86 01
အပိုင်း(၈၆)
ကားက လှုပ်ယမ်းသွားပြီးနောက် ဘရိတ်ကို ရုတ်တရက် အုပ်လိုက်သည်။ ကားထဲရှိ လူများက ယမ်းခါသွားပြီး ကြမ်းပေါ်သို့ ပြုတ်ကျသွားကြ၏။ ဟိုင်ရန်ဂူဘုရားကျောင်း၏ ဘုန်းတော်ကြီးသုံးပါးကသာ နေရာတွင် ခိုင်မြဲစွာ ဆက်ထိုင်နိုင်နေသည်။ တာအိုဘုန်းတော်ကြီးမာက သူ၏လက်ထဲတွင် ယန်ရှစ်ရွှမ်း၏ အခွဲဖန်သားပြင်ကို ဖော်ပြနေသည့် တက်ပလက်ကို ကိုင်ထားသည်။ သူက လက်ဖြင့် ဆွဲမြဲစွာ ကိုင်ထားလေရာ တက်ပလက်က ကန်ထွက်သွားခြင်း မရှိချေ။
“ဘာဖြစ်တာလဲ”
ခေါင်းဆောင်အရာရှိက လမ်းတွင် ရပ်ထားသော ကားကို မြင်သောအခါ ချက်ချင်းလိုလို ကားထဲမှ ထွက်သည်။
ရှေ့သို့ဆက်သွားလိုက်လျှင် လမ်းခွဲနေရာက ခြောက်သွေ့သော မြေပြင်နှင့် စိုစွတ်သော မြေပြင်အဖြစ် တည်ရှိနေလေရာ သိသာခြားနားလွန်းနေသည်။
ကားရပ်ထားသော လမ်းဘေးဘက်ခြမ်းတွင် မိုးတစ်စက်မျှပင် ရှိမနေခဲ့ပေ။ သို့သော် လမ်းအခွဲတစ်ဖက် အခြားတစ်ဖက်ခြမ်းတွင်မူ မိုးများ ရွာသွန်းနေလေသည်။
ယာဉ်မောင်းကပင် အလန့်တကြား လှည့်ပြောသည်။
“ငါလည်း မသိဘူး။ ငါ အစက မောင်းဝင်သွားချင်တာပဲ။ ဒါပေမဲ့ နူးညံတဲ့အားတစ်ခုက ငါ့ကို တားလာသလိုပဲ။ ငါ အရှိန်ကိုတောင် ဆောင့်နင်းလိုက်မိတယ်။ ဒါကြောင့် ရပ်တန့်လိုက်ရတာ”
တာအိုဘုန်းတော်အိုကြီးက လေးနက်တည်ကြည်သော မျက်နှာနှင့် ကားထဲမှ ထွက်လာသည်။
“ကြည့်ရတာ မူလက တောင်နတ်ဘုရားက ငါတို့ကို ဝင်ဖို့ ငြင်းဆန်ထားတာ ထင်တယ်။ အထဲက အန္တရာယ် ရှိတယ်လို့ တောင်နတ်ဘုရားက ထင်နေတာ။ ဖြစ်နိုင်တာက ငါတို့တွေ ကုန်တန်ရဲ့ တပည့်ကိုပဲ အားကိုးရတော့မှာပဲ”
တာအိုဘုန်းတော်ကြီးမာက သက်ပြင်း ချပြန်သည်။ သူသည် အနည်းငယ် စိုးရိမ်သွားပြန်သည်။
တောင်ဘုရားကျောင်း၏ အဓိကခန်းမအတွင်းမှ ထူးဆန်းသော အရာများအားလုံးကို မြင်တွေ့ခဲ့ပြီးနောက် ယန်ရှစ်ရွှမ်းသည် ဧည့်သည်များကို အတည်ပြုရန်အတွက် သူတို့ ရှိရာဘက်သို့ ပြန်ရန် ဆုံးဖြတ်လိုက်သည်။
ပို၍ဆိုးသည်မှာ တောင်ဘုရားကျောင်းထဲတွင် ဧည့်သည်များ၏ ကားတစ်ကားတည်းသာ ရှိနေလေပြီး အခြားကားနှစ်ကား၏ အခြေအနေနှင့် လူများအကြောင်းကို မသိနိုင်သေးချေ။
သရဲများက တံစက်မြိတ် အပြင်ဘက်တွင် လှုပ်ရှားမှု ကင်းမဲ့စွာ ရပ်နေကြပြီး အပြင်လောကကို တုန့်ပြန်ပုံမရသဖြင့် ယန်ရှစ်ရွှမ်းသည်လည်း မိုးမုန်တိုင်းများ၏ အစစ်အမှန်သဘာဝကိုပင် စတင်ကာ သံသယဝင်လာမိသည်။
ဒါက တကယ်ပဲ မိုးလား။ ဒါမှမဟုတ်_ _ _
ဒီမိုးက ဒီသရဲတွေကို ဒီအတိုင်း ရပ်နေစေတာလား။
ထိုသို့သာဖြစ်နေခဲ့လျှင် တောင်ဘုရားကျောင်းကို သိမ်းယူထားသည့် ဒီလိုမိစ္ဆာက အန္တရာယ်အများဆုံး ဖြစ်သလို ဝံပုလွေရိုင်းတောင်ထိပ် တစ်ခုလုံး၏ ပုံမှန်မဟုတ်လွန်းသော ကိစ္စများကို ကိုင်တွယ်နိုင်စွမ်းရည် ရှိနေခဲ့သည်။ သူသည် ပတ်ဝန်းကျင်ကိုပင် ကိုင်တွယ်နိုင်စွမ်းရည် ရှိနေခဲ့၏။ တောင်ဘုရားကျောင်းနှင့် ဝေးလေလေ လုံခြုံလေလေ ဖြစ်နေမည့် အခြေအနေကို စိုးရိမ်မိသေးသည်။
ထို့အပြင် တောင်ဘုရားကျောင်းနှင့် ဝေးလေလေ အန္တရာယ် များလေလေ ဖြစ်မည့် အခြေအနေကို စိုးရိမ်မိသေးသည်။
ထိုအတွက်ကြောင့် ယန်ရှစ်ရွှမ်းသည် ကျန်းဝူပင်းနှင့် အခြားသောသူများ၏ လုံခြုံရေးကို သိချင်စိတ် ပြင်းပြနေသည်။ သူတို့အား တောင်ဘုရားကျောင်းသို့ မကပ်လာရန် ပြောလိုခဲ့သည်။
မိုးရပ်သွားပြီးနောက် တောင်နှစ်တောင်ကြားမှ နေရာကို ကျော်ဖြတ်လျက် တောင်ဘုရားကျောင်းနဲ့ ဝေးသောလမ်းကို ရအောင်ရွေးပြီး တောထဲသို့ ဝင်ရပေမည်။ ဒီနည်းအားဖြင့် ဝံပုလွေတောင်ထိပ်သို့ သွားနိုင်သည်။ သို့သော် ထိုအချိန်တွင် ယန်ရှစ်ရွှမ်းကဲ့သို့ ဂမ္ဘီရပညာကိုသာ အမြဲတစေ မှီခိုနေလေ့ရှိသော သူကမူ မိုဘိုင်းလ်ဖုန်းကို လိုက်ရှာရမည်။
“ငါ့ကို ခင်ဗျားရဲ့ဖုန်း ခဏငှားဦး။ ငါ ကျန်းဝူပင်းကို ဖုန်းခေါ်ရမယ်”
86 02
ယန်ရှစ်ရွှမ်းက ဘေးဘက်ရှိလူကို စကားမပြောချင်ပေ။ သို့သော် ကျန်းဝူပင်းတို့ လုံခြုံရေးက ပို၍ အရေးကြီးနေလေသည်။ ထို့ကြောင့် သူက သည်းခံလိုက်ပြီး နောက်ဆုံးတွင် ဒေါသများကို ချုပ်ထိန်းလျက် အတတ်နိုင်ဆုံး တည်ငြိမ်သော လေသံမျိုးနှင့် ပြောလိုက်သည်။
သို့သော် သူ၏မပျော်မရွှင်ဖြစ်နေသော လေသံကို သိသာထင်ရှားနေလေသည်။
ယန်ရှစ်ရွှမ်း၏ ခံစားချက်များကို အနိမ့်ဆုံးအခြေအနေထိ ရောက်အောင် ဖိနှိပ်ထားသော်လည်း ထိုခံစားချက်များအား ထိုလူ၏မျက်လုံးထဲမှ ဖုံးကွယ်နိုင်စွမ်းအား မရှိချေ။
ထိုလူက ခပ်တိုးတိုး ရယ်သည်။ သူ၏ရယ်သံက ယန်ရှစ်ရွှမ်း၏ နားအတွင်းတွင် ယားယံသလို ခံစားချက်မျိုးကိုပင် ပေးစွမ်းသေးသည်။ ယန်ရှစ်ရွှမ်းက သတိလက်လွတ် လည်တိုင်ကို မသက်မသာဖြစ်စွာ တစ်ချက်တွန့်လိုက်သည်။ ထိုအမျိုးသားက သူ၏နားနား ကပ်ပြောနေသလိုမျိုး ယားယံမှုက တည်ရှိနေလေသည်။
“မင်း အခု တစ္ဆေတွေနဲ့ နတ်ဘုရားတွေကို မမေးမြန်းတော့ဘူးလား”
ထိုအမျိုးသားက သွယ်လျသော လက်မောင်းက ရင်ဘတ်ရှေ့တွင် ခပ်အေးအေး ပိုက်ထားသည်။ သူက အလွန်အမင်း သက်တောင့်သက်သာရှိသော ပုံသဏ္ဍာန်မျိုးဖြင့် ရပ်နေလေသည်။ သူသည် ယန်ရှစ်ရွှမ်းကို ကြည့်ပြီး ပြုံးလိုက်သည်။
“ဒီနေ့ခေတ် နတ်ဘုရားတွေက ဒီလောက်ထိ မာကြောလာပြီးလား။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က သကြားလိုမျိုးပဲ အရမ်းပဲ မာကြောတာမျိုးလား”
သူရည်ညွန်းသည့် သကြားလုံး ဆိုသည်မှာ ငွေတစ်ပြား၊ နှစ်ပြားနှင့် ဈေးထဲတွင် ရောင်းသော သကြားလုံးမျိုး ဖြစ်သည်။ စတော်ဘယ်ရီ၊ ပန်းသီးကဲ့သို့ အပေါစားအရသာနှင့် ချိုမြိန်သော အရာမျိုးဖြစ်ပြီး လူ့အသိုင်းအဝိုင်းက ထုတ်ထားခြင်း ဖြစ်သည်။ လျှာပေါ်သို့ တင်ကာ လှိမ့်လိုက်ရုံနှင့် တစ်ဝက်ခန့်က အရည်ပျော်သွားသေးပြီး သကြားလုံး၏ စူးရှသောအပိုင်းကလည်း လျှာကို ခွဲနိုင်လေသည်။
သို့သော် လွန်ခဲ့သော နှစ်တစ်ထောင်အတွင်း သူသည် ထိုသကြားလုံး တစ်လုံးတည်းကိုသာ စားခဲ့ဖူးလေသည်။
သူသည် ပထမဦးအကြိမ်အဖြစ် မုန်းတီးမှု ဒေါသများ တိုက်ပွဲနယ်မြေမှ ထွက်ခွာလာပြီးချိန်ကတည်းက ချိုမြိန်သည့် အရသာကို ခံစားဖူးခဲ့ခြင်း ဖြစ်သည်။
ထိုအတွက်ကြောင့် ထိုအချိန်က သူ၏လျှာဖျားထိပ်ပေါ်မှ နာကျင်သော အရသာစူးစူးနှင့် သွေးရနံ့ကပင် အလွန်အရသာ ရှိခဲ့သည်။ စူးရှသည့် နာကျင်မှုက သူ၏ရှေ့မှ လူငယ်လေးလိုမျိုး ခံစားချက်မဲ့ပြီး ဒေါသတကြီး ဖြစ်နေသော ပုံစံနှင့် တူညီလွန်းနေလေသည်။ သူသည် တိုက်တိုက်ဆိုင်ဆိုင် ထိုကလေး၏ မျက်နှာကို သတိရသွားသည်။
ထိုကောင်ငယ်လေးသည် ထိုအချိန်က ငယ်ရွယ်ခဲ့သေးသည့် တိုင်အောင်၊ သူ၏ချောမောလွန်းသော မျက်နှာက အပြည့်အဝ ပုံမပေါ်သေးသည့် တိုင်အောင် သူ၏နူတ်ခမ်းများမှ အချိုးရာများအရ မိဘများက ရိုက်နှက်ထားခဲ့ခြင်း ဖြစ်လောက်သည်။ သို့သော် သူ၏မောက်မာထောင်လွှားမှုနှင့် အရိုးထဲစွဲနေသော အလှတရားကို မဖုံးကွယ်နိုင်ပြန်ချေ။
သူသည် သေမျိုးလူသားများ၊ သရဲများ အမျိုးမျိုးကို မြင်ဖူးသည်။ သူ၏အမြင်တွင် လောကရှိ လူတိုင်းက အရိုးနှင့် အရေပြားသာ သီးသန့်ရှိနေခဲ့သည်။ ထိုအခိုက်အတံ့တွင်မှ သူသည် သက်ပြင်းချလိုက်မိသည်။
လုံလောက်အောင် ချောမောလွန်းတဲ့ မျက်နှာမျိုးပဲ။ ဒီကလေး အရွယ်ရောက်လာတဲ့အခါမှာ လူတိုင်းရဲ့ အာရုံစိုက်မှုကို ခံရပြီး လူအများကြီးက ချစ်တာကို ခံရလိမ့်မယ်။
သို့သော် ယခုမူ ထိုနေ့က ဈေးထဲတွင် တွေ့ခဲ့သော ကလေးနှင့် သူ၏ရှေ့မှ ယန်ရှစ်ရွှမ်းတို့က ထပ်သွားသည်။ အမျိုးသားက မျက်မှောင် ကြုတ်လိုက်ပြီး ရယ်ပြန်သည်။
မင်းပဲ လတ်စသတ်တော့ မင်းရဲ့နာမည်က ယန်ရှစ်ရွှမ်းကိုး။
ယန်ရှစ်ရွှမ်းက ရုတ်တရက် ပြုံးသော ထိုအမျိုးသားကို ကြည့်ပြီး စိတ်ရှုပ်ထွေး သွားသည်။
“ခင်ဗျားကို ဖုန်းငှားခိုင်းတာနဲ့ နတ်ဘုရားတွေကို ပင့်ဖိတ်တာ၊ တစ္ဆေသရဲတွေကို ခေါ်တာနဲ့ ဘာဆိုင်နေလို့လဲ။ နောက်ပြီး သကြားလုံး ဟုတ်လား။ ဘာသကြားလုံးလဲ”
သူက အိပ်ကပ်ထဲမှာ သကြားလုံး ထည့်ထားတတ်တဲ့လူမျိုးနဲ့ တူနေလို့လား။
ထိုအခါမှသာ ထိုအမျိုးသားက မှတ်ဉာဏ်ထဲမှ ထွက်လာပြီး မျက်နှာပေါ်တွင် ယိုဖိတ်ကျလာသော ခံစားချက်များကို ထိန်းလိုက်သည်။
ကံကောင်းသည်မှာ သူသည် အလင်းရောင်အောက်တွင် ရပ်နေခြင်း မဟုတ်သောကြောင့်၊ မျက်နှာပေါ် အရိပ်ကျနေခဲ့ခြင်းကြောင့် ယန်ရှစ်ရွှမ်းသည်လည်း သူ၏မျက်နှာအမူအယာကို သတိ မထားမိလောက်ချေ။
“နောက်တာပါ။ မင်း ငါ့ကို တောင်းဆိုချင်တာရှိရင် ဒီလောက်ထိ ဒုက္ခများခံစရာ မလိုပါဘူး” မည်သို့ပင်ဆိုစေ သူသည် သူ၏ စိတ်ကူးယဉ်လူသား အပနှင်သူအား စောင့်နေခဲ့သည်မှာ နှစ်တစ်ထောင် ကျော်သွားလေပြီ။ ထို့အပြင် လွန်ခဲ့သော ဆယ်နှစ်ခန့်က တွေ့ဆုံခဲ့ဖူးသော မိတ်ဆွေဟောင်း ဖြစ်နေသေးသည်။
86 03
ထိုအမျိုးသားက ထိုအခါမှ သတိ ပြန်ဝင်သွားပုံရသည်။ ထိုကြောင့် ဘေးဘက်ရှိလူ၏ စကားကို မကြားလိုက်သဖြင့် ထပ်မေးလိုက်ရသည်။
“မင်း လိုချင်တာ ဘာလဲ”
ဆုတောင်းလိုက်။
ငါက အထဲက အဲဒီဆိုးယုတ်နံဟောင်တဲ့ ကြွက်နဲ့လည်း မတူဘူး။ ငါက မိစ္ဆာနတ်ဆိုးလည်း မဟုတ်ဘူး။ ငါက လှည့်စားတတ်တာမျိုးလည်း မဟုတ်ဘူး။ မင်း ဆုတောင်းလိုက် ငါက အမှန်တကယ် ပေးမယ်။ ဘာပဲဖြစ်ဖြစ်။
“ဆဲလ်ဖုန်း”
ယန်ရှစ်ရွှမ်းက ကျွတ်စ်ကနဲ စုပ်သပ်လိုက်ပြီး ထိုအမျိုးသားက သူ့ကို စနှောက်ကာ အချိန်ဖြုန်းနေသဖြင့် မကျေမနပ် ဖြစ်သွားသည်။ သူသည် စိတ်မရှည်စွာနှင့် လက်ကို ဖြန့်လိုက်၏။
“ငါ အဲဒီအရူးကောင် ကျန်းဝူပင်းကို ဖုန်းခေါ်ရမယ်”
အမျိုးသား “.....”
အမျိုးသားက တိတ်ဆိတ်နေကြောင်း မြင်သောအခါ သူက လက်ကို ထူးဆန်းစွာ မြှောက်လိုက်ပြီး သူ့ကို ပြောလိုက်သည်။
“ကျေးဇူးပါပဲ”
အမျိုးသား “.....”
သူသည် ရှားရှားပါးပါး တခဏခန့် တိတ်ဆိတ်သွားသည်။ မည်သို့ ဖြေသင့်ကြောင်းကိုပင် မသိချေ။
ယန်ရှစ်ရွှမ်းဟာ ဆုတောင်းရန်အတွက် အခွင့်ကောင်းကြီး ရထားသည်။ သူသည် ကြီးမားလွန်းသော ဆန္ဒကြီးတစ်ခုကို တောင်းလိုက်သင့်သည်။ သို့မဟုတ်လျှင်လည်း ယန်ရှစ်ရွှမ်းဟာ မည်သည့်အတွက်ကြောင့် သူ့ထံမှ ဖုန်းတောင်း၍ အခြားသူ၏ လုံခြုံမှုအား သိရရန် ကြိုးစားကြောင်း နားမလည်နိုင်ချေ။
ပိုပြီး အရေးကြီးတာက_ _ _
သူ့မှာ ဖုန်းမရှိဘူး။
အမျိုးသားက မျက်လွှာ အသာချလိုက်ပြီး သူ၏အရှေ့တွင် ဖြန့်ထားသော လက်ကို ကြည့်သည်။
“အတော် လှတဲ့လက်ပဲ။ အချိုးကျလွန်းတဲ့ အသွေးအသားနဲ့ အရိုးတွေ ရှိတယ်။ သွယ်လျလွန်းတဲ့ လက်ချောင်းနဲ့ လက်ဖဝါးပေါ်က အစင်းကြောင်းတွေက ထင်းနေတယ်။ သူ့ရဲ့လက်ဖဝါးပေါ်က သွေးကြောတွေက အားနည်းနေပြီး သွေးအခြစ်အရာတွေတောင်မှ အားအပြည့်နဲ့ပဲ။
ဒီလက်က အခုလေးတင် မိစ္ဆာနတ်ဆိုးဆီက လက်နက်ကို လုခဲ့တာ။ လှံကို ကိုင်ဆွဲပြီး မိစ္ဆာနတ်ဆိုးနဲ့တောင် ခပ်ကြမ်းကြမ်း တိုက်ခိုက်ခဲ့တဲ့ ဟန်အမူအယာက အင်အားပြည့်ပြီး တောက်ပလွန်းလို့ သူတောင်မှ မျက်စိ မလွှဲနိုင်ခဲ့ဘူး။
ယန်ရှစ်ရွှမ်း “?”
“ခင်ဗျား ငါ့ကို လာလှောင်နေတာလား”
သူက၏ နဖူးတွင် ဒေါသ အစင်းကြောင်းများက ပေါ်ထွက်လာသည်။ သူ၏မျက်နှာက အလွန်သုန်မှုန် သွားသည်။
ထိုအမျိုးသား၏ မျက်နှာက တခဏ တိတ်ဆိတ်သွားပြီးနောက် နူတ်ခမ်းပါးပါးကို အသာလှုပ်လျက် အလွန်အမင်း မသက်မသာဖြစ်သော ပုံစံမျိုးဖြင့် ပြောလိုက်သည်။
“တကယ်တော့ ငါ့မှာ ဖုန်း မရှိဘူး”
ယန်ရှစ်ရွှမ်းက ဒေါသတကြီး ရယ်သံမျိုးနှင့် ရယ်သည်။
သူသည် ရိုးရှင်းစွာပင် လက်ကို ပြန်ရုတ်လိုက်ပြီး နောက်သို့ လှည့်ကာ ထွက်သွားသည်။ သူသည် ထိုအမျိုးသားအား ဆက်လက်ပြီး မကိုင်တွယ်လိုတော့ချေ။ ထိုအမျိုးသားသည် ရှားရှားပါးပါး အပြစ်မကင်းသလို မျက်နှာမျိုးနှင့် ပြောလာသည်။
“မင်း အခြားတစ်ခုကို ပြောင်းပြီး ဆုတောင်းလို့ရတယ်။ ဖုန်းက လွဲပြီး ဒီထက်ပိုပြီး လုပ်ပေးနိုင်တာတွေ ရှိတယ်”
ယန်ရှစ်ရွှမ်းက လှောင်လိုက်သည်။
“မလိုပါဘူး။ ကိုယ့်ဘာသာကိုယ် လေကိုပဲ သွားပြောနေပါ။ ကျေးဇူးပဲ”
ထိုသို့ပြောပြီးနောက် ယန်ရှစ်ရွှမ်းက သူ၏ခြေတံရှည်ကို ဆန့်လျက် လျှင်မြန်ချောမွေ့စွာနှင့် တောင်ဘုရား အဓိကခန်းမ၏ တံစက်မြိတ်မှ ထွက်သည်။
86 04
သူသည် အနီးအနား အဆောက်အဦးထဲရှိ တံစက်မြိတ်အောက်ထဲသို့ အမြန်ပြေးဝင်ရန်အတွက် ခုန်မြန်မြန် ခုန်လိုက်သည်။ ထိုသို့ဖြင့် ထိုလူအား အဓိကခန်းမ၏ ဝင်ပေါက်နားတွင် ထားခဲ့လိုက်သည်။ ထိုအမျိုးသားကလည်း ယန်ရှစ်ရွှမ်း၏ ထွက်ခွာသွားသော ကျောပြင်ကို အချိန်အတန်ကြာအောင် စိုက်ကြည့်နေခဲ့ပြီး ကူကယ်ရာ မဲ့သွားပုံပေါ်သည်။
ယန်ရှစ်ရွှမ်း၏ ပုံရိပ်က သူ၏မြင်ကွင်းမှ ပျောက်ကွယ်သွားတော့မှ တစ်ဖက်သို့လှည့်လျက် အဓိကခန်းမဘက်သို့ လှည့်ကြည့်လိုက်သည်။
အရှုပ်အထွေး အပျက်အစီးများနှင့် ပြာများ အကြားတွင် မူလက ခမ်းနားခဲ့သော အဓိကခန်းမကြီးကို မမြင်ရတော့ချေ။ သို့သော် အလျင်အမြန် ထွက်ပြေးသွားခဲ့သော တစ်စုံတစ်ရာပြီးနောက် မူရင်းသွင်ပြင်ကမူ ပေါ်လာသည်။
အမျိုးသားကမူ ရွံရှာသလို မျက်မှောင် ကြုတ်လိုက်ပြီး အေးစက်သော လေသံနှင့်ပြောသည်။
“နတ်ဘုရားတစ်ပါး ဖြစ်ပြီး မင်းက ကြင်နာတတ်ရုံတင် မဟုတ်သေးဘဲ တင်းကြပ် သင့်သေးတယ်။ မင်းရဲ့လူတွေကို ဒီလိုမျက်ကန်း ကာကွယ်ပေးနေတာက သူတို့ကို ကောင်းကင်နဲ့ မြေပြင်ရဲ့ သဘောတရားတွေကို မေ့လျော့သွားစေပြီး မိစ္ဆာတွေရဲ့ လှည့်စားမှုကြောင့် သူတို့ကို ကိုးကွယ်ဆည်းကပ် သွားစေမိတယ်”
“မင်းရဲ့ နေရာကို ဆုံးရှုံးရတာက မင်းရဲ့လုပ်ရပ်ကြောင့် ဖြစ်တာပဲ”
သည်းထန်သော မိုးက ကျယ်လောင်နေသေးသည့်တိုင်အောင် ထိုလူ၏အသံကိုမူ ဖုံးကွယ်သွားနိုင်စွမ်းက မတတ်နိုင်ချေ။
သူ၏အသံဟာ အလွန်အမင်း စူးရှပြီး ခန်းမအတွင်းသို့ ဝင်လျက် တည်ငြိမ်တိတ်ဆိတ်မှုကို ဖြိုခွင်းသွားသည်။ ဖုန်၊ ပြာများအကြားမှ ခပ်တိုးတိုး သက်ပြင်းချသံက ထွက်လာသည်။
.....
အန်းနန်ယွမ်ကမူ သူနှင့် အန်တိုနီတို့ဟာ အချင်းချင်း ကိုင်တွယ်နိုင်တော့လိမ့်မည် မဟုတ်ဟု ခံစားရသည်။ အစပိုင်းတွင်မူ ကုမ္ပဏီက သူ့အား ထိုအကောင်ကို သူနှင့် အတင်းအကြပ် ခေါ်သွားခိုင်းသည်။ ယခုမူ ထိုအကောင်က ယခုလို ဖြစ်သွားသည်။ တိုက်ခိုက်ရန်သာ ဆန္ဒရှိနေလေပြီး ရူးနေပုံလည်း ရ၏။ ထို့အပြင် အသက်ကိုလည်း ခြိမ်းခြောက် နေသေးသည်။ အိမ်သို့ ပြန်ရောက်သွားပြီးနောက် မည်သို့ပင် ဖြစ်လာစေကာမူ သူသည် ထိုရှုပ်ထွေးလွန်းသော လူသစ်ကို မကိုင်တွယ် နိုင်တော့ကြောင့် ကုမ္ပဏီကို ပြောရပေမည်။ သူက ဒီအသိုင်းအဝိုင်းထဲမှ နုတ်ထွက်ရလျှင်လည်း ပြဿနာ မရှိချေ။ အန်တိုနီ၏ ဆိုးယုတ်သော မျက်နှာမျိုးကိုမူ မကြည့်ချင်တော့ချေ။
အန်းနန်ယွမ်က တောင်ဘုရားကျောင်းအနှံ့ ရူးသွပ်စွာ ပြေးနေပြီး သူ၏နှလုံးသားက ခပ်ကြမ်းကြမ်း ခုန်နေသည်။ သူသည်လည်း အသက်ပြင်းပြင်း ရှူနေရသည်။ သူ၏ရင်ဘတ်က နာကျင်ကာ ကြိမ်းကိုက်လာသည်။ မည်သို့ပင်ဆိုစေ အသားကုန် ပြေးလွှားနေရသောကြောင့် အောက်ဆီဂျင်ကပင် လိုအပ်လာသည်။
သို့သော် သူ တခဏခန့်ပင် မရပ်တန့်ရဲချေ။ နောက်သို့ပင် လှည့်မကြည့်ရဲချေ။
“အန်း အန်နန်ယွမ် ငါ မရှင်နိုင်တော့ဘူး ထင်တယ်။ ငါ မပြေးနိုင်တော့ဘူး”
ဘေးဘက်မှ ပြေးနေသော ပိုင်ရွှမ်း၏မျက်နှာက ဖြူဖျော့ပြီး အေးစက်သော ချွေးများက နဖူးမှ စီးကျလာသည်။ သူမသည် အချိန်မရွေး မေ့လဲမည့်ပုံ ပေါ်သည်။
အန်းနန်ယွမ်ကဲ့သို့ တစ်နှစ်ပတ်လုံး ကခုန်ရင်း ပြေးနေခဲ့သောကြောင့် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု အပြည့်ရှိနေသော လူအပြင် ရသစုံရှိုးများတွင် ပါဝင်လေ့ရှိပြီး ယခုလို ပြေးလွှားရသည့် အစီအစဉ်မျိုးကို ကျင့်သားရနေသော ရသစုံရှိးစတားကသာ အမြင့်ဆုံး ပြေးနိုင်နေခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ခြေထောက်ဒဏ်ရာ ရထားသော သရုပ်ဆောင်လည်း ရှိနေသေးသည်။
အန်းနန်ယွမ်က ပိုင်ရွှမ်းကို ကြည့်လိုက်သည်။ သူက အံကို ကြိတ်လိုက်ပြီး ခေါင်းကို တစ်ချက်လှည့်လျက် နောက်မှ လိုက်လာသော ကြွက်ကို တစ်ချက် ကြည့်လိုက်လေရာ သူတို့နောက်မှ လိုက်လာသော ကြွက်ကို မြင်လိုက်ရသည်။ သို့သော် သိသာစွာပင် အနောက်တွင် ကြွက်သုံးကောင်က လိုက်လာရုံသာ မကသေးလေဘဲ သူတို့ကို အခွဲဖန်သားပြင်နှင့် ချိန်ထားသည့် အန်တိုနီကလည်း ပါလာသည်။
ဧည့်သည်များ၏ အရှက်ရဖွယ်ပုံစံနှင့် မတူသည်မှာ အန်တိုနီကမူ ခပ်အေးအေးနှင့် ဖြစ်နေသည်။ သူသည် စိတ်မရှည်သော ပုံစံမျိုးပင် မရှိချေ။ ထို့အစား သူသည် ဆိုးရွားသော ပုံစံမျိုးဖြင့် တိရစ္ဆာန်ကို အမဲလိုက်နေသည့် အမဲလိုက်သမားတစ်ယောက်ပုံစံ ဖြစ်နေခဲ့သည်။
“ကြည့်ဦး ကြည့်ဦး ဒါက မင်းတို့ ပုံမှန်အားဖြင့် ကြိုက်တဲ့ အိုင်ဒေါလ်စတား မဟုတ်လား”
အန်တိုနီက သူ၏ဖန်သားပြင်ဖြင့် အန်းနန်ယွမ်ကို ချိန်ရွယ်ပြီး ပြောသည်။
“ကြည့်စမ်းပါဦး သူတို့ရဲ့ပုံစံက ဘယ်လောက်တောင် အကျဉ်းတန်လို က်သလဲ။ မင်းတို့ သူတို့ကို ကြိုက်တုန်းပဲလား။ သူတို့က ဘယ်လိုအရည်အချင်းရှိလို့ မင်းတို့ ကြိုက်တာကို ခံရမှာလဲ”
“သိသိသာသာပဲ သူက အသက်ကြီးနေပြီ။ အကျဉ်းလည်း တန်သေးတယ်။ ကုမ္ပဏီရဲ့ အရင်းအမြစ်နဲ့ အဆက်အသွယ်တွေ အများကြီးကိုလည်း ယူထားသေးတာ။ ငါတို့လို ငယ်ရွယ်တဲ့ သူတွေ၊ ထူးချွန်တဲ့ သူတွေအတွက် အခွင့်အရေးတောင် မချန်ထားပေးဘူးလေ။ ဘယ်လောက်တောင် ရွံ့ရှာစရာ ကောင်းလိုက်တဲ့ လူတွေလဲ”
******