Ch 84
Viewers 6k

84 01

အပိုင်း(၈၄)

 

သူတို့၏ ကိုယ်ပေါ်တွင်ရှိနေသော ပုတ်ပွနေသော ပုံပန်းသွင်ပြင်များ ကြောင့်သာ မဟုတ်လျှင် ရွာထဲတွင် အားလပ်ချိန် စကားပြောသလို၊ အတင်းပြောသလိုမျိုး ဖြစ်နေပေလိမ့်မည်။ သို့ရာတွင် တာအိုဘုန်းတော်ကြီးမာကမူ ထိုမြင်ကွင်းကို မြင်သောအခါ ကျောရိုးစိမ့်တက်သွားသည်။

 

“တာအိုဆရာသခင်မာ ငါတို့ ရောက်ပြီ။ ဒါက ငါရဲ့အိမ်ပဲ။ မင်းဒီမှာ အရင်ထိုင်နေဦး။ ငါ ရေတွင်းဆီသွားပြီး ဖရဲသီးချိုချိုလေး ယူလာခဲ့မယ်”

 

တာအိုဆရာသခင်မာကို ရင်ဆိုင်ရသောအခါ ရွာသူကြီးကလည်း အလွန်အမင်း စိတ်အားထက်သန်နေပုံ ရသည်။ သူသည် နောက်သို့ လှည့်ထွက်သွားပြီး ခြံဝန်းထဲသို့ သွားလျက် မနက်ပိုင်းက ရေတွင်းထဲ စိမ်ထားခဲ့သည့် ဖရဲသီးကို သွားယူလာသည်။ ရေတွင်းထဲတွင် ထည့်ထားသောကြောင့် ဖရဲသီးက အေးနေပေလိမ့်မည်။

 

တာအိုဆရာသခင်မာကမူ ယခုလေးတင် မြင်ခဲ့ရသော မြင်ကွင်းကို ကြောက်လန့်နေသေးပြီး စားစရာကို စိတ်ဝင်စားခြင်း မရှိချေ။ ရွာသူကြီး၏ စကားကို ကြားမှသာ သူက ဒီအတိုင်း လှည့်ကြည့် မိလိုက်သည်။ ထို့နောက် သူက စိတ်ရှုပ်ထွေး သွားသည်။

 

ရွာသူကြီးက ရေတွင်းထဲမှာ ဖရဲသီးကို ဆယ်သောအခါ သူ၏မဲတူးနေသော လက်မောင်းတစ်ဝက်ကိုပင် ဆွဲတင်ခဲ့ရသည်။ ထိုလက်မောင်းသည် အလွန်မြင့်သော အပူချိန်အောက်တွင် ဆိုးဆိုးရွားရွား မီးလောင်ခဲ့ပုံရပြီး ကာဗွန်နိုက်စ်အဖြစ်ပင် ပြောင်းကာ ကွေးတက်နေသည်။ လက်ငါးချောင်းကလည်း သိမ်သွားပြီး ကြက်ခြေထောက်များအလား စုသွားသည်။ ထို့အပြင် ဖရဲသီးကို ချည်ထားသော ကြိုးနှင့်ပင် လက်က ရှုပ်နေသေးလေရာ ဖရဲသီးကို ဆွဲတင်ရန်အတွက် အလွန်ကြိုးစားရပုံပေါ်သည်။ ဒီအတိုင်း ဆွဲတင်လိုက်သောအခါ အောက်ဘက်မှ ကျန်သော ခန္ဓာကိုယ်အစိတ်အပိုင်းများကပင် လှုပ်ခါသွား၏။ ဆွဲတင်ရသောအခါ အားအများကြီး သုံးရသည်။ ထိုအတွက်ကြောင့် ဘုန်းကနဲအသံက ထွက်လာပြီး ရေတွင်းထဲသို့ တစ်စုံတစ်ရာက ကျသွားပုံရသည်။

 

ရွာသူကြီးကမူ သူ၏မဲတူးနေသော လက်ဖြင့် ထိုဖရဲသီးကို သဘာဝကျကျ ပိုက်လိုက်ပြီး ပြုတ်ကျသွားသောအရာကို အသာခါပစ်လိုက်သည်။

 

“ဘာလို့ ပိုးကောင်တွေ များနေတာလဲ”

 

ထို့နောက် သူက လက်ထဲတွင် ဖရဲသီးကို ပိုက်လျက် ဒါရိုက်တာမာကို နူတ်ဆက်ရင်း အိမ်ထဲသို့ဝင်ကာ ဖရဲသီး သွားခွဲသည်။

 

တာအိုဆရာသခင်မာကမူ စိတ်လွတ်စွာဖြင့် ပြန်ဖြေလိုက်သည်။ သူသည် လေ‌အေးခံချင်သည် ပြောပြီး ခြံဝန်းထဲတွင် တစ်ယောက်တည်း သွားရပ်နေလိုက်သည်။ ရွာသူကြီးက မီးဖိုခန်းထဲသို့ ဝင်သွားသောအခါ သူက ရေတွင်းနားသို့ ခပ်မြန်မြန် လှမ်းလိုက်ပြီး အောက်သို့ ငုံ့ကြည့်လိုက်သည်။ ထို့နောက် သူက အသက်ပြင်းပြင်း ရှူလိုက်မိသည်။ သူ၏တစ်ကိုယ်လုံးက ဆိုးရွားသော ခံစားချက်ကို ရလိုက်သည်။

 

ရေတွင်းထဲတွင် မျောနေသည်မှာ တစ်ကိုယ်လုံး မဲတူးနေသည့် အလောင်းကြီး ဖြစ်သည်။ သို့သော် သူက ရေတွင်းအောက်ခြေနားတွင် ကပ်နေသောကြောင့်  အမှောင်ထုနှင့် တသားတည်းနီးပါး ဖြစ်နေသည်။ အပြင်ဘက်က ဖျော့တော့အလင်းရောင်ကြောင့်သာ မဟုတ်လျှင် ထိုအရာဟာ မည်သည့်အရာ ဖြစ်ကြောင်း မမြင်နိုင်လောက်ချေ။

 

သို့သော် ထိုအရာကမူ မျောနေခြင်း ဆိုသည်ထက် တစ်စုံတစ်ရာကို ကြိတ်ဝါးနေပုံ ရသည်။ အနီးကပ်ကြည့်လိုက်မည်ဆိုလျှင် သူဝါးနေသည်မှာ လူ့ပေါင်တစ်ချောင်း ဖြစ်နေကြောင်း မြင်နိုင်သည်။

 

_ _ _

 

ရွာသူကြီး ပြောတဲ့အတိုင်းဆိုရင် ရွာသားတွေက ညဘက်အပြင်ထွက်တဲ့အခါ မဲတူးနေတဲ့အလောင်းတွေနဲ့ ပက်ပင်းတိုးတယ်။ ဒါမှမဟုတ် မှောင်တဲ့အချိန် လယ်ထဲဆင်းတဲ့အချိန်မှာ လယ်ထဲမှာ ပက်ပင်းတင်းတယ်လို့ ပြောတယ်။ အဲဒီမဲတူးနေတဲ့ အလောင်းတွေက မဲသဲနေတော့ ညအမှောင်နဲ့အတူ ရောနေတာ။ ရွာသားတွေက သူတို့နဲ့ တွေ့တဲ့အခါ မပြင်ဆင်ထားပဲ ဖြစ်သွားတယ်။ အဲဒီနောက်ပိုင်း လူအများစုက ထပ်ခါတလဲလဲ ပျောက်သွားပြီး ဘယ်တော့မှ မတွေ့ရတော့ဘူး။

 

မာတောင်ချန်းသည် အန်ချင်စိတ်ပင် ဖြစ်လာသည်။ သူသည် ပါးစပ်ကို အုပ်လိုက်ပြိး ပျို့အန်ချင်စိတ်ကို ဖိနှိပ်လိုက်ရ၏။ သို့သော် တစ်ဝက်ခန့် အစာကြေပြီးသား စားစရာများနှင့် အက်ဆစ်ရည်များက သူ၏အစာအိမ်အတွင်းမှ လည်မျိုသို့ လှိမ့်တက်လာပြီး မနှစ်မြို့သော အရသာမျိုးကို ခံစားရစေသည်။ ထို့ကြောင့် တာအိုဆရာသခင်မာ၏ သွင်ပြင်က အလွန်အမင်း မသက်မသာ ဖြစ်သွားသည်။

 

နွေးထွေးပြီး ယန်ဓာတ်အပြည့်အဝပါသည့် သက်ရှိလူသားတစ်ယောက်၏  ချဉ်းကပ်မှုကို သိရှိသည့်အလား မဲတူးနေသော အလောင်း၏လည်ပင်းက ကလစ်ဆိုသော အသံနှင့်အတူ တောင့်တင်းစွာနှင့် တစ်ပတ်လည်ပြီး အပေါ်သို့ လှည့်ကြည့်လာသည်။

84 02

တာအိုဆရာသခင်မာက သူ၏ခန္ဓာကိုယ်ကို ခပ်မြန်မြန် ဆုတ်လိုက်ရသည်။ ထို့နောက် ခြေလှမ်းအနည်းငယ် ဆုတ်လိုက်၏။ သူက ခပ်မတ်မတ် မရပ်နိုင်သေးခင် ကလေးတစ်ယောက် အမြင့်သာ ရှိလောက်သည့် တစ်စုံတစ်ရာနှင့် ဝင်တိုက်မိသွားသည်။ သူသည် ခပ်မြန်မြန် သတိလက်လွတ် ခေါင်းငုံ့ကာ ကြည့်လိုက်သည်။  သူသည် ကလေးတစ်ယောက်ကို ဝင်တိုက်မိမည့်အရေးကို စိုးရိမ်မိသွားခြင်း ဖြစ်သည်။ သို့သော် သူမြင်လိုက်ရသည်မှာ မဲမှောင်သော မျက်လုံးတစ်စုံဖြစ်သည်။

 

တာအိုဆရာသခင်မာ “!!!”

 

ဖြူဖျော့ပြီး သွေးမဲ့သော ကလေးက ခေါင်းကိုမော့ပြီး တာအိုဆရာသခင်မာကို သူ၏ အသက်မဲ့သည့် မျက်လုံးကြီးများဖြင့် ကြည့်သည်။ ထို့နောက် အေးစက်ကာ တောင့်တင်းသော လေသံနှင့်မေးသည်။

 

“အစ်ကိုကြီးကလည်း ရေတွင်းထဲက အဲဒီအစ်ကိုနဲ့ သွားပြီး ကစားမလို့လား။ မျက်လုံးက ဘာဖြစ်တာလဲ။ ဘာလို့ ဒီမှာရှိနေသေးတာလဲ”

 

တာအိုဆရာသခင်မာက ခက်ခက်ခဲခဲ ပြုံးလိုက်ရသည်။

 

“ကောင်လေး မင်းက ရေတွင်းထဲက အစ်ကိုကြီးနဲ့ ကစားနေလို့ မင်းရဲ့မျက်လုံးက မကြီးလာတာ များလား”

 

ကောင်‌လေးက ခေါင်းညိတ်သည်။

 

“တစ်ရက်မှာ ငါ တရေးအိပ်ရာက နိုးလာတော့ အရာအားလုံးက မဲမှောင်နေတယ်။ ငါတစ်ယောက်တည်းပဲ အိမ်မှာ ရှိတာ။ ငါ မျက်လုံးဖွင့်လိုက်တော့ ရေတွင်းထဲက အစ်ကိုကြီးက ငါ့ရဲ့ခေါင်းပေါ်မှာ ရပ်နေတာပဲ။ သူက ပြောတယ် သူ ဗိုက်ဆာတယ်တဲ့။ အဲဒီနောက် ငါ့ကိုတစ်ယောက်တည်း ထားသွားတာပဲ။ သူ ငါ့ရဲ့မျက်လုံးကိုတောင် ယူသွားပြီး စားလိုက်သေးတယ်”

 

တာအိုဆရာသခင်မာကမူ ဒီလိုအခြေအနေမျိုးကို ကြုံရလိမ့်မည်ဟု မထင်ထားမိချေ။ သူက တခဏခန့် ကြောင်အသွားပြီးနောက် ခပ်မြန်မြန် မေးသည်။

 

“မင်းရဲ့အိမ်က လူကြီးတွေ ဘယ်မှာလဲ။ သူတို့က မင်းကို ဂရုမစိုက်ဘူးလား”

 

ကလေးက ခေါင်းခါပြီး နာခံသိတတ်စွာ ဖြေသည်။

 

“အဖေက တစ်ယောက်ယောက်ဆီမှာ တစ်ခုခု အကြွေး တင်နေသလိုပဲ။ ဒီတော့ သူက ငှက်တွေ မစားအောင်၊ တခြားသူတွေ မခိုးအောင် ယာထဲကို သွားပြီး စပါးတွေကို ကြည့်နေရတယ်။ ရိတ်သိမ်းချိန်က ကြမ်းတမ်းတာနဲ့ အဖေက အဆုံးသတ်သွားမှာလေ။ အကြွေးကို ပေးပြီးရင် ငါတို့ အိမ်ပြန်လို့ရပြီ။ အမေက ပြောတယ် အဖေက ရူးနေတာတဲ့။ ဒါကြောင့် ငါ့ကို မြို့ထဲ ခေါ်သွားချင်ခဲ့တာ။ ဒါကြောင့် မထွက်သွားခင်မှာပဲ တောင်ဘုရားကျောင်းဆီ သွားသေးတယ်။ အဲဒီနောက် ပြန်မလာတော့ဘူး”

 

“အဖိုးက ပြောတယ်။ အမေက နတ်ဘုရားကို မရိုသေလို့ နတ်ဘုရားက မပျော်မရွှင်ဖြစ်ပြီး သူမကို မွေးရပ်မြေမှာ အလုပ်လုပ်ခိုင်း ထားတယ်တဲ့လေ။ အမေကသာ အလုပ်ပြီးသွားရင် ပြန်လာပြီး ငါ့ကိုခေါ်သွားမယ်တဲ့”

 

ကလေးကမူ အနည်းငယ် ဝမ်းနည်းသွားပုံ ရသည်။

 

“ဒါပေမဲ့ ငါက လမ်းလျှောက်နိုင်ပုံ မရဘူး။ ငါက တောင်ပေါ်တက်ပြီး သူငယ်ချင်းတွေနဲ့ ကစားချင်တယ်။ တောင်ဘေးကိုလည်း သွားချင်တယ်။ ဒါပေမဲ့ ငါတို့အပြင်ထွက်လို့ မရဘူးလေ။ တာ့ဟိန်းက ပြောတယ်။ ငါ့မှာ မျက်လုံးတွေ မရှိလို့၊ ငါ့မှာလက်တွေ မရှိလို့ ငါ သွားလို့ မရဘူးတဲ့။ ငါတို့က မပြီးပြည့်စုံဘူးလို့ ပြောတယ်။ ဒါကြောင့် ငါတို့ ထွက်သွားလို့ မရတာလို့ ပြောတယ်”

 

ကလေး၏ စကားလုံးများတွင် အပြစ်ကင်းစင်မှုများ လောကကို နားလည်ပုံ မရပေ။ သို့ရာတွင် ပြောသော အသံကမူ အသက်မဲ့သော တိတ်ဆိတ်မှုကို သယ်ဆောင်ထားသည်။ တဖြည်းဖြည်းချင်း လူအများကို တုန်ယင်လာစေ၏။

 

တာအိုဆရာသခင်မာကမူ သူ၏ခေါင်းပေါ်မှ ရေအေးတစ်ပုံးနှင့် လောင်းသလို ခံစားလိုက်ရပြီး တစ်ကိုယ်လုံးက အေးစိမ့်ကာ သွားချင်းပင် ရိုက်ချင်လာသည်။

 

ထိုအချိန်လေးတွင် မီးဖိုခန်းထဲမှ ရွာသူကြီးက သူ့အား ဖရဲသီးစားရန် လာရောက်ဖိတ်ခေါ်သဖြင့် တာအိုဆရာသခင်မာက မှင်သက်စွာ သွားလိုက်မိသည်။

 

ရွာသူကြီး၏ လက်ထဲမှ ဖရဲသီးစိတ်ကို ယူလိုက်သည့် ဒါရိုက်တာမာကမူ မီးဖိုခန်းထဲမှ မီးကျွမ်းသည့် ရနံ့ကို ရလိုက်သည်။

 

သူက အကြောင်းပြချက်ရှာပြီး မီးဖိုခန်းထဲတွင် နေကာ အရာအားလုံးကို စစ်ဆေးကြည့်လိုက်သည်။ သူက ဆန်အိုးကို ဖွင့်ကြည့်လိုက်သောအခါ ပုတ်သိုးနေသော ရနံ့များက ထိုနေရာက ထွက်လာကြောင်း ထိတ်လန့် ခြောက်ခြားဖွယ် ရှာတွေ့လိုက်လေသည်။

 

ဆန်အိုးထဲမှ ဖြူဖွေးနေသည့် ထိုဆန်များက အနက်ရောင်လေးများနှင့် ရောနှောနေသည်။ ထိုအရာများက အမျိုးမျိုးသော အရွယ်အစား၊ အမျိုးမျိုးသော ပုံသဏ္ဍာန်မျိုးနှင့် ဖြစ်ပြီး ထင်းရှူးသီးများနှင့် တူသည်။

 

သို့သော် တာအိုဆရာသခင်မာကမူ ရေတွင်းထဲမှ မီးကျွမ်းနေသော အလောင်းများကို ချက်ချင်းလိုလို တွေးလိုက်မိသည်။

 

သူက ဘေးဘက်တွင် ထားထားသော ထမင်းကျန်များကို ဖွင့်ကြည့်လိုက်သောအခါ စားစရာများထဲတွင်လည်း အမဲရောင်အရာများ ပြည့်နှက်နေကြောင်း တွေ့လိုက်ရ၏။

84 03

ရွာသားများသည် မီးကျွမ်းထားသည့် အလောင်းများ၏ အစိတ်အပိုင်းများကို အမှန်တကယ် စားနေကြသည်။ ထို့အပြင် သူတို့ကိုယ်တိုင်က မသိချေ။ သူတို့က မသိပဲ စားသောက်နေကြခြင်း ဖြစ်လောက်မည်။

 

တစ်ကိုယ်လုံးအနှံ့ စီးဆင်းနေသော တာအိုဆရာသခင်မာ၏ သွေးများက  အေးစက်သွားသည်။

 

သူက သူ၏လက်ချောင်းများကို လှုပ်ပြီး ထပ်မံကြိုးစားမိသည်။ သို့သော် မည်သည့်အရာကိုမှ တွက်ချက်၍ မရချေ။ သူသည် အနည်းငယ်ပင် စိတ်ဓာတ်ကျသွား၏။

 

တစ်ရွာလုံးက ပုံမှန်မဟုတ်တဲ့ အခြေအနေကို သူတကယ်ပဲ ဖြေရှင်းနိုင်မှာလား။

 

မဟုတ်ဘူး တစ်ယောက်ယောက်ကိုတော့ မေးရမယ်။ သူ ဒီနေရာကနေ လုံလုံခြုံခြုံ ထွက်သွားနိုင်ပါ့မလား။

 

ထိုငယ်ရွယ်သော တာအိုဆရာသခင်မာကလည်း ဒီလိုအခြေအနေမျိုးကို သူက မဖြေရှင်းနိုင်လောက်ကြောင်း သိလိုက်သည်။ ထို့ကြောင့် နည်းလမ်းတစ်ခုရှာပြီး ထွက်သွားရန် စဉ်းစားလိုက်သည်။ ဟိုင်ရန်ဂူဘုရားကျောင်းသို့ ပြန်ပြီးမှသာ အဆင့်မြင့် တာအိုဘုန်းတော်ကြီးနှင့် ဦးလေးများကို ဖြေရှင်းချက် ရှာခိုင်းရပေမည်။

 

သူက ရွာသူကြီးကို ခပ်မြန်မြန် နူတ်ဆက်လိုက်ပြီး အခြေအနေကို သွားရောက် စုံစမ်းမည်ဟု ပြောလိုက်သည်။ ထို့နောက် ရွာမှ ခပ်မြန်မြန် ထွက်သွားပြီး ရွာအပြင်ဘက်သို့ သွားသည်။

 

ရွာအပြင်ဘက်တွင် ရွာသူကြီးလိုမျိုး တိရစ္ဆာန်ရုပ်ရည်နှင့် ရွာသားပေါင်းများစွာကို တွေ့ရသည်။ သို့မဟုတ် အလွန်ဆွေးမြည့် ပုတ်ပွနေသော ရွာသားများကိုလည်း တွေ့ရ၏။ အိမ်တိုင်းတွင် အမျိုးမျိုးသော နံဟောင်ပုတ်ပွနေသည့် ရနံ့များက ပြည့်နှက်နေသည်။

 

ထိုရနံ့က အသားကို ရေထဲတွင် အချိန်အတန်ကြာ စိမ်ထားသောကြောင့် ထွက်လာသည့် မှိုရနံ့နှင့်‌ နေရောင်အောက်တွင် အချိန်အတန်ကြာ ထားထားသောကြောင့် ထွက်လာသည့် ရနံ့နှစ်မျိုးပေါင်းနေခြင်း ဖြစ်သည်။ ရွံစရာ ကောင်းလွန်းသဖြင့် အန်ချင်စိတ်ပင် ဖြစ်စေသည်။ သို့ရာတွင် ရွာသားများကမူ ကျင့်သားရနေပုံ ပေါ်သည်။

 

ရွာထဲရှိ အိမ်သားများ၏ တံခါးများတွင်လည်း လည်မျိုကို ကိုက်ဖြတ်ခံထားရပြီး ဆိုးဆိုးရွားရွား သေနေသော အိမ်တွင် မွေးသည့်တိရစ္ဆာန်များနှင့် ပြည့်နှက်နေကြသည်။ မည်သူကမှလည်း မကိုင်တွယ်ကြတော့ချေ။ ဒီအတိုင်း နေရောင်အောက်တွင် ဒီအတိုင်း ထားထားကြသည်။ မကြာခဏဆိုသလိုပင် တောင်ပေါ်မှ ပြေးဆင်လားသော တိရစ္ဆာန်ရိုင်းများ၏ အလောင်းများကို တွေ့ရသည်။ သူက သူ၏ မြူဆိုင်းနေသော မျက်လုံးများဖြင့် ကြည့်လိုက်ပြီး တစ်ကိုယ်လုံးက တောင့်တင်းကာ နံဟောင်လာသလို ခံစားလိုက်ရသည်။

 

သတိကို အပြည့်မြင့်ပြီး တာအိုဆရာသခင်မာက ထွက်လာသောအခါ ထိုအိမ်များ၏ အရှေ့နှင့် အနောက် အရိပ်ကျသော နေရာများတွင်၊ ရေတွင်းများတွင် တိတ်တဆိတ် လှဲပြီး အမှောင်ထုနှင့် ကွယ်လျက် ညရောက်လာမည့်အချိန်ကို စောင့်ကာ အပြင်သို့ထွက်နိုင်ရန် ကြိုးစားနေသော မဲတူးနေသော အလောင်းအချို့ကို တွေ့ရသည်။

 

ဒီရွာက မျှော်လင့်ချက် မဲ့နေပြီ။

 

တာအိုဆရာသခင်မာက ထိုသို့သာ တွေးလိုက်ရသည်။

 

…..

 

တာအိုဆရာသခင်မာကမူ ဝံပုလွေရိုင်းတောင်ထိပ်၏ ပုံပြင်ကို ပြောခဲ့ချိန်က သူ့အား အမြဲတစေ သတိကြီးရန်၊ ဘယ်သောအခါ မသေချာဘဲ တာဝန်မယူရန်၊ မထွက်ခွာခင် သေချာတွက်ချက်ရန် ဂမ္ဘီရတွက်ချက်သည့် ပညာကို ဂရုတစိုက် သင်ကြားရန် သတိပေးခဲ့ကြောင်းကို လုရှင်းရှင်းက မှတ်မိနေသေးသည်။

 

အရေးကြီးဆုံးအချက်ကမူ မိုးရွာသော နေ့တွင် ဝံပုလွေရိုင်းတောင်ထိပ်သို့ မသွားရန် သတိပေးသွားသည်။ ထိုနေရာတွင် တောင်နတ်ဘုရားက သေဆုံးပြီး ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ထို့ကြောင့် သင်ထားသမျှ ဂါထာများကလည်း အလဟဿ ဖြစ်ပေလိမ့်မည်။

 

“ဟယ်လို ဟယ်လို ရှင်းအာ ရှင်းအာ မင်း နားထောင်နေသေးလား”

 

စပီကာ ဖွင့်ထားသော ဖုန်း၏ တစ်ဖက်မှ အမျိုးသား၏ အော်သံက လုရှင်းရှင်းကို အတွေးထဲမှ ရုန်းထွက်သွားစေသည်။

 

လုရှင်းရှင်း၏ မျက်လုံးက မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားပြီး အသိပြန်ဝင်သွားသည်။

 

သူက သည်းထန်စွာ ရွာသွန်းနေသော မိုးကို မြင်နေရသည့် ပြတင်းပေါက်သို့ ကြည့်လိုက်သည်။ ထို့နောက် လက်ဆန့်ထုတ်ပြီး ဘေးဘက်မှ တက်ပလက်ကို ယူလျက် ရသစုံရှိုးကို ရှာသည်။ သူက ဒေါသတကြီး ပြောသည်။

 

“ဟင် ငါ့ကို ဖုန်းမခေါ်နဲ့လို့ မပြောထားဘူးလား။ နောက်ပြီး ငါက ယောက်ျားလေး။ ဘာလို့ ရှင်းလို့ တပ်ခေါ်နေတာလဲ”

 

“ရွံစရာ ကောင်းလိုက်တာ မင်းရဲ့နာမည်နောက်မှာ နာမည်နှစ်လုံးတောင် ပါနေတာလေ။ ဒါတောင်မှ ငါ့ကို လာပြောနေတာလား”

84 04

ထိုအမျိုးသားက တခဏခန့် ရှက်သွားသည်။ ထို့နောက် သရဲတစ်ကောင်လို ငိုပြန်သည်။

 

“တစ်ခုခုတော့ ဖြစ်တော့မယ် ထင်တယ်။ မင်းက ငါ့ကိုမကူညီရင် ငါတော့ သေတော့မှာ”

 

လုရှင်းရှင်းက အချိန်အများကြီး မယူလိုက်ရချေ။ သူက ဗီဒီယိုပလက်ဖောင်းကို ဖွင့်ဖွင့်ချင်း အချိန်နှင့်တပြေးညီ အကျော်ကြားဆုံးသော ခရီးသွားရသစုံရှိုး ပရိုဂရမ်ကို တွေ့လိုက်ရသည်။ သူ၏မိတ်ဆွေ အရင်တစ်ခေါက်က ပြောခဲ့သည့်အတိုင်း ဖြစ်သည်။ အဆုံးသတ်တွင် ဟိုင်ရန်ဂူဘုရားကျောင်းမှ လူများကပင် အလန့်တကြား ဖြစ်သွားကြပြီး သူ၏ဆရာကပင် ထိုကိစ္စကို ကိုင်တွယ်ရန်အတွက် ပရိုဂရမ်အသင်းနှင့် ဆက်သွယ်ပြီး သွားရောက်ခဲ့သေးသည်။

 

“ငါ ပြောတာ နားထောင်ဦး ရှင်းအာ။ ငါ အဲဒီရှိုးကို ကြည့်တယ် မဟုတ်လား။ အရင်တစ်ခေါက်ကလည်း မင်း ငါ့ကို ပြောပါတယ်။ ဒီရှိုးက ဇာတ်ညွှန်းနဲ့လုပ်နေတာ မဟုတ်ဘူး။ တကယ်သရဲတွေ ရှိနေတာဆိုလို့လေ။ ငါ သိချင်လို့ ဒီရှိုးရဲ့ ဦးတည်ရာဘက်ကို ထပ်သိချင်လို့ ကြည့်ခဲ့တာ။ ငါ တီဗီရှေ့မှာ ဆောင့်ကြောင့်ထိုင်ပြီး စောင့်ကြည့် နေခဲ့တာပဲ။ ဒါပေမဲ့ ဒီညမှာ ငါ ဂိမ်းကစားနေတဲ့ အချိန်မှာပဲ ရှိုးက စပြီလို့ သတိပေးချက်ရတယ်။ ဒါကြောင့် ငါသွားကြည့်နေတဲ့အချိန်မှာ ရုတ်တရက် ငါ့ကိုဆုတောင်းတစ်ခု တောင်းဆိုပြီး ပြောလာတဲ့ လေသံတိုးတိုးကို ကြားရတယ်။ ငါက သူ့ကိုယုံကြည်တာနဲ့ ငါရဲ့ဆုတောင်းကို သူက ဖြည့်ဆည်ပေးမယ်တဲ့။ အဲဒီအချိန်က ငါက ဂိမ်းကစားပြီးကာစဆိုတော့ ငါ့ရဲ့စိတ်က မရှင်းလင်းဘူး။ ဒါကြောင့် ငါက အင်း ငါ့ကိုသာ လိမ္မော်ရောင် propတစ်ခု ရအောင်သာ လုပ်ပေးမယ်ဆိုရင် ယုံကြည်ပေးမယ်လို့ ပြောလိုက်တာ”

 

အမျိုးသား၏ အသံက သီးမတတ်ဖြစ်နေသည်။ ထို့နောက် တုန်ယင် သွားပြန်၏။

 

“ငါ ဒီလိုပြောပြီးပြီးချင်း ငါ့ရဲ့ဂိမ်းထဲက boxက အလိုအလျောက် ပွင့်သွားပြီး အထဲက လိမ္မော်ရောင် propတွေကို တွေ့လိုက်ရတယ်။ ငါ ကြောက်လွန်းလို့ သေလုမတတ်ပဲ”

 

ငါကတော့ စိတ်ကူးယဉ်နေတာလို့ ထင်နေတာလေ။ ဒီအတိုင်း ဟာသတစ်ခုကို ကြားလိုက်တယ်လို့ပဲ ထင်နေခဲ့တာပေါ့။ ဒါပေမဲ့ တကယ် ဖြစ်လာတာ။ ငါ ဘယ်လိုလုပ်ရမလဲ။ ငါတော့ ဒုက္ခရောက်တော့မယ်လို့ ထင်တယ်”

 

မိတ်ဆွေဖြစ်သူ၏ စကားကို ကြားပြီးနောက် လုရှင်းရှင်းက ထိတ်လန့်သွားသည်။

 

“.....”

 

ထိုအချိန်တွင် တိုက်ရိုက်ထုတ်လွှင်မှုကို ကလစ်လို့ နှိပ်ပြီးလေပြီ။ အဓိက ဖန်သားပြင်က စတင်ကာ ပေါ်ထွက်လာသည်။

 

လုရှင်းရှင်းက လေထဲတွင် မျောလွှင့်နေသော သွေးနီရောင် တစ္ဆေကြီး၏ မျက်နှာကို မြင်လိုက်ရပြီး မှင်သက်သွားရလေသည်။

 

သူ ယခင်က ကြည့်ခဲ့ဖူးသော ရသစုံရှိုးများနှင် ခြားနားသည်မှာ အဓိကကင်မရာ၏ ထောင့်က အလွန်အမင်း ထူးဆန်းသည်။ မြင်နေရသော ရှု့ထောင်က အလွန်နိမ့်ပြီး မြေပြင်မှ ရိုက်ကူးထားသလိုမျိုး ထင်ရ၏။ ထို့‌ထောင့်မှ မြင်နေရသည့် ပုံများကမူ ဘုရားကျောင်း၏ အမိုးနားဖြစ်သည်။ ထို့အပြင် သည်းထန်စွာ ကျနေသော မိုးများက ကွဲအက်ရာသံများကို ထုတ်လွှင့်နေသေးသည်။ ထို့အပြင် ကင်မရာရှေ့ရှိ အပြာရောင်ကျောက်တုံးကို ထိမှန်ကာ မိုးစက်များအား ကင်မရာသို့ စင်စေသဖြင့် မြင်ကွင်းကို ဝါးသွားစေသည်။

 

လုရှင်းရှင်းသည်လည်း ကင်မရာ၏အရှေ့တွင် သိပ်သည်းစွာ ရပ်နေသော အနီရောင်သရဲများကို မြင်ရသည်။ သူတို့၏ခြေထောက်က မြေပြင်ပေါ်တွင် ထိမနေပဲ လေထဲတွင် မျောလွှင့်နေခြင်း ဖြစ်သည်။ သူတို့က မိုးမုန်တိုင်းထဲတွင် တိတ်တဆိတ်နှင့် လှုပ်ရှားမှု ကင်းမဲ့စွာ ရပ်နေကြသည်မှာ တစ်စုံတစ်ရာကို စောင့်နေကြသည်အလား ထင်ရ၏။ သရဲများအားလုံး၏ အရှေ့ဆုံး၊ ကင်မရာမြင်ကွင်း၏ ထောင့်အကျဆုံးနေရာတွင် သက်ရှိလူသားတစ်ယောက် ရှိနေသည်။

 

ထိုတစ်ယောက်ကမူ အရပ်ရှည်သည်။ မူလကမူ လုရှင်းရှင်းက ထိုသူ၏မျက်နှာကို ကြည့်ချင်သည်။ သို့သော် မမျှော်လင့်ထားစွာပင် ဖန်သားပြင်၏အနားသို့ ကပ်သွားရုံနှင့် သူ၏မျက်လုံးက နာကျင်လာသည်မှာ ထိုလူဟာ သူ၏ရုပ်ရည် အစစ်အမှန်ကို တိုက်ရိုက် ကြည့်ခွင့် မပြုသလို ဖြစ်နေသည်။

 

******