အပိုင်း(၇၄)
အဓိကဖန်သားပြင်ပေါ်တွင် တိုက်ရိုက်ထုတ်လွှင့်မှု အခန်း၏အရှေ့တွင် ကြောက်လန့်မှု အပြည့်နှင့် စောင့်ဆိုင်းနေသော ကြည့်ရှုသူများက ရုန့်ရုန့်က ပြန်ထုတ်လိုက်သည့် တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာကြီး၏ ယမ်းခါနေသော မှန်ဘီလူးများကြောင့် ကြောက်လန့်မှုက ပို၍ ပြင်းထန်လာသည်။
တိုက်ရိုက်ထုတ်လွှင့်မှု၏ ရှုထောင့်ဟာ ဆက်တိုက်ဆိုသလို ပြောင်းလဲနေသည်နှင့်အမျှ ကြည့်ရှုသူများဟာ အနီရောင်သရဲများ၏ အစိမ်းရောင်၊ အဖြူရောင်မျက်နှာများကို အနီးကပ် မြင်လာရသည်။ ထိုသရဲများ၏ခြေထောက်က မြေပြင်တွင် ထိခြင်းမရှိပဲ လေပေါ်တွင် မျှောလွှင့်နေကြောင်းကို ထင်ထင်ရှားရှား မြင်နိုင်သည်။
အဓိကဖန်သားပြင်၏ ဘက်ဂရောင်းတွင် အော်ဟစ်သံများ၊ အကူအညီ တောင်းသံများ ရှိသော်လည်း မည်သည့်အရာကိုမှ ထင်ထင်ရှားရှား မမြင်ရလေရာ ပို၍ကြောက်စရာ ကောင်းလေသည်။
ဧည့်သည်များ အိပ်နေသော အခန်းများထဲမှ လူတိုင်းက နိုးနေကြပြီ ဖြစ်သည်။
အန်းနန်ယွမ်နှင့် ပိုင်ရွှမ်းတို့၏ မတော်တဆမှုပြီးနောက် အခြားသော နှစ်ခန်းထဲတွင်လည်း ပြဿနာများ ပေါ်လာကြသည်။
အစပိုင်းတွင်မူ အန်တိုနီနှင့် တစ်ခန်းတည်းယူသော တဲလန့်အက်တာက အိပ်ပျော်နေရင်းမှ ရုတ်တရက် တစ်စုံတစ်ရာဟာ တစ်စုံတစ်ခုကို ကြိတ်ဝါးနေသလို အသံမျိုးကို ကြားလိုက်သည်။ ထို့ကြောင့်မျက်လုံးကို ဖွင့်လိုက်သောအခါ သူ၏ခုတင်ခြေရင်းနားတွင် ကြီးမားလွန်းသော ကြွက်ကြီးတစ်ကောင်က ဆောင့်ကြောင့်ထိုင်လျက် ရှိနေကြောင်း မြင်လိုက်ရသည်။ တစ်ဖက်ကြွက်ကြီး၏ ဓားလို ထက်ရှသော လက်သည်းက သူ၏ခြေထောက်ကို ကိုင်ထားပြီး အသားကို ဆွဲဖြဲနေခြင်း ဖြစ်သည်။ သူ၏ခြေထောက်အောက်ပိုင်းနှင့် အိပ်ယာခင်းများ သွေးများဖြင့် စိုရွှဲနေသည်။
သရုပ်ဆောင်က လန့်ပြီးအော်လိုက်သည်။ သို့သော် ကိစ္စ၏နောက်ကွယ်ကို သတိမထားမိသေးချေ။ ဒီအတိုင်း တောရွာဘက် ဖြစ်သောကြောင့် ကြွက်များရှိသည်ဟုသာ ထင်လိုက်သည်။ ကြွက်များက လူများကို မကြောက်ပဲ တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် ထိုကြွက်ကို ခပ်မြန်မြန် ကန်ချလိုက်သည်။ ထို့သို့ဖြင့် ကြွက်က လိမ့်ကျသွားသည်။ ထို့နောက် သူက မတ်တပ်ထရပ်လိုက်ပြီး ကိုယ့်ကိုယ်ကို ကာကွယ်ရန်၊ လက်နက်ရှာရန်၊ အန်တိုနီကိုလည်း လှမ်းနိုးရန် ကြံစည်လိုက်သည်။
သို့သော် အရာအားလုံးဟာ အလဟသတ် ဖြစ်သွားသည်။ အကြောင်းမူကား သူ၏ဘေးဘက်ရှိ အိပ်ယာက အေးစက်နေသည်။ မည်သူမှ မအိပ်သည်မှာ မည်မျှကြာမှန်းပင် မသိနိုင်ချေ။ သရုပ်ဆောင်က လန့်သွားသည်။ ရုတ်တရက် တစ်စုံတစ်ရာက မှားယွင်းနေကြောင်း သိလိုက်သည်။ သူက ခေါင်းကို ရုတ်တရက် မော့လိုက်သောအခါ အာရုံစူးစိုက်ပြီး တိတ်တဆိတ် ကြည့်နေသည့် မျက်ဝန်းတစ်စုံနှင့် ဆုံသည်။
အန်တိုနီသည် မည့်သည်အချိန်က ထပြီး ကုတင်ခေါင်းရင်းတွင် ရပ်လျက် သရုပ်ဆောင်ကို စိုက်ကြည့်နေမှန်း မသိနိုင်ချေ။
ထိုသရုပ်ဆောင်၏ ကျောရိုးတောက်လျောက် အေးစိမ့်မှုက ဖြတ်ပြေးသွားသည်။ သူဟာ အိပ်ပျော်နေချိန်တွင် အမျိုးသားတစ်ယောက်က ကုတင်ဘေးနားတွင် ရပ်လျက် သူ့အား ငုံ့ကြည့်နေခဲ့သည်။
“အန် အန် အန်တိုနီ မင်း ဘာဖြစ်တာလဲ”
ထိုသရုပ်ဆောင်က တုန်ယင်သော လေသံနှင့် ပြောသည်။ သူက ကန်ချလိုက်သော ကြွက်ကို လက်ညိုးထိုးလျက် ကြည့်လိုက်ရင်း အန်တိုနီကိုပြောသည်။
“ဒီမှာ ကြွက်ရှိတယ်။ မင်း မမြင်ဘူးလား။ အဲဒီအကောင်ရဲ့ အကိုက်ခံရပြီးရင် ပိုးမွှားတွေ ဘယ်လောက် ကူးစက်သွားမလဲ ဆိုတာကို မသိနိုင်ဘူး။ ပိုးတွေ ဘယ်လောက်ပျံ့နေမလဲ။ မြန်မြန်လေးလာ ငါ့ကို ကူညီပေးဦး။ ငါ့ကို ဒီကောင်ကို အပြင်ကို မောင်းထုတ်ရမယ်”
မမျှော်လင့်ထားစွာပင် အန်တိုနီက ရှေ့ထွက်ပြီး ကူညီရမည့်အစား ထိုနေရာတွင် ရပ်ရင်း ရယ်သည်။ သူသည် အလွန်ကျေနပ်နေပုံ ရသည်။
“မင်းက ဘာလို့ နတ်ဘုရားတွေရဲ့ မိသားစုဝင်တွေကို မောင်းထုတ် ချင်နေရတာလဲ။ သူက ဒီနေရာကိုလာပြီး ငါ့ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ကူညီပေးမှာ။ မင်းကိုလည်း ကူညီပေးနိုင်တယ်။ မင်းက ဒီဒဏ်ကို တွန်းခံနိုင်လို့လား”
“ဘာ ဘာ ဘာဆုတောင်းတယ် ရူးနေလား”
သရုပ်ဆောင်က ကြောင်သွားသည်။ သို့သော် သူဟာ တွေးတောနေရန် အချိန်အများကြီး မရှိချေ။ သူက ကန်ထုတ်ခဲ့သည့် ထိုကြွက်ကြီးက သူက စိတ်ရှုပ်ထွေးနေသည့် အချိန်ကို အခွင့်အရေးယူပြီး ထောင့်တစ်နေရာမှ ခုန်ထွက်လာသည်။ တစ်ဖက်အကောင်၏ မျက်လုံးက နီရဲနေသည်။ ထိုကြွက်ကြီးက သရုပ်ဆောင်အား ကြမ်းတမ်းသော မျက်လုံးကြီးဖြင့် ကြည့်လာသည်။
သရုပ်ဆောင်၏ ကိုယ်က တုန်ယင် သွားသည်။ တစ်စုံတစ်ရာဟာ မှားယွင်းနေကြောင်း သိလိုက်သည်။ ထိုကြွက်က အလွန်အကြူး ဆာလောင်နေသည့်ပုံလည်း မပေါ်ချေ။ သို့သော် မျက်လုံးများက နီရဲနေ၏။ ထိုကြွက်ကြီး၏ မျက်နှာတွင် လူသားဆန်သော အမူအယာနှင့် ကြမ်းတမ်းမှုများကိုပင် မြင်နိုင်လေသည်။
ဘေးဘက်ရှိ အန်တိုနီကလည်း ကြောင်တောင်တောင် ဖြစ်နေသည်။
ထိုသရုပ်ဆောင်ကမူ ဆုံးဖြတ်ချက် ချလိုက်ပြီး ဖိနပ်ပင် မဝတ်တော့ပဲ ထွက်ပြေးတော့သည်။ သူက ကြွက်က မခုန်အုပ်ခင် တံခါးရှိရာဘက်သို့ အမြန်ပြေးသွားသည်။ တစ်ချိန်လုံး တိတ်ဆိတ်စွာနှင့် ခုတင်ခေါင်းရင်းတွင် ရပ်နေခဲ့သော အန်တိုနီ ထိုအချိန်တွင် လှုပ်လာသည်။ သူက အပြေးလာပြီး ထိုသရုပ်ဆောင်၏ လက်ကောက်ဝတ်ကို လှမ်းဆွဲသည်။ ထိုသို့ဖြင့် သရုပ်ဆောင်အား သာမာန်လူသားများ၏ အင်အားကို ကျော်လွန်နေသည့် ခွန်အားမျိုးကိုသုံးပြီး နောက်သို့ ပြန်ဆွဲယူသည်။
“အန်တိုနီ ငါနဲ့မင်းနဲ့ ဘာရန်ငြိုးမှ မရှိဘူး။ ဘာလို့ ငါ့ကို သေအောင် လုပ်တာလဲ”
သရုပ်ဆောင်က ကြောက်လန့်တကြာ အော်သည်။ သူသည် စိုးရိမ်စိတ်ကြီးစွာနှင့် ခန်းမဘက်ကို လှမ်းကြည့်ကာ ထွက်ပြေးရန် ကြိုးစားသည်။
“ငါ့ကို မဆွဲထားနဲ့”
“မင်းက ဘာလို့ ပြေးချင်တာလဲ”
အန်တိုနီက ပဟေဠိဖြ စ်နေပုံရသည်။
“မင်းက နတ်ဘုရားကို ယုံကြည်ရင် မင်းရဲ့ဆန္ဒတွေကလည်း ပြည့်လာလိမ့်မယ်။ အန်းနန်ယွမ်ကို နင်းချေတာ ဖြစ်ဖြစ်၊ ယန်ရှစ်ရွှမ်းကို အရှက်ရအောင် လုပ်တာပဲ ဖြစ်ဖြစ် နတ်ဘုရားက လုပ်ပေးနိုင်တယ်။ ဘာများ မှားနေလို့လဲ။ မင်းက ဘာလုပ်တာလဲ။ မင်းက နတ်ဘုရားရဲ့စွမ်းရည်ကို မေးခွန်းထုတ်နေတာလား။ မင်းက နတ်ဘုရားရဲ့ အရှိန်အဝါက ကြီးမြတ်တယ်။ မင်း ဒီရွာကိုပဲ ကြည့်။ သူတို့အားလုံးက နတ်ဘုရားရဲ့ အကူအညီကြောင့် နဂိုအတိတ်က ဆင်းရဲလွန်းပြီး ခေတ်နောက်ပြန် ဆွဲလွန်းတဲ့ အခြေအနေကနေ အခုလို အနေအထားမျိုးကနေ အခုလောက်ထိ ကြွယ်ဝချမ်းသာ နေပြီလေ’
သရုပ်ဆောင်ကမူ ကြီးမားသော ကြွက်ကြီးက ခြေလက်လေးချောင်းထောက်ပြီး မြေပြင်ပေါ်တွင် လျင်မြန်စွာ ပြေးလွှားနေသည့် မြင်ကွင်းကို ကြည့်နေသည်။ အကွာအဝေးက နီးသထက် နီးလာ၏။ သူ၏ တစ်ကိုယ်လုံးက ချွေးများ စိုရွှဲနေလေသည်။
“ငါ မလိုချင်ဘူး။ အမျိုးသားတစ်ယောက်က သဘာဝအရ အုပ်စိုးနိုင်စွမ်းအား ရှိတယ် ဆိုတာကို မင်း နားမလည်ဘူး။ ငါက အန်းနန်ယွမ်ကို နင်းချေချင်တယ်။ ဒါပေမယ့် ငါက ငါ လိုချင်တာကို ငါကိုယ်တိုင် အင်အားမျိုးနဲ့ ရှာနိုင်တယ်။ နောက်ပြီး ယန်ရှစ်ရွှမ်း ဘာလုပ်လုပ် ဒါက ငါနဲ့ မဆိုင်ဘူး။ ဒီတော့ မင်း လမ်းကဖယ်”
အင်အားကြီးမားလွန်းသော အော်သံက သရုပ်ဆောင်၏ နောက်ဆုံးသော စိတ်ပျက်အားငယ်မှုအပြည့်နှင့် အော်ဟစ်ခြင်းဖြစ်သည်။ သို့သော် မမျှော်လင့်ထားစွာပင် အန်တိုနီက နေရာတွင်ပင် တောင့်ခဲ့သွားသည်။ သူ၏ လက်ကောက်ဝတ်ကို လက်က ပြေလျော့လာ၏။ ကြီးမားသော ကြွက်ကြီးကပင် ရပ်တန့်သွားသည်။
သရုပ်ဆောင်ကမူ ဘာကြောင့်ရယ် မသိသော်လည်း သူ အလွန်အံ့ဩသွားပြီး ငိုချင်မိသွားသည်။ ထို့နောက် ဒီအခြေအနေကို အခွင့်ကောင်းယူပြီး တံခါးကို ဖွင့်ကာ ထွက်သည်။ အခုလေးတင် အချိန်မှီ တုန့်ပြန်လာသော ကြီးမားသော ကြွက်ကြီးက တံခါးနှင့်သာ ဘန်းကနဲ တိုက်မိသွားပြီး ကျယ်လောင်သော အော်သံကို ထုတ်လွှင့်သည်။
ယန်ရှစ်ရွှမ်းကသာ ရှိနေလျှင် မိစ္ဆာသရဲများက ဆိုးယုတ်သော သူများကို ကြောက်ကြောင်း သိပေလိမ့်မည်။ လူအများကသာ သရဲများကို မကြောက်ပဲ မိမိဟာ သရဲများထက် ပိုပြီးကြောက်မက်ဖွယ် ကောင်းပြီး အင်းအားကြီးမားသည့် ယုံကြည်မှုအပြည့် ရှိခဲ့မည်ဆိုလျှင် ထိုလူငယ်ကိုယ်တိုင်က မသိလောက်သော်လည်း ထိုနည်းအားဖြင့် မိစ္ဆာများကို ခြောက်ထုတ်လျှက် အသက်များကို ကယ်တင် နိုင်လေသည်။
ထိုအတွက်ကြောင့်လည်း သမိုင်းတွင် စစ်ဘက်ဆိုင်ရာ အကျိုးအမြတ် ပြုခဲ့ဖူးသော နာမည်ကျော် ဗိုလ်ချုပ်ကြီးများအား ပြည်သူများက မိစ္ဆာသရဲများက အိမ်ထဲသို့ မဝင်ရောက်စေရန် တံခါးစောင့်အဖြစ် အိမ်တံခါးဝတွင် ကပ်ကာထားကြခြင်း ဖြစ်သည်။
မှန်ကန်သော အပြုအမူကို မတော်တဆ လုပ်လိုက်မိသည့် သရုပ်ဆောင်က သူသည် ကိုယ်ပိုင်လွပ်လပ်ရေး အခွင့်အလမ်းကို ကိုယ်တိုင် တူးထုတ်လိုက်ကြောင်း မသိချေ။ သူသည် နောက်ပြန် လှည့်မကြည့်ပဲ လျှောက်လမ်းထံသို့ တိုက်ရိုက်ပြေးလေသည်။
သရုပ်ဆောင်၏ ဘေးခန်းက ရသစုံရှိုးစတားနှင့် အခြားသောလူများ အိပ်သော အခန်းဖြစ်သည်။ သူက အပြေးသွားပြီး တံခါးကို တဒုန်းဒုန်း ထုသည်။ အခန်းအတွင်းမှ လူများက နိုးပြီး သူ့ကို ကူညီပေးရန် မျှော်လင့်နေ၏။
မူလကမူ အန်တိုနီနှင့် အတူအိပ်သောသူက တတိယတန်းအဆင့် အမျိုးသား စတားတစ်ယောက်ဖြစ်သည်။ သို့သော် သူက အိပ်နေချိန် အလားတူဟောက်သော ရသစုံရှိုးစတားနှင့် အခန်းပြောင်းလိုက်ခြင်း ဖြစ်သည်။ ထိုအတွက်ကြောင့် သူတို့အား မည်သူကမှ မနှောက်ယှက်နိုင်ဘဲ ရှိနေလေသည်။ မမျှော်လင့်ထားစွာနှင့် သူဟာ အသက်ဘေးမှ ထွက်ပြေးခဲ့ရသည်။
အိပ်ပျော်နေသော ရသစုံရှိုးစတားက ရုတ်တရက်ထပြီး တံခါးကို သွားဖွင်လိုက်သည်။
“ဘယ်သူလဲ ဒီလောက်နောက်ကျနေပြီ ဘာလုပ်_ _ _”
သူ၏ စကားမဆုံးသေးခင် ပုံရိပ်တစ်ခုက အခန်းထဲသို့ ပြေးဝင်သွားကြောင်း မြင်လိုက်ရသည်။ထို့နောက် ထိုအမျိုးသားက နောက်သို့ လှည့်ပြီး တံခါးကို ပိတ်လျက် အသက်ကို ပြင်းပြင်းထန်ထန် ရှူနေသည်။ သူ၏တစ်ကိုယ်လုံးက တုန်ခါနေသည်။ ရသစုံရှိုးစတားကမှု ကြောက်လန့်သွားပြီး တစ်ချိန်တည်းတွင်ပင် အသိဝင်သွားသည်။
သူက စိတ်ငြိမ်ငြိမ်နှင့် တစ်ချက်ကြည့်လိုက်သောအခါ အခြားအခန်းထဲတွင် အိပ်နေသင့်သည့် အမျိုးသား သရုပ်ဆောင်ဖြစ်ကြောင်း သိလိုက်ရသဖြင့် အံ့အားသင့်ကာ နောက်လိုက်သည်။
“ဘာလို့ ဒီလောက်မြန်မြန် ပြေးလာတာလဲ သရဲလိုက်လို့လား”
မူလကမူ ဒါဟာ ဟာသသက်သက်သာ ဖြစ်သော်လည်း မမျှော်လင့်ထားစွာပင် ထိုသရုပ်ဆောင်က ခေါင်းညိတ်ပြီး အံ့အားတကြီးပြောသည်။
“သရဲလိုက်တာနဲ့ မခြားဘူး အန်တိုနီ အန်တိုနီက ရူးနေတာ”
ရသစုံရှိုးစတားက စိတ်ရှုပ်ထွေးသွားသည်။
“အန်တိုနီက တော်တော်လေး ရူးတာတော့ မှန်ပါတယ်။ ဒါပေမယ့် ဒီလောက်ကြီး တိုက်ရိုက်တော့ မပြောနဲ့လေ”
ထိုလူသည် ဖျော်ဖြေရေးလောကထဲတွင် ဆယ်နှစ်ကျော်ပင် နေထိုင်ခဲ့ဖူးသူ ဖြစ်သည်။ သူသည် မည်သည့်အတွက်ကြောင့် ရူးကြောင်ကြောင် လူငယ်တစ်ယောက်ကို တိုက်ရိုက် ထုတ်ပြောနေကြောင်း နားမလည်နိုင်ချေ။
ယခင်တစ်ခေါက် အခြားသော ရသစုံရှိုးပွဲတွင် တွေ့ခဲ့ချိန်ကလည်း ယခုလောက်အထိ ကြောင်တောင်တောင် မလုပ်သေးချေ။
“ဘယ်လို စိတ်လှုပ်ရှားစရာကောင်းတဲ့ အခြေအနေတွေကို ကြုံတွေ့လာရလို့လဲ”
အခြေအနေကို နားမလည်သောကြောင့် စိတ်ရှုပ်ထွေးနေသည့် ရသစုံရှိုးစတားကို မြင်သောအခါ ထိုသရုပ်ဆောင်က စိုးရိမ်တကြီး အော်သည်။
“မဟုတ်ဘူး အန်တိုနီက တကယ်ရူးနေတာ။ အဲဒီမှာ ကြွက်တွေလည်း ရှိတယ်။ ငါ့ရဲ့အခန်းထဲက ကြွက်က ခုတင်အောက်ထဲက ထွက်လာပြီး ငါ့ကိုကိုက်တယ် ဒီမှာကြည့်ဦး”
ရသစုံရှိုးစတားက ထိုသရုပ်ဆောင် ညွှန်ပြသောနေရာသို့ ငုံ့ကြည့်လိုက်သောအခါ သရုပ်ဆောင်၏ ခြေထောက်ထဲမှ သွေးများစီးကျနေကြောင်း တွေ့လိုက်ရသည်။ ထိုအခိုက်အတန့်တွင် သွေးရနံ့က အခန်းထဲမှ တစ်စုံတစ်ရာကို လှုံ့ဆော်လိုက်ပုံပေါ်ပြီး ကုတင်အောက်ဘက်မှ ခရက်ရှ်ဆိုသော အသံက ထွက်လာသည်။ ရသစုံရှိးစတားက သတိလက်လွတ် လှည့်ကြည့်လိုက်သောအခါ ကုတင်အောက်ထဲမှ အမွှေးဖွားများ ပြည့်နှက်နေသော လက်ကြီးတစ်ဖက်က တဖြည်းဖြည်းချင်း ဆန့်ထုတ်လာကြောင်း မြင်လိုက်ရသည်။ ထို့နောက် အမှောင်ထုအတွင်းတွင် လောဘကြီးသော အနီရောင်မျက်ဝန်းတစ်စုံက တောက်ပလာသည်။
တတိယတန်းစား မေးလ်စတားက ကြောက်လန့်တကြား ထခုန်သည်။
“သေစမ်း ဒါက ဘာလဲ”
သရုပ်ဆောင်ကလည်း ယိုင်နဲ့လုနီးပါး ဖြစ်သွားပြီး အော်သည်။
“ဒါက အဲဒီကြွက်ပဲ။ သူက လူကိုက်တယ်။ ဘာလို့ ဒီမှာတစ်ကောင် ရှိနေတာလဲ”
သရုပ်ဆောင်က ထိုနေရာကို သိသွားပြီး ချက်ချင်းလိုလို နောက်လှည့်ကာ တံခါးကို ဖွင့်လျက် ပြေးသည်။ အခြားသူများက အခြေအနေကို နားမလည် သေးသော်လည်း လူများတွင် အဖွဲ့လိုက် နေတတ်သော သဘာဝရှိသည်။ ထို့ကြောင့် တစ်စုံတစ်ရာက ပြေးကြောင်း မြင်လိုက်လျှင် ဘာကိုမှ မစဉ်းစားပဲ အန္တရာယ်ရှိနေကြောင်း နားလည်လိုက်ပြီး အတူလိုက်ပြေး တတ်လေသည်။
ထိုသုံးယောက်က အခန်းထဲမှ ပြေးထွက်လိုက်ရုံနှင့် ဘေးခန်းထဲမှ လူတစ်ယောက်နှင့် ကြွက်တစ်ကောင် ထွက်လာကြောင်း မြင်လိုက်ရလေသည်။
အန်တိုနီ၏မျက်နှာတွင် ပုံမှန်မဟုတ်သော စိတ်အားထက်သန်မှုများက ပြည့်နှက်နေသလိုနှင့် ကြောင်တောင်တောင် အပြုံးကြီးကလည်း သူ၏နဂို ချောမောသော မျက်နှာကို အလွန်အမင်း ကြည့်ရဆိုးသွားစေသည်။ သူ၏ဘေး ကပ်ရပ်တွင် ကြွက်တစ်ကောင်က ရပ်နေသည်။ ကြွက်က တစ်မီတာကျော်ခန့် မြင့်သည်။ ပါးစပ်တွင် သွေးများ စီးကျနေပြီး အလွန်အမင်း ကြောက်စရာကောင်းကာ ခက်ထန်နေသည်။
သူတို့သုံးယောက်က အန်တိုနီ၏ မျက်နှာကို မြင်လိုက်ပြီးနောက် ဦးနှောက်ခွံ့များ ကြိမ်းမတတ် လန့်သွားကြသည်။ ထိုအခါ ငါလူး ဟုသာ ပြန်ပြောပြီး ထွက်ပြေး ကြပြန်၏။ သရုပ်ဆောင်၏ အခန်းထဲမှ ထွက်လာသောကြွက်နှင့် ရသစုံရှိုးစတား၏ အခန်းထဲမှ ထွက်လာသော ကြွက်တို့က နှစ်ကောင်ပေါင်းကာ နောက်မှလို က်လာကြသည်။
အန်တိုနီက မလှုပ်ရှားဘဲ ရပ်ကာ အသက်ဘေးအတွက် အရှက်ရဖွယ် ပုံစံမျိုးနှင့် ထွက်ပြေးသွားသော လူသုံးယောက်ကို ကြည့်နေသည်။ သူ၏မျက်နှာတွင် အထင်သေးမှုက ရှိနေ၏။
“အရူးတွေ”
အန်တိုနီက အထင်တသေး ပြောသည်။
“လက်ရှိအခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်တဲ့ကောင်တွေက နတ်ဘုရားကို ယုံကြည်ကြရင် သူတို့ရဲ့အိပ်မက်တွေ ပြည့်မှာကို မသိကြဘူး။ အဲဒီအစား ခေတ်နောက်ကျနေတဲ့ ကိစ္စကိုပဲ အတိုက်အခံ ယုံကြည်ပြီး ရူးကြောင်ကြောင် ကိစ္စတွေကိုပဲ ဆက်လုပ်ချင်နေကြတယ်။ သူတို့က အိုနေပြီ။ သူလည်း အိုနေပြီ။ အန်းနန်ယွမ်လိုပဲ ငကြောက်”
သို့သော် သိပ်မကြာခင် သူ၏မျက်နှာမှ ရစ်မူးသော အမူအယာက ပြန်လည်ထွက်ပေါ်လာပြီး သဘောတကျ ရယ်ပြန်သည်။
“တောင်ဘုရား တောင်နတ်ဘုရား ဟား ဟား ဒီရှိုးက ရူးကြောင်ကြောင် နိုင်ပေမယ့် သက်ရောက်မှု ရှိသားပဲ။ ငါ့ကို ကြီးမြတ်တဲ့ နတ်ဘုရားရဲ့ ခမ်းနားကြီးကျယ်မှုကို မြင်စေလိုက်တယ်။ တောင်နတ်ဘုရား အား ငါ မင်းကို ယုံကြည်ပါတယ်။ ငါ မင်းကို ကိုးကွယ်တယ်။ ငါ့ရဲ့ဆန္ဒကို ဖြည့်ဆည်ပေးပါ”
“ဘာအန်းနန်ယွမ်လဲ။ ဘာယန်ရှစ်ရွှမ်းလဲ။ ဟွန့် သူတို့က ငါ့ကို အထင်သေးတယ်။ အန်းနန်ယွမ်နေရာက သေချာပေါက် ငါ့နေရာ ဖြစ်သင့်တာ။ ငါက ထိပ်ဆုံးမှာ ရှိရမှာလေ။ နောက်ပြီး အဲဒီအမျိုးသမီး ပရိတ်သတ်တွေအားလုံးက အန်းနန်ယွမ်ကို မျက်ကန်း သဘောကျနေကြသေးတယ်”
အန်တိုနီ၏ ရင်ဘတ်က ပြင်းပြင်းထန်ထန် လှုပ်ခါနေသည်။ သူဟာ သိသိသာသာပင် ဒေါသထွက်နေသည်။ သို့သော် တစ်ဖန်ထက်ပြီး ရယ်မောပြန်သည်။
“ကိစ္စမရှိဘူး နတ်ဘုရားက ဒီမှာရှိတယ်။ အန်းနန်ယွမ်နဲ့ ယန်ရှစ်ရွှမ်းက ငါ့ရဲ့အရှေ့မှာပဲ သိပ်မကြာခင် သေရမှာပဲ။ သူတို့ရဲ့ ပရိတ်သတ်တွေကိုလည်း သူတို့ သေသွားတဲ့အခါ ဘယ်လောက်တောင် ရှက်ရွံ့စရာ ကောင်းသေးဆိုတာကို မြင်တွေ့စေလိုက်မယ်။ သူတို့က ငါ့ကို တောင်းပန်ရင်တောင်မှ အသုံးမဝင်ဘူး။ သူတို့က ဘောင်းဘီက သေးထွက်ကျတဲ့အထိ ကြောက်လန့် နေတာမျိုးကိုပဲ ငါက စောင့်နေတာ။ နောက်ပြီး အဲဒီယန်ရှစ်ရွှမ်း ဟွန့် သူ့လို အပြင်လူတစ်ယောက်က ငါ့ရဲ့အရှေ့မှာ လာပြီး ရူးမူးပြနေသေးတယ်။ အမှန်တကယ် နာမည်ကျော်ကြားတဲ့သူက ဘယ်သူလဲဆိုတာကို ငါက သူ့ကို သင်ပြပေးစေချင်တာ။ ငါကမှ ထိပ်ဆုံးက တစ်ယောက်လေ ဟား ဟား ဟား”
ထိုသို့ပြောပြီး သူက လက်ဆန့်ထုတ်ကာ အခွဲဖန်သားပြင်ကို ဖွင့်လျက် ပြုံးလျက် ဖန်သားပြင်ကို ကြည့်ကာ နူတ်ဆက်သည်။
“ချစ်ရတဲ့ မိန်းမပျိုလေးတွေ အချိန်က နောက်ကျနေပြီဆိုပေမယ့် ငါ့ရဲ့အခွဲဖန်သားပြင်ကို လာပြီး တိုက်ရိုက်ထုတ်လွှင့်တာလေး ကြည့်ပါဦး”
“နောက်ထပ် ဘာလုပ်ပြမလဲဆိုတော့ ဒီကင်မရာရှေ့မှာပဲ အန်းနန်ယွမ်နဲ့ ယန်ရှစ်ရွှမ်းတို့ ဆိုးဆိုးရွားရွား သေသွားတာကို မင်းတို့ကို ကြည့်ဖို့ ဖိတ်ခေါ်ချင်တာပဲ။ သူတို့က မသေခင် တော်တော်လေးတော့ ကြောက်ပြီး မျက်ရည်တွေ ကျလောက်တယ်။ အိုင်ဒေါလ်အဆင့် ဟုတ်လား။ ပရိတ်သတ် သန်းကျော်တယ်။ သူတို့နဲ့ တန်လို့လား”
အန်တိုနီ၏မျက်နှာက ပုံပျက်ပန်းပျက် ဖြစ်နေသည်။ သူ၏ အန်းနန်ယွမ်နှင့် အနည်းငယ် တူသယောင်ယောင် ထင်အောင် တမင်ညှိယူထားသော ချောမောသော မျက်နှာတွင်မူ ဆိုးယုတ်သော မျက်နှာထားမျိုးက ပေါ်လာ၏။ သူ၏မျက်လုံးများက ဟိုကြည့်ဒီကြည့် ဖြစ်ကာ ကြောင်တောင်တောင် အမူအယာမျိုးနှင့် ဖြစ်နေသည်မှာ ကြွက်တစ်ကောင်၏ မျက်လုံးများအလား ထင်ရသည်။ ထိုသို့ဖြင့် သူ၏မျက်နှာတစ်ခုလုံး ချောမောမှုတိုင်းကို ဖျက်ဆီး ပစ်လိုက်သည်။
******