94 01
အပိုင်း(၉၄)
ဆန်စာရွက်ကို ကိုင်တွယ်စီစဉ်နေသည့် ယန်ရှစ်ရွှမ်း၏ လက်ကပင် တခဏခန့် ရပ်သွားသေးသည်။ ထို့နောက် သူက လက်ကို ဆန့်ဖြောင့်လိုက်ပြီး ဘာမှမဖြစ်ပျက်ခဲ့သလို ထိုဆန်စက္ကူကိုသာ ဆက်ခေါက်နေလိုက်သည်။ ထို့နောက် ထပ်မံပြီး ဖျက်စီးခံရခြင်း မရှိစေရန် အလို့ငှာ အိမ်၏ ခြောက်သွေ့သော နေရာတစ်ခုတွင် ထားထားလိုက်လေသည်။
“ဒါပေမဲ့ ခင်ဗျားက မစွက်ဖက်တော့ဘူးလို့ တွေးတောထားရင်တောင်မှ နှလုံးသားက နူးညံ့သေးပြီး ဒီနေရာက ထွက်မသွားနိုင်သေးဘူး။ အဲဒီအစား ဒီတောင်ဘုရားကျောင်းမှာပဲ ဆက်နေပြီး သေဆုံးသွားတဲ့ ရွာသားတွေကို ဆက်ကြည့်နေခဲ့တယ်”
ယန်ရှစ်ရွှမ်း၏ ကျဉ်းမြောင်းသော မျက်လုံးပေါ်သို့ ဖျော့တော့သည့် အလင်းက ဆင်းသက်လာသောအခါ ပင်လယ်ရေပြင်ကြီးကို ထိုးဖောက်လျက် နူးညံ့စွာ ဝင်ရောက်သွားပြီး ရောင်ပြန်ဟပ်လာသလို ထင်ရသည်။
“အဲဒီလိုမှ မဟုတ်ရင် ခင်ဗျားက အဲဒီရုပ်ထုအဟောင်းပေါ်မှာ မှီခိုပြီး အဓိက ခန်းမထဲမှာ ဆက်နေခဲ့မှာ မဟုတ်သလို ကိုယ့်ကိုယ်ကိုတောင် မနည်း ထောက်ပံ့နေရတဲ့ တောင်ဘုရားကျောင်းက နတ်စွမ်းအား အနည်းငယ်လောက်ကို မှီခိုပြီး ဒီလိုအိုဟောင်းယိုယွင်းနေတဲ့ အိမ်လေးမှာ နေခဲ့မှာ မဟုတ်ဘူး”
တောင်နတ်ဘုရားသည် ယန်ရှစ်ရွှမ်း ပြောသော စကားကို မငြင်းခဲ့ချေ။ ထို့အစား တိတ်ဆိတ်သွားသည်။ ထိုအခြေအနေက မူလက အမှန်အမှားများကို ရောနှောပြီး စမ်းသပ်ရန် မေးခွန်းမေးခဲ့သော ယန်ရှစ်ရွှမ်း၏ ခန့်မှန်းချက်ဟာ မှန်ကန်ကြောင်း အတည်ပြုလိုက်ပြီးသား ဖြစ်သည်။
ဒီရွာသားတွေအားလုံး အဲဒီနှစ်မှာ အကုန် သေသွားခဲ့တာပဲ။
ထိုသိုသာဆိုလျှင် ဝံပုလွေရိုင်းတောင်ထိပ်အပါအဝင် ထိုနယ်မြေကြီးတစ်ခုလုံးက မိစ္ဆာနတ်ဆိုး၏ လက်ထဲသို့ ကျရောက်ခဲ့ပြီး လောက်လေပြီ။ အနီးအနား ရွာနားတွင်လည်း သက်ရှိတစ်ယောက်မှ မကျန်ရစ်နိုင်ချေ။ ရွာသားများ၏ အလောင်းများက မီးလောင်ကျွမ်းနေသော အလောင်းများအဖြစ် ပြောင်းလဲသွားသည်။ သို့မဟုတ် မိစ္ဆာနတ်ဆိုးကြောင့် သေဆုံးသွားသော အလောင်းများ ဖြစ်ပေလိမ့်မည်။ စာခြောက်ရုပ်က မိစ္ဆာနတ်ဆိုးအတွက် လယ်ကွင်းများကို စောင့်ရှောက် ကာကွယ်ပေးနေပြီး သက်ရှိများ၏ ယန်စွမ်းအင်ကို ဖမ်းယူကာ အင်အားအရင်းအမြစ် တစ်ခု ဖြစ်လာသည်။
ရွာသားများ၏ ဝိဉာဉ်များက ခြံဝန်းထဲတွင် ရပ်နေသော သရဲများအသွင် ပြောင်းသွားခဲ့သည်။
မိစ္ဆာနတ်ဆိုးက ရွာသားများ၏ စိတ်ဝိဉာဉ် တစ်စိတ်တစ်ပိုင်းကို ယူသွားပြီး အဓိကခန်းမ၏ နံရံတွင် ရေးဆွဲထားခဲ့ရင်း ထိန်းချုပ်နိုင်ခြင်း စွမ်းရည်ရှိသော လက္ခဏာမျိုးကို ဖော်ပြသည်။ မပြီးပြည့်စုံသော ထိုဝိဉာဉ်များက အပြင်လောကအပေါ် ထူးခြားသည့် တုန့်ပြန်မှုမျိုး ပြလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ထိုသရဲများသည် အပြင်လောကအပေါ် မတုန့်ပြန်နိုင်ခြင်း ဖြစ်သည်။ ယန်ရှစ်ရွမ်းက ထိုသရဲများ၏အရှေ့တွင် သွားရပ်နေမည်ဆိုလျှင်ပင် ထိုလူများက သူ့ကို ဘာမှတုန့်ပြန်လိမ့်မည် မဟုတ်ချေ။ ထိုအတွက်ကြောင့်လည်း ထိုသရဲများက ထိုအဓိကခန်းမမှ မိစ္ဆာနတ်ဆိုးကိုသာ စောင့်နေခဲ့ခြင်း ဖြစ်လောက်သည်။
ထိုလူများက ယခင်ကအတိုင်း မိစ္ဆာနတ်ဆိုးများကို ဆက်လက်ပြီး ယုံကြည်နေခြင်း ရှိမရှိ မသေချာချေ။ သို့မဟုတ်လျှင်လည်း နောင်တရပြီး ပျောက်ဆုံးနေသော ဝိဉာဉ်တစ်ပိုင်းအစကို မိစ္ဆာနတ်ဆိုးထံမှ ပြန်လည် တောင်းဆိုလိုခြင်းလည်း ဖြစ်လောက်သည်။
မိစ္ဆာများက အပြင်လောကက သိရှိလိမ့်မည် မဟုတ်ပေ။ နှစ်ပေါင်း များစွာကြာအောင် တစ္ဆေသရဲများကို နှင်ထုတ်ပြီး မိစ္ဆာဝိဉာဉ်များကို ဖိနှိပ်ခဲ့သော အသိုင်းအဝိုင်းအတွင်းမှ လူများအကြားတွင်ပင် သတင်းမထွတ်သေးချေ။
တောင်နတ်ဘုရား၏ ပလ္လင်ကို သိမ်းယူသွားသော မိစ္ဆာနတ်ဆိုးတစ်ကောင် ရှိကြောင်း၊ နေ့နှင့်ညက ပြောင်းပြန်အလှန်ခံထားရကြောင်း၊ ရွာသားများ အားလုံး သေသွားကြောင်း မည်သူကမှ မသိကြချေ။
အဲဒီလို မသိအောင် တောင်နတ်ဘုရားလုပ်ခဲ့တာ ဖြစ်နေမှာကို စိုးရိမ်နေရတယ်။
စိတ်သဘောထား နူးညံ့သော တောင်နတ်ဘုရားက မိစ္ဆာဝိဉာဉ်အဖြစ် အသွင်ပြောင်းသော ရွာသားများအား အပြင်လူများကို ထိခိုက်အောင် မလုပ်စေချင်ပေ။ အလားတူပင် ဝံပုလွေရိုင်းတောင်ထိပ်၏ အစစ်အမှန်ကိုသာ ထိုအပနှင်သူများက သိသွားခဲ့ပါက ထိုရွာသားများ၏ မပြီးပြည့်စုံသော ဝိဉာဉ်များကို မြေအောက်သို့ ပို့ပေလိမ့်မည်။ တောင်နတ်ဘုရားသည်လည်း ဝိဉာဉ်များက မပြီးပြည်စုံသောကြောင့် ထိုရွာသားများသည် ပြန်လည်ဝင်စားနိုင်မည် မဟုတ်ကြောင်း နားလည်နေသည်။ သူတို့သည် နေရာတွင်ပင် ပြာအသွင် ပြောင်းသွားရလောက်သည်။ သူတို့ဟာ မည်မျှကောင်းမွန်သော သူများဖြစ်နေစေကာမူ၊ မည်မျှဆိုးယုတ်သောသူ ဖြစ်နေစေကာမူ ပြန်လည်မွေးဖွားခွင့် ရှိလိမ့်မည် မဟုတ်ချေ။
94 02
ထိုအတွက်ကြောင့် တောင်နတ်ဘုရားသည် သူမ၏ကျန်ရစ်သော စွမ်းအားတိုင်းကို သုံးပြီး သူမ၏လူများကို နောက်ဆုံးအကြိမ်အဖြစ် ကာကွယ်လျက် ယဲ့လန်တောင်ထိပ်နားမှ ရွာသားတိုင်း အပါအဝင် တောင်ဘုရားကျောင်း တစ်ခုလုံးကို သည်းထန်သော မိုးဖြင့် ကာပေးထားခဲ့သည်။ တောင်နတ်ဘုရား၏ မူလစွမ်းအားများကို သုံးပြီး လေမိုးများအသွင်ပြောင်းလျက် အကာအရံတားတစ်ခု ဖန်တီးပေးထားခဲ့သည်။
တောင်နတ်ဘုရားက ကြင်နာတတ်ပြီး အမှားအယွင်းမရှိ ရွာသားများ၏ စိတ်ဝိဉာဉ်များ ပြန်လည်မွေးဖွားမည့် အခွင့်အရေးကို ပြန်လည်စောင့်ပေးလိုခြင်း ဖြစ်လောက်မည်။ တောင်နတ်ဘုရား၏ အပြုအမူများနှင့်အတူ အတွေးများအားလုံးကို ဆက်စပ်၍ ရသွားသည်။
လျှပ်တပြက်အချိန်အတွင်း ယန်ရှစ်ရွှမ်းက အရာအားလုံးကို ရှင်းရှင်းလင်းလင်း တွေးလိုက်နိုင်သည်။
ပုံပြင်တစ်ပုဒ်လုံးက ချောချောမွေ့မွေ့ ထွက်လာ၏။ အရာအားလုံးက အစီအစဉ်တကျ ဖြစ်လာပြီး ဟာကွက်များကပင် ပိတ်သွားသည်။
သူသည်လည်း နောက်ဆုံးတွင် ဝံပုလွေရိုင်းတောင်ထိပ်၏ အကျိုးအပြစ်နှင့် သက်ရောက်မှုများကို နားလည်လိုက်သည်။ ဒီနေရာတွင် မည်သည့်အတွက်ကြောင့် ဂမ္ဘီရတွက်ချက်မှု မလုပ်နိုင်ကြောင်းလည်း သိလိုက်၏။ ထိုနည်းအားဖြင့် မေးခွန်းများက မမေးနိုင်ခဲ့ချေ။ ဒီနေရာတွင် အပနှင်သူများ အသုံးပြု၍ ရသော စွမ်းအင်များ၊ တစ္ဆေသရဲများကို နှင်ထုတ်ခြင်းနှင့် နတ်ဘုရားများ၏ တုန့်ပြန်မှု လိုအပ်ခြင်း၊ စွမ်းအားများ ချေးငှားယူခြင်းနှင့် ပတ်သက်သော ကိစ္စများကို အသုံးပြု၍ မရချေ။ နတ်ဘုရားက သေဆုံးသွားသောကြောင့် လမ်းစဉ်ကလည်း ပျောက်ကွယ်သွားခြင်း ဖြစ်သည်။
ဘယ်သောအခါကမှ အမှား မလုပ်ခဲ့သည့် ဖြောင့်မတ်မှန်ကန်သော နတ်ဘုရားတစ်ပါးက ဒီနေရာတွင် သေသွားသည်။ ကောင်းကင်နှင့် မြေပြင်မှ လွတ်ကင်းသွားခဲ့ပြီး ဒီနေရာရှိ လမ်းစဉ်တိုင်းက ပြိုလဲကျသွားခဲ့သည်။ ထို့အပြင် ရွာသားများက လူသားများအဖြစ်မှ တစ္ဆေအသွင် ပြောင်းသွားခဲ့လေရာ နယ်မြေက အသက်စွမ်းအားများ ပျောက်ဆုံးသွားပြီ ဖြစ်သည်။ ထို့ကြောင့် ဒီနေရာသည် စွန့်ပစ်နယ်မြေ ဖြစ်သည်။
ကောင်းကင်နှင့်မြေကြီးအမြင်တွင် ဒီနယ်မြေတွင် ဆိုးယုတ်မှုများ ပြည့်နှက်နေလေပြီး သေဆုံးနေသော တောင်နတ်ဘုရားက အရာအားလုံးကို သယ်ဆောင်သွားခဲ့ပြီ ဖြစ်သည်။ ထိုအတွက်ကြောင့် တု့န်ပြန်ပေးရန် မလိုအပ်တော့ချေ။ ထိုအတွက်ကြောင့် ယန်ရှစ်ရွှမ်းက ပိတ်နေသော သတ္တုသစ်သားကြီး တစ်ခုရှေ့တွင် ရပ်နေရသလိုမျိုး၊ ကောင်းကင်နှင့် မြေပြင်ထံမှ တုန့်ပြန်မှုကို မရရှိခဲ့ခြင်း ဖြစ်သည်။
ရွာသားများအတွက်ကမူ _ _ _
ယန်ရှစ်ရွှမ်းသည် တစ်ရွာလုံးမှလူများ သေဆုံးသွားခဲ့ခြင်း သို့မဟုတ် ပျောက်ဆုံးသွားခဲ့ခြင်းကို အာဏာပိုင်များက လစ်လျူရှုလိမ့်မည် ဟူတော့ မယုံကြည်ပေ။ ထိုအရာရှိများကလည်း လွန်ခဲ့သော ၁၀နှစ်ကျော်ကတည်းက ထိုအကြောင်းအရာကို သိခဲ့လောက်ပြီးလောက်ပြီ။ ထို့ကြောင့် လူလွှတ်ပြီး ဒီနေရာရှိ ပြဿနာကို ဖြေရှင်းခိုင်းလောက်၏။ သို့သော် သူတို့သည် ထပ်ခါတလဲလဲ ကျရှုံးခဲ့လောက်သည်။ နောက်ဆုံးတွင်မူ လမ်းများကို ပိတ်ပြီး ယဲ့လန်တောင်ထိပ်ကို ပိတ်ထားလိုက်ရခြင်း ဖြစ်သည်။ ထိုအရာနှင့် ပတ်သက်သည့် သတင်းများကို ပျံ့နှံ့ခွင့်မပြုခြင်းလည်း ဖြစ်နိုင်သည်။
ထိုနေရာကြီးတစ်ခုလုံးသည် အစိုးရ၏ စွန့်ပစ်မှုကို ခံလိုက်ရသည်နှင့် ၁၀နှစ်ကျော်ခန့် ကြာပြီးနောက် တောင်နတ်ဘုရားက မိစ္ဆာနတ်ဆိုးကို တိုက်ခိုက်နိုင်စွမ်းအားကို ဆုံးရှုံးသွားပြီ ဖြစ်သည်။ သို့သော် သူ၏လူများကို ဆက်လက်ပြီး ကာကွယ်ပေးနေသလို၊ သေဆုံးသွားခဲ့ပြီးသည့် ရွာသားများ၏ ဝိဉာဉ်များကို ဆက်လက်ကာကွယ် ပေးနေခဲ့သည်။ ထို့ကြောင့် ဒီနေရာတွင် ဆက်တိုက် ပိတ်လှောင်ခံထားရရင်း စိတ်တွေ ထွေပြားလာခြင်း ဖြစ်လောက်သည်။ သို့သော် သေဆုံးသွားသော တောင်နတ်ဘုရားဟာ ဘယ်သောအခါမှ လက်မလျော့ဘဲ သူမ၏ လူများကို ကာကွယ် ပေးနေချင်ခဲ့သေးသည်။ အစမှအဆုံးအထိ ထိုသို့ဆက်လက် ကာကွယ်ပေးချင်ခဲ့သည်။
အရာအားလုံးကို သိသွားသည့် ယန်ရှစ်ရွှမ်းသည် အနည်းငယ် ခံစားသွားရ၏။ သူ၏မျက်ဝန်းမှ ချွန်ထက်သော ထောင့်ချွန်းနားလေးနှင့် ဖြောင့်တန်းချွန်ထက်နေသော မျက်ခုံးများကပင် နူးညံ့သွားသော ခံစားချက်ကို ထုတ်ပြသည်။ သူသည် တောင်နတ်ဘုရားအတွက် လေးစားမှုနှင့် မှင်သက်မှုကို ဖော်ပြလိုက်မိသည်။
“ငါကသာဆိုရင် ဒီလူတွေကို မြေအောက်လောကရဲ့ အပြစ်ပေးတာကို ခံရအောင် ပို့လိုက်မှာပဲ။ အဲဒီလိုမှ သူတို့ ဘာမှားသလဲ ဆိုတာကို နားလည်ကြမှာ”
တံခါးနားတွင် တစ်ချိန်လုံးရပ်နေသော အမျိုးသားက ရုတ်တရက် ထပြောလာသည်။ သူ၏လေးနက်ပြီး ဆွဲဆောင်မှုပြင်းသော သံလိုက်လို ပါလာသော ခမ်းနားထည်ဝါမှု အရှိန်အဝါသည် သူ၏ပါးစပ်မှ ထွက်သော စကားတိုင်းကို နောက်ဆုံးသော အမိန့်တော်အဖြစ် ထုတ်လွှတ်ပေးနိုင်သလိုမျိုး ထင်ရသည်။
94 03
ထိုအမျိုးသား၏ ဖျော့တော့ပြီး သွေးမဲ့သော နူတ်ခမ်းက အသာကော့တက်သွားပြီး လှောင်ပြုံးက ပေါ်ထွက်လာသည်။
“သူတို့က ခင်ဗျားလို စိတ်သဘောထား နူးညံ့ပြီး ဒီလူတွေအတွက် စတေးရဲတဲ့ တောင်နတ်ဘုရား၊ တောင်တန်းနဲ့ မြေပြင်တွေအတွက် ခန္ဓာကိုယ်နဲ့အရာအားလုံးကို စတေးရဲတဲ့လူမျိုးကို ပိုင်ဆိုင်ထားတာ ကောင်းတာပဲ။ တောင်နတ်ဘုရားက တစ်ကိုယ်လုံး အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားခဲ့ရင်တောင်မှ လက်မလျော့ခဲ့ဘူး။ ဒီလို တောင်နတ်ဘုရားမျိုးက တကယ်ရှားတယ်”
ထို့နောက် လေထဲတွင် ဖျော့တော့သော အပြုံးမျိုးက ပေါ်ထွက်လာသလိုမျိုး ဖြစ်လာသည်။
သူသည် ထိုအမျိုးသား၏ စကားကိုလည်း သဘောတူသလို ကိုယ့်အခြေအနေကိုလည်း ရယ်နေမိခြင်း ဖြစ်လောက်သည်။ သို့သော် ရယ်သံထဲတွင် နောင်တများ မပါသေးချေ။ ယခင်အတိုင်း ညင်သာမှုက ရှိနေသေးသည်။ သူသည် မှားခဲ့ရိုးမှန်သည်။ သို့သော် သူ့ကိုယ်သူသာ ခပ်ကြမ်းကြမ်း ဝေဖန်ဖြစ်သည်။
တောင်နတ်ဘုရားသည် နတ်ဘုရားကြီး မဟုတ်ချေ။ သို့သော် မြေသား၊ တောင်တန်း၊ ရေကန်၊ လယ်ကွင်းများကိုမူ ပိုင်စိုး၏။ ထို့ကြောင့် သူက တည်ရှိနေခြင်း မနေခြင်း အရေးမကြီးသလို သူ၏အင်အားများ လာရာလမ်းသို့ ပြန်သွားခြင်းကလည်း ဖြစ်သင့်သည်။ သူသည် စိုက်ခင်းများ၊ သတ္တဝါများက ပေးသည့်စွမ်းအားတိုင်းကိုသုံးပြီး သူတို့ကို ပြန်လည်ကာကွယ်ပေးရုံသာ ဖြစ်သည်။
သူသည် ဒီအတိုင်း ထိုကလေးကောင်းများကို မစိုးရိမ်စေချင်ပေ။ သူတို့သည် သူတို့၏မိသားစုများကြောင့် ဝံပုလွေရိုင်းတောင်ထိပ်တွင် ပိတ်လှောင်ခံထားရခြင်း မဖြစ်သင့်သလို ထွက်မသွားနိုင်သော အခြေအနေမျိုးကိုလည်း မကြုံသင့်ပေ။ သူသည် သူ၏ကိုယ်ပိုင်မျက်လုံးဖြင့် ထိုကလေးများ ဘဝ၏နောက်တစ်ဆင့်သို့ တက်လှမ်းသွားသော မြင်ကွင်းမျိုးကို ကြည့်ချင်သည်။ ထိုအတွက်ကြောင့်လည်း တောင်ဘုရားကျောင်းတွင် ဆက်နေခဲ့ပြီး ကျန်သောစွမ်းအားများကို သုံးလျက် နောက်ဆုံးသော ကာကွယ်မှုကို ပေးထားခဲ့ခြင်း ဖြစ်သည်။ ဒီနည်းအားဖြင့် အံ့အားသင့်စရာကောင်းသော ဖြစ်ရပ်တစ်ခုဖြစ်လာရန် အချိန်ကို စောင့်နေခဲ့ခြင်းလည်း ဖြစ်သည်။ ထို့အပြင် ယခုမူ နောက်ဆုံးသော ထိုအခိုက်အတံ့ကို ရောက်ရှိလေပြီ။
ကြီးမြတ်တဲ့လမ်းစဉ်က ၄၉_ _ _ဒါပေမဲ့ ခြောက်ထောင့်ပုံစံခွက်ကတော့ ၆၃အထိပဲ တွက်လို့ရတယ်_ _ _
ကောင်းကင်နဲ့မြေပြင်က အစစ်အမှန် ပြီးပြည့်စုံနဲ့ အခိုက်အတန့် ဖြစ်ခွင့် ဘယ်သောအခါမှ ပြုမှာ မဟုတ်ဘူး။ ဒါပေမဲ့ အမြဲတမ်း ပြီးပြည့်စုံတဲ့အဆင့်ကိုတော့ ရောက်သွားဦးမှာပါပဲ။ ဒါကပဲ လူတွေဆက်လက် စူးစမ်းရှာဖွေလိုစိတ်၊ ဆက်လက်ပြီး မျှော်လင့်လိုစိတ်၊ ဆက်လက်ပြီး တွန်းလှန်လိုစိတ်ကို ဖြစ်စေနိုင်တဲ့ သေးငယ်တဲ့ မျှော်လင့်ချက်ကြီး တစ်ခုပေါ့။
နောက်ပြီး အခု အဲဒီလို အခိုက်အတန့်က ရောက်ရှိလာပြီ။
ပြင်းထန်သော မိုးက ဝံပုလွေရိုင်းတောင်ထိပ်သို့သွားသည့် လမ်းကို ဖျက်စီးခဲ့ခြင်း ဖြစ်လောက်သည်။ ဒါရိုက်တာကျန်းဝူပင်းက လမ်းပြောင်းခဲ့ရ၏။ သို့ရာတွင် သူက လမ်းကို ဦးဆောင်သွားချိန်တွင် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ပြဿနာရှိသော သူတစ်ယောက် ဖြစ်သည့်အလျောက် မတော်တဆ တောင်နတ်ဘုရားက ချထားသည့် အကာအကွယ်လွှာထဲသို့ တိုက်တိုက်ဆိုင်ဆိုင် ဝင်မိသွားသည်။ သည်းထန်သောမိုးအောက်တွင် ဝံပုလွေရိုင်းတောင်ထိပ်သို့ ဝင်ရောက်သွားခဲ့သည်။ ထို့နောက် တောင်ဘုရားကျောင်းသို့ ဝင်ရောက်လာခဲ့သည်အခါ ထိုနေရာတွင် ၁၀နှစ်ကျော်ခန့် ပိတ်လှောင်ခံခဲ့ရသည့် နတ်ဘုရားနှင့် မိစ္ဆာနတ်ဆိုးကို တွေ့ဆုံရခြင်း ဖြစ်သည်။
စာသားများကိုလည်း ပြီးပြည့်စုံအောင် ဖတ်ရှု၍ မရနိုင်ချေ။ ဟက်ဆာဂရမ်၏ နောက်ဆုံးအဖြေကိုပင် တွက်ချက်၍ မရချေ။ နောက်ဆုံးတွင်မူ ထိုအခြေအနေက ရောက်ရှိလာခဲ့သည်။
လေဟာနယ်အတွင်းမှ တောင်နတ်ဘုရား၏မျက်လုံးက ယန်ရှစ်ရွှမ်းပေါ် အသာကျသွားပြီး ကွဲပြားခြားနားလွန်းသော လူသားအပနှင် ဆရာလေးကြောင့် မှင်သက်သွားရသည်။
ကောင်းကင်နှင့် မြေပြင်က စွန့်ပစ်ခံထားရသော နေရာမျိုးတွင် ပိတ်လှောင် ခံထားရသော အခိုက်အတံ့တွင်ပင် သူဟာ ထိတ်လန့်သွားခြင်း မရှိပေ။ တစ္ဆေ၊ နတ်ဘုရား၊ လူသားအကြားမှ နယ်နိမိတ်ကို ကျော်လွန်ပြီး စွန့်ပစ် ခံထားရသော နေရာတစ်ခုသို့ ရောက်ရှိသွားသောအခါ တစ္ဆေဝိဉာဉ်များနှင့် နတ်ဘုရားများ၏ စွမ်းအားများကို မမှီခိုတော့ချေ။ ထိုအစား လူသားဆိုသော နောက်ခံကို မာနကြီးစွာဖြင့် ထုတ်သုံးပြီး သူ၏သေမျိုး ခန္ဓာကိုယ်ကို သုံးလျက် မိစ္ဆာနတ်ဆိုးကို ခြေမွခြင်းက နတ်ဘုရားများကိုပင် သတ်ဖြတ်နိုင်သော စွမ်းအင်မျိုး ပိုင်ဆိုင်ထားသူ ဖြစ်ထိုက်ပေသည်။
ထိုကဲ့သို့သော ကောင်းကင်နှင့်မြေပြင် စည်းမျဉ်းများကို ဂရုမစိုက်သည့် လူသားအပနှင်သူဆရာက ရှားပါးသည်။ ထို့အပြင် ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းရည် ရှိသလို ကောင်းခြင်းဆိုးခြင်းကို ရှင်းရှင်းလင်းလင်း နားလည်ထားသည်။ ထို့ကြောင့် သူမ ၁၀နှစ်ကျော် စောင့်ဆိုင်းနေခဲ့သည့် မှင်သက်ဖွယ်ကောင်းသော ဖြစ်ရပ်က ပေါ်ထွက်လာလေပြီ။
94 04
ယန်ရှစ်ရွှမ်းသည်လည်း သူ့အပေါ် ကျလာသော အကြည့်ကို နားလည်သည်။ နွေးထွေးသော နေရာင်ခြည်က သူ၏ကိုယ်အပေါ် ဖြာကျလာသလိုမျိုး နွေးထွေးသွားကာ သက်တောင့်သက်သာ ရှိပြီး ခံစားချက်မျိုးကို ရ၏။ ထိုခံစားချက်က သူ့ကို ငြင်သာစေသလို ပေါ့ပါးလန်းဆန်းစေသေးသည်။ ထို့ကြောင့် မဲမှောင်သော ဝန်းကျင်နှင့်ပင် မလိုက်ချေ။
ဒါက တောင်နတ်ဘုရားဟောင်းလား။
ယန်ရှစ်ရွှမ်း၏ စိတ်ထဲ အတွေးတစ်ခု ဝင်လာသည်။ သို့သော် ထိုအမျိုးသား ပြောလိုက်သော စကားကြောင့် ဖြစ်ပေါ်လာသော သံသယများကို ထည့်မတွက်အားသေးချေ။ ထို့အစား သူက လေးနက်တည်ကြည်စွာနှင့် အလေးအနက်ထားကာ ပြောလိုက်သည်။
“ယဲ့လန်တောင်ထိပ်ရဲ့ ရွာသားတွေအားလုံးက သေသွားပြီဆိုကတည်းက သေခြင်းနဲ့ ရှင်ခြင်းကြားက သဘာဝစည်းက ပေါ်နေပြီ။ ဒါကြောင့် သူတို့တွေ လူသားလောကမှ ဆက်မနေသင့်ဘူး။ သူတို့တွေ ဒီမှာပိတ်လှောင်ခံထားရတဲ့အခါ ဒါက လုံခြုံတဲ့ ချဉ်းကပ်မှုတော့ မဟုတ်ဘူး”
“သေတဲ့သူတွေက သွားသင့်တဲ့နေရာကို သွားရတယ်။ ခင်ဗျားက ဒီခရီးပြီးတဲ့နောက်မှာ သူတို့ကို ကောင်းမွန်တဲ့လမ်းကို ရောက်အောင် အဖော်ပြုပေးချင်ရင် ဒါက တအားကို ကြိုးစားအားထုတ်ရမယ့် ကိစ္စမျိုးပဲ။ ဒီတော့ နူတ်ဆက်စကားပြောဖို့ အချိန်ကျနေပြီ”
ယန်ရှစ်ရွှမ်းက သူ၏သွယ်လျသော လက်ဖဝါးကို ရှေ့သို့ အသာတွန်းကာ မြှောက်လိုက်ရင်း ရှင်းလင်းသော လေထဲ ဆန့်ထုတ်လိုက်သည်။ သူ၏လက်ဖဝါးက တဖြည်းဖြည်းချင်း ရှေ့သို့ဆန့်သွားကာ တစ်စုံတစ်ယောက်က လာကိုင်မည့်အချိန်ကို စောင့်ဆိုင်းလိုက်သည်။
“တောင်နတ်ဘုရား_ _ _”
သူ၏အမူအယာက လေးနက်သည်။
“လက်လွတ်ရမဲ့ အချိန်ကို ရောက်ပြီ။ သည်းထန်သော မိုးက ကန့်သတ်ထားတဲ့အရာတွေ အားလုံးကို ဖြည်လိုက်ပြီး စိတ်ထွေပြားနေတဲ့ ဝိဉာဉ်တွေကို သွားသင့်တဲ့နေရာ သွားနိုင်အောင် လွှတ်ပေးလိုက်ပါ။ ငါ ကတိပေးတယ်။ လုပ်ဆောင်မှုတွေအတိုင်း ပြန်လည်သက်ရောက်မှု ရှိစေရစေမယ်။ မတရားပြုလုပ်ပြီး ဆိုးယုတ်တဲ့သူတွေ မရှိစေရဘူး။ ကြင်နာတတ်ပြီး မကောင်းမှု မပြုလုပ်ထားတဲ့ ဘယ်သူမှ ဆိုးရွားတဲ့ အကျိုးဆက်ကို မရစေရဘူး”
“ဆိုးယုတ်တဲ့အရာတွေကို လုပ်ထားတဲ့သူတွေ၊ နတ်ဘုရားကို သေစေခဲ့တဲ့ သူတွေကတော့_ _ _”
ယန်ရှစ်ရွှမ်း၏မျက်လုံးက ထက်ရှသော အလင်းဖြင့် လင်းလက်လာပြီး သူ၏ဖျော့တော့သော အနီရောင် နူတ်ခမ်းပါးက ညှာတာမှုကင်းမဲ့သော ရက်စက်သည့် စကားလုံးများကို ထုတ်ပြောသည်။
“သူတို့က မြေအောက်လောကကို သွားရမယ်။ သူတို့ရဲ့ အဆုံးအဖြတ်ကို လက်ခံပြီး နာကျင်လွန်းတဲ့ ငရဲမှာ တစ်ဘဝလုံး ပေးဆပ်ရမယ်”
ရှင်းလင်းသော လေဟာနယ်ပြင်အတွင်း ရုတ်တရက် အားလှိုင်းများ ရိုက်ခတ်သလို ဖြစ်လာပြီး ပတ်ဝန်းကျင် ရှုခင်းများက ဝေဝါးလာသည်။ ထို့နောက် ကောင်းကင်ထက်မှ ဆင်းသက်လာသည့် ဖျော့တော့လွန်းသော ပုံရိပ်တစ်ခုက ဆင်းသက်လာသည်။
တောင်နတ်ဘုရား၏ မျက်ခုံးများက အောက်သို့ ညွှန့်ကျနေသည်။ သို့သော် သူမတွင် စိတ်အားထက်သန်မှုက ရှိနေသေးသည်။ သူမသည် သူမ ကာကွယ်ပေးသော လူများ၏ သစ္စာဖောက်မှု၊ နာကျင်အောင် လုပ်မှုများကို ခံစားရပြီး ထိုအတွက်ကြောင့် သူမ၏ နတ်အဆင့်အတန်းကို ဆုံးရှုံးခဲ့ရကာ သေလုမြောပါး ဖြစ်နေသေးသည့်တိုင်အောင် သူမ၏မျက်နှာတွင် ဒေါသနှင့် အမုန်းတရားများ မရှိနေ။ ယခင်အတိုင်း ညင်သာနေသေးသည်။
ရွာ၏ အထွတ်အမြတ်သစ်ပင်အောက်တွင် ပြေးလွှားဆော့ကစားနေတတ်သော ကလေးများက အရွယ်ရောက်လာပြီး သူတို့တွင် မိသားစုများ ရှိလာပြီး သူတို့တွင် ကိုယ်ပိုင်ကလေးများကို ပိုင်ဆိုင်လာသည်။ သို့သော် ကွင်းထဲက ဆန်များကို သူတို့က မကျေနပ်တော့ချေ။ သူတို့၏ မျက်လုံးက လှပသော တောင်တန်းနှင့် တောအုပ်ကို မမြင်နိုင်တော့ချေ။ ထို့အစား ရွာ၏တည်ငြိမ်ကာ ပျော်ရွှင်သော ဘဝကို မမြင်နိုင်တော့ပဲ ပိုက်ဆံ ပိုက်ဆံ ပိုက်ဆံ အဆုံးအစမဲ့သော ပိုက်ဆံများကိုသာ မြင်လာသည်။
လောဘသည် ထိုကလေးများအား သူမ၏ စောင့်ရှောက်ကာကွယ်မှုမှ လွတ်ကင်းစေလျက် ထိုကလေးများကို အမှောင်ထဲသို့ ခုန်ဝင်မိသွားစေသည်။ သူတို့သည် မိစ္ဆာနတ်ဆိုး၏ နားနားကပ်ကာ မိစ္ဆာနတ်ဆိုး ပြောသော စကားကို နားထောင်လျက် သူတို့၏ ယာယီကြီးပွားမှုအတွက်ကြောင့်နှင့် ဝံပုလွေရိုင်းတောင်ထိပ်တစ်ခုလုံးကို ဖျက်စီးခဲ့သည်။ သို့ရာတွင် ယူထားသမျှ အရာအားလုံးကို တစ်ရက်တွင် သေချာပေါက် ပြန်ပေးရသည်_ _ _။
ကလေးများကို ကာကွယ်ရန် စွမ်းအားသုံးရမည့်အစား ထိုမိစ္ဆာနတ်ဆိုးက ဝံပုလွေရိုင်းတောင်ထိပ်ကြီး တစ်ခုလုံးကို သူ၏အရှိန်အဝါ ဖြန့်ကျတ်ရင်း ထိုလူများကို လှုံ့ဆော်ခဲ့သည်။ ထိုလူများအား ဖျက်စီးခြင်း ပြုလုပ်နေပေမဲ့လည်း ပြဿနာ မရှိကြောင်း ဖော်ပြခဲ့၏။ ရလဒ်အနေဖြင့် ဝံပုလွေရိုင်းတောင်ထိပ်မှ သတ္တဝါများက ရှင်သန်နေထိုင်ရန် မှီခိုရမည့် အသိုက်အမြုံ ပျောက်ဆုံးသွားခဲ့လျက် သေဆုံးသွားခဲ့ရသည်။
94 05
လောဘကြောင့် ကန်းသွားသော ထိုကလေးများက နောက်ပိုင်းတွင် သူတို့၏အကြွေးကို ပြန်ပေးရသည်။ မိစ္ဆာနတ်ဆိုးက ပေါများသော ကြွယ်ဝမှုအတွက် အကြွေးတင်ထားသမျှကို ပြန်လည် တောင်းဆိုခဲ့၏။
သူတို့ကသာ အကြွေးကို မပေးလျှင် ခန္ဓာကိုယ်နှင့် ဝိဉာဉ်ဖြင့် ပေးဆပ်ရပေမည်။ ထိုကလေးများက မိစ္ဆာနတ်ဆိုး၏ ကျွန်များ ဖြစ်သွားပြီး မိစ္ဆာနတ်ဆိုး အကျိုးအမြတ် ရရှိနိုင်ရန် လယ်ကွင်းများကို စောင့်ကြပ်ပေးကာ မိစ္ဆာနတ်ဆိုးအတွက်ကြောင့်နှင့် မိစ္ဆာနတ်ဆိုးကို စွမ်းအား များပြားစေရန် အပြစ်ကင်းစင်သောသူများကို ဒုက္ခပေးရသည်။
အထွတ်အမြတ်သစ်ပင်က ခုတ်ချခံရပြီးသည်မှာ ကြာပြီဖြစ်ပြီး တချိန်က မျက်နှာတွင် အပြုံးများနှင့် အထွတ်အမြတ် သစ်ပင်ပေါ် ရောင်စုံဖဲကြိုးများ ချည်ခဲ့သည့် အကြီးအကဲများနှင့် ကလေးများ၏ မျက်နှာက လေဒဏ်မိုးဒဏ်အောက်တွင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
******