88 01
အပိုင်း(၈၈)
“ဒီနေရာက နွံအိုင်ကြီးထဲက မြင့်တက်လာပြီး မြူထုတွေထဲကို သွားတဲ့ တောင်နတ်ဘုရားပဲ။ စိုက်ပျိုးပင်တွေ၊ သက်ရှိတွေက သူ့ကို မော့ကြည့်ရတယ်။ သူက ဝံပုလွေရိုင်းတောင်ထိပ်မှာ နေတယ်။ တောင်တန်းတွေနဲ့ မြစ်ပြင်တွေကို စောက်ရှောက်ပေးပြီး လေဒဏ်မိုးဒဏ်တွေကို ကာကွယ်ပေးတယ်။ ဒီလိုနဲ့ မိစ္ဆာဝိဉာဉ်တွေကို တားဆီးပေးထားတယ်”
စုတ်တံဖြင့် ရေးဆွဲထားသော စကားလုံးအများစုက ရေကြောင့် ဝေဝါးနေသည်။ ထို့ကြောင့် စကားလုံး တစ်လုံးချင်းစီကို မနည်း ဖတ်ယူလိုက်ရသည်။
“ကြည့်ရတာ နယ်မြေခံ ခရိုနီတွေ ထင်တယ်။ သူတို့က တောင်ဘုရားကျောင်းနဲ့ ဝံပုလွေရိုင်းတောင်ရဲ့ သမိုင်းကို မိတ်ဆက်ပေးထားတာပဲ”
အန်းနန်ယွမ်က အနှစ်ချုပ်ပေးသည်။
“ကြည့်ရတာ ဒီနေရာမှ ရွာသားတွေနဲ့ တိရစ္ဆာန်တွေကို အရမ်းကို ကြင်နာပေးတဲ့ တောင်နတ်ဘုရား ရှိတယ်တဲ့။ သူက လူတွေကို စားစရာ ပေးတယ်။ ရာသီဥတုတွေကို ကောင်းမွန်အောင် လုပ်ပေးတယ်။ ဆောင်းတွင်းမှာလည်း အထွက်တိုးအောင် လုပ်ပေးတယ်။ရွာသားတွေနဲ့ တိရစ္ဆာန်တွေကလည်း အရမ်းကျေးဇူးတင်ကြတယ်။ ဒါကြောင့် လွန်ခဲ့တဲ့ ၁၀နှစ်ကျော်လောက်က ဒီဘုရားကျောင်းကို ဆောက်ဖို့ ရန်ပုံငွေတွေ စုစည်းခဲ့ကြတယ်”
“တောင်နတ်ဘုရား ဟုတ်လား”
မြို့တွင်သာ နေခဲ့ပြီး တောင်နတ်ဘုရားအကြောင်းများကို မသိခဲ့သည့် ပိုင်ရွှမ်းက အနည်းငယ် ကြောင်အ သွားသော်လည်း နာမည်အရ နတ်ဘုရားဆိုသော်လည်း ယုံကြည်အားကိုးထိုက်သော နတ်ဘုရားကောင်း ဖြစ်လိမ့်မည်ဟု ထင်လိုက်သည်။
“ဒါဆိုရင် အခု ငါတို့ကို ကူညီတာက တောင်နတ်ဘုရားလား”
ပိုင်ရွှမ်းက အန်းနန်ယွမ်ကို မေးသည်။
“ဟုတ်တယ်။ ဒါဆိုရင် ဒီဘုရားကျောင်းက မူလက ဒီလိုမဟုတ်ဘူးပေါ့”
“အဲဒီလိုဆိုပေမဲ့လည်း အနည်းဆုံး မိသားစု ယုံကြည်သက်ဝင်မှုတွေကို အာရုံစိုက်ထားတဲ့ နယ်မြေတွေကို ငါ တွေ့ဖူးတယ်။ နေရာအများစုမှာတော့ ဒီလို နယ်မြေခံ ခရိုနီတွေက ရှိတာပဲလေ။ နောက်ပြီး ဒီလို ပစ္စည်းသိုလှောင်တဲ့ အခန်းလိုမျိုးမှာ အမှိုက်လိုမျိုး ပုံထားတာက ပုံမှန်တော့ မဟုတ်ဘူးမလား။ နောက်ပြီး ရေတွေတောင် စိုနေသေးတယ်”
အန်းနန်ယွမ်က စကားပြောပြီးပြီးချင်း သူတို့၏အရှေ့ ဆန်စာရွက်ပေါ်မှ ရေအစင်းကြောင်းလေးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
ထိုရေစင်းကြောင်းက စာရွက်ကို စိုသွားသောအခါ မှင်များကို ဝါးသွားစေသည်မှာ သမိုင်းအခြေခံတစ်ခုကို ဖျက်ဆီးလိုသမျိုး ထင်ရသည်။
တစ်ချိန်တည်းတွင်ပင် အန်းနန်ယွမ်ကလည်း အပြင်ဘက်မှလာသည့် ကလစ်ဆိုသော အသံကို ကြားလိုက်ရ၏။ သတ္တုတံခါးကြီးကို ကြွက်များက ကိုက်ဝါးပြီး အပေါက်တစ်ပေါက် ပေါက်လာလေပြီ။
သူတို့ကို လွှမ်းခြုံပေးထားသော ညင်သာသော အားကလည်း ရုတ်တရက် တုန်ခါသွားပြီး ကွဲအက်သွားပုံ ရသည်။ သူသည် ကြာကြာထိန်းထားနိုင်ပုံ မရချေ။
လူတိုင်းကလည်း သူတို့ကို လေအေးများက ဖြတ်တိုက်လာသလို ခံစားလိုက်ရသည်။ အခုလေးတင် ခံစားခဲ့ရသည့် နွေးထွေးမှုက ပျောက်သွားပြန်သည်။
မြေပြင်တွင် မောပန်းစွာ ထိုင်နေသော ဧည့်သည်များက သူတို့၏ လက်များပေါ် အားယူပြီး ဒူးထောက်ကာ ထရသည်။ ထို့နောက် တံခါးကို ကြောက်လန့်တကြား ကြည့်လျက် အန်းနန်ယွမ်နှင့် ပိုင်ရွှမ်းတို့ ရှိသည့် နေရာသို့ အပြေးအလွှား လိုက်လာသည်။
ဒီလိုအခြေအနေမျိုးတွင် လူတိုင်းဟာ သတိလက်လွတ် အကာအကွယ်ကို ယူချင်ကြသည်။ သတ္တုတံခါးက အစိတ်စိတ်အပိုင်းပိုင်း ဖြစ်အောင် ဝါးစားခြင်း ခံရနိုင်ကြောင်း သိသည့်တိုင်အောင်၊ သူတို့ ထွက်ပြေးသော သစ်သားတံခါးလေးကလည်း တားလိုက်ကြောင်း မသိသည့်တိုင်အောင် ကူကယ်ရာမဲ့စွာ ပြေးလာကြသည်။ သို့သော် အကာအရံတစ်ခုခု ရှိလျှင်ပင် ပို၍စိတ်အေး နိုင်ပေလိမ့်မည်၊
ထိုလူများက တံခါးနောက်တွင် ပုန်းကွယ်ရင်း တုန်ယင် နေကြ၏။ သူတို့သည် တံခါး၏ အဟကြားနေရာမှတဆင့် အပြင်ဘက်သို့ လှမ်းကြည့်နေကြသည်။ ထိုတံခါးသည် အချိန်မရွေး ပြိုကျနိုင်ကြောင်း သိသဖြင့် ရင်တမမ ဖြစ်နေကြသည်။
နောက်ဆုံးတွင် ဘန်းကနဲ မြည်သံနှင့် တံခါးကြီးက မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
88 02
မျက်နှာတွင် ကြောက်မက်ဖွယ်ကောင်းသော ကြွက်သားအပြည့်နှင့် ခက်ထန် ကြမ်းတမ်းသော မျက်လုံးများနှင့် ထိုကြွက်ကြီးများက ဝင်ရောက်လာကြသည်။ သူတို့အားလုံးသည် လူအများက ပုန်းနေသော တဲအိမ်ဘက်သို့ ညွှန်ပြလိုက်ကြပြီး ဒေါသတကြီး ဖြစ်သံ၊ နှာမှုတ်သံ၊ အော်သံများကို ထုတ်လွှင့်ကြသည်။ သူတို့သည် သူတို့၏အနိုင်ကြောင့် ဂုဏ်ယူနေကြပုံ ရသည်။
ရသစုံရှိုးစတားက စိတ်ပျက်သွားသည်။
“သွားပြီ သွားပြီ အဆုံးသတ်သွားပြီ။ ငါတို့ ဒီလိုနဲ့ အစားခံရတော့မယ် ထင်တယ်။ သောက်ကျိုးနည်း။ ဒါက ဘယ်နေရာလဲ။ သိပ္ပံနည်းပညာနဲ့ ဖော်စပ်ထားတဲ့ ကြွက်ကြီးတွေ များလား။ အခြားတိုင်းပြည်တွေက မိတ်ဆက်လိုက်တဲ့ ကြွက်ကြီးတွေ များလား”
မည်သူကမှ သူ့ကို မဖြေကြချေ။ လူတိုင်းကလည်း ကြွက်များကိုသာ အနီးကပ် စိုက်ကြည့်နေကြပြီး ဖောက်ဝင်လာမည့် အခြေအနေကို စောင့်နေကြသည်။
သို့ရာတွင် ထိုအခိုက်အတံ့တွင် ရုတ်တရက် ကြွက်ပေါင်းများစွာက တောင့်ခဲသွားသည်။ ထို့နောက် သူတို့၏ခေါင်းက တဲအိမ်အပြင်ဘက်မှ ပြတင်းပေါက်သို့ ကြည့်လိုက်သည်။ သူတို့သည် ခေါ်သံတစ်ခုခုကို ကြားလိုက်ပုံရသည်။
ဧည့်သည်များကလည်း ကြွက်များဟာ ခက်ထန် ကြမ်းတမ်းသော မျက်နှာများနှင့် ရှိနေခဲ့ရာမှ မည်သည့်အတွက်ကြောင့် ရုတ်တရက် တုန့်ဆိုင်သွားသလို ပုံစံဖြစ်သွားကြောင်း နားမလည်နိုင်တော့ချေ။ ထို့နောက် သူတို့ကို နောက်လှည့်ပြီး ထွက်ပြေးသွားကြသည်။
ဧည့်သည်များက နားမလည်နိုင်သောကြောင့် တံခါးအပြင်ဘက်မှ အန်တိုနီကလည်း အလားတူသာလျှင် ဖြစ်သည်။
ဟင် မင်းတို့ ဘယ်သွားတာလဲ။ မင်းတို့ကို နတ်ဘုရားက င့ါရဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ပို့ပေးလိုက်တာ မဟုတ်ဘူးလား။ အခု ဒီလူတွေက ဒီမှာရှိတယ်လေ။ မင်းတို့က ဘာလို့ ထွက်သွားတာလဲ”
အန်တိုနီက ကြောင်သွားသည်။ ထို့နောက် ဒေါသ ထွက်သွားပြန်သည်။
“လာ မထွက်သွားကြနဲ့။ ငါ အမိန့်ပေးနေတယ် မသွားကြနဲ့”
သို့ရာတွင် အန်တိုနီက မည်သို့ပြောစေကာမူ ကြွက်များက နီရဲသော မျက်လုံးဖြင့်သာ ကြည့်ပြီး တုန့်ဆိုင်းမှု မရှိဘဲ ထွက်သွားကြလေသည်။
‘အမိန့်ပေးတယ် ဟုတ်လား။ မင်းက ဘာလဲ’ ဟု ပြန်ပြောသွားတယ်လို့ ထင်ရသေးသည်။
အခန်းထဲမှ လူများက ထိုအခြေအနေကို မြင်သောအခါ သဘောတကျ ရယ်ကြသည်။ သို့သော် အန်းနန်ယွမ်ကမူ မသိလိုက်ချေ။
“မဟုတ်သေးပါဘူး။ ဒီကြွက်တွေ ထွက်ပြေးသွားတာက အကြောင်းအရာ တစ်ခုခု ရှိလိမ့်မယ်”
“အကြောင်းပြချက် တစ်ခုခု ရှိတယ်ဆိုလဲ_ _ _ “
ပိုင်ရွှမ်းဖုန်းမှတဆင့် ယန်ရှစ်ရွှမ်း၏ အခွဲဖန်သားပြင်ကို ကြည့်ရင်း တုန့်ဆိုင်းစွာနှင့် လူတိုင်းကို ပြသည်။
“ဒါကြောင့် ဖြစ်လောက်တယ်”
ဖန်သားပြင်တွင် ယန်ရှစ်ရွှမ်းသည် မိုးထိုးအောင် မြင့်သည့်ခန်းမကြီးတွင် ရပ်နေသည်။ သူ၏ပတ်ပတ်လည်တွင် နံရံဆေးရေးပန်းချီများက ဝိုင်းနေ၏။ ထိုပုံရိပ်များက မှိတ်တုတ်မှိတ်တုတ် လက်နေသည်မှာ သက်ရှိသတ္တဝါများအလား ရွှေ့လျားနေကြသည်။
သို့သော် ယခုလို ခြောက်ခြားဖွယ် ကောင်းသော မြင်ကွင်း၏အလယ်တွင် ယန်ရှစ်ရွှမ်းက ရွှေရောင်လှံကြီးကို ကိုင်ထားပြီး မီတာများစွာ မြင့်သော ရုပ်ထုကြီးကို ခေါင်းဖြတ်လိုက်သည်။
မျက်နှာကျက်မှ နံရံဆေးရေးပန်းချီတွင် ရှိသော ထိုသတ္တဝါကြီးက ဒေါသ ထွက်လွန်းသဖြင့် ကောင်းကင်သို့ ကြည့်ကာ ဟိန်းဟောက်လိုက်သေးသည်။ သူသည် ဝိဉာဉ်တိုင်းကို ဆင့်ခေါ်ပြီး အတူပူးပေါင်း တိုက်ခိုက်ချင်ပုံ ရသည်။
“နင်တို့ ဂရုတစိုက် ကြည့်မယ်ဆိုရင် ဒီပန်းချီကားက သတ္တဝါကြီးက အခုလေးတင် ငါတို့နောက်ကို လိုက်နေတဲ့ ကြွက်နဲ့ တူနေသလိုပဲ”
ပိုင်ရွှမ်းက တခဏခန့် တုန့်ဆိုင်းသွားပြီးနောက် နောက်ဆုံးတွင် ထင်မြင်ချက်ကို ပြောပြသည်။
“ယန်ကောက ဒီကြွက်ကို စိတ်ပျက်အားငယ်ဖွယ် အခြေအနေကို တွန်းပို့လိုက်တာများလား။ ဒါကြောင့် ဒီကြွက်က တခြားအပေါင်းအဖော်တွေကို လာကယ်ခိုင်းတာရော မဖြစ်နိုင်ဘူးလား။ ဒါကြောင့် ဒီကြွက်တွေ ထွက်ပြေးသွားတာ ဖြစ်မယ်”
“ဒီလိုစဉ်းစားကြည့်ပြန်ရင် ယန်ကောက အဓိက အရင်းအမြစ် ပြဿနာကို သွားရောက် ဖြေရှင်းနေလို့ ငါတို့နားမှာ မရှိနေနိုင်တာ။ ဒါပေမဲ့ ဒီလိုအဓိက ပြဿနာကို ဖြေရှင်းနိုင်လို့ ငါ့တို့ရဲ့ပြဿနာက ဖြေရှင်းပြီးသား ဖြစ်သွားတာပဲ”
88 03
ပိုင်ရွှမ်းက မှင်သက်စွာနှင့် ပြောသည်။
“ယန်ကောက ငါတို့ကို ထပ်ကယ်လိုက်ပြန်ပြီ”
ယခုလေးတင် အနိမ့်အမြင့် အတက်အကျကို ခံစားတွေ့ကြုံခဲ့ရသည့် ဧည့်သည်များကမူ ထိုကိစ္စကို တွေးတောနေခြင်း မရှိချေ။ သူတို့က မည်သည့်အင်အားမှ မရှိတော့သလိုမျိုး ထိုင်ခုံများပေါ်တွင် ထိုင်လိုက်ကြသည်။ သူတို့၏မျက်နှာတွင် စိတ်သက်သာရာရမှုက ပေါ်ထွက်လာသည်။
အန်းနန်ယွမ်ကလည်း အံ့အားတကြီး ပြောသည်။
“ယန်ကော ဟုတ်သားပဲ။ ဒီလိုဆိုမှတော့ ယန်ကောပဲ ငါတို့ကို ကယ်နိုင်မှာပေါ့”
သူက ပျော်ရွှင်မှုအပြည့်နှင့် သူ၏ဆိုရှယ်မီဒီယာပလက်ဖောင်းကို ဖွင့်လိုက်ပြီး သေဘေးမှ လွတ်မြောက်ခဲ့မှုကြောင့် စိတ်လှုပ်ရှားမှုအပြည့်နှင့် ပို့စ်တင်လိုက်သည်။
@အန်းနန်ယွမ်..ငါ ငါ့ရဲ့အုတ်ဂျုံတံဆိပ်ပြားကို မေ့တော့မလို့။ တောင်းပန်ပါတယ်။ ငါ သေချာပေါက် အနာဂတ်မှာလည်း အုတ်ဂျုံခေါင်းစဉ်အောက်မှာပဲ လက်မှတ် ဝင်ထိုးပါ့မယ်။ ဒါတွေအားလုံးအပြင် ‘ယန်ကော ယန်ကောက ငါ့ရဲ့ထာဝရအိုင်ဒေါလ်ပဲ’
ညနက်ပိုင်းတွင် ထိုပိုစ့်ကို မြင်လိုက်ရသော ပရိတ်သတ်များ “...”
သူတို့ရဲ့အိုင်ဒေါလ်က တခြားသော လူတစ်ယောက်ကို ရူးသွပ်စွာ အော်ဟစ် အားပေးနေသော မြင်ကွင်းကို မြင်လိုက်ရသည့် အခါ ပရိတ်သတ်များ၏ ခံစားချက်က ပြောရခက်သည်။
ဒါကို ဘယ်လိုခံစားချက်လို့ ပြောသင့်လဲ။
ဘယ်တတ်နိုင်မလဲ သူ့ကို အလိုလိုက်ရုံပေါ့။
ဘယ်သူက သူ့ကို ငါ့ရဲ့ကော ဖြစ်ခိုင်းလို့လဲ။ ဒီတော့ သူ့ကို ရွေးချယ်ပြီး သူ့ကို နမ်းရှိုက်နေတယ် ဆိုမှတော့ သူ့ရဲ့အိုင်ဒေါလ်က ငါ့ရဲ့အိုင်ဒေါလ်ပေါ့။ နောက်ပြီး _ _ _
ရသစုံရှိုးများကို ဂရုမစိုက်သောကြောင့် ၉၉ရက်တာ နှလုံးခုန်သံကို မကြည့်သော ပရိတ်သတ်များကမူ အုတ်ဂျုံများ အဓိပ္ပာယ်ကို မသိသောကြောင့် ရှာဖွေလိုက်ရသည်။ ရှာဖွေပြီးနောက် အုတ်ဂျုံများက တင်ထားသည့် ပိုစ့်မှတဆင့် ဖန်သားပြင်အခွဲ စခရင်ရှုများကို ကြည့်ရင်း သူတို့၏ မျက်နှာများက နီရဲသွားကြသည်။
အင်း ပြောရရင် ဒီရှောင်ကောကောလေးက ခန့်ညားချောမောပြီး အတော်လန်းတာဆိုတော့လည်း မဆိုးပါဘူးလေ။ ယန်ရှစ်ရွှမ်း ဟုတ်လား။ ကောင်းပြီး ဒီနေ့ကစပြီး နင်လည်း ငါ့ရဲ့အိုင်ဒေါလ်ပဲ- - - ။
ယန်ရှစ်ရွှမ်းကမူ ဧည့်သည်များ အနားယူရာနေရာသို့ ပြန်ရောက်သွားသောအခါ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသော အမှောင်ထုကိုသာ မြင်ရလိမ့်မည်ဟု ထင်ထားသည်။ မမျှော်လင့်ထားစွာပင် အဝေးရှိ အိမ်အတန်းလိုက်ကို မြင်ရသောအခါ မီးများအားလုံးက ပွင့်နေသည်။ စကားပြောသံများကိုပင် ကြားနိုင်၏။
“မင်း အခုပြေးသွားတာ တအားမြန်တယ်။ ငါ တောင်မှ ဘာမှပြောဖို့ အချိန်မရှိလိုက်ဘူး”
ထိုအမျိုးသားက ယန်ရှစ်ရွှမ်း၏ အနောက်ဘက် နေမိုးလုံသော အမိုးအောက်က ထွက်လာပြီး ခပ်ပြင်းပြင်း ပြောသည်။
“ငါ မင်းကို လာရှာတာက ဒီလူတွေကို ကြွက်တွေ တိုက်ခိုက်လို့ပဲ”
“ငါတို့နေတဲ့ ခုတင်အောက်မှာ ကြွက်တွေရှိလား”
ယန်ရှစ်ရွှမ်းက မျက်မှောင် ကြုတ်လိုက်မိသည်။
“ခင်ဗျားရဲ့ခုတင်အောက်လို့ ပြောပါ။ ငါတို့ရဲ့ မဟုတ်ပါဘူး။ နောက်ပြီး နာမ်စားတွေကို တိတိကျကျ သုံးသင့်တယ်။ မသိရင် ခင်ဗျားနဲ့ငါက တစ်ခုတင်ထဲမှာ အိပ်နေသလိုပဲ။ ခင်ဗျား တကယ်ပဲ ကိုးနှစ်တာ ပညာမသင်ကြားခဲ့တာလား တကယ်ပဲလား”
“နောက်ပြီး ကြွက် ဟုတ်လား”
ယန်ရှစ်ရွှမ်းက ခပ်မြန်မြန် လျှောက်သွားလိုက်သည်။ သို့သော် သူက မနီးကပ်သွားသေးခင် အခြားတစ်ဖက်ခြမ်းမှလာသည့် ကြောက်လန့်တကြား အော်ငိုသံများကို ကြားလိုက်ရသည်။
တကယ်လို့ ကြွက်သာဆိုရင် သူတို့ ဒီလောက်ထိ ကြောက်မနေသင့်ဘူးလား။
ယန်ရှစ်ရွှမ်း၏ စိတ်ထဲတွင် အတွေးတစ်ခုက ဝင်ရောက်လာသဖြင့် ခြေလှမ်းအနည်းငယ်တည်းနှင့် အလင်းရောင်အောက်သို့ လျှောက်သွားလိုက်သည်။
“ယန်ကော”
ရှေ့မျက်နှာမှ ခြေလှမ်းသံကို ကြားလိုက်ရသဖြင့် ကြောက်လန့်နေသော အန်းနန်ယွမ်က ရုတ်တရက် ယန်ရှစ်ရွှမ်းကို မြင်လိုက်သောအခါ အလွန်အံ့ဩသွားသည်။ သူသည် စိတ်အေးသွားသလို သက်ပြင်းချလိုက်ပြီး ပြောသည်။
“ယန်ကော ယန်ကော နောက်ဆုံးတော့ ပြန်လာပြီ ငါတို့ အခု လုံခြုံပြီပေါ့”
“မင်း”
88 04
ယန်ရှစ်ရွှမ်က မျက်မှောင်ကို ကြုတ်ပြီး တစ်စုံတစ်ရာကို မေးရန်ကြံစည်သည်။ သို့သော် မျက်လုံးကို ဝေ့လိုက်သောအခါ ဖွင့်ထားသော တံခါးများကို မြင်လိုက်ရ၏။ ဧည့်သည်များအားလုံး၏ အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ သူတို့အားလုံး၏ မျက်နှာက ဖြူဖျော့ပြီး ကြောက်လန့်နေပုံ ရသည်။
ထိုထဲမှ သရုပ်ဆောင်တစ်ယောက်ဆိုလျှင် မြေပြင်ပေါ်တွင် ထိုင်နေသည်။ သူ၏တစ်ကိုယ်လုံးက ချွေးများ ပျံနေသလို ခြေထောက်ကလည်း ဒဏ်ရာ ရရှိနေသေးသည်။ သူသည် ငုံံ့ကိုင်းပြီး ခြေထောက်၏ ဒဏ်ရာကို ကုနေရ၏။ သူ၏အခြေအနေဟာ အလွန်ဆိုးနေပုံရနေပြီး ခန္ဓာကိုယ်က မောပန်းနွမ်းနယ်နေပုံ ရသည်။
ဒီအခြေအနေတွင် ဂမ္ဘီရပညာတွက်ချက်ရန် မလိုတော့ချေ။ ယန်ရှစ်ရွှမ်းသည်လည်း သူတို့သည် ကပ်ဘေးအခြေအနေကို ကြုံတွေ့ခဲ့ရပြီး ကပ်သီးလေး လွတ်မြောက်လာခဲ့ကြောင်း တွေ့ရသည်။
ဘယ်လို ကြွက်က ဒီလိုလုပ်နိုင်မှာလဲ။
စောစော ထွက်ခွာသွားသဖြင့် ကြွက်ကို မမြင်လိုက်ရသော ယန်ရှစ်ရွှမ်းကမူ အံ့ဩသွားသည်။
အန်းနန်ယွမ်က သူ၏ဖုန်းကို ခပ်မြန်မြန် ထုတ်လိုက်ပြီး ယန်ရှစ်ရွှမ်းအား အန်တိုနီ၏ အခွဲဖန်သားပြင် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို ပြသည်။ ထိုသို့ဖြင့် အခြေအနေကို ခပ်မြန်မြန် ရှင်းပြသည်။
“ငါတို့ သွေးတိတ်အောင် လုပ်ဖို့ တစ်ခုခု မပါလာဘူးလား”
ယန်ရှစ်ရွှမ်းက မျက်မှောင်ကြုတ်ပြီး တစ်ဖက်မှ သရုပ်ဆောင်ကို လှမ်းကြည့်သည်။ သူ၏ ခြေမျက်စိက အတော်ဆိုးဆိုးရွားရွား ဒဏ်ရာရထားပုံပေါ်သည်။ ဒဏ်ရာကို ပတ်တီးစည်းပေးပြီးသည့်တိုင်အောင် သွေးများက ဆက်တိုက်စိမ့်ထွက်ပြီး နီရဲနေ၏။ ထပ်၍ အခြေအနေဟာ ဆိုးရွားနေသည်။
“ကားထဲမှာ”
အန်းနန်ယွမ်က ခေါင်းခါသည်။
“ငါလည်း ဒီလိုအခြေအနေမျိုး ဖြစ်မယ်လို့ မထင်ထားဘူးလေ။ ဒါကြောင့် စားစရာတွေနဲ့ ဆေးတွေတောင် မသယ်လာဘူး။ ရေချိုးခန်းသုံး ပစ္စည်းတွေလောက်ပဲ သယ်လာခဲ့တာ။ ကားကလည်း အပြင်မှာ ရပ်ထားတာ။ နောက်ပြီး အခုက ကြွက်တွေ လိုက်နေတာဆိုတော့ အပြင်လည်း မထွက်ရဲဘူးလေ”
“ငါ သိတယ် ငါသွား ယူလိုက်မယ်”
ယန်ရှစ်ရွှမ်းက တခဏခန့် တွေးတောလိုက်ပြီး ကြောက်လန့်နေသော ဧည့်သည်များကို အတူစုနေခိုင်းလိုက်သည်။ ထိုသို့ဖြင့် ဒီညအတွေ့အကြုံကို မခြွင်းမချန်ဘဲ ရှင်းပြပေးလိုက်ပြီး ပြောလိုက်သည်။
“ငါတို့က မဝင်သင့်တဲ့နေရာကို မှားယွင်းပြီး ဝင်ခဲ့မိတာပဲ။ ဒါပေမယ့် ထွက်သွားဖို့က မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ငါတို့တစ်ခုခုတော့ မှတ်ထားရမယ်။ ငါ ဒီမှာရှိတဲ့ မင်းတို့ထဲက ဘယ်သူကမှ စွန့်ပစ် မခံစေရဘူး”
အလင်း၏ အမှောင်ကြားနေရာတွင် ရပ်နေသော ထိုပိန်ပါးသော လူငယ်လေးက တည်ကြည်ကာ ခက်ထန်သော မျက်နှာထားမျိုးနှင့် ယင်နှင့်ယန် နယ်နမိတ်အကြားတွင် စောင့်ကြပ်နေသော အစောင့်အရှောက်တစ်ယောက်လို သူ့ထံလာမည့် မိစ္ဆာဝိဉာဉ်တိုင်းကို အစိတ်စိတ်အပိုင်းပိုင်း ဆုတ်ဖြဲမည့်ပုံ ရှိသည်။
သို့ရာတွင် သူ၏မျက်နှာက လေးနက်တည်ကြည်ပြီး ရိုးသားလွန်းသဖြင့် အသံကို ကြားသောလူတိုင်းက သတိလက်လွတ် ယုံကြည်မိချင်သည်။
“ဒီလောကမှ ဖိနှိပ်လို့မရတဲ့ သရဲဆိုတာ မရှိဘူး။ နတ်ဘုရားတောင် မကောင်းမှုပြုရင် နေရာမှာတင် အသတ်ခံရမှာပဲ”
“မင်းတို့ကလည်း မင်းတို့ ထွက်သွားနိုင်လိမ့်မယ်လို့ ယုံကြည်တာနဲ့ သေချာပေါက် ငါနဲ့ ထွက်သွားနိုင်လိမ့်မယ်”
ယန်ရှစ်ရွှမ်း၏အသံက ပဲ့တင် ထပ်လာသည်။
“ငါတို့က လူသားတွေ ဖြစ်နေလို့။ နတ်ဘုရားတွေ၊ သရဲတွေ၊ မိစ္ဆာတွေတောင် လူသားတွေရဲ့စကားတွေကို မှီခိုနေရတာ”
ဧည့်သည်များအားလုံးက ယန်ရှစ်ရွှမ်းကို မှင်သက်စွာ စိုက်ကြည့်လိုက်ကြပြီး တခဏခန့် ကြာအောင် ဆွံ့အ သွားကြသည်။
မူလကမူ ဧည့်သည်များက ကြုံတွေ့ခဲ့ရသော အန္တရာယ်များကြောင့် သတိလစ်မတတ် ကြောက်လန့် နေကြရသည်။ ရသစုံရှိုးစတားဆိုလျှင် သေဘေးမှ လွတ်မြောက်ခဲ့ပြီးနောက် အလွန်ဒေါသ ထွက်နေခဲ့သေး၏။
သို့သော် ထိုသို့အလွန်အမင်း ပြင်းထန်သည့် ခံစားချက်များကို မစုစည်းခင် ပရိုဂရမ်အသင်းကို မတိုက်ခိုက်သရွေ့ ယန်ရှစ်ရွှမ်း၏ စကားလုံးများကြောင့် တုန်ယင်သွားလေပြီး ခံစားချက်များ အားလုံးက ပျောက်ကွယ်သွားသည်။
ရသစုံရှိုးစတားက ယန်ရှစ်ရွှမ်း၏မျက်နှာကို ကြည့်လိုက်သည်။ တစ်ဖက်သူဟာ ဒီနေရာတွင်ရှိနေသာ လူများ သို့မဟုတ် သူ မြင်ခဲ့ဖူးသည့် အသိုင်းအဝိုင်းထဲမှ အမျိုးသားတိုင်းထက် ချောသည်။ သူ၏မျက်နှာအမူအယာက တခဏခန့်ပင် မှင်သက် ကြောင်အသွားခဲ့ပြီး နှစ်သိမ့်ခံရလိုက်သလို၊ ချော့မြူခံရလိုက်သလို ခံစားလိုက်ရသည်။
******