ်လာသည်။ လျှပ်စစ်ပစ္စည်းပေါ်တွင် ပေါ်သော ပုံရိပ်များက တဖြတ်ဖြတ် ဖြစ်လာသည်။

 

သရဲများအကြားတွင် ကလေးများလည်း ပါသည်။ သူတို့ကမူ သိချင်စိတ်ပြင်းပြသည့် သဘာဝ ရှိသည့်အလျောက် ကင်မရာကို ဖြတ်သန်းနေချိန်တွင် သိချင်စိတ် ပြင်းပြင်စွာနှင့် ငုံ့ကြည့်ကြသေးသည်။ 

 

******