အပိုင်း ၉၀
Viewers 17k

Chapter 90


စကားပြောပြီးနောက်တွင် ယွမ်ချင်းရှန်နှင့် ယွမ်ဝူတို့က ဆက်သွယ်ရေးစက်မှထွက်ကာ အိပ်သွားကြသည်။


ချင်ရွှမ်းက ဖုန်းချလိုက်ချင်သော်လည်း သူမလက်များက ရုတ်တရက် ရပ်တန့်သွားရသည်။


နောက်ကျနေပြီဖြစ်သော်လည်း သူမက ပြီးပြည့်စုံပြီး နူးညံ့သိမ်မွေ့ဟန်ပေါ်သော မိတ်ကပ်ကိုပြင်ထားဆဲဖြစ်ကာ သူမ၏ မက်မောဖွယ်မျက်နှာလေးက သုံးဖက်မြင်ပုံရိပ်၌ပင် ကျက်သရေတင့်နေသည်။


ယွမ်ချန်ရှန်နှင့် ယွမ်ဝူတို့နှစ်ယောက်လုံး ထွက်သွားချိန်တွင် သူမ၏ ချီးမွမ်းမြှောက်စားတတ်သော အိမ်ရှင်မ အမူအရာက ချက်ချင်းပြောင်းလဲသွားပြီး လေသံကအေးစက်သွားသည်။


"ယွမ်ရှင်းကျဲ... ငါနင့်ကို အမှန်အတိုင်းပြောပြမယ်... နင်က အိုမီဂါတစ်ယောက်နော်... ပြီးတော့ နင် NCLMကိုသွားရင်တောင် နင့်ရဲ့ခွန်အားနဲ့ဆိုရင် သေချာပေါက်ရှုံးမှာပဲ... အဖေက စိတ်ပျက်ရဖို့ ကံကြမ္မာရှိပြီးသား...."


"တကယ်လား...."


ယွမ်ရှင်းကျဲက မျက်လုံးများပင့်ကာ သူမကိုကြည့်လိုက်ပြီး ရုတ်တရက် တခစ်ခစ်ရယ်လာသည်။

"ဒါဆို ခုဏကကြတော့ ဘာလို့များ မပြောလိုက်ရတာလဲ..."


"နင့်အဖေက အဲ့ဒါမျိုးကို ကြားရတာမကြိုက်ဘူး... သူက အခု နေရာတိုင်းမှာလိုက်ပြီးကြွားထားတာ... သူ့ရဲ့ အိုမီဂါသားကတောင် မက်ခါမောင်းနှင်နိုင်တော့ ယွမ်ဝူက အနာဂတ်မှာ သေချာပေါက် ဗိုလ်ချုပ်အဆင့်လောက်ဖြစ်လာမှာဆိုပြီးတော့ပေါ့..."


ချင်ရွှမ်း ဖြေးဖြေးချင်းပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် နင်က ငါ့ကိုအံ့ဩစေတဲ့အရာတစ်ခုကို လုပ်ပြခဲ့တာပဲ...."


ယွမ်ချန်ရှန်၏ ရှေ့တွင် ချင်ရွှမ်းက ခေါင်းလေးငုံ့ကာမျက်စိပဒေသာဖြစ်အောင် ပြုမူသည်။ သူမက ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်မလွန်ကဲပဲ အပေါစားမိုက်မဲလှသော သာမန်အိုမီဂါ အိမ်ရှင်မတစ်ယောက်လိုပြုမူပေသည်။


သို့သော် ယွမ်ချန်ရှန်မရှိသည်နှင့် သူမ၏စကားများက ပြတ်သားခက်ထန်ကာ သန်မာသည့်မိန်းမတစ်ယောက်၏ အကြည့်များဖြင့် ကြည့်လေသည်။


ယွမ်ရှင်းကျဲက ချင်ရွှမ်းတစ်ယောက် သူချီယုနှင့် စေ့စပ်ပွဲကိုဖျက်ခဲ့စဉ်က ထိုပုံစံအတိုင်းဖြစ်နေခဲ့ကြောင်း မှတ်မိနေသေးသည်။ မူလပိုင်ရှင်က သူမကိုမြင်တိုင်းကြောက်ရွံ့ပြီး သူမ ပြောသမျှနာခံသည်မှာ အံ့ဩစရာပင်မရှိတော့ချေ။


ယွမ်ရှင်းကျဲက ခဏတာမျှ မည်သည်က ချင်ရွှမ်းအစစ်အမှန်လဲဆိုတာ မသိတော့ချေ။


"နားထောင်စမ်း... နင့်အဖေက အားနည်းတဲ့လူတွေကိုမကြိုက်ဘူး... ဒါပေမဲ့ ငါကတော့ အဲ့ဒါတွေကိုဂရုမစိုက်ဘူး...."


ချင်ရွှမ်းက ယွမ်ရှင်းကျဲကိုကြည့်ရင်း အမိန့်ပေးစေခိုင်းလိုသော အသံဖြင့်ပြောလိုက်သည်။

"ဒီဂိမ်းက ဘာမှအရေးမကြီးဘူး... နင်နဲ့ ချီယုရဲ့လက်ထပ်ပွဲကမှ အရေးအကြီးဆုံးပဲ... နင့်ရဲ့ ကလေးဆန်ဆန်မာနကို ပစ်ချထားစမ်းပါ... ပြီးတော့ နင့်ရဲ့ဖယ်ရိုမုန်းနဲ့ ချီယုကို ချည်နှောင်လိုက်...."


ချင်ရွှမ်းက သူမ ယွမ်ရှင်းကျဲနှင့်ဆုံတိုင်း သူနှင့်ချီယု၏လက်ထပ်မှုအကြောင်း ပြောလေ့ရှိသည်။


သူမ၏အတွေးထဲတွင် ယွမ်ရှင်းကျဲက ချီယုနှင့်လက်ထပ်ရန်သာ အသုံးဝင်ပေသည်။


"သူက သန်မာတဲ့လူတွေကိုသဘောကျတာလား...."


ယွမ်ရှင်းကျဲ မျက်ခုံးပင့်ရင်းပြောလိုက်သည်။


"ဒါဆို ခင်ဗျားကဘာကြောင့်များ သူ့ရှေ့မှာ လိမ္မာနာခံသလို သရုပ်ဆောင်နေရတာလဲ..."


ချင်ရွှမ်း မျက်မှောင်ဖွဖွကြုတ်သွားသည်။ ခဏမျှငြိမ်ကျသွားပြီးနောက်တွင် ပြန်ဖြေလေသည်။


"သူက သန်မာတဲ့မိန်းမတွေကိုသဘောကျတယ်... ဒါပေမဲ့ သူ့ထက်သာတဲ့သန်မာတဲ့မိန်းမကိုတော့ သဘောမကျဘူးလေ...."


"ကျွန်တော်သိရသလောက်ကတော့ ခင်ဗျားကုမ္ပဏီရဲ့ အလုပ်အမှုဆောင်တစ်ယောက်ပါ... သန်မာလှတဲ့ အိုမီဂါတစ်ယောက်အနေနဲ့...."


ယွမ်ရှင်းကျဲ သုံးဖက်မြင်ပုံရိပ်ရှိ အမျိုးသမီးကို မျက်လုံးပင့်၍ကြည့်ပြီး ခပ်ဖြေးဖြေးချင်းမေးလိုက်သည်။


"ခင်ဗျားရဲ့အတွေးထဲမှာ အိုမီဂါတွေက လက်ထပ်ဖို့လောက်ပဲ တန်ဖိုးရှိတာလား..."


"မင်း...."


ချင်ရွှမ်း အနည်းငယ်မျှ လန့်သွားသည်။


သူမ၏ ပျိုးထောင်မှုအောက်တွင် မူလပိုင်ရှင်က သူမစကားတိုင်းနားထောင်သည့် ကလေးကောင်းတစ်ယောက်ဖြစ်ပြီး အမြဲတမ်း သန်မာသည့် အယ်ဖာတစ်ယောက်ကို လင်ယောက်ျားအဖြစ်လိုချင်နေသူဖြစ်သည်။ သူချီယုကို မချစ်မိခင်အထိ ကမ္ဘာကြီးထဲရှိ အရာတိုင်းကိုမမြင်ဖူးခဲ့ပေ။


သို့သော် ယခုတွင် ယွမ်ရှင်းကျဲ၏ မေးခွန်းအပြည့်ပါသော အကြည့်များက သူမကို တည့်တည့်စိုက်ကြည့်ရန် အနည်းငယ်ခက်ခဲနေစေလေသည်။


"စကားလမ်းကြောင်းမလွှဲနဲ့...."


ချင်ရွှမ်းက နှုတ်ခမ်းတင်းတင်းစေ့လိုက်သည်။

"ချီမိသားစုက ငါတို့မိသားစုအတွက် ဘယ်လောက်အရေးပါလဲ နင်နားမလည်ပါဘူး..."


ယွမ်ရှင်းကျဲက သူ၏နှုတ်ခမ်းပါးလေးများကို အနည်းငယ်တွန့်ကွေးလိုက်သည်။


"အဲ့ဒီ့အကြောင်းကို ပိုပြီးနားထောင်ချင်ပါသေးတယ်...."


"ချီမိသားစုနဲ့ စစ်တပ်မှာ ခွဲလို့မရတဲ့ ဆက်နွယ်မှုရှိတယ်... ပြီးတော့ သူတို့က မက်ခါသုတေသနဌာကနေ သတင်းတွေရနိုင်သေးတယ်... သတင်းအများစုက စကားနည်းနည်း ဒါမှမဟုတ် သတင်းအတိုအစတွေဆိုပေမဲ့ အဲ့ဒါတွေက ငါတို့ကုမ္ပဏီကို အခြားပြိုင်ဘက်တွေကို အပေါ်စီးကငုံ့ကြည့်နိုင်စေဖို့ လုံလောက်တယ်..."


ချင်ရွှမ်းက အလေးအနက်ပြောလာပြီး ယွမ်မိသားစု၏ အမျိုးမျိုးသော လုပ်ငန်များက ချီမိသားစု၏သတင်းအချက်အလက်ထောက်ပံ့မှုအပေါ် မှီခိုနေကြောင်း စိစစ်ပြလေသည်။


သူမပြောပြပြီးနောက်တွင် အနည်းငယ်အံ့ဩသွားမိပြီး သရော်လိုက်သည်။


"ငါနင့်ကို ဒီအကြောင်းတွေဘာလို့များပြောမိပါလိမ့်... နင်သိချင်တာက မက်ခါတွေအကြောင်းပဲမလား.... နင်ငယ်ငယ်ကတည်းက ကုမ္ပဏီကို ရောက်ဖူးတာ အကြိမ်​ရေ နည်းနည်းပဲရှိတာလေ...."


"မက်ခါသုတေသနဌာနဆီက သတင်းအချက်အလက်လေးတွေအတွက်နဲ့ ကိုယ့်သားကိုယ်တောင် ရောင်းနိုင်တယ်ပေါ့လေ...."

ယွမ်ရှင်းကျဲက အေးစက်စက်ပြောလိုက်သည်။


"မက်ခါသုတေသနဌာနက ဘာကိုကိုယ်စားပြုလဲ နင်သိလား...."


ချင်ရွှမ်းက ဖြေးဖြေးချင်းမျက်လုံးဖွင့်ကာ ယွမ်ရှင်းကျဲကို ငုံ့၍ကြည့်လေသည်။


"နင့်ရဲ့တန်ဖိုးက အဲ့ဒီ့သတင်းအချက်အလက်တွေနဲ့ လုံးဝမယှဉ်နိုင်ဘူး.... ဘာလို့လဲဆိုတော့ အဲ့ဒီ့နေရာက နင့်တစ်သက်လုံး ဘယ်သောအခါမှဝင်လို့ရမယ့်နေရာ မဟုတ်လို့ပဲ... နားလည်ပြီလား....."


ယွမ်ရှင်းကျဲ အသက်ပြင်းပြင်းရှူလိုက်သည်။ သူက ယွမ်မိသားစုသာ ပြောင်းလဲသွားခဲ့ပါလျှင် ချင်ရှန်ကုမ္ပဏီအတွက် အချို့သောနည်းပညာအကူအညီအချို့ပေးမည်ဟု တွေးခဲ့ပေသည်။


သူချင်ရွှမ်းကိုကြည့်ပြီး ဖြေးဖြေးချင်းမေးလိုက်သည်။

"ဒီတော့ ခင်ဗျားက ချီယုနဲ့ ကျွန်တော် အတူရှိသင့်တယ်လို့ ထင်တာလား..."


"မင်းသာ သုတေသနဌာနရဲ့ သုတေသီတစ်ယောက်ဖြစ်မလာနိုင်ရင်ပေါ့...."


ချင်ရွှမ်းက ယွမ်ရှင်းကျဲကို အေးစက်စွာကြည့်လိုက်သည်။ သုံးဖက်မြင်ပုံရိပ်မှ အေးစက်စက်အလင်းများက သူ၏မျက်လုံးအိမ်ထဲတွင် ရောင်ပြန်ဟပ်နေပြီး စိတ်ခံစားချက်တစ်စိုးတစ်စိကိုမှ ရှိမနေချေ။


"ဒါမှမဟုတ် နင်သာ တော်ဝင်မိသားစုထဲကတစ်ယောက်နဲ့ ကိုက်ညီမှုမြင့်မားတဲ့လူတစ်ယောက်ကို တွေ့ခဲ့ရင်ပေါ့..."


ယွမ်ရှင်းကျဲ တိတ်ကျသွားသည်။


ထိုကိစ္စနှစ်ခုလုံးက ရနိုင်ရန်မလွယ်ကြောင်း သူသိပါသည်။


"ဒါပေမဲ့ မင်းအဲ့ဒီ့နှစ်ခုလုံးကို မလုပ်နိုင်ပါဘူးလေ...."


ချင်ရွှမ်းက စီးပွားရေးကိစ္စတစ်ခုကိုပြောနေဟန် လေသံဖြင့်ပြောလိုက်သည်။

90.2


"ငါနင့်ကို ဒီအသက်အရွယ်အထိပျိုးထောင်ပေးခဲ့တယ်... ကောင်းကောင်းဆက်ဆံပေးခဲ့တယ်... မင်းရဲ့ အိုမီဂါတစ်ယောက်ဆိုတဲ့ တန်ဖိုးကို အသိအမှတ်ပြုဖို့ အခု နင့်ဘက်က ယွမ်မိသားစုကို ပြန်ပေးဆပ်ဖို့ အချိန်ရောက်ပြီ,..."


"ကျွန်တော် မလုပ်နိုင်ဘူးဆိုရင်ကော...."


ရုတ်တရက် ယွမ်ရှင်းကျဲကမေးလိုက်သည်။


"ကျွန်တော်ကတော့ အိုမီဂါတစ်ယောက်ရဲ့ တန်ဖိုးက လက်ထပ်ဖို့တစ်ခုတည်းလို့ မထင်ဘူး... ခင်ဗျား ချန်ရှန့်ကုမ္ပဏီကို ထောက်ပံ့ထားပုံအရဆို ကုမ္ပဏီကထွက်ပြီးရင်တောင် တခြားကုမ္ပဏီတွေမှာ ပြန်လည်ရှင်သန်နိုင်တာပဲ.. ဒါ အိုမီဂါတစ်ယောက်ရဲ့ တန်ဖိုးမဟုတ်ဘူးလား...."


ချင်ရွှမ်းက ယွမ်ရှင်းကျဲဤသို့ပြောလာမည်ဟု ထင်ထားပုံမရ၍ သူမမျက်လုံးများက ခဏမျှ လက်ခနဲဖြစ်သွားသည်။


သို့သော် မျက်လုံးမှိတ်ချလိုက်ပြီး သူမ၏ ပုံရိပ်ကို ခပ်မြန်မြန်ပင်ပြန်လည်ထိန်းသိမ်းလိုက်သည်။ ယွမ်ရှင်းကျဲကို ကြည့်ပြီး စိတ်မပါတပါဖြင့်ပြောလိုက်သည်။


"ငါ ချန်ရှန့်ကုမ္ပဏီက ထွက်ခဲ့ရင်တောင် ဘယ်မက်ခါကုမ္ပဏီကမှ အိုမီဂါတစ်ယောက်ကို အမှုဆောင်အရာရှိအဖြစ် မခန့်ဘူး... ဒီလူမှုပတ်ဝန်းကျင်ကြီးထဲမှာအိုမီဂါတွေအတွက် အခွင့်အရေးတစ်ခုတောင်မရှိဘူး...."


ထိုသို့ပြောပြီးနောက်တွင် ချင်ရွှမ်းက ဆက်သွယ်ရေးစက်ကိုချပစ်လိုက်သည်။


ယွမ်ရှင်းကျဲက ယွမ်မိသားစုအတွက် သူ့တွင် မည်သည့် ခံစားချက်မှရှိရန် မလိုကြောင်း သိပေသည်။ ထိုမိသားစုက သူ့ကိုပစ္စည်းတစ်ခုလိုသာ အသုံးချနေခြင်းဖြစ်သည်။


မူရင်းစာအုပ်ထဲတွင် မူလပိုင်ရှင်က သူ၏ဂလင်းကိုဖြတ်ထုတ်ပြီးနောက်တွင် သူ၏ပစ္စည်းတစ်ခုဟူသော တန်ဖိုးကိုပါ ပျောက်ဆုံးသွားခဲ့ပြီး ယွမ်မိသားစုထံမှ စွန့်ပစ်ခံရကာ မိုးသည်းသောညတစ်ည၌ တစ်ယောက်တည်းသေဆုံးခဲ့ရသည်။

ယွမ်ရှင်းကျဲက လက်ဆန့်ထုတ်လိုက်ပြီး သူ၏လည်ပင်းညာဘက်ရှိ ဂလင်းကို ဖြေးဖြေးလေးပွတ်သပ်လိုက်သည်။


မူလပိုင်ရှင်၏ ကံဆိုးမိုးမှောင်ကျမှုတိုင်းက ဤဂလင်းကြောင့်ဖြစ်ရခြင်းဖြစ်သည်။ ဂလင်းထဲရှိ ဖယ်ရိုမုန်းများက ချီယုနှင့် အတော်ကြီးကိုက်ညီနေခဲ့သည်။ ၎င်းက သူ့ဘဝကို ချီယုဆီချည်နှောင်မိစေရန် ဦးတည်သွားခဲ့သည်။


အိုမီဂါများ၏ ဂလင်းများက အလွန်ထိရှလွယ်ပြီး ဓားနှင့်ဖြတ်လိုက်သည့်အချိန်တွင် နာကျင်မှုအဆင့်က အလွန့်အလွန်မြင့်မားကြောင်းကြားခဲ့ဖူးသည်။


သို့သော် ယခုတွင် ယွမ်ရှင်းကျဲက မူလပိုင်ရှင် သူ၏ဂလင်းကိုဘာကြောင့်ဖြတ်ထုတ်ခဲ့သလဲ နားလည်သွားလေပြီ။ ထိုသို့လုပ်မှသာ သူ့အတွက်စိတ်သက်သာရာရနိုင်သည့် တစ်ခုတည်းသောနည်းလမ်းဖြစ်ပေသည်။


မနက်စောစောတွင် ရှင်းဟိုင်တက္ကသိုလ်က ဧရာမအာကာသ သင်္ဘောကြီးများကို ပြင်ဆင်ပေးပြီး ကျောင်းနားရှိ အာကာသသင်္ဘောဆိပ်တွင် ဆိပ်ကမ်းကပ်ထားလေသည်။


အာကာသသင်္ဘောကြီးပေါ်တွင် ရှန်းဟိုင်စစ်တက္ကသိုလ်၏ အမှတ်အသားအကြီးကြီးတစ်ခုက ရှိနေသည်။ လရောင်အောက်တွင် တောက်ပနေသော ခရမ်းရောင်ဒိုင်းတစ်ခုဖြစ်သည်။


မထွက်ခါခင်တွင် ကျောင်းအုပ်ကြီးက တစ်ယောက်ယောက်ကို အာကာသသင်္ဘောဆိပ်တွင် ဘန်နာအကြီးကြီးတစ်ခု လွှင့ထားရန်ပြောခဲ့သည်။ စာလုံးအကြီးကြီးများက အလွန်မျက်စိဖမ်းနိုင်သည်။


[ရှန်းဟိုင်စစ်တက္ကသိုလ်ရဲ့ ကျောင်းမက်ခါအဖွဲ့က နောက်ထပ်အောင်ပွဲဆင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်...]


အချို့လူကများက "နောက်ထပ်"ဟူသော စကားလုံးက အတော်လေး အတုယောင်ဆန်သည်ဟု သံသယဝင်ကြသည်။ အဘယ်ကြောင့်ဆိုသော် ကျောင်းက ရလဒ်ကောင်းများမရသည်မှာ အချိန်အတော်ကြာပြီဖြစ်၍ပင်။ ကျောင်းအုပ်ကြီးက ပြန်လည်ချေပသည်။


"ရှန်းဟိုင်တက္ကသိုလ်က နှစ်ပေါင်းနှစ်ဆယ်ကျော်အောင် ထိပ်တန်းသုံးနေရာမှာရှိနေတုန်းပဲလေ... "နောက်ထပ်"ဆိုတဲ့ စကားလုံးကိုသုံးတာ ဘာမှ မှားမနေဘူး...."


ယွမ်ရှင်းကျဲက အိပ်ဆောင်ထဲမှ သူ၏ခရီးဆောင်အိတ်ကိုသယ်ပြီးထွက်လာချိန်တွင် လော့ဝမ်ချွမ်းက သူ့ကို သိပ်မဝေးသည့်နေရာ၌ စောင့်နေကြောင်း မြင်လိုက်ရသည်။


လော့ဝမ်ချွမ်းက အိုမီဂါအိပ်ဆောင်၏ရှေ့ရှိ အပင်အောက်တွင် မျက်နှာသေဖြင့်ရပ်နေသည်။ သူ့ဆီမှ "သူစိမ်းများအနားမကပ်ရ..."ဟုသော အော်ရာထွက်ပေါ်နေပြီး သူ၏ကျဉ်းမြောင်းကာရှည်လျားသော မျက်လုံးများမှလည်း အေးစက်စက်အလင်းရောင်တို့ထွက်ပေါ်နေသည်။


ယွမ်ရှင်းကျဲက သူအစောကြီးထရပြီး မနည်းကြိုးစား၍ထခဲ့ကြောင်း ခန့်မှန်းမိသည်။


လုရန်ရှုက ယွမ်ရှင်းကျဲ၏ ခရီးဆောင်အိတ်ကိုသယ်ကူသည်။ သူလော့ဝမ်ချွမ်းကို မြင်ချိန်တွင် ယွမ်ရှင်းကျဲကို အံ့အားတကြီးပြောလိုက်သည်။


"ဘုရားရေ... လော့ဝမ်ချွမ်းကြီးက မင်းကို

လူကိုယ်တိုင်လာခေါ်တယ်တဲ့လား...."


လုရန်ရှု၏စကားကိုကြားပြီးနောင်တွင် လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲကိုလှည့်ကြည့်လာသည်။


ထိုအချိန်တွင် သူ၏အေးစက်နေသောမျက်လူံးများက အနည်းငယ်အရည်ပျော်သွားသယောင်ဖြစ်ပြီးနှုတ်ခမ်းထောင့်တို့ကလည်း ခဏမျှကွေးညွတ်သွားသည်။


ယွမ်ရှင်းကျဲက သူ့ကိုလက်ဝှေ့ရမ်းပြပြီး သူ့ခရီးဆောင်အိတ်ကိုဆွဲကာ လမ်းလျှောက်လာခါနီးတွင် ကြည်လင်ပြတ်သားကာ ဆွဲဆောင်မှုရှိသော အသံတစ်သံကိုကြားလိုက်ရသည်။


"ဒီကိုမလာခဲ့နဲ့...."


ယွမ်ရှင်းကျဲက အနည်းငယ် အံ့အားသင့်သွားပြီး ဘေးရှိလုရန်ရှုကလည်း စိတ်ရှုပ်ထွေးသွားသည်။


လော့ဝမ်ချွမ်းက သူ၏ခြေတံရှည်ကြီးများဖြင့် ယွမ်ရှင်းကျဲဆီလျှောက်လှမ်းလာပြီး သူ၏ခရီးဆောင်အိတ်ကို တိုက်ရိုက်ဆွဲယူသွားလေသည်။


ယွမ်ရှင်းကျဲ ကြောင်တောင်တောင်လေးမေးလိုက်သည်။

"မလေးပါဘူး... ကျွန်တော့်ဘာသာသယ်နိုင်ပါတယ်...."


"မင်းကဒါကိုင်ခဲ့...."


လော့ဝမ်ချွမ်းက သူ့နောက်သူလှည့်ကြည့်ကာ တစ်စုံတစ်ခုကို ကမ်းပေးလိုက်သည်။


မူလက ယွမ်ရှင်းကျဲမှာ ခရီးဆောင်အိတ်အသေးတစ်ခု သို့မဟုတ် အခြားအရာတစ်ခုဟု ထင်ခဲ့သော်လည်း သူ့ကိုပေးလာသည့်အရာက မနက်စာဖြစ်နေမှန်း မမျှော်လင့်မိခဲ့ပေ။


မနက်စာက နူးညံ့ပါးလွှာသော စက္ကူဖြင့် အထုပ်ခံထားရသည်။၎င်က အနည်းငယ်ပူနွေးနေဆဲဖြစ်သော အစားအသောက်အချို့နှင့် နွားနို့တစ်ပုလင်းဖြစ်သည်။ ၎င်းက ယွမ်ရှင်းကျဲကို အနည်းငယ် အံ့ဩသွားစေသည်။


စက္ကူအိတ်အတွင်းရှိ ဗာဒံစေ့ရနံ့အချိုပွဲက ယွမ်ရှင်းကျဲ၏နှာခေါင်းဝကို ပွတ်သပ်ကျီစယ်သွားသည်။ နို့နံ့အနည်းငယ်ရောနေလေ၍ ယွမ်ရှင်းကျဲကို အတော်လေးစိတ်အေးချမ်းစေသည်။


သူလော့ဝမ်ချွမ်းကိုကြည့်လိုက်သောအခါတွင် မနက်ခင်းအလင်းရောင်အောက်ရှိ သူ၏နောက်ကျောကိုသာ မြင်ရလေသည်။


"ရန်ရှု ငါသွားပြီနော်...."

ယွမ်ရှင်းကျဲက လုရန်ရှုကို တီးတိုးပြောလိုက်သည်။


"ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ဖို့ မနေ့နဲ့နော်...."


ထိုသို့ပြောပြီးနောက်တွင် ယွမ်ရှင်းကျဲက လော့ဝမ်ချွမ်း၏ခြေလှမ်းများနောက်လိုက်ကာ အတော်လေးဈေးကြီးပုံရသော ယာဉ်ပျံတစ်ခုဆီသွားလိုက်သည်။


လုရန်ရှုက အချိန်အတော်ကြာ အံ့အားသင့်နေမိသည်။အတော်လေးကြာမှ "ဖက်ခ်..."ဟုသော စကားတစ်လုံးကို မနည်းညှစ်ပြောလိုက်ရပြီး ဒေါသထွက်စွာပြောလိုက်သည်။


"လော့ဝမ်ချွမ်း... ဒီကောင်က အိုမီဂါတွေကို ကြောင်ချင်ယောင်ဆောင်နေတာလား...."


သူကအရူးမဟုတ်၍ လော့ဝမ်ချွမ်း၏ ယွမ်ရှင်းကျဲအပေါ်ဆက်ဆံမှုများက အထူးတလှယ်ဖြစ်နေကြောင်း မြင်နိုင်ပေသည်။


ထို့ကြောင့် လုရန်ရှုက ယွမ်ရှင်းကျဲ၏ မှတ်ဉာဏ်တုကို စာပို့လိုက်သည်။

[ရှင်းကျဲ... လမ်းခရီးသာယာပါစေလို့ ငါဆုတောင်းပေးလိုက်တယ်နော်.... ဂိမ်းလည်းလွယ်ကူပါစေ... နိုအာကြယ်မှာ အချစ်ကိုလည်း ရိတ်သိမ်းနိုင်ပါစေ...]


ယာဉ်ပျံထဲထိုင်ပြီး မနက်စာစားနေသော ယွမ်ရှင်းကျဲ စိတ်ရှုပ်သွားသည်။


လုရန်ရှုက အချစ်ဆိုတာကို ဘာလို့ထည့်ပြောရတာလဲ...


သို့သော် နူးညံ့သည့် ဗာဒံစေ့ကိတ်က ယွမ်ရှင်းကျဲ၏ အရသာခံဖုများကို လှုံ့ဆော်လိုက်ပြီး သူ၏အာရုံစိုက်မှုကို ယူဆောင်သွား၍ အများကြီး မစဉ်းစားတော့ပေ။


ယာဉ်ပျံစတင်မောင်းနှင်ချိန်တွင် ယွမ်ရှင်းကျဲက လော့ဝမ်ချွမ်းကို မေးလိုက်သည်။


"စီနီယာလော့ မနက်စာစားပြီးပြီလား... စီနီယာလည်း ကိတ်ပဲစားခဲ့တာလား...."


"စားခဲ့တယ်... ဥနဲ့အသုတ်...."


လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲကို မျက်စိထောင့်လေးမှကြည့်လိုက်ပြီး အမှုမဲ့အမှတ်မဲ့မေးလိုက်သည်။

"အဲ့ဒါကို မင်းကြိုက်ရဲ့လား... အရမ်းချိုလိမ့်မယ်ထင်တယ်..."


ယွမ်ရှင်းကျဲ ခေါင်းငြိမ့်လိုက်သည်။

"အရသာရှိပါတယ်... ဒါပေမဲ့...."


"ဒါပေမဲ့ ဘာဖြစ်လဲ...."

လော့ဝမ်ချွမ်းက သူ့ကိုလှည့်ကြည့်သည်။


"စီနီယာက လွန်ခဲ့တဲ့ရက်အနည်းငယ်ကတည်းက ကျွန်တော့်အတွက် ချက်ပြုတ်နည်းတွေကို ဖန်တီးဖို့ကူညီပေးနေခဲ့တာလေ... ဒီလိုအချိုမုန့်မျိုးက ကျွန်တော်စားလို့မရတဲ့အရာမျိုးမဟုတ်ဘူးလားဟင်...."


လော့ဝမ်ချွမ်းက အကြည့်ပြန်ရုတ်၍ ဘာမှမပြောလိုက်ပေ။


xxxxx