အပိုင်း ၈၈
Viewers 17k

Chapter 88


ယခုတစ်ကြိမ်မှာ ၉၈ကြိမ်မြောက် နိုင်ငံအဆင့်မယ်ခါပြိုင်ပွဲဖြစ်ပြီး မနှစ်က ချန်ပီယံဖြစ်ခဲ့သည့် နိုအာကြယ်ပေါ်တွင်ကျင်းပမည်ဖြစ်သည်။


နိုအာကြယ်နှင့် တော်ဝင်မြို့တော်ကြယ်တို့မှာ တူညီသည့်ကြယ်စင်အစုအဝေးတစ်ခုထဲတွင်ရှိကာ အလွန်နီးကပ်ကြပြီး ၎င်းတို့သည် အင်ပါယာစစ်တပ်၏ပင်မထောက်တိုင်များထဲမှ တစ်ခုပင်ဖြစ်ကြသည်။


နိုအာကြယ်မှာ အတော်လေးကြီးမားသောကြောင့် စစ်ပွဲအတွင်း တော်ဝင်မြို့တော်ကြယ်အတွက် အန္တရာယ်များအား ခွဲဝေယူပေးနိုင်ရာ ၎င်းတို့မှာ တော်ဝင်မြို့တော်၏ဘေးတွင် အမြဲတစေရှိနေသည့် သူရဲကောင်းဟူသော ရာထူးဟုယူဆနိုင်ပေမည်။


ကြယ်စင်စုများအကြားသွားလာနိုင်သော အာကာသယာဉ်ဖြင့်ဆိုလျှင် တော်ဝင်မြို့တော်မှာ နိုအာကြယ်နှင့် တစ်နာရီခရီးမျှသာကြာမြင့်လေသည်။


ယွမ်ရှင်းကျဲ နိုအာကြယ်၏အချက်အလက်များအား အထူးတလည်စစ်ဆေးလိုက်ရာ ၎င်းဂြိုလ်ရှိမက်ခါအင်အားမှာ အလွန်မြင့်မားသည်အားတွေ့လိုက်ရသည်။


မထွက်ခွာမီတစ်ရက်အလိုတွင် ယွမ်ရှင်းကျဲနိုအာကြယ်အပေါ်ရှိသူ၏သဘောထားကို ကြီးကြီးမားမားပြသခဲ့ပြီး ထိုဂြိုလ်ပေါ်ရှိမြေပုံများအား အမြဲလိုလိုစစ်ဆေးနေခဲ့သည်။


" မင်းဘာလို့ အဲ့လောက်စိတ်လှုပ်ရှားနေရတာလဲ.." လုရန်ရှုသိလိုစိတ်ဖြင့်မေးမြန်းလာခဲ့သည် " နိုအာကြယ်ကလည်းတကယ့်ကိုလှပတယ်ဆိုပေမဲ့ စိန့်ကလီတိုရဲ့ ငန်းနက်ဂြိုလ်လောက်သေသေချာချာလှတာမျိုးမဟုတ်ဘူးလေ…ပြီးတော့စီးပွားရေးကလည်း တော်ဝင်မြို့တော်လောက် မဖွံ့ဖြိုးဘူးဟာကို…"


" ဒါပေမဲ့ မက်ခါသုတေသနဌာနက နိုအာကြယ်ပေါ်မှာလေ…" ယွမ်ရှင်းကျဲ သဘာဝကျကျပင်ပြန်ဖြေလိုက်ပြီး " မက်ခါသုတေသနဌာန ၊ ငါကြားဖူးတာက အဲ့နေရာမှာ အင်ပါယာတစ်ခုလုံးရဲ့ အဆင့်မြင့်ဆုံးမက်ခါနည်းစနစ်ရှိတယ်တဲ့…"


" မင်းကမက်ခါသုတေသနကိုသွားချင်တာလား…" လုရန်ရှုကြောင်အသွားပြီးပြောလိုက်သည်။


 " မင်းမသိဘူးလား မက်ခါသုတေသနဌာနဆိုတာ အင်ပါယာရဲ့ခံတပ်‌ဆိုပြီးသိကြတာလေ ပုံမှန်လူတွေဝင်လို့ရတဲ့နေရာမဟုတ်ဘူး…"


သူ၏နှလုံးသားထဲတွင် ယွမ်ရှင်းကျဲသည်လည်း ထိုကဲ့သို့ လျို့ဝှက်သော မက်ခါသုတေသနဌာနမှာ သူကဲ့သို့သာမန်စစ်တက္ကသိုလ်ကျောင်းသားလေးတစ်ဦး ဝင်ရောက်နိုင်မည့်နေရာမဟုတ်ကြောင်းကို သိနေခဲ့သည်။


" ဒါပေမဲ့ NCLM မှာက အထူးဓလေ့ရှိတယ်တဲ့…" လုရန်ရှုခဏကြာစဉ်းစားလိုက်ပြီးနောက် ဆက်လက်ပြောလိုက်သည်။


 " ချန်ပီယံအဖွဲ့ကတော့ မက်ခါသုတေသနဌာနကိုဝင်ရောက်လာခွင့်ရမှာ… အပြင်ဘက်အပိုင်းလောက်ဆိုပေမဲ့ပေါ့…"


ထိုအကြောင်းအားကြားပြီးနောက် ယွမ်ရှင်းကျဲ၏စိတ်ထဲတွင် အနိုင်လိုချင်သည့်စိတ်မှာ ပို၍ကြီးစိုးလာခဲ့သည်။


အကယ်၍ သူသာမက်ခါသုတေသနဌာကိုဝင်ရောက်နိုင်ပြီး ထိုတွင်နေနိုင်မည့် အခွင့်အရေးရမည်‌ဆိုလျှင် သူစမ်းသပ်ခန်းအားအသုံးခွင့်ပြုခွင့်ရှိမည်ဖြစ်ပြီး အမျိုးမျိုးသောမက်ခါနည်းပညာများနှင့် မက်ခါ အမျိုးအစားသစ်များကို တီထွင်ရန်အတွက် ပိုမိုလွယ်ကူပါပေလိမ့်မည်။


" ဟေး မင်းဘာတွေအဲ့လောက်တွေးနေတာလဲ…" လုရန်ရှုအခန်းသို့ပြန်ရောက်ပြီးနောက်ပြောလိုက်လေသည် " ငါတို့ကျောင်းကအရည်အချင်းပြည့်မှီဖို့အတွက် အဲ့လောက်သေချာနေတာမဟုတ်ဘူးနော်…"


ထိုစကားအားကြားလိုက်ချိန်တွင် ယွမ်ရှင်းကျဲသက်ပြင်းသာချလိုက်မိတော့သည်။


အမှန်ပင်။ ရှင်းဟိုင်စစ်တက္ကသိုလ်ချန်ပီယံဖြစ်နိုင်ရန်အတွက် သူတစ်ယောက်တည်းအားဖြင့် မရနိုင်ပေ။


....


နိုအာကြယ်…


မက်ခါသုတေသနဌာန၏အတွင်းပိုင်းနေရာအား အင်ပါယာ၏ခံတပ်ဟူ၍သိကြလေသည်။


မက်ခါသုတေသနဌာန၏အဆောက်အဦးများအား အလွန်ခိုင်မာသောပါဝင်ပစ္စည်းများဖြင့် ဆောက်လုပ်ထားပြီး လျို့ဝှက်တောအုပ်အတွင်းတည်ရှိနေသည်။ မျက်နှာပြင်ပေါ်တွင် ကိုယ်‌ယောင်ဖျောက်ပေးနိုင်သည့်ပစ္စည်းများအားအသုံးပြုထားသဖြင့် ရှာဖွေရန်အတွက်ခက်ခဲပေမည်။


၎င်းအဆောက်အဦးများမှာ တောအုပ်ထဲရှိရှေးကျသောအဆောက်အအုံများကဲ့သို့ပင်။ သူတို့၏ပုံစံမှာ ရှေးခေတ်ကမ္ဘာမြေ၏ပုံစံနှင့်ဆင်တူသော်လည်း အမျိုးအစားစုံလင်လှသော အရည်အသွေးမြင့်ပစ္စည်းများဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး အတွင်းရှိဓာတ်ခွဲခန်းများမှာလည်း အလွန်လျင်မြန်သောအရှိန်ဖြင့်လှုပ်ရှားနေကြသည်။ သုတေသနပညာရှင်များနှင့် စက်ရုပ်များမှာ အရှိန်အဟုန်မြင့်စွာဖြင့် စနစ်တကျ ပူးပေါင်းဆောင်ရွက်ကြပြီး အလွန်ကြီးမားသောစက်ကြီးတစ်ခုပြီးပြည့်စုံစွာအလုပ်လုပ်နေသကဲ့သို့ အင်ပါယာအတွက် နောက်‌ဆုံးပေါ်မက်ခါနည်းပညာများအား သုတေသနပြုလုပ်နေခဲ့ကြသည်။


တစ်ချိန်တစ်ခါတုန်းက အင်ပါယာ၏မက်ခါနည်းပညာမှာ မိတ်ဖက်အဖွဲ့အစည်းနှင့်နှိုင်းယှဉ်ပါက နိမ့်ကျနေခဲ့ဖူးသော်လည်း ကြယ်စုနှစ်ခုကြားရှိ မက်ခါပြိုင်ပွဲ၏စွမ်းအားမှာ‌ မရပ်တန့်ခဲ့ဘူးချေ။


အဘယ့်ကြောင့်ဆိုသော် သူတို့၏စွမ်းရည်မှာတခြားသူများထက်နိမ့်ကျနေရသဖြင့် အင်ပါယာမှာအမြဲတစေဖိနှိပ်ခံနေရခြင်းကြောင့်ဖြစ်သည်။


၎င်းမှာလွန်ခဲ့သည့်အနှစ်၂၀က မက်ခါသုတေသနဌာနမှ မက်ခါအမျိုးအစားအသစ်ကိုမထုတ်ခဲ့ချိန်အထိဖြစ်နေခဲ့ပြီး ယင်းကအင်ပါယာ၏ အားနည်းချက်ဖြစ်နေသော အခြေအနေကို ပြောင်းလဲစေပြီး မဟာမိတ်အဖွဲ့နှင့် ယှဉ်ပြိုင်နိုင်ရန် ကူညီပေးခဲ့သည်။


....


သုတေသနဌာန၏ ထိပ်တန်းလျှို့ဝှက်ခန်းအတွင်းတွင်…


" လူတိုင်းသိကြတဲ့အတိုင်းပဲ သိပ္ပံနည်းကျသုတေသနအဖွဲ့အစည်းရဲ့ အဓိကတာဝန်က အာရုံကြောချိတ်ဆက်မှုနည်းပညာကို ဘယ်လိုမြင့်တင်ကြမလဲဆိုတာဖြစ်ပြီးတော့ မက်ခါတွေရဲ့စိတ်စွမ်းအားကန့်သတ်ချက်ကိုဖြတ်ကျော်နိုင်ဖို့ပဲဖြစ်တယ်…" သက်လတ်ပိုင်းလူတစ်ဦးသည် အလယ်တွင်ထိုင်ကာပြောနေခဲ့ပြီး " ဒါပေမဲ့လည်း စမ်းသပ်မှုမှာ ငါတို့ကိုကူပေးနိုင်တဲ့ သန်မာတဲ့စိတ်စွမ်းအားနဲ့ ထိန်းချုပ်နိုင်စွမ်းရှိတဲ့လူတစ်ယောက်ကတော့ ချို့တဲ့နေခဲ့တာ…"


ထိုစကားအားပြောလိုက်ပြီးနောက် သူ၏အာရုံမှာလူအုပ်ထံကို ရောက်ရှိသွားကာ စကားဝိုင်းအားပြောင်းလဲလိုက်သည် " ဒါပေမဲ့ မကြာသေးမီအချိန်က ငါတို့ထောက်လှမ်းရေးအရာရှိက ဒီလိုအရည်အချင်းရှိတယ်လို့ သံသယရှိရတဲ့ သူတစ်ယောက်ကိုရှာတွေ့ပြီလို့သတင်းပို့ခဲ့တယ်…"


သုတေသီများမှာ အံ့ဩသွားကြသည်။


သက်လတ်ပိုင်းလူကြီး၏အသံ ပြတ်တောက်သွားပြီးနောက် ရုတ်တရက်ဆိုသလို လူတိုင်း၏မြင်ကွင်းထဲတွင် ဗီဒီယိုတစ်ခု ပေါ်လာခဲ့ပြီး ၎င်းတို့အား အသက်ရှူအောင့်ထားမိစေခဲ့သည်။


ပြသနေသည့်ဗီဒီယိုမှာ ထင်သာမြင်သာမရှိသော ကျောင်းတွင်းမက်ခါပြိုင်ပွဲတစ်ခု၏ဗီဒီယိုပင်ဖြစ်သည်။


မက်ခါသုတေသနဌာ၏တည်ရှိမှုမှာ မက်ခါနယ်ပယ်ထဲတွင် မီးရှုတန်ဆောင်တစ်ခုကဲ့သို့သောတည်ရှိမှုမျိုးဖြစ်ပြီး အတိုးတက်‌ဆုံးသောနည်းပညာနှင့် မက်ခါသုတေသနများအတွက်လမ်းညွှန်ပြသနိုင်သည့်နေရာမျိုးဖြစ်သည်။

88.2


လက်ရှိအချိန်တွင် သိပ္ပံသုတေသနအဖွဲ့အစည်း၏ အဓိကသုတေသနပြုလုပ်‌နေကြသောအကြောင်းအရာမှာ အာရုံကြောချိတ်ဆက်မှုနည်းပညာအား မည်ကဲ့သိို့တိုးတက်လာစေရန်လုပ်ဆောင်ကြမည်ဟူ၍ဖြစ်ပြီး ထိုမှသာ စိတ်ပိုင်းဆိုင်ရာခွန်အားနိမ့်ကျသောလူများမှာ ပို၍ခက်ခဲသောမက်ခါများအား မောင်းနှင်လာနိုင်ကြမည်ဖြစ်သည်။


ဤနည်းပညာမှာတစ်ကြိမ်တစ်ခါမျှအောင်မြင်လိုက်သည်နှင့်တပြိုင်နက်၊ တစ်ဆင့်လေးမျှတိုးတက်နိုင်သည်ဆိုရုံနှင့်ပင် ၎င်းမှာ ခေတ်တစ်ခုလုံး၏ဆန်းသစ်တီထွင်မှုနယ်ပယ်သို့ရောက်ရှိမည်ဖြစ်သည်။


ယခုအချိန်တွင် သိပ္ပံသုတေသနဌာန၏ ထိပ်တန်းလျှို့ဝှက်ခန်းထဲရှိ လူများအားလုံးမှာ မတူညီသောအမူအယာများဖြင့် ဌာနမှုးချန်ယွမ်ဖွင့်ပြနေသည့် မက်ခါပြိုင်ပွဲဗီဒီယိုတစ်ခုအားဂရုတစိုက်ကြည့်နေခဲ့ကြသည်။


ပထမဆုံးအနေဖြင့် လူတိုင်း၏အာရုံသည် ထိုကြည့်ရဆိုးသောမက်ခါနှင့်စက်ရုပ်သားရဲပေါ်တွင်ရှိနေခဲ့လေသည်။


သူတို့မှာနေ့တိုင်းဆိုသလို မက်ခါအမျိုးအစားပေါင်းစုံအား ကိုင်တွယ်ခဲ့ဖူးသော်လည်း ထိုကဲ့သို့ လတ်ဆတ်သော သို့မဟုတ် ပြန်လည်ပြင်ဆင်ထားသည့် မက်ခါမျိုးအား မမြင်ခဲ့ချေ။


မကြာမီတွင် ၎င်းတိုက်ပွဲမှာ Bအဆင့်နှင့် S+မက်ခါတို့၏တိုက်ပွဲဖြစ်နေကြောင်းပေါ်ပေါက်လာခဲ့သည်။


ထိုဗီဒီယို၏ဇာတ်လိုက်မှာ S+အဆင့်ကစားသမားဟုသူတို့ထင်မိခဲ့ကြသော်လည်း Bအဆင့်မက်ခါ၏စက်ရုပ်သားရဲမှာ အံ့ဩဖွယ်ကွေးလွယ်ဆန့်လွယ်ခဲ့သည်။ ၎င်းမှာအရေးပေါ်အခြေအနေ၌ နှစ်ခြမ်းခွဲလိုက်နိုင်ပြီး ဒိုင်းကာနှင့် သေ‌နတ်ပြောင်းအဖြစ်သို့ပင်ပြောင်းလဲနိုင်ခဲ့သည်။


မက်ခါ၏အဆင့်နှင့် မောင်းနှင်နေသူ၏စွမ်းရည်အပြင် ထိုဂိမ်းသည် သူတို့မြင်ဖူးခဲ့သမျှထဲတွင် သံသယဖြစ်ဖွယ်မရှိအောင် စိတ်လှုပ်ရှားစရာအကောင်းဆုံး PK များထဲမှ တစ်ခုဖြစ်သည်မှာ အသေအချာပင်။


" အဲ့ဒီမက်ခါ Bအဆင့်ကနေ Aအဆင့်ကိုပြောင်းထားတာပဲ…" အစိမ်းရင့်ရောင်ဆံပင်ရှိသော သုတေသီတစ်ဦးမှ အံ့ဩနေသည့်အမူအယာဖြင့် ထပြောလိုက်သည် " အဲ့ဒီတော့ ကြယ်နှစ်ထပ်မက်ခါရဲ့မောင်းနှင်သူက ခုန်ပျံကျော်လွှားတာကို ထိန်းချုပ်နိုင်တယ်လား…"


" ဒါကကောင်းကင်ကိုတောင် တော်တော်ဆန့်ကျင်နေတာပဲ… ဒီဗီဒီယိုဖိုင်က ရှင်းဟိုင်စစ်တက္ကသိုလ်ရဲ့မက်ခါပြိုင်ပွဲကမဟုတ်ဘူးလား…သူကဘယ်လိုတောင်ဒီလောက်အသက်ငယ်ငယ်လေးနဲ့လုပ်နိုင်တာလဲ…"


ထိုအချိန်တွင် သူ၏ဘေးမှ အမျိုးသမီးသုတေသီမှလည်းပြောလာခဲ့သည် " ကျွန်မ ရှင်းဟိုင်စစ်တက္ကသိုလ်ရဲ့တရားဝင်ဝဘ်ဆိုဒ်ကို စစ်ကြည့်ပြီးပြီ…ကြယ်နှစ်ထပ်မက်ခါရဲ့မောင်းနှင်သူက ယွမ်ရှင်းကျဲလို့ခေါ်တဲ့သူပဲ…ပြီးတော့ Aအဆင့်အိုမီဂါတဲ့…သူက ခုန်ပျံကျော်လွှားတာမျိုးမလုပ်နိုင်နေသင့်တာမဟုတ်ဘူးလား…"


လူတိုင်း၏‌ဆွေးနွေးချက်များအား နားဆင်နေလျက် ချန်ယွမ်သူတို့အားအတွေးပါပါဖြင့် ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ " မင်းတို့တစ်ခုခုမမြင်လိုက်ဘူးလား…" 


လူတိုင်းဗီဒီယိုအား တစ်ဖန်ပြန်ကြည့်လိုက်ကြပြီးချိန်မှာတော့ သူတို့ ဌာနမှုးချန်ယွမ်ဆိုလိုသည့် ထိုတစ်စုံတစ်ခုအားရှာတွေ့သွားခဲ့ကြသည်။


" အဲ့ကြောင်က … နှစ်ခြမ်းကွဲသွားတယ်…"


 အစိမ်းရင့်ရောင်ဆံပင်ရှိသည့် သုတေသီ၏မျက်လုံးမှာ တဖြည်းဖြည်းချင်း ပြူးကျယ်သွားခဲ့သည် " ပြီးတော့ ယွမ်ရှင်းကျဲကိုလည်း ဘယ်လိုနည်းနဲ့မှ မထိခိုက်သွားဘူး…"


ယေဘူယျအားဖြင့် ကြယ်နှစ်ထပ်မက်ခါ၏ အထောက်အပံ့ပစ္စည်းပျက်စီးသွားချိန်တွင် ၎င်းအားထိန်းချုပ်နေသည့် စိတ်စွမ်းအားအပေါ်၌လည်း သက်ရောက်မှုရှိမည်ဖြစ်သည်။ ထိုပျက်စီးမှုမှ မူးဝေခြင်းမှ အာရုံကြောပျက်စီးသည်အထိ ပြင်းထန်နိုင်သည်။


သို့သော်လည်း ယွမ်ရှင်းကျဲ၏မက်ခါမှာမူ နှစ်ခြမ်းကွဲသွားပြီးနောက် ပို၍ပင်သန်မာလာခဲ့သည်။


ချန်ယွမ်ခေါင်းငြိမ့်လိုက်ပြီး အလေးအနက်ဖြစ်နေသည့်အမူအယာဖြင့်ပြောလိုက်လေသည် " ငါအချက်အလက်တွေကိုစစ်ဆေးခဲ့ပြီးပြီ… ယွမ်ရှင်းကျဲကမကြာသေးမီကမှ Aအဆင့်ကိုရောက်ရှိထားတာပဲ.. စက်ရုပ်သားရဲပျက်စီးသွားတဲ့အချိန်ကျမှ သူကAအဆင့်ခက်ခဲမှုရှိတဲ့မက်ခါကိုထိန်းချုပ်နိုင်ခဲ့တာ…"


အစည်းအဝေးခန်းမတစ်ခုလုံး တိတ်ဆိတ်သွားရလေသည်။


အချိန်အတန်ကြာပြီးနောက် တစ်စုံတစ်ယောက်မှမေးမြန်းလာခဲ့သည်။


" အဲ့ဒါဆိုရင်… သူကဘယ်လိုလုပ်ပြီး…လုပ်လိုက်တာလဲ.."


" အဲ့ဒါကဖြစ်နိုင်ချေတစ်ခုပဲရှိတယ်…" ချန်ယွမ်တဖြည်းဖြည်းချင်း ပြောလိုက်ကာ " စက်ရုပ်သားရဲမပျက်စီးခင်အချိန်တုန်းက သူကသူ့ရဲ့စက်ရုပ်သားရဲနဲ့ချည်နှောင်ထားတဲ့ စိတ်စွမ်းအားကိုဆွဲထုတ်ပြီးတော့ ပင်မမက်ခါ‌ရဲ့အဓိကကိုယ်ထဲကို လွှဲပြောင်းပေးလိုက်တာပဲ…"


" ဒါကဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ…" 


သုတေသီများမှာ တညီတညွတ်တည်း ပြောနေကြပြီး သူတို့၏အသံများတွင် အံ့ဩထိတ်လန့်နေမှုများပြည့်နေခဲ့သည်။


" မက်ခါကိုအသက်သွင်းလိုက်တာနဲ့ အဲ့ဒီမှာ စိတ်ဝိဉာဉ်ချည်နှောင်ခြင်းရဲ့ အတွင်းနဲ့အပြင်ဘက်မှာ အလားအလာကွာခြားချက်တွေရှိတယ်‌လေ…" အစိမ်း‌ရင့်ရောင်ဆံပင်ပိုင်ရှင်သုတေသီမှ မျက်မှောင်ကြုတ်လျက် ဆိုလိုက်သည်။


 " စိတ်စွမ်းအားကိုထုတ်ယူခြင်း လွှဲပြောင်းခြင်းဆိုတာက ရေတံခွန်ကိုနောက်ပြန်စီးအောင်လုပ်ရသလောက်ကိုခက်ခဲတဲ့အရာဟာကို…"


" တကယ်လို့အဲ့ဒါသာအမှန်ဆိုရင်…" တစ်စုံတစ်ဦးသည်ရေရွတ်လာခဲ့ပြီး သူ၏မျက်လုံးထဲတွင် အံ့ဩခြင်းနှင့် မနာလိုခြင်းများအပြည့်ဖြင့် " သူက ရာစုနှစ်ရဲ့ ဉာဏ်ကြီးရှင်ပဲ… အဲ့ဒီလို စိတ်စွမ်းအားထိန်းချုပ်မှုမျိုးက တော်တယ်ဆိုတဲ့စကားလုံးနဲ့တောင် ဖော်ပြလို့မရဘူး…" 


သူ၏ဘေးမှလူသည်လည်း ခေါင်းတငြိမ့်ငြိမ့်ဖြင့် " တကယ်လို့သူမှာသာ အဲ့လိုစွမ်းရည်ရှိတယ်ဆိုရင်တော့… သူကမက်ခါတွေခုန်ပျံတာမျိုးလုပ်နိုင်တယ်ဆိုတာ ကျိုးကြောင်းဆီလျော်တယ်…ကျွန်တော်တို့ရဲ့ မက်ခါခုန်ပျံကျော်လွှားနိုင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုက စမ်းသပ်ဆဲအဆင့်ပဲရှိနေသေးတဲ့အတွက် အဲ့လိုအရည်အချင်းမျိုးကို လိုအပ်နေတာ…"


မက်ခါသုတေသနအဖွဲ့အစည်းမှာ အထူးပါဝင်ပစ္စည်းမှ ပထမမျိုးဆက် ချိတ်ဆက်မှုခေါင်းဆောင်းကိုထုတ်လုပ်ခဲ့ပြီးဖြစ်သည်။ ၎င်းမှာ ချိတ်ဆက်မှုကိုဖြတ်ကျော်ပြီးသည်နှင့် ဝတ်ဆင်ထားသူ၏စိတ်စွမ်းအားကို ချဲ့ထွင်ပေးမည်ဖြစ်သည်။ သီအိုရီအရ ထိုအရာမှာ လူသားများအား မက်ခါခုန်ပျံကျော်လွှားခြင်း(အဆင့်ကျော်) ထိန်းချုပ်ရာတွင် အောင်မြင်စေလိမ့်မည်။


မည်သို့ပင်ဖြစ်စေ ထိုအထူးပါဝင်ပစ္စည်းမှာ စိတ်စွမ်းအားခုခံမှုအလွန်များနေသည့်အတွက် သာမန်လူများအဖို့ ချိတ်ဆက်မှုကိုဖြတ်ကျော်နိုင်ဖို့ရန် နည်းလမ်းမရှိ‌ချေ။ ထို့အပြင် ၎င်းကြောင့် မည်သည့်အချိန်တွင်မဆို စိတ်စွမ်းအား တန်ပြန်မှုအား ခံစားရနိုင်သည်။


အင်ပါယာတွင် မက်ခါခုန်ပျံကျော်လွှားနိုင်သောသူဟူ၍မရှိသဖြင့်ချွင်းချက်မရှိ သူတို့၏ ထိုခက်ခဲရုံသာမက အလွန်အန္တရာယ်ကြီးသော စမ်းသပ်မှုမှာ မအောင်မြင်ခဲ့ပေ။


မူလအခြေအနေတွင် မက်ခါသုတေသနဌာနမှာ ထိုနည်းပညာမရှိဘဲ မည်သည့်အရာမျှ လုပ်ဆောင်နိုင်ခြင်း သို့မဟုတ် ကြီးမားသောပိတ်ဆို့မှုအားဖြေရှင်းနိုင်ခြင်းမရှိခဲ့ချေ။


xxxxxxxx