အပိုင်း(၇၅)
အန်တိုနီ၏ အခွဲဖန်သားပြင်ကို စခရိုက် လုပ်ထားသောသူများက တိုက်ရိုက်ထုတ်လွှင့်မှုအခန်း ပွင့်သွားကြောင်း နိုတီရပြီးပြီချင်း ဝင်ရောက်ပြီးသည့်အခါ ထိုစကားမျိုးကို ကြားလိုက်ရသည်။
မူလက ပြောချင်သည့် ချီးကျူးသံများ၊ ဝန်ခံလိုစိတ်များ အားလုံးက လည်မျိုတွင် တစ်သွားကြသည်။ ပရိတ်သတ်များသည် ကင်မရာအောက်မှ ယခင်က ချောမောပြီး မှင်သက်နေကြလျက် ဒါဟာ သူတို့ကို ယစ်မူးအောင် ဆွဲဆောင်နိုင်ခဲ့သည့် အန်တိုနီ ဖြစ်ကြောင်း မမှတ်မိနိုင်အောင် ဖြစ်သွားသည်။ ပို၍ဆိုးသည်မှာ သူ ပြောသောစကားလုံးများက တစ်ချိန်က သူ၏ ညင်သာသိမ်မွေ့ပြီး စဉ်းစားဆင်ခြင် ပေးတတ်သော ပုံစံနှင့် အလုံးစုံ ကွဲပြားနေသည်။ ဆိုးရွားလွန်းသော ကျိန်ဆဲမှုများ၊ မကောင်းပြောဆိုမှုများနှင့် ပြည့်နှက်နေလေရာ သန့်ရှင်းသော ဝန်းကျင်တွင် ကြီးပြင်းလာခဲ့သည့် ပရိတ်သတ်အများစုအတွက် အလွန်အမင်း မသက်မသာ ဖြစ်သွားစေသည်။
ပရိတ်သတ်အနည်းစုကသာ အန်တိုနီကို ထောက်ခံနေကြသည်။
သို့သော် အဓိကဖန်သားပြင်မှလာသော ကြည့်ရှုသူများလည်း ရှိသည်။ သူတို့က ဒီရှုထောင့်ကို မြင်လိုက်ရပြီးနောက် အန်တိုနီ ရပ်နေသော နေရာကို သိလိုက်ရသည်။ ကင်မရာ၏အဝေးကို လှမ်းကြည့်လိုက်သော် အလန့်တကြား ပြေးလွှားနေသော ပုံရိပ်တစ်ချို့ကိုပင် မြင်နိုင်သေး၏။ သူတို့၏ အနောက်တွင် ကြွက်ကြီးများက လိုက်နေသည်။
ယခင်က အဓိက ဖန်သားပြင်ထဲတွင် ကြားခဲ့ရသည့် အသံများနှင့် ယခုဒီမြင်ကွင်းကို ဆက်တိုက်ဆက်စပ် ကြည့်လိုက်ပြီးနောက် အခြေအနေအားလုံးကို အနှစ်ချုပ် လိုက်နိုင်သည်။
[ငါ အရင်က ပြောသားပဲ။ ဒီအသံက ငါ အရင်က ရသစုံရှိုးတွေ ကြည့်ကြည့်နေချိန်က ကြားရတဲ့ စတားတစ်ယောက်ရဲ့ အသံနဲ့ တူပါတယ်လို့ ထင်နေတာ။ လတ်စသတ်တော့ သူ ဖြစ်နေတာ။ ဘုရားရေ ဘာဖြစ်နေတာလဲ။ ငါ အခုလေးတင် အဓိက ဖန်သားပြင်ကနေ ကြားခဲ့ရသေးတယ်။ နောက်ပြီး အဲဒီဖန်သားပြင်မှာ အနီရောင်သရဲတွေနဲ့ ပြည့်နှက်နေတာလေ။ ငါ ကြောက်လွန်းလို့ သေတော့မယ်]
[ကြွက်လေ အဲဒါကြွက်ပဲ။ သူတို့နောက်က လိုက်နေတဲ့ကြွက်ကို မြင်လား။ အဲဒါ အရင်က မြင်ခဲ့တဲ့ ကြွက်နဲ့တူတူပဲ]
[အန်းနန်ယွမ်၊ ပိုင်ရွှမ်းနဲ့ အခြားသူတွေကို အဲဒီမကောင်းဆိုးဝါးက လိုက်ရုံတင် မဟုတ်သေးပဲ အခြားသူတွေကိုလည်း ထပ်လိုက်သေးတာပဲ။ ဘုရားရေ ဒီရှိုးက ဘာတွေ ဖြစ်နေတာလဲ။ ဒါက ခရီးသွားရသစုံရှိုး မဟုတ်ဘူးလား။ ငါ အမြင်မှားတာလား။ ဘယ်လိုကြောင့် ထွက်ပြေးခြင်းရှိုး ဖြစ်သွားတာလဲ]
[နေပါဦး ငါ မေးစရာရှိတယ်။ ဘာလို့ ဒီတစ်ယောက်က အန်တိုနီကို မလိုက်တာလဲ။ ရုန့်ရုန့်လဲ အလားတူပဲ။ ကြွက်က မလိုက်ဘူးနော်]
[ငါ တူညီတဲ့ဖြစ်စဉ်တွေကို သေချာပေါင်းစပ်ပြီး တွက်ချက်ကြည့်လိုက်မယ်။ ရုန့်ရုန့်နဲ့ အန်တိုနီမှာ တူညီတဲ့ အရာတစ်ခုရှိတယ်။ သူတို့နှစ်ယောက်လုံး ညပိုင်း ရေချိုးခန်းထဲ ဝင်လို့ ရေချိုးခဲ့တယ်။ သူတို့ ရေချိုးနေတဲ့အချိန် ချောင်းကြည့်ခံရတယ်လို့ ပြောခဲ့တယ် မဟုတ်လား။ ဒီဧည့်သည်တွေ ညပိုင်း အိပ်ယာမဝင်ခင် သူတို့ ညစာ အတူစားနေကြတဲ့အချိန်မှာ အန်တိုနီက ရေချိုးနေချိန် သူတို့ကို လာကြည့်သွားတယ်လို့ ပြောတာလေ။ ရုန့်ရုန့်လည်း အဲဒီလို ပြောခဲ့သလိုပဲ]
[အာ ဘုရားရေ ဒါဆိုရေချိုးခန်းထဲမှာ ဖြစ်ခဲ့တာပေါ့။ သူတို့ရေချိုးနေချိန် တစ်ယောက်ယောက်က အမှန်တကယ် ချောင်းကြည့်နေမယ်လို့ မယုံပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီနေ့ခေတ် အနုပညာရှင်တွေက သူတို့ရဲ့ ဂုဏ်သိက္ခာနဲ့ ပြုမူပုံတွေ အားလုံးကို သူတို့ရဲ့ ငှက်မွှေးလေးတွေကို သထားလိုမျိုး ထိန်းသိမ်းထားရတာလေ။ ဘယ်သူကမှ ရူးသွပ်အရာတွေကို လုပ်မှာမဟုတ်ဘူး။ ဒါကြောင့် သူတို့ရေချိုးနေတုန်း ချောင်းကြည့်တာက ကြွက်တွေ ဖြစ်နေမလားလို့တောင် ထင်ရတယ်]
[ဒါဆိုရင် ကြွက်က အန်တိုနီနဲ့ ရုန့်ရုန့်ကို ဘာလို့မလိုက်လဲဆိုတာကို ရှင်းပြနိုင်တာလား။ သူတို့ရေချိုးနေတုန်း ချောင်းကြည့်ခဲ့လို့လား။ ရယ်စရာ ကောင်းအောင် မပြောနဲ့။ မင်းက နှာဘူးဖြစ်တာနဲ့ပဲ သနားသွားတယ် ဆိုပြီးတော့လား။ အဲဒါတွေအပြင် ရုပ်ရည်ချင်း ယှဉ်ရင် ဒီကြွက်က ကန်းနေတာပေါ့။ ယန်ကော ရေချိုးတာကို သွားချောင်းကြည့်မှာပေါ့]
[ဒါဆိုရင်လည်း ဒီကြွက်က သေနေလောက်ပြီ။ ယန်ကောရဲ့အင်အားကို မေ့နေတာလား။ ယန်ကောက တစ္ဆေမိတ်ဆွေကိုတောင် မောင်းထုတ်ခဲ့တာနော်။ မင်း မေ့နေပြီလား။ ဘယ်သူကများ ယန်ကောရေချိုးနေချိန် သွားကြည့်ရဲတဲ့ သတ္တိမျိုး ရှိနေမှာလဲ။ စိတ်ကူးယဉ် အဆန်ဆုံး အုတ်ဂျုံတွေက တွေးပဲတွေးရဲတာ။ တကယ်သာ လုပ်ရဲရင် သေချာပေါက် နောင်ဘဝကို ပို့ဆောငခံရလိမ့်မယ်]
[ရေချိုးခန်းမှာ ဖြစ်ခဲ့တဲ့ကိစ္စကြောင့် သူတို့အလိုက်မခံရတာလို့တော့ ငါ သဘောတူချင်တယ်။ မင်းတို့တွေ ရုန့်ရုန့်နဲ့ အန်တိုနီတို့က ပုံမှန် မဟုတ်ဘူးဆိုတာကို သတိ ထားမိကြလား။ မင်းတို့ ရုန့်ရုန့်ကို မြင်လိုက်တာပဲ။ အဓိကဖန်သားပြင်က ပစ္စည်းတောင်မှ သူမခြေထောက်နဲ့ ညှိပြီး တရွတ်တိုက် ပါသွားသေးတယ်။ ငါတောင်မှ ကင်မရာကို ကန်လိုက်လို့ ငါ့ရဲ့နှလုံးသားက တဆတ်ဆတ် တုန်သွားခဲ့ရသေးတယ်လေ။ ကင်မရာက ဆက်တိုက်လှု ပ်ခါနေတာက ကျွမ်းကျင်လွန်းတဲ့ ထိတ်လန့်သဲဖိုရုပ်ရှင်က ဒါရိုက်တာတစ်ယောက် ရိုက်ကူးနေတဲ့ အတိုင်းပဲ။ သက်ရောက်မှုက တော်တော်လေး အံ့ဩဖို့ ကောင်းတယ်။ နောက်ပြီး မြေအောက်လောကလို မြင်ကွင်းမျိုးတောင် ဖြစ်နေသေးတယ်။ အဲဒီမှာ အစစ်အမှန်သရဲတွေ ပြည့်နှက်နေတာ။ ပိုဆိုးတာက ရုန့်ရုန့်ရဲ့လက်ကို ဒီလိုပုံပျက်ပန်းပျက် ဖြစ်အောင် သူမကိုယ်တိုင် ကိုက်ထားတဲ့ ဖြစ်နိုင်ချေက ရှိနေသေးတယ်လေ။ ဘယ်လိုသာမာန်လူက ကိုယ့်လက်ကို အရိုးပေါ်တဲ့အထိ ကိုက်ပြီးဆက်ဝါးပြီး ရယ်နေမှာလဲ]
[ငါက အန်တိုနီက အမြဲတစေ ယဉ်ကျေးပြီး စဉ်းစား ဆင်ခြင်တတ်တယ်လို့ ထင်နေတာ။ ဘယ်သူက ဒီလောက်ထိ ချောမောတဲ့ ညီငယ်လေးလို့ မြင်ခဲ့တာလေ။ ငါ ဒါကြောင့် သူ့ရဲ့ဆိုရှယ်မီဒီယာ အကောင့်ကိုတောင် ဖော်လိုး လုပ်ထားသေးတယ်။ ဒါပေမယ့်အခု ဘာဖြစ်နေတာလဲ။ သူ ပြောတဲ့စကားတွေက ငါ့ကို မျက်မှောင် ကြုတ်မိစေတယ်]
[ငါ အရမ်းကြောက်လို့ ငိုတောင်ငိုနေမိပြီ။ အခု ဖန်သားပြင်သုံးခုပဲ ဖွင့်နေတာ။ အဓိကဖန်သားပြင်ကို ထည့်မပြောနဲ့ဦး။ ဘယ်အရာကိုပဲ ကြည့်ကြည့် ငါ ကြောက်လို့ သေတော့မယ်။ အန်တိုနီရဲ့ အခုပုံစံကြီးကလည်း အတော်လေးကို ကြောင်တောင်တောင် နိုင်ပြီး ကျောချမ်းဖွယ် ပိုကောင်းတယ်။ ယန်ကောရဲ့ဖန်သားပြင်က ပိုပြီးတောင် ကြောက်ဖို့ ကောင်းနေသေးတယ်။ ငါ စောင်ထဲမှာ ပုန်းနေတာ ခေါင်းနဲ့ခြေထောက်တောင် မထုတ်ရဲဘူး။ မွန်းကြပ်လွန်းလို့၊ ပူလွန်းလို့ သေတော့မယ်]
[သွားပြီ ယန်ကောက မိုဘိုင်းလ်ဖုန်းကို သယ်ဆောင်သွားတဲ့အကျင့် မရှိဘူးလား။ ကွန့်မန့်တွေ မမြင်နိုင်ဘူး ထင်တယ်။ ဧည့်သည်တွေ အန္တရာယ် ရောက်နေတာကို သူ မသိလောက်ဘူး။ ဒီလိုဆိုရင် ဘယ်သူက သူတို့ကို သွားကယ်မှာလဲ]
[ဒါဆိုရင် သူတို့တွေ ယန်ကောဆီ ပြေးမိပါစေလို့ ဆုတောင်းရမှာပဲ။ သူတို့ ယန်ကောနဲ့ တွေ့ပါစေ]
ယန်ရှစ်ရွှမ်းကမူ ထိုကဲ့သို့သော အခြေအနေမျိုးတွင် ဧည့်သည်များ ကြုံတွေ့နေရသည့် အန္တရာယ်များသော အခိုက်အတန့်ကို အမှန်တကယ် မသိပါချေ။
သူက တောင်ဘုရားကျောင်း အဓိကခန်းမကြီးအတွင်း သတိအပြည့်ကပ်လျက် ရပ်နေသည်။ သူ့ကို တဖြည်းဖြည်းချင်း ရွှေ့လျားနေသော နံရံဆေးရေးပန်းချီများက ဝိုင်းထားသည်။
ရွာသားနှစ်ယောက်က စတင်လှုပ်ရှားပြီးချိန် ကတည်းက အနီးအနားရှိ နံရံဆေးရေး ပန်းချီများက တစ်ယောက်ပြီး တစ်ယောက် လှုပ်လာကြသည်။
ထိုကာရိုက်တာအတိုင်း နဂိုလုပ်နေသည့် အပြုအမူက မည်သည့် အပြုအမူ ဖြစ်နေစေကာမူ ယခုမူ ဆန့်ကျင်ဘက်များအဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။ သူတို့က လက်ထဲတွင် ကိုင်ထားသမျှ အားလုံးကို လွှတ်ထုတ်ပြီး အိမ်ထဲမှ ပြေးထွက်လျက် တူညီသော ဦးတည်ရာဘက်သို့ သွားကာ မြေပြင်တွင် ဒူးထောက်လိုက်ကြသည်။ ထို့နောက် လေးစားစွာနှင့် ဦးတိုက်နေကြသည်။
ယန်ရှစ်ရွှမ်း အချို့သော ယုံကြည်ကိုးကွယ်မှုဆိုင်ရာ ချွတ်ချော်နေသည့် ဓလေ့ထုံးထမ်းများကို မြင်ယောင်နေပုံ ပေါ်သည်။ ထို့ကြောင့် နံရံဆေးရေးပန်းချီများနှင့် နိူင်းယှဉ်ပြီး ဆက်လက် စဉ်းစားနေခြင်း ဖြစ်သည်။ အဓိက ခန်းမကြီး၏ နံရံလေးချပ်လုံး၏ ထိပ်ဆုံးမှ အောက်ခြေအထိ နံရံဆေးရေးပန်းချီများက ပြည့်နှက်နေခြင်း ဖြစ်သည်။ အတွင်းတွင် ပုံရိပ်ရာကျော် ရှိသည်။ အမျိုးသား၊ အမျိုးသမီး၊ လူအိုကြီးနှင့် ကလေးငယ်များ ရှိနေသည်။
ယန်ရှစ်ရွှမ်းက ခံစားမှုကသာ မှန်ကန်လျှင် ထိုပန်းချီများကို ဝိဉာဉ်များကို အမှတ်အသားပြုလျက် ရေးသားထားခြင်း ဖြစ်ပြီး နတ်ဘုရားများ၏ ထိန်းချုပ်မှုအောက်တွင် ရောက်နေသည့် လူရာကျော်ကို ကိုယ်စားပြုနိုင်သည်။
လွန်ခဲ့သော နာရီအနည်းငယ်ခန့်က တွေ့ထားသည့် ရွာသားနှစ်ယောက်ကိုပင် ထည့်သွင်း ရေးခြယ်ထားသော ဖြစ်ရပ်ကို ခန့်မှန်းစဉ်းစား ဆင်ခြင်ခြင်းအားဖြင့် တောင်နတ်ဘုရားကို တန်ဖိုးထားကိုးကွယ်သည်ဟု ခေါ်သော တစ်ရွာလုံးကို ဆေးခြယ်ထားခြင်း ဖြစ်ကြောင်း ယူဆ၍ရနိုင်သည်။
ယန်ရှစ်ရွှမ်းက မျက်မှောင် ကြုတ်လိုက်ပြီး နံရံဆေးရေးပန်းချီပေါ်မှ လှုပ်ရှားနေသော ကာရိုက်တာများကို ကြည့်သည်။ ရုတ်တရက် ပန်းချီထဲမှကို မြေမျက်နှာသွင်ပြင်ကို ရင်းနှီးလွန်းကြောင်း ခံစားလိုက်ရသည်။
သူ၏ကောင်းမွန်လွန်းသော မှတ်ဉာဏ်နှင့် ကောင်းမွန်လွန်းသော မြင်နိုင်စွမ်းအားကြောင့် ယန်ရှစ်ရွှမ်းဟာ လမ်းတစ်လျှောက် ဖြတ်လာခဲ့သည့် မြေမျက်နှာသွင်ပြင်ကို မှတ်မိ နေသေးဖြစ်သည်။
မိုးဟာ ပြင်းထန်စွာရွာခဲ့ပြီး မဲမှောင်နေသည့်အတွက် အခြေအနေကို တိတိကျကျ မြင်နိုင်ရန် ခက်ခဲသည့်တိုင်အောင် ကားပြတင်းပေါက် အပြင်ဘက်တွင် ကျော်ဖြတ်ခဲ့ရသည့် မြင်ကွင်းများကို မှတ်မိနေသေးသည်။ လယ်ကွင်းကို စောင့်ကြည့်ရန် တာဝန်ယူထားသော စာခြောက်ရုပ်များနှင့် အနီးနားရှိ လယ်ယာမြေကြီးများကိုလည်း မှတ်မိသေးသည်။
ရွာထဲတွင် မည်သည့်အိမ်ကိုမှ မမြင်ခဲ့ရသော်လည်း ဒီတစ်ကြိမ် နံရံဆေးရေးပန်းချီတွင် မြင်နေရသည့် မြေမျက်နှာသွင်ပြင် အနေအထားနှင့် စိုက်ခင်းမြေများကို နိူင်းယှဉ် ကြည့်လိုက်လျှင်_ _ _ ယန်ရှစ်ရွှမ်းက မျက်မှောင် ကြုတ်လိုက်ပြီး အချိန်အတန်ကြာအောင် စောင့်ကြည့်နေခဲ့သည်။ ထို့နောက် သူ၏ခန့်မှန်းမှုက မှန်နေကြောင်း အံ့အားသင့်စရာ ကောင်းလောက်အောင် သိလိုက်ရသည်။
_ _ _
နှစ်ခုလုံးက တထေရာတည်း နီးပါးပဲ။
ရွာသားများ၏ စိတ်ဝိဉာဉ်ကို နံရံဆေးရေးပန်းချီအတွင်း ထည့်သွင်းလျက် မှတ်တမ်းတင်ခြင်း အကြောင်း ရှာဖွေတွေ့ရှိပြီးနောက် ယန်ရှစ်ရွှမ်းသည် ယာခင်းထဲမှ အိမ်များ၊ တောင်တန်းများက နောက်ခံအလှဆင် သက်သက်ဟု မတွေးနိုင်တော့ချေ။
ထိုယာခင်းများ၊ တောအုပ်များကသာ အမှတ်အသား ပြုခံထားရသလို ရွာသားများနည်းတူ ရည်ရွယ်ချက် ရှိနေခဲ့ပြီး ကြွားဝါ ပြချင်နေခြင်းဆိုလျှင် ထိုတည်ရှိမှုကြီးက ဆိုလိုချင်သည်မှာ_ _ _
ရွာသားတွေကပဲ ငါ့ကို နတ်ဘုရားလို ကိုးကွယ်ပြီး ငါ့ရဲ့သစ္စာရှိနောက်လိုက်တွေ ဖြစ်လာတာ မဟုတ်ဘူး။ ဒီတောင်တွေ၊ နယ်မြေ တစ်ခုလုံးကို ငါ ပိုင်တယ်။ ငါကပဲ ဒီနေရာတစ်ခုလုံးကို ထိန်းချုပ်ထားတာ_ _ _ဆိုသည့် အဓိပ္ပာယ် ဖြစ်သည်။
ယန်ရှစ်ရွှမ်း၏ ရုတ်တရက် စူးရှသည့်အကြည့်က ခန်းမ၏အလယ်တွင်ရှိသည့် ရုပ်ထုကြီးထံ လျှပ်စီးကဲ့သို့ စူးရှစွာရော က်ရှိသွားသည်။
နံရံဆေးရေးပန်းချီထဲရှိ ကာရိုက်တာတိုင်းက ဦးညွှတ်နေသော နေရာက ထိုနေရာ ဖြစ်သည်။
မျက်နှာကျက်သို့ ရောက်ရှိသည်အထိ မြင့်မားလွန်းသော ထိုရွှေရောင်ရုပ်ထုကြီးက လက်နှစ်ဖက်လုံးတွင် လက်နက်များကို ကိုင်ထားပြီး ခက်ထန်ကြမ်းတမ်းသော ပုံစံမျိုး ဖြစ်နေသည်မှာ ယခင်ခေတ်က ပြည်သူများ အပနှင်ရန်အတွက် အိမ်တံခါးဝတွင် ကပ်လေ့ရှိသည့် တံခါးစောင့်နတ်နှင့်ပင် တူသေးသည်။
သို့သော် ဖြောင့်မတ်မှန်ကန်မှု ရှိသည့် တံခါးစောင့်နတ်များနှင့် မတူသည်မှာ ဒီရုပ်ထုအတွင်းတွင်မှု ခမ်းနားထည်ဝါမှုနှင့် ဖြောင့်မတ် မှန်ကန်မှုများကို ရှာမတွေ့ချေ။ အနှစ်ချုပ်ဆိုရသော် ထိုရုပ်ထု၏ ခန္ဓာကိုယ်တစ်ခုလုံးက ရွှေများ အပြည့်ကပ်ထားပြီး လင်းလက်တောက်ပြောင်နေသည့် ပုံစံမျိုးပေါ်နေသော်လည်း လေထဲတွင်မူ မဲမှောင်ပြီး စိတ်ဓာတ်ကျဖွယ် ကောင်းသည့် အရှိန်အဝါက ရှိနေသည်မှာ တစ်နေရာရာတွင် အချိန်အတန်ကြာအောင် ပုန်းအောင်းနေပြီး အချိန်အတန် ကြာအောင် ထွက်မလာရဲခဲ့သည့် အခြေအနေကို ဖော်ထုတ်ပြသနေသေးသည်။ သူသည် လူများကို ကြည့်သည့် အခါတွင်မူ အမြဲတစေ ဘေးတိုက် ကြည့်တတ်သလို၊ ရွံရှာသလို ဖြစ်နေတတ်သည်။
ရုပ်ထု၏အထက် မျက်နှာကျက်တွင် တစ်ကိုယ်လုံးများ အမွှေးများ ပြည့်နှက်နေသည့် ကြီးမားသော တိရစ္ဆာန်ကြီးတစ်ကောင်ကို ဆေးခြယ်ထားပြီး အလွန်အမင်း တောက်ပလွန်းသည့် အရောင်များကို သုံးထား၏။ ထိုအကောင်က ကြွက်နှင့် တူသည်။ သို့သော် အနီးကပ် စိုက်ကြည့်လိုက်သော် မြွေပါနှင့် ပိုတူသည်။ တစ်ကိုယ်လုံး အဝါရောင်အမွှေးများ ပြည့်နေပြီး အလွန်ဝကာ ခန္ဓာကိုယ်က ကြီးသည်။ နံရံဆေးရေးပန်းချီတွင် ရှိနေသော အနေအထားအရ နတ်ဘုရား၏ရုပ်ထုနီးပါး ကြီးနေသည်။
ထိုတိရစ္ဆာန်၏ အနီးအနားဝန်းကျင်တွင် အခြားသော ကိုးကွယ်ယုံကြည်မှုဆိုင်ရာ နံရံဆေးရေး ပန်းချီများနည်းတူ မြင့်မြတ်သည့်အရာများကို ရေးခြယ်ထားခြင်း မရှိချေ။ ထိုအစား အမျိုးမျိုးသော ရွှေများ၊ ငွေများ၊ ရတနာများ၊ ပိုက်ဆံများ၊ ကားများနှင့် လှပသော မင်းသမီးများကိုပင် တောက်ပသော အရောင်များကို သုံးပြီး ဆေးခြယ်ထားလေရာ အလွန်အမင်း ခေတ်မှီသည်။
တောင်နတ်ဘုရားကျောင်းဟုသာ မသိလျှင် လူများကို ဆွဲဆောင်သည့် မကောင်းသော ဖျော်ဖြေမှုဆိုင်ရာ တစ်နေရာရာဟု ထင်မိလောက်သည်။
သူ ယခင်က ရှင်းရှင်းလင်းလင်း မကြည့်ခဲ့ဖူးချေ။ သို့သော် ယခုကြည့်လိုက်မိပြီးမှ ယန်ရှစ်ရွှမ်းဟာ ထိုတိရစ္ဆာန်၏ မဲမှောင်သော မျက်ဝန်းတစ်စုံက အမြင့်တစ်နေရာမှ ခန်းမတစ်ခုလုံးကို ခြုံငုံကြည့်နေကြောင်း၊ မကြာခဏဆိုသလို နှစ်ကြိမ်ခန့် မျက်လုံး လှည့်တတ်ကြောင်း သတိထားမိလိုက်သည်။
ယန်ရှစ်ရွှမ်းက ရုတ်တရက် သူ၏နှလုံးသားထဲမှ သည်းမခံနိုင်သည့် ခံစားချက်ကို ခံစားလိုက်ရသည်။ သူက အဆောင်လက်ဖွဲ့ကို ဆွဲပြီး ရှဲ့ထုံးကို မောင်းထုတ်နိုင်စွမ်း မရှိကြောင်းသာ ကြိုသိထားသောကြောင့်သာ မဟုတ်လျှင် နံရံမျက်နှာတွင် အဆောင်လက်ဖွဲ့တစ်ခုကို ချက်ချင်းရေးဆွဲပြီး ဖြောင့်မတ်မှန်ကန်သည့် နတ်ဘုရားကို စမ်းသပ်ရဲသည့် ထိုမိစ္ဆာဝိဉာဉ်ကို နှင်လောက်ပြီးလောက်ပြီ။
သို့သော် ယန်ရှစ်ရွှမ်းက ခန်းမထဲတွင် အကြာကြီး မနေခဲ့ချေ။ သူက ချက်ချင်းဆိုသလို ရုပ်ထု၏အနောက်ဘက်သို့ သွားပြီး အိုဟောင်းနေသော ရုပ်ထုလေး၏ အခြေအနေကို ကြည့်လိုသည်။
ထိုအခါ ကျန်းရွှမ်းတွင် တစ်စုံတစ်ရာ ဖြစ်သွားကြောင်း သေချာနေခဲ့သဖြင့် ယခုအခြေအနေက ဖောက်ဖျက်ရန် နည်းလမ်းက အိုဟောင်းနေသော ရုပ်ထုသာ ဖြစ်သည်။
လက်ရှိဘုရားကျောင်းက ငြင်းပယ်ထားသည်ဟု ယူဆရသော အရာအားလုံးဟာ ဖြောင့်မတ် မှန်ကန်သော နတ်ဘုရားကို အကြွင်းအကျန်များကို သယ်ဆောင် ထားလိုက်သည်။ သို့ရာတွင် ယန်ရှစ်ရွှမ်း၏ ယူဆမှုက ရုပ်ထု၏အနောက်ဘက် ကျဉ်းမြောင်းသောနေရာသို့ ခြေလှမ်းရုံသာ ရှိသေးသည်။ သူ၏အနောက်ဘက်မှ လေပြင်းတိုက်ခတ်သလို ခံစားချက်ကို ခပ်ရေးရေး ရလိုက်သည်။ တစ်စုံတစ်ယောက်က ရွေ့ပြီး လေတိုက်သလိုဖြစ်အောင် လုပ်နေသည်။
သူက စူးရှသောအကြည့်ဖြင့် အနောက်သို့လှည့်လိုက်သည်။ တစ်ချိန်တည်းတွင်ပင် သူ၏လက်မောင်းနှင့် လျှင်မြန်သော အရှိန်နူန်းနှင့် ကျောဘက်သို့ ဖြတ်ရိုက်လိုက်လေသည်။
ယန်ရှစ်ရွှမ်း၏ ခြောက်ကပ်သော လက်ဖဝါးက စေးကပ်ပြီး အေးစက်သော တစ်စုံတစ်ရာကို ဖမ်းမိလိုက်သည်။ ထိုအရာဟာ သွေးလိုလို မိုးလိုလို ဖြစ်နေသည်။ အလွန်အမင်း အေးနေကော သာမာန်လူများက သည်းမခံနိုင်လောက် ဖြစ်စေလောက်သည့် အအေးမျိုး ဖြစ်သည်။
ထို့နောက် ကျဉ်းမြောင်းပြီး အပေါ်သို့ ကော့တက်နေသော မျက်ဝန်းတစ်စုံက အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားသည်။
သူ၏အနောက်ဘက်တွင် ရပ်နေပြီး သူ့ထံ လက်လှမ်းလာသည်မှာ တစ်ကိုယ်လုံး နီရဲနေသည့် စာခြောက်ရုပ် ဖြစ်သည်။
ဒါဟာ လယ်ကွင်းကို ဖြတ်ပြီး ကားမောင်းလာသည့် အချိန်တွင် ယန်ရှစ်ရွှမ်း ကားပြတင်းပေါက်မှ တဆင့် မြင်လိုက်ရသည့် အနီရောင်ဝတ်စုံနှင့် စာခြောက်ရုပ်များထဲမှ တစ်ရုပ် ဖြစ်နိုင်သည်။ အတိုချုပ်ဆိုရသော် သူ၏ဦးထုပ်က ထိုနေရာတွင် ပြုတ်ကျခဲ့ပုံ ပေါ်သည်။ သူ၏ပိုက်ဆံစက္ကူဖြင့် လုပ်ထားသော ဖြူဖျော့နေသည့် မျက်နှာက မိုးကြောင့် စိုရွှဲနေသည်။
လေးထောင့်အပေါက်လေးက သွေးနီရောင်ဆေးခြယ်ထားသည့် ပါးစပ်နေရာဖြစ်သည်။ ယခုမှု အစစ်အမှန် ဖြစ်သွားပုံရသည်။ သို့သော် မိုးကြောင့် အရောင်များက ဆေးချခံထားရသဖြင့် အနီရောင်သွေးများလိုလို မျက်နှာတောက်လျှောက် စီးကျနေလေရာ အဝတ်များပေါ်သို့ စီးကျနေခြင်း ဖြစ်သည်။
သူသည် အထက်မှ အောက်ဘက်သို့ ထိုးစိုက်ထားသော ကြီးမားသော အနီရောင်ရိုးတံကြီးကို တောက်လျှောက်သယ်လာခဲ့သည်မှာ ထုတ်ချင်းပေါက် ထိုးဖောက်ခံရလျက် သေလွန်ခဲ့ပြီးသော ကိုယ်ကို တရွတ်တိုက် သယ်ဆောင်လာခဲ့ပြီးသလို ဖြစ်နေသည်။
ယန်ရှစ်ရွှမ်းက အံ့အားသင့်မှု ခပ်မြန်မြန် ပြန်ဝင်သွားသည်။ သူက အခြားသော လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ စာခြောက်ရုပ်၏ အခြားသော လက်မောင်းတစ်ဖက်ကိုလည်း အလားတူ ဖိထားလိုက်သည်။
လက်နှစ်ဖက်လုံး၏ ပြင်းထန်ပြီး တည်ငြိမ်သောအားက စာခြောက်ရုပ်အား ပြင်းထန်ပြီး မလွပ်မြောက်အောင် ဖြစ်သွားစေသည်။ ကျန်သောလက်တစ်ဖက်က မမျှော်လင့်ထားသော အခြေအနေအတွက် ပြင်ဆင်ထားလိုက်သည်။
“တောင်_ _ _နတ်ဘုရား_ _ _ ”
စာခြောက်ရုပ်က ယန်ရှစ်ရွှမ်း၏လက်ထဲမှ မရုန်းနိုင်ချေ။ ထို့ကြောင့် ယန်ရှစ်ရွှမ်းကို ထပ်ခါတလဲလဲ တိုက်ခိုက်နိုင်ရန် ကြိုးစားမှုက အလဟဿ ဖြစ်နေသောအခါ ယူကြုံးမရသလို အော်ဟစ်နေလေသည်။
******