Chapter 89
ထို့နောက် ယွမ်ရှင်းကျဲဟုအမည်ရသော အိုမီဂါတစ်ဦးပေါ်ထွန်းလာကာ သူတို့အားမျှော်လင့်ချက်အသစ်ပေးလာခဲ့သည်။
" ဌာနမှုး ကျွန်တော်တို့သူ့ကိုသွားရှာကြမှာလား…" အစိမ်းရင့်ရောင်ဆံပင်ပိုင်ရှင်သုတေသီမှာ တက်ကြွစွာပြင်ဆင်နေ၏။
" တော်ဝင်မိသားစုကလည်း ငါတို့အပေါ်ကို မက်ခါခုန်ကျော်တာနဲ့ပတ်သက်ပြီး တော်တော်လေးကို ဖိအားပေးနေတာ…"
ချန်ယွမ် မျက်မှောင်ကြုတ်ကာ ပြောလာခဲ့သည်ယ
" ငါကြောက်နေတာက အင်ပါယာနဲ့မိတ်ဖက်အဖွဲ့အစည်းတို့ကြားက ညှိနှုင်းမှုက အကောင်းဘက်မရောက်လာမှာကိုပဲ…အဲ့ဒါဆိုရင် သူတို့က နည်းပညာတွေတိုးတက်ဖို့အတွက် ငါတို့ကိုပိုလောလာလိမ့်မယ်… ငါတို့မှာလုပ်ဖို့အများကြီးရှိသေးတဲ့အပြင် အချိန်ကလည်းမလောက်တော့ဘူးဆိုတော့ အဲ့ဒီယွမ်ရှင်းကျဲကို တတ်နိုင်သမျှ အမြန်ဆုံးဆက်သွယ်လိုက်…"
အမျိုးသမီးသုတေသီမှလည်းပြောလာခဲ့သည် " NCLM ကမကြာခင်စတင်တော့မှာဆိုတော့ ဒီတစ်ချိန် သူတို့က နိုအာကြယ်ပေါ်မှာ ကျင်းပလိမ့်မယ်…"
ထိုစကားအား ကြားလိုက်ရချိန်၌ ချန်ယွမ်၏မျက်လုံးထဲတွင် အမည်မသိခံစားချက်တစ်ခုဖြတ်ပြေးသွားခဲ့သည်။
......
နိုအာကြယ်ပေါ်သို့မထွက်ခွာခင်တစ်ညအလို…
အင်ပါယာကြယ်ပေါ်တွင်…
ချီယုသည် ဝိုင်ပုလင်းများဖြင့် ဝန်းရံထားသော အဆင့်မြင့်ဟိုတယ်တစ်ခု၏သီးသည့်ခန်းထဲတွင် ထိုင်နေခဲ့ကာ သူငယ်ချင်းများနှင့် ခွက်ချင်းတိုက်နေခဲ့သည်။ အချို့မှာ သူ့အားပြိုင်ပွဲတွင်အောင်မြင်မှုရရှိစေရန် ဆုတောင်းပေးနေကြပြီး အချို့မှာ သူ့အားနိုအာကြယ်ပေါ်တွင် လှပသောအိုမီဂါငယ်လေးတစ်ဦးရှာဖွေလာရန် တိုက်တွန်းနေကြကာ အချို့သောလူများမှာမူ သူ့အားယွမ်ရှင်းကျဲကိုမေ့ပစ်ရန်နားချနေကြသည်။
ယခုနေ့ရက်များအတွင် ချီယု ယွမ်ရှင်းကျဲအား လိုက်နေသည့်ဇာတ်လမ်းမှာ ရှင်းဟိုင်တက္ကသိုလ်တစ်ခုလုံး၌ ပျံ့ကြဲနေ၏။
" ယွမ်ရှင်းကျဲက ဘာကောင်းလို့လဲဟ… မင်းရဲ့စိတ်နဲ့တန်လို့လား…"
တစ်စုံတစ်ယောက်က ပြောလာခဲ့သည်။
" ချီးပဲ မင်းသိရဲ့လား…" ချီယုအမူးလွန်ပြီဖြစ်သဖြင့် မပီမသဖြစ်နေပြီး
" သူ… သူက ကျောင်းမှာ အားအကောင်းဆုံးအိုမီဂါတစ်ယောက်ပဲ…" စကားအဆုံးတွင် လက်ထဲမှ ဝိုင်နောက်ထပ်တစ်ခွက်အား မော့ချလိုက်ကာ " နောက်တစ်ခွက်ပေးဦး…"
သို့သော် ယခုအချိန်တွင် သူ့အားမည်သူကမှအဖက်လုပ်မလာချေ။
တစ်စုံတစ်ယောက် သီးသန့်ခန်းထဲဝင်လာခဲ့သောကြောင့် စုဝေးနေသော ကျောင်းသားများမှာ အလျင်အမြန် လူစုခွဲသွားခဲ့ကြသည်။ သူတို့မှာ မကောင်းဆိုးဝါးမြင်လိုက်သကဲ့သို့ တိမ်းရှောင်သွားကြကာ ထွက်သွားရာတွင် မည်သည့်အသံမျှပင် မထွက်ဝံ့ခဲ့ပေ။
ချီယုရောက်လာသည့်သူအား ဝေဝေဝါးဝါးဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် ရုတ်တရက်ဆိုသလို အမူးတစ်ဝက်ပြေသွားလေသည်။
အခန်းထဲသို့ဝင်လာသူမှာ သူ၏ဖခင်ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ချီယင်ဖြစ်၏။
ချီယုသည်လည်း အလွန်ထိတ်လန့်သွားပြီး လက်ထဲမှဖန်ခွက်အား အလျင်အမြန်ချလိုက်ကာ " အဖေ.. အဖေက…"
" မင်းကနက်ဖြန်ပြိုင်ပွဲအတွက်သွားရမှာဆိုတော့ အဖေမင်းကိုလာတွေ့တာပဲ…"
ဗိုလ်ချုပ်ကြီးချီယင်မှာ ထသွားထလာအဝတ်အစားကိုသာဝတ်ဆင်ထားပြီး သူနှင့်ဆန့်ကျင်ဘက်တွင်ထိုင်ကာ ဘုရင်တစ်ပါးကဲ့သို့ ခြေထောက်များကိုချိတ်ထားခဲ့သည်။ သူတို့မှာ တူညီသောပုံစံခွက်ထဲမှ ထွက်လာသကဲ့သို့ မျက်နှာအချိုးအစားများဆင်တူနေခဲ့သည်။
" ပြီးတော့ မင်းကိုပြောစရာအချို့လည်းရှိလို့…"
ချီယု သူ့ကိုယ်သူ နိုးကြားအောင် ကြိုးစားပြီး အားတက်သရော ခေါင်းညိတ်လိုက်ကာ " ဆက်ပြောပါ…"
" ပထမတစ်ခုက ပြိုင်ပွဲမှာ ကောင်းကောင်းလုပ်ဆောင်လာခဲ့.. ပြီးတော့ အရင်ကမင်းလုပ်ခဲ့တဲ့ အမှားတွေကိုဖာထေးနိုင်ဖို့အတွက် Sအဆင့်ရောက်အောင် တတ်နိုင်သမျှကြိုးစားလုပ်ဆောင်ရမယ်…"
ဗိုလ်ချုပ်ကြီးချီယင်မှာ တည့်တိုးပင်ပြောခဲ့သည်။
" ဒုတိယတစ်ခုက ယွမ်ရှင်းကျဲနဲ့ပြန်တည့်အောင်လုပ်…"
" ပထမတစ်ခုကတော့အဆင်ပြေပေမဲ့…"
ချီယုသူ၏မျက်လုံးများကိုတဖြည်းဖြည်းနိမ့်ချလိုက်ပြီး အရက်မှာသူ့အားတစ်ဖန်ပြန်လည်၍သက်ရောက်လာပုံပင်
" ဒါပေမဲ့ ယွမ်ရှင်းကျဲနဲ့ကျွန်တော်တို့ အတူရှိနိုင်ဖို့ကတော့…မဖြစ်နိုင်တာပဲ…"
" ငါမင်းနဲ့ဆွေးနွေးနေတာမဟုတ်ဘူး…" ဝမ်းနည်းနေပုံရသည့်ချီယုအား ချီယွင်အေးစက်စွာကြည့်လိုက်သည်။
" ယွမ်ရှင်းကျဲနဲ့ မင်းရဲ့ဖယ်ရိုမုန်းတွေက အရမ်းကိုက်ညီတယ်…သူ့ကိုကြည့်ရတာ ထက်မြက်တဲ့အိုမီဂါတစ်ယောက်ဖြစ်ပုံပဲ.. ငါတို့အပေါ်ကိုအကျိုးပြုနိုင်ပြီးတော့ မင်းရဲ့ကောင်းမွန်တဲ့မျိုးရိုးဗီဇကိုလည်း လွှဲပြောင်းလို့ရတယ်…"
ချီယုသက်ပြင်းချလိုက်ပြီး " ကျွန်တော်လည်း သူ့ကိုလွှဲပြောင်းပေးချင်တာပေါ့ ဒါပေမဲ့ သူကငြင်းပယ်နေတာ…"
ချီယင် အဆင့်မြင့်ဝိုင်တစ်ခွက်အား လောင်းထည့်လိုက်ပြီး တစ်ငုံသောက်၍ ကြမ်းပြင်ပေါ်သို့ ထွေးချလိုက်ကာ " မသင့်တော်လိုက်တာ…"
ချက်ချင်းဆိုသလိုပင် သူထရပ်လိုက်ကာ အေးစက်နေသောအသံဖြင့် " သူစိတ်အလိုရှိရှိ မရှိရှိအရေးမပါဘူး…ဒါကယွမ်မိသားစုနဲ့ချီမိသားစုကြားကလက်ထပ်ပွဲပဲ…မင်းတို့နှစ်ယောက်ရဲ့ဟာမဟုတ်ဘူး…ငါတို့က ယွမ်မိသားစုရဲ့ပံ့ပိုးပေးမှုကိုလိုအပ်နေတာ… မဟုတ်ရင် မင်းဘယ်လိုလုပ်ပြီး စစ်တပ်ထဲမှာ ခိုင်ခိုင်မာမာခြေကုပ်ယူနိုင်မှာလဲ…မင်းတို့တကယ်မပေါင်းဖက်နိုင်ရင် ငါရေတပ်ဗိုလ်ချုပ်ဖြစ်လာပြီး မင်းလည်းမျိုးဆက်တွေရလာတဲ့အခါကျမှ ကွာရှင်းမယ်ဆိုလည်း နောက်မကျသေးပါဘူး…ဘယ်လိုပဲဖြစ်ဖြစ် ယွမ်မိသားစုမှာက အရည်အချင်းရှိတဲ့လူမရှိဘူး တစ်ဦးတည်းသော အရည်အချင်းရှိတဲ့လူက သူပဲ…"
ကလေးဘဝမှ ကြီးပြင်းလာသည်အထိ ချီယုသူ့အဖေအားကိုးကွယ်ခဲ့ပြီး ပြောသမျှကိုနာခံခဲ့သည်။
သူသည်ရဲရင့်ကာ အတိုက်အခိုက်ကျွမ်းသောကြောင့် သူဆုံးဖြတ်သမျှအရာတိုင်းမှာ ပြတ်ပြတ်သားသားနှင့် မှန်ကန်ခဲ့၏။
ယခုအချိန်တွင် ချီယုသည်လည်း ချီယင်ပြောသည်မှာ မှန်ကန်ကြောင်းကိုသိနေခဲ့သည်။
သို့သော်လည်း ပထမဆုံးအကြိမ်အဖြစ် သူ့အဖေ၏စကားကိုမလိုက်နာရန် သူဆုံးဖြတ်ချက်ချလိုက်မိသည်။
" သူသာငါ့ကိုမကြိုက်ဘူးဆိုရင် ဒါကိုလုပ်ရတာ ဘာအဓိပ္ပါယ်ရှိမှာလဲ…" ချီယုတိုးတိုးလေးပြောလာခဲ့၏။
ယခုအချိန်တွင် သူသည်ယွမ်ရှင်းကျဲနှင့်တစ်ဖွဲ့ထဲဖြစ်နေသော်လည်း ယွမ်ရှင်းကျဲ၏သူ့အပေါ်လျစ်လျူရှူထားသည့် အပြုအမူမှာ သူ့အားထိတ်လန့်စေခဲ့သည်။
အကယ်၍ ယွမ်ရှင်းကျဲသည် သူ့အားစိတ်ဆိုးနေခဲ့သည်ဆိုပါက ၎င်းမှာ သူ့အပေါ်တွင်စိတ်ရှိနေသေးသည်ဟု သူ့ကိုယ်သူဖြေသိမ့်နိုင်ပေမည်။
သို့သော်လည်း သူတို့နှစ်ဦးစလုံး အတိတ်ကိုပြန်သွားဖို့ရန် မဖြစ်နိုင်တော့သည်အား သူသဘောပေါက်ခဲ့သည်။
ပို၍အရေးကြီးသည်မှာ သူယွမ်ရှင်းကျဲအပေါ် ပို၍နက်နက်ရှိုင်းရှိုင်းတန်ဖိုးထားမိလေလေ တစ်ချိန်တစ်ခါတုန်းက ရှိခဲ့သော သူ၏ကိုယ့်ကိုကိုယ်ယုံကြည်မှုနှင့် အပြုအမူများမှာ ပျက်လုံးတစ်ခုနှင့်တူလာလေလေပင်ဖြစ်သည်။
ချီယု သူ၏ဖခင်အားကြည့်ကာ တုန်တုန်ယင်ယင်ဖြင့်ပြောလိုက်လေသည်။
" အဖေ ကျွန်တော် ကျွန်တော်ယွမ်ရှင်းကျဲကိုသဘောကျတယ်…ဒါပေမဲ့ အခုတော့အဲ့လိုလုပ်လို့မရဘူး…သူကျွန်တော့်ကိုခွင့်လွှတ်လာဖို့ အချိန်တော့ပေးပါ..အဲ့ဒါဆို ကျွန်တော့မှာ အခွင့်အရေးရှိလာလိမ့်…"
" ဖြန်းးးး "
ချီယင်လက်ကိုဆန့်ကာ ချီယု၏စကားမဆုံးခင်မှာပင်ရိုက်ချလိုက်သည်။
" ငါမင်းကိုခုနကထဲကပြောပြီးပြီ…" စစ်မြေပြင်တွင်ရန်သူများအားသတ်ဖြတ်နေသကဲ့သို့ တင်းမာမှုမျိုးဖြင့် ချီယင်အေးစက်စွာပြောလာခဲ့သည်။
" ငါမင်းနဲ့ဆွေးနွေးနေတာမဟုတ်ဘူး…"
ချီယု အနည်းငယ် ထိတ်လန့်သွားရသည်။
89.2
ကလေးဘဝမှ ကြီးပြင်းလာသည်အထိ သူသည်မနာခံမှုအတွက် တစ်ကြိမ်ထက်မနည်းအရိုက်ခံခဲ့ရဖူးသည်။
ရိုက်နှက်ခံရပြီးချိန်မှာတော့ သူ့အဖေ၏စကားကိုနာခံလိုက်သည်သာဖြစ်၏။
" ကျွန်တော်သိပါပြီ…" ချီယုခေါင်းကိုနိမ့်ကာ သူ၏အသံမှာအက်ရှာနေပြီး မကြားနိုင်သည်အထိ တိုးနေခဲ့သည်။
" ပထမမင်းသားဘက်က တစ်ယောက်က ငါ့ကိုတိတ်တဆိတ်သတင်းပေးလာခဲ့တယ်…" ချီယင်သူ၏သားအား ငုံကြည့်လိုက်ပြီး အသံနိမ့်နိမ့်ဖြင့် " အင်ပါယာနဲ့မိတ်ဖက်အဖွဲ့အစည်းအကြား ညှိနှိုင်းမှုက လမ်းဆုံးသွားပြီး စစ်ပွဲက အချိန်မရွေးထဖြစ်နိုင်တယ်…စစ်ဖြစ်နေချိန်အတွင်း လူဦးရေလုံလောက်မှုအတွက် လိုက်ဖက်မှုနှုန်းမြင့်တဲ့ အယ်လ်ဖာနဲ့ အိုမီဂါတွေက ပေါင်းစည်းကြဖို့ ဖြစ်နိုင်ခြေရှိလာလိမ့်မယ်…"
ထိုစကားအား ကြားလိုက်ရချိန်တွင် ချီယု၏မျက်လုံးများမှာ ရုတ်တရက်ဆိုသလို အလွန်အမင်းတက်ကြွလာပြီး ချီယင်အားကြည့်၍ " အမှန်လား အမှားလား…"
" အဲ့ဒီဥပဒေက အကောင်အထည်ပေါ်ဖို့ အရမ်းများတယ်…" ချီယင်သားဖြစ်သူအားကြည့်လိုက်ပြီး အလေးအနက်ထားသည့်အသံဖြင့် " အဲ့ဒါကြောင့် ငါတို့ယွမ်မိသားစုနဲ့ဆက်ဆံရေးကိုတည်ငြိမ်အောင်လုပ်ရမှာ…ဒါမှသူတို့တခြားသူတွေနဲ့ မတွဲသွားနိုင်မှာ…ယွမ်ရှင်းကျဲအတွက်ကတော့ သူကအနှေးနဲ့အမြန်မင်းအပိုင်ဖြစ်လာမှာပဲလေ…"
ရုတ်တရက်ဆိုသလို ပျော်ရွှင်မှုမှာ ချီယုအား လွှမ်းခြုံသွားခဲ့သည်။ သူ၏အတွေးကြောင့် ခဏကြာ အသက်ရှုကြပ်သွားပြီး စကားပြန်မပြောနိုင်ဖြစ်နေရသည်။
ချီယင်သူ့အားကြည့်၍ နှာခေါင်းရှုံ့လိုက်ပြီး " အဲ့ဒီတော့ မင်းကငါ့အမိန့်ကိုဆန့်ကျင်နေဦးမှာလား…မင်းတကယ်သူ့ကိုအရှုံးပေးချင်တယ်ဆိုလည်း မရတာတော့မဟုတ်ဘူး အဆိုးဆုံးအနေနဲ့ တွဲဖက်ပြောင်းလိုက်ရုံပေါ့…"
" ချီယု မင်းဆန္ဒရှိလား…"
ချီယုသည် ချီယင်၏မေးခွန်းကြောင့် အနည်းငယ်ထိတ်လန့်မိသွား၏။
သူယွမ်ရှင်းကျဲ၏ သင့်တင့်သောအသားအရည်နှင့် ချောမောသောမျက်နှာအပြင် သူ၏တိုက်ပွဲမြေပြင်တွင် အရာအားလုံးကို မည်ကဲ့သို့ ပြောင်းပြန်လှန်နိုင်ပုံနှင့် သူ၏အဖွဲ့နှင့်အတူတူတိုက်ခိုက်နေခြင်းကိုလည်း သတိရသွားခဲ့သည်။
သူ၏ခေါင်းထဲတွင်ပြောနေသောအသံမှာ ယွမ်ရှင်းကျဲသူ့အားမနှစ်သက်ဘူးဟူ၍ပင်။ သူတို့အတူရှိနိုင်မည်ဆိုလျှင်ပင် ကျိန်းသေပေါက် ပျော်ရွှင်ကြရမည်မဟုတ်ချေ။
ချီယုတုန့်ဆိုင်းနေ၏။
မည်သို့ပင်ဖြစ်စေကာမူ သူ၏တုန့်ဆိုင်းနေခြင်းသည် အချိန်အများကြီး မကြာခဲ့ချေ။
ချီယု ယွမ်ရှင်းကျဲနှင့် လော့ဝမ်ချွမ်းတို့အကြားရှိ ရင်းနှီးမှုအား မှတ်မိသွားချိန်၌ မနာလိုဖြစ်လာခဲ့ရပြီး လက်သီးမဆုပ်ဘဲ မနေနိုင်တော့ပေ။
အရင်အချိန်တုန်းက ယွမ်ရှင်းကျဲမှာ သူ့ကိုသာထင်ထင်ရှားရှားသဘောကျနေခဲ့ပြီး သူ့တစ်ဦးထဲကိုသာ ကောင်းပေးခဲ့သော်လည်း ယခုအချိန်တွင်မူ စွန့်ပစ်ကြယ်မှလာသည့် ဆင်းရဲသားတစ်ယောက်၏ ယူဆောင်သွားခြင်းကိုခံလိုက်ရသည်။
" အဖေပြောတာဟုတ်တယ်…" ချီယုသက်ပြင်းတစ်ချက်ချလိုက်ပြီး သူ့အဖေ၏နက်ရှိုင်းပြီး အေးစက်နေသောမျက်လုံးများကိုကြည့်၍ တစ်လုံးချင်းစီ ဖြည်းဖြည်းချင်းပြောလိုက်သည်။
" ယွမ်ရှင်းကျဲ… သူကကျွန်တော်နဲ့ပဲ အတူရှိသွားရမှာ…"
သားဖြစ်သူ၏မျက်လုံးထဲရှိ တင်းမာနေမှုအား မြင်လိုက်ရပြီးနောက် အဆုံးတွင် ကျေနပ်နေသည့်အပြုံးဖြင့် " အဲ့ဒါဆိုလည်း ယွမ်ရှင်းကျဲနဲ့ အတူရှိနိုင်တဲ့အတွက် အဖေမင်းကို ကြိုပြီးဂုဏ်ပြုပါတယ်ကွာ.. အဖေမင်းတို့ရဲ့ စေ့စပ်ပွဲအခမ်းအနားကိုစောင့်နေမယ်…"
ထိုသို့ပြောပြီးချိန်နောက် ချီယင်လှည့်ကာ ပြန်သွားခဲ့သည်။
ချီယု၏လက်ချောင်းများမှာ အနည်းငယ်တုန်ယင်နေကာ အချိန်အတန်ကြာအထိ စိတ်ဖြေ၍မရနိုင်သေးချေ။
သူထင်ခဲ့သည်မှာ သူတို့အတူရှိနိုင်နေသရွေ့ တစ်နေ့တွင် ယွမ်ရှင်းကျဲသူ့အားခွင့်လွှတ်လာနိုင်မည်ဟူ၍ပင်ဖြစ်သည်။
.....
ယွမ်ရှင်းကျဲ သူ၏ခရီးဆောင်အိတ်ကိုထုတ်ပိုးပြီး၍ အိပ်ရန်ပြင်လိုက်ချိန်တွင် ရုတ်တရက် ယွမ်ချန့်ရှန်ထံမှ ဆက်သွယ်ရေး တောင်းခံလွှာကို လက်ခံရရှိလိုက်သည်။
သူယွမ်မိသားစုကို နောက်ဆုံးမြင်ခဲ့သည့်အချိန်ကတည်းက ယွမ်ဝူဟုနာမည်ရှိသော ညီငယ်လေးမှအပ ကျန်သည့်မိသားစုဝင်များနှင့် အဆက်အသွယ်သိပ်မရှိတော့ပေ။
ဆက်သွယ်ရေးစက်ကိုကြည့်ပြီးနောက်တွင် သူ့အခန်းထဲ၌ ယွမ်မိသားစု၏ သုံးဖက်မြင်ပုံရိပ်တစ်ခုက ထွက်ပေါ်လာခဲ့သည်။
ယွမ်ရှင်းကျဲရှေ့တွင် ထိုင်နေကြသူသုံးယောက်၌ အမျိုးမျိုးသော အမူအရာများရှိနေကြသည်။
"ရှင်းရှင်း ဒီတစ်ချိန်လုံး အတော်လေးလေ့ကျင့်ခဲ့ရတယ်မလား..."
ယွမ်ချန်ရှန်ကသူ့ကို အပြုံးလေးဖြင့် ဦးဆောင်၍ နှုတ်ဆက်သည်။
"မနက်ဖြန် မင်းနိုအာကြယ်ကို ပြိုင်ပွဲဝင်ဖို့သွားတော့မှာပဲ... ကောင်းကောင်းယှဉ်ပြိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်... မင်းအဖွဲ့လိုက်ပြိုင်ပွဲမှာ အရည်အချင်းပြည့်မီခဲ့ရင် အဖေမင်းကို မက်ခါတစ်ခုဆုချမယ်...."
ညီငယ်ဖြစ်သူ ယွမ်ဝူကလည်း ယွမ်ရှင်းကျဲကိုပြောသည်။
"အစ်ကို... နိုအာကြယ်မှာ ပျော်စရာတွေအများကြီးရှိတယ်လို့ ကျွန်တော်ကြားထားတယ်... ပြီးတော့ အခုတလော အပြင်ဥယျာဉ်ပွဲတော်ရှိတယ်တဲ့... စကားမစပ် နိုအာကြယ်က သစ်သီးတွေကလည်း အရမ်းနာမည်ကြီးတယ်နော်...."
သူ့စကားမဆုံးမီ ချင်ရွှမ်းက ယွမ်ချန်ရှန်၏စကားအတိုင်း ကြားဖြတ်ပြောလိုက်သည်။
"မင်းဘာတွေ ပတ်ကစားနေတာလဲ... မင်းအဖေပြောတာမှန်တယ်... မင်း ပြိုင်ပွဲမှာ ကောင်းကောင်းပြိုင်ခဲ့ရမယ်နော်... ယွမ်မိသားစုရဲ့ ဂုဏ်သတင်းကိုမြှင့်တင်ဖို့ မင်းအဖေကိုစိတ်မပျက်စေနဲ့နော် နားလည်လား..."
သူ့စကားများက အတွင်းရောအပြင်၌ ယွမ်ချန်ရှန်ကို မြှောက်ပင့်နေသည်သာဖြစ်သည်။
ယွမ်ရှင်းကျဲက သူတို့ဘာပြောပြော တိတ်တဆိတ်သာနားထောင်ပြီး နှုတ်ခမ်းကိုတွန့်ကွေးကာ ဟက်ဟက်ပက်ပက်မရှိလှသော အသံဖြင့်ပြောလေသည်။
"စိုးရိမ်ပေးလို့ ကျေးဇူးတင်ပါတယ်...."
ယွမ်ချန်ရှန်က ယွမ်ရှင်းကျဲသူ့ကိုအသိအမှတ်ပြုစေရန် ရည်ရွယ်ချက်ဖြင့် ပျော်ပျော်ရွှင်ရွှင်စကားအချို့ဆက်ပြောပြီး စိတ်ပျော်နေသောအမူအရာဖြင့် ရှိနေလေသည်။
xxxxxx