95 01
အပိုင်း(၉၅)
အချိန်အတန်ကြာလာသောအခါ မည်သူကမှ တောင်နတ်ဘုရား၏ တည်ရှိမှုအကြောင်း မတွေးဖြစ်ကြတော့ချေ။ သို့ရာတွင် အစစ်အမှန် နတ်ဘုရားတစ်ပါး၏ နေရာကို ပျောက်ဆုံးသွားခဲ့သည့် တောင်နတ်ဘုရားက ပျောက်ကွယ်လု အခိုက်အတန့်မျိုးတွင်ပင် ရုတ်တရက် တစ်စုံတစ်ယောက်က အော်ငိုပြီး တောင်းပန်သည့် အသံကို ကြားလိုက်ရသည်။
“တောင်နတ်ဘုရား ကျေးဇူးပြုပြီး ငါ့ကို ကယ်ပါ။ ငါ ဒီမှာ အပိတ်လှောင် မခံချင်ဘူး။ အဲဒီဆွေမျိုးတွေ၊ အိမ်နီးနားချင်းကလူတွေ ဆိုးရွားတဲ့ကိစ္စတွေကို နေ့တိုင်းလိုလို လုပ်နေကြတာမျိုးတွေကို မကြည့်ချင်ကြတော့ဘူး”
နံရံဆေးရေးပန်းချီထဲမှာ ငယ်ရွယ်သော အမျိုးသမီးက ငိုသည်။ သူမသည် သိသာစွာပင် မိစ္ဆာနတ်ဆိုး၏အောက်တွင် ရှိနေသော်လည်း သူမ၏ ကောင်းမွန်သော စိတ်ထားနှင့် ပြင်းထန်သော ယုံကြည် သက်ဝင်မှုက သူမ၏အသံကို တောင်နတ်ဘုရားထံ ရောက်ရှိစေသေးသည်။
တောင်နတ်ဘုရားကလည်း သူမကို မှတ်မိသည်။ ထိုကလေး ငယ်ရွယ်ချိန်က အထွတ်အမြတ်သစ်ပင်၏ သစ်ကိုင်းတစ်ခုတွင် အနီရောင်ဖဲကြိုးလေးကို လာချည်ခဲ့ဖူးသည်။ ထို့နောက် နီရဲသော မျက်နှာနှင့် တောင်နတ်ဘုရားကို လက်ဆောင်ပေးခြင်း ဖြစ်ကြောင်း ပြောသွားခဲ့သေး၏။ ထိုကဲ့သို့သော လိမ္မာလွန်းသော ကလေးတစ်ယောက်က ဒီနေရာမျိုးတွင် အပိတ်လှောင် မခံရသင့်ပေ။
“တောင်နတ်ဘုရား ငါ မှားမှန်း ငါ သိပါတယ်။ ငါ အခုကစပြီး တောင်နတ်ဘုရားအတွက် နေ့တိုင်းလိုလို စတေးခံဖို့ အသင့်ပါ။ ငါနဲ့ ငါ့ရဲ့မိသားစုကို ကယ်ပါ”
“တောင်နတ်ဘုရား ငါ လာမဲ့နှစ်မှာ ဆန်တွေကို ရိတ်သိမ်းလို့ရတဲ့ အကျိုးအမြတ်အနေနဲ့ ဆက်သဖို့ ပြောခဲ့တယ်။ အရင်ကလည်း ဆက်သခဲ့တယ်။ ဒါပေမဲ့ ငါ လယ်ကွင်းထဲမှာ ရပ်နေပေမဲ့ မလှုပ်နိုင်ပဲ လယ်ကွင်းကို စောင့်ကြပ်နေရတယ်။ ငါက စာခြောက်ရုပ်လိုမျိုး ငှက်တွေကို မောင်းနေရတာ။ ကြွက်တစ်ကောင်ကို ကာကွယ်ဖို့ အတွက်နဲ့လေ ဘာလို့ အကြွေးကို နေ့ရောညပါ ပေးဆပ်ခိုင်းနေရတာလဲ”
“အဖွားတောင်နတ်ဘုရား ငါ အမေ့ကို တွေ့ချင်တယ်။ ငါ့ကို ကူညီပေးမှာလား။ သူမက တောင်ဘုရားကျောင်းကို သွားပြီး ဘယ်တော့မှ ပြန်မလာဘူး။ ကျွန်မရဲ့အစ်ကိုက ငါ့ရဲ့မျက်လုံးတွေ ယူသွားတယ်။ အဖေက ပြောတယ်။ အမေ့ကို နတ်ဘုရားက ခေါ်သွားတာတဲ့။ ငါ အမေကိုလည်း ရှာမတွေ့ဘူး။ အဖွားတောင်နတ်ဘုရား ငါ့ရဲ့အမေကို ပြန်ပေးနိုင်မလား”
“တောင်နတ်ဘုရား _ _ _ငါ တစ်ဘဝလုံး လယ်ကွင်းတွေမှာ ကြိုးကြိုးစားစား လုပ်ကိုင်လာခဲ့တာပါ။ တောင်နတ်ဘုရားကို ဆက်သဖို့လည်း တစ်ခါမှ မမေ့လျော့ခဲ့ဘူး။ ငါတို့ရဲ့ကလေးတွေ ကောင်းကောင်း စားနိုင်အောင် ငါတို့ရဲ့ အစာအိမ်ကို ဖြည့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ငါတို့မိသားစုတွေ စားဖို့အတွက် ကြွယ်ဝတဲ့ အစားအစာကိုလည်း ရရှိခဲ့တယ်။ ဒါပေမဲ့ ငါ အသက်ကြီးလာတဲ့အချိန်မှာ ဒီလိုမျိုး ဆက်ပြီး ပေးဆပ်ချင်သေးတာလား။ ကျေးဇူးပြုပြီး ငါ့ကို အမှန်တကယ် လွတ်မြောက်အောင် ကယ်ပေးပါ။ အမှန်တကယ် အမှန်တကယ် သေခွင့်ပေးပါ”
တောင်နတ်ဘုရား “_ _ _”
အမျိုးမျိုးသော အသံများက ရောနှောပြီး တောင်နတ်ဘုရား၏ နားထဲတွင် မြည်ဟည်းနေခဲ့သည်။ သူမက သူမ၏အရှေ့မှ ချောမောသော ငယ်ရွယ်သည့် လူငယ်လေးကို ကြည့်လိုက်သည်။ သူမကလည်း ဆန့်ထုတ်လာသည့်လက်တွင် ရှိနေသည့် အနီရောင်ကြိုးက အရောင်များပင် ပျောက်ဆုံးနေ၏။ ထို့နောက် နူးညံ့သော လက်ဖဝါး၏အပိုင်းကို ယန်ရှစ်ရွှမ်း၏ ဆန့်ထားသော လက်ဖဝါးထဲသို့ ထည့်လိုက်သည်။
“ကောင်းပြီ ကျေးဇူးပြုပြီး လိမ္မာတဲ့ ကလေးတွေ၊ ကောင်းမွန်တဲ့ ကလေးတွေကို သူတို့ သွားသင့်တဲ့ အစစ်အမှန် နောင်ဘဝအဆင့်ကို ပို့ပေးပါ”
ယန်ရှစ်ရွှမ်း၏အရှေ့တွင် ရွှေရောင်အလင်းတန်းက ရုတ်တရက် တောက်ပလာသည်။ ထိုအခိုက်အတန့်တွင် တောင်နတ်ဘုရား၏ စကားက ဖျောက်ဖျက်ရန် ခက်ခဲသည့် သစ္စာဆိုမှုဖြစ်ပြီး ယန်ရှစ်ရွှမ်းနှင့် သူ၏အကြားမှ ယင်၊ယန် စာချုပ် ဖြစ်သွားသည်။ နတ်ဘုရားက လူသားအား တစ်စုံတစ်ရာ လုပ်ပေးရန် တောင်းဆိုလိုက်သည်။ အကြောင်းမူကား နတ်ဘုရားကိုယ်တိုင် မလုပ်နိုင်၍ ဖြစ်သည်။
ယန်ရှစ်ရွှမ်းက နတ်ဘုရား၏မျက်လုံးကို ငြင်သာစွာ ပြန်ကြည့်သည်။ သူ၏စူးရှသော မျက်ဝန်းကပင် အလင်းဖွားများ တောက်ပလာလျက် ရှားပါးသော ညင်သာမှုမျိုးဖြင့် တောက်ပလာသေးသည်။
“ကောင်းပြီ”
“မစိုးရိမ်နဲ့။ ငါ ခင်ဗျားရဲ့တောင်းဆိုမှုကို ဖြည့်ဆည်းပေးမယ်”
“အကျိုးအပြစ် သက်ရောက်မှုတွေရဲ့ စက်ကွင်းက ရှင်းလင်းတယ်။ မကောင်းတာ လုပ်တဲ့သူက မကောင်းတဲ့ အကျိုးဆက်ကို ရမယ်။ ကောင်းတာ လုပ်ထားတဲ့သူတွေက ပြန်လည် မွေးဖွားခွင့် ရလိမ့်မယ်”
ယန်ရှစ်ရွှမ်း၏ တည်ငြိမ်ပြီး ပြတ်သားသော အသံက ထွက်လာသောအခါ တောင်နတ်ဘုရား၏နူတ်ခမ်း အပြုံးက ပို၍နူးညံ့လာသည်။
လေထဲတွင် ဖောက်ထွင်းမြင်ရမတတ် ကြည်လင်သော ခန္ဓာကိုယ်က ဖျော့တော့သထက် ဖျော့တော့လာပြီး ယန်ရှစ်ရွှမ်းက ခေါက်ထားပြီး ဘေးဘက်တွင် ဂရုတစိုက် ထားထားသည့် ဆန်စာရွက်လေးက လေထဲတွင် ပေါ်လာပြီး စာလုံးများက ဝေဝါးလာပြီး ရေစက်များအောက်တွင် ဝေဝါးလာပြီး ရေစက်က ကြီးသထက် ကြီးလာသည်။ ထိုသို့ဖြင့် ယခင်တောင်နတ်ဘုရား၏ ရည်မှန်းချက်က ပြည့်မှီသွားသောကြောင့် အမှန်တကယ် သေဆုံးသွားတော့မည် ထင်သည်။
95 02
ယခုမှစတင်ပြီး သူမ၏ကလေးများကို ကာကွယ်ရန် အကောင်းဆုံး ကြိုးစားခဲ့ဖူးသော တောင်နတ်ဘုရားတစ်ပါး ဒီနေရာတွင် ရှိခဲ့ဖူးကြောင်း မည်သူကမှ သိနိုင်တော့မည် မဟုတ်ချေ။ တောင်နတ်ဘုရားက အားနည်းသထက် အားနည်းလာသည်။ ထို့ကြောင့် သူမ၏ခန္ဓာကိုယ်ကို ထုတ်ပြထားနိုင်ရန်ပင် မတတ်နိုင်တော့ချေ။ ထိုသို့ဖြင့် လွှင့်ပါး ပျောက်ကွယ်လုနီးပါး ဖြစ်လာသည်။
သို့ရာတွင် သူမက ယန်ရှစ်ရွှမ်းအား အစိုးရိမ်ရဆုံး ကိစ္စကို ပြောပြပြီးခဲ့သောကြောင့် အပြည့်အဝ ပျောက်ကွယ်သွားနိုင်သည့် သေဆုံးမှုကို ရင်ဆိုင်ရမည့် အခြေအနေအား ကြောက်ရွံ့မှု မရှိချေ။ ထို့အစား သူမ၏မျက်နှာတွင် ငြိမ်းချမ်းမှု၊ ကျေနပ်မှုများက ပြည့်နှက်နေသည်။
“ဝံပုလွေရိုင်းတောင်ထိပ် ငါနင့်ကို လွှဲပေးခဲ့တော့မယ်။ လောက က အပနှင်သူ တစ်ယောက်ကိုပေါ့”
တောင်နတ်ဘုရားက ပြုံးသည်။ သူမက ယန်ရှစ်ရွှမ်းကို မျက်လွှာချလျက် ကြည့်သည်။ သူမက တစ်ဖြည်းဖြည်းချင်းစီ အလင်းစက်များအဖြစ် ပြောင်းလဲကာ လေထဲတွင် ရောက်ရှိသွားသည်။ ပိုးစုန်းကြူးထောင်ပေါင်းများစွာ ပေါင်းစုပြီး လွှင့်ပြယ်သွားပုံနှင့်ပင် တူနေသေး၏။ အလင်များဟာ သေးငယ်သည်။ သို့သော် ပတ်ဝန်းကျင်ကို လင်းထိန်အောင် လုပ်မည့် အခွင့်အရေးကို ဘယ်သောအခါမှ လက်မလျော့တတ်ချေ။ အလင်းစက်များကပင် လှလွန်းသည်။
“ငါ့ရဲ့ကျန်ရစ်တဲ့ စွမ်းအင်တွေကို နင့်ကို ချေးငှားပေးခဲ့မယ်။ ဝံပုလွေရိုင်းတောင်ထိပ်ရဲ့ နောက်ဆုံးနာမည်ကို နင့်ကို ပေးတယ်။ ဒီစွမ်းအားကို နင် ကောင်းကောင်း သုံးနိုင်မယ်လို့လည်း ငါယုံတယ်”
တောင်နတ်ဘုရားက ပြုံးပြီး ယန်ရှစ်ရွှမ်းနောက်မှ အမျိုးသားကို ကြည့်ကာ ခေါင်းကို အသာညိတ်ပြရင်း ဂါဝရပြု လိုက်သည်။
သို့သော် အမျိုးသား၏ အမူအယာဟာ တည်ငြိမ်နေသေးပြီး သူ၏အလွန်အကြူး ထက်ရှသော အေးစက်သော မျက်နှာတွင် မည်သည့်ခံစားချက်ကိုမှ ဖော်မပြချေ။ ယန်ရှစ်ရွှမ်းကို ကြည့်သောအချိန်မှသာ ချွင့်ယွင်းချက် ဖြစ်၏။ သို့သော် တောင်နတ်ဘုရားက မျက်လုံးကို မှိတ်လိုက်သည်။ ထို့နောက် ပုံရိပ်က နောက်ဆုံးတွင် ပျောက်ကွယ်သွားပြီ ဖြစ်သည်။
တစ်ချိန်တည်းတွင်ပင် စားပွဲပေါ်တွင် သပ်သပ်ရပ်ရပ်ထားထားသော ဆန်စာရွက်ထဲတွင် ရေးသားထားသော စာတိုင်းက အပြည့်အဝ ပျောက်ကွယ်သွားပြီး ရုတ်တရက် အမှုန့်အဖြစ် ပြောင်းလဲကာ စားပွဲနှင့် ကြမ်းပြင်အနှံ့ တိုက်ခိုက်သော လေအောက်တွင် ပျောက်ကွယ်သွားခဲ့သည်။
ထိုသို့ဖြင့် တောင်နတ်ဘုရားနှင့် ပတ်သက်သော မှတ်ဉာဏ်နှင့် အချိန်ကာလများအားလုံးက အလုံးစုံ ပျောက်ကွယ် သွားလေသည်။
အခြားတစ်ဖက်ခြမ်းတွင် အဓိကခန်းမ၏ ဖုန်တက်နေသော စင်ပေါ်တွင်ရှိသည့် မတ်တပ်ရပ်နေသော သစ်သားရုပ်ထုလေးဟာ နောက်ဆုံးတွင် တိုးလျသော ကလစ်ဆိုသော အသံနှင့်အတူ ကွဲအက်ရာက ပျံ့နှံ့သွားသည်။ နဂိုကတည်းက ယိုင်နဲ့နေသော ရုပ်ထုလေးဟာ နောက်ဆုံးတွင် အလယ်မှစတင်ပြီး နှစ်ခြမ်းကွဲသွားသည်။ ရုပ်ထုတွင်ရှိသော အသက်စွမ်းအားတိုင်းက မှေးမိန်ပြီး မီးခိုးရောင်ပင် သန်းသွား၏။
ပရိုဂရမ် ဝန်ထမ်းများနှင့် စကားပြောနေသော အဖွားအိုကြီးက ရုတ်တရက် သူမ၏အိုဟောင်းနေသော ကုလားထိုင်ပေါ်က မတ်တပ်ထရပ်လိုက်ကာ တောင်ဘုရားကျောင်းဘက်ရှိရာသို့ လှည့်ပြီး စိတ်ရှုပ်ထွေးမှု၊ အံ့အားသင့်မှုနှင့် ကြည့်သည်။
“တောင်နတ်ဘုရား”
ဝံပုလွေရိုင်းတောင်ကြီးက ပြင်းထန်သော မိုးအောက်တွင် တဝူးဝူးအသံ လွှတ်ထုတ်လျက် ဝေးကွာသထက် ဝေးကွာသော နေရာသို့ ပျံ့နှံ့သွားလေသည်။
ထိုသို့ဖြင့် ဒီနယ်မြေကြီးတစ်ခုလုံးတွင် ကျန်ရစ်သမျှ သက်ရှိသတ္တဝါတိုင်းက တောင်နတ်ဘုရား၏ သေဆုံးမှုနှင့်အတူ အလုံးစုံ ပျောက်ကွယ်သွားမည့်အလား ထင်ရသည်။
ယန်ရှစ်ရွှမ်းက သတိလက်လွတ် ရှေ့ကို ခြေနှစ်လှမ်းခန့် တိုးပြီး တောင်နတ်ဘုရား ယခုလေးတင် ရပ်နေခဲ့သော နေရာဘက်သို့ လက်ဆန့်တန်းခဲ့သည်။ သို့သော် သူ၏လက်ပေါ်က အရောင်များကပင် မှေးမှိန်သွားပြီ ဖြစ်သည်။
သို့သော် တစ်ချိန်တည်းတွင် ရုတ်တရက် သူသည် ထိုအခိုက်အတန့်တွင်ပင် ကျယ်ပြောသော လောကကြီးတစ်ခုလုံးနှင့် ပေါင်စပ်သွားသလို ခံစားချက်မျိုးကို ရလိုက်သည်။ သူသည် လက်နှစ်ဖက်ကို ဆန့်တန်းလျက် လေကိုမျက်နှာမူကာ အမြင့်တစ်နေရာတွင် ရပ်နေသော လူတစ်ယောက်လို သို့မဟုတ် မြစ်ထဲတွင် ငါးများနှင့်အတူ ကူးခတ်နေသော သူတစ်ယောက်လို ခံစားလိုက်ရသည်။ သူသည် တောင်တန်းများတောက်လျောက်တွင် ပွင့်သော ပန်းတိုင်း၏ ရမ်းခါမှုကိုပင် ခံစားနိုင်၏။ မြက်ပင်တိုင်း၏ ပေါက်ဖွားမှုကိုလည်း သိနေသည်။
95 03
ကျယ်ပြောသော လောကကြီးရှိ အရာအားလုံးကို သူက ခံစားနိုင်နေခဲ့သည်။
သူ၏နားထဲတွင် မရေမတွက်နိုင်သော လူများ ခန်းမထဲမှလာသည့် ကျိန်ဆဲသံများ၊ ပြေးလွှားသည့် အသံများကိုလည်း ကြားရသည်။ ထိုအသံများက ပဲ့တင်ထပ်လျက် ထွက်သွားပြီးနောက် ရောနှောသွားကာ တစ္ဆေသရဲများ၏ လူသားလောကအတွက် နောက်ဆုံးသော စီရင်တံခါးလို၊ လက်မလွတ်နိုင်ခဲ့သော အကြောင်းအရာများ ဖြစ်နေသည်။
တောင်နတ်ဘုရားသည် သူ၏စွမ်းအားကို ချေးငှားလျက် ဝံပုလွေရိုင်းတောင်ထိပ်၏ နတ်ဘုရားဘွဲ့ကို ပေးသွားသည်။
“တောင်နတ်ဘုရား_ _ _ သူ သေသွားပြီလား”
ယန်ရှစ်ရွှမ်းကပင် အနည်းငယ် မှင်သက်သွားသည်။
အရာအားလုံးကို ကြည့်နေသော အမျိုးသားက ရှေ့သို့ ခြေနှစ်လှမ်းခန့် လှမ်းလိုက်ကာ ယန်ရှစ်ရွှမ်း၏ ဘေးနား ရောက်လာသည်။ သူက သူ၏အေးစက်ကာ သန်မာသည့်လက်များကို ဆန့်ထုတ်ပြီး ယန်ရှစ်ရွှမ်း၏ ပုခုံးများကို ကိုင်တွယ်လျက် ထိုအခိုက်အတန့်အတွင်း ကြားနေသည့် အကြောင်းအရာတိုင်းကို တိတ်ဆိတ်သွားအောင် ထိန်းပေးလိုက်သည်။ များပြားလွန်းသော အသံများကို ရုတ်တရက် ကြားလိုက်ရခြင်းက သူ၏ခေါင်းကို မူးဝေစေနိုင်သည်။ ထို့ကြောင့် ထောက်ပံ့ကာ အမှီအဖြစ် ရပ်ပေးရန် ရှေ့တိုးလာခဲ့ခြင်း ဖြစ်သည်။
“ဒီမြေပေါ်မှာ မြက်တွေ၊ သစ်ပင်တွေ တစ်ဖန်ထပ်ပြီး ရှင်သန်ပေါက်ဖွားနိုင်သမျှ၊ တောင်ပေါ်က တိရိစ္ဆာန်တွေ ပြန်လာနိုင်သမျှ၊ အချို့လူတွေ လာရောက်ပြီး နေထိုင်သမျှ၊ နယ်မြေတွေ ကောင်းမွန်လာပြီး ကြက်တွေ၊ ဘဲတွေကို မွေးမြူလာနိုင်သမျှ တောင်နတ်ဘုရားရဲ့ အကူအညီကိုတောင်းပြီး ဒီနှစ်၊နောက်နှစ်၊ နောက်ပိုင်းနှစ်တွေအတွက် ဆက်တိုက်ဆုတောင်းကာ ရိတ်သိမ်းမှု ကောင်းအောင် လုပ်ပေးတာမျိုးတွေ ပြန်ဖြစ်လာတဲ့အချိန်မှာ ဒီနေရာမှာ သက်ဝင်ယုံကြည်မှုတွေ ပြန်ပေါ်လာလိမ့်မယ်။ အဲဒီလိုနဲ့တောင်နတ်ဘုရားအသစ်တစ်ပါး ပြန်ပေါ်လာဦးမှာပဲ”
ထိုအမျိုးသားက တည်ငြိမ်သော လေသံနှင့် အချက်အလက်ကျကျ ပြောပြသည်။ ထိုထဲတွင် စိတ်ခံစားချက် မပါချေ။
“တောင်နတ်ဘုရား သေသွားပြီးတဲ့နောက်မှာ သူက တောင်တန်းနဲ့ မြေပြင်ကို တစ်ဖန်ပေါင်းစပ်သွားပြီး မြေပြင်ကို အာဟာရပေးလို့ အသက်စွမ်းအင်ကို ပြန်ရစေတယ်။ တောင်နတ်ဘုရားက အမြဲတမ်း ဒီလိုပဲ”
“ဒါပေမယ့် မင်း စိုးရိမ်စရာ မလိုပါဘူး”
ထိုအမျိုးသားက ယန်ရှစ်ရွှမ်းကို အေးစက်သော မျက်လုံးထဲမှာ ရှားပါးစွာ ပေါ်လာသည့် အပြုံးမျိုးနှင့် ကြည့်ကာ ပြောသည်။
“မင်းက ယာယီတောင်နတ်ဘုရား ဖြစ်နေရင်တောင်မှ မင်းက သေဖို့ဘယ်တော့မှ ရှိမှာ မဟုတ်ဘူး။ မင်းက အသက်ရှည်မှာ။ အချိန်အတန်ကြာ နေထိုင်ပြီးတဲ့နောက်မှာ အဆုံးသတ်အတွက် မရောက်မချင်း ရိတ်သိမ်းခံရမှာ မဟုတ်ဘူး”
ထိုအမျိုးသားက မူလကမူ ယန်ရှစ်ရွှမ်းဟာ တောင်နတ်ဘုရားနည်းတူ သေဆုံးမည့် အခြေအနေကို ကြောက်ရွံ့နေသောကြောင့်ဟု တွေးလိုက်သည်။ ထို့ကြောင့် ယန်ရှစ်ရွှမ်း၏ စိတ်အခြေအနေကို ကောင်းမွန်အောင် နှစ်သိမ့်ပေးခြင်း ဖြစ်သည်။
သို့သော် သူဟာ ထိုစကားလုံးများကို မပြောချင်ခဲ့ပေ။ သို့ရာတွင် ယန်ရှစ်ရွှမ်းဟာ ထိုအမျိုးသားကို သံသယနှင့် ကြည့်သည်။
“ငါတို့ အဓိကခန်းမထဲမှာ တွေ့ခဲ့ကတည်းက ငါ တစ်စုံတစ်ရာ ထူးဆန်းနေတယ်လို့ ခံစားခဲ့ရတာလဲ။ ခင်ဗျားက ဒါရိုက်တာရဲ့အလုပ်ကို လာလျှောက်တဲ့သူနဲ့ မတူဘူး။ ခင်ဗျားက ဘယ်သူလဲ”
“ငါ ထုတ်မပြောခဲ့တဲ့ ခံစားချက်တွေကို ခင်ဗျား သိတယ်။ နောက်ပြီး ငါကိုယ်တိုင်တောင် နားမလည်တဲ့ နတ်ဘုရားတွေ၊ တစ္ဆေသရဲတွေအကြောင်းကို ခင်ဗျားက ပိုသိနေတယ်။ ခင်ဗျားက ငါ တွေ့ခဲ့ဖူးတဲ့ ဘယ်တစိမ်းတွေထက်မဆို သာမန်ထက် ယင်နဲ့ယန် နားလည်မှုကို သဘောပေါက်ထားတယ်။ ဂါထာတွေရဲ့ သက်ရောက်မှုနဲ့ တစိမ်းတွေ၊ သေမျိုးတွေ နိူင်းယှဉ်နိုင်စွမ်းအားကိုလည်း ကောင်းကောင်း သိနေတယ်။ အချို့အချက်တွေရဲ့ ခိုင်မာတဲ့ အုတ်မြစ်အဆင့်အရ ခင်ဗျားက ဘယ်နည်းနဲ့မှ ဒါရိုက်တာလက်ထောက် မဖြစ်နိုင်ဘူး”
ယန်ရှစ်ရွှမ်း၏ အသံက သံသယဝင်နေခြင်းမှ ခိုင်မာမှုအဖြစ် ပြောင်းလဲသွားသည်။ ထိုအမျိုးသား၏အရှေ့တွင် ရပ်ကာ လေးနက်တည်ကြည်သော မျက်နှာနှင့် ပြောသည်။
“ဂရုတစိုက်သာ တွေးကြည့်မယ်ဆိုရင် ခင်ဗျားက ငါကလွဲပြီး ပရိုဂရမ်အသင်းက ဘယ်သူနဲ့မှ စကားမပြောဘူး။ သူတို့က ခင်ဗျားရဲ့ တည်ရှိမှုကိုတောင် သတိမထားမိဘူး။ အလုပ်မှာ ခင်ဗျားနဲ့ ပြောဆိုဆက်ဆံမှု အများဆုံး ဖြစ်သင့်တဲ့ ကျန်းဝူပင်းအပြင် ပရိုဂရမ်အသင်းက ဘယ်သူကမှ ခင်ဗျားရဲ့နာမည်ကို မမေးသလို ခင်ဗျားရဲ့နာမည်ကိုလည်း မခေါ်ဘူး”
95 04
“ခင်ဗျားက ဘယ်သူလဲ။ ခင်ဗျားရဲ့နာမည်က ဘာလဲ”
အိုဟောင်းကာ မဲမှောင်သည့် တဲအိမ်အတွင်းရှိ လေထုက ပြေလျော့ပြီးကာစမှ တဖန်ပြန်လည်ပြီး တင်းကြပ်လာပြန်သည်။
ယခုလေးတင် အသက်ရှူချောင်သွားသည့် ကြည့်ရှုသူများက ရုတ်တရက် ကင်မရာအရှေ့တွင် ပထမဦးဆုံးအကြိမ် ပေါ်လာသော ဒါရိုက်တာလက်ထောက်ကို ကြည့်ရင်း ယန်ရှစ်ရွှမ်း၏ မေးခွန်းထုတ်သံကို ကြားလိုက်ရသည်။ သူတို့သည်လည်း ထိုအချက်အလက်များက သူတို့၏ တည်ငြိမ်ပြီးသား နှလုံးသားကို ပြန်လည်၍ တုန်ခါလာစေကြောင်း တွေ့လိုက်ရသည်။
[အာ ဘာတွေဖြစ်နေတာလဲ။ဘာလို့ ရုတ်တရက်ကြီး ယန်ကောက အဲဒီလို မေးရတာလဲ။ ဖြစ်နိုင်တာက ဒီလူက သရဲလား]
[ဘာပဲဖြစ်ဖြစ် ယန်ကောက အဲဒီလို ဖြစ်နိုင်တယ်လို့ သံသယဝင်ကတည်းက သရဲ ဖြစ်နေလို့လား။ ဂရုမစိုက်ဘူး။ ယန်ကောက တအားချောတာပဲ။ အခု ရိုက်ကွင်းကို မြင်လိုက်လား။ သူတို့က ရုတ်တရက် လက်ဆန့်တန်းလိုက်တဲ့နောက်မှာ ယန်ကောက ငါ့ဆီ လက်ဆန့်ကမ်းပေးနေသလိုပဲ။ ဒါက အုတ်ဂျုံတွေရဲ့ အိမ်မက်ထဲက မြင်ကွင်းတစ်ခုပဲလေ။ ငါ စိတ်လှုပ်ရှားလို့ အိပ်ယာပေါ်မှာတောင် အရူးတစ်ယောက်လို လိမ့်နေတာ]
[ဘာ မဖြစ်နိုင်တာ။ ဘာပဲဖြစ်ဖြစ် ဒီလောက်ချောတဲ့ အမျိုးသားက တကယ်ကြီး သရဲဖြစ်ပါ့လား။ ငါ ဒီတစ်ယောက်ကို အရင်က ယန်ကောရဲ့ အခွဲဖန်သားပြင်မှာ မြင်ခဲ့ဖူးပါတယ်။ သူက တအားချောလွန်းလို့ ငါတောင်မှ အံ့အားသင့်ပြီး အော်ရတဲ့အထိပဲ။ နမြောစရာကောင်းတာက ဘာကြောင့်မှန်းမသိဘူး။ ငါ နောက်ပိုင်း သူ့ကို ကြည့်ဖို့ကြိုးစားတဲ့ အချိန်တိုင်း ရိုက်တဲ့အခန်းက ဝါးဝါးသွားတယ်။ ယန်ကောသာ မရှိရင် ငါ သူ့ကို မတွေ့ရဘူး။ အခုတော့ အဆင်ပြေသွားပြီ။ ယန်ကောက အခွဲဖန်သားပြင်ကို ဒီလူ့ဆီ ချိန်ရိုက်လိုက်တာ။ ဘုရားရေ ငါ သူ့ရဲ့မျက်နှာကို မမြင်ရသေးပေမဲ့လည်း သူ့ရဲ့ခန္ဓာကိုယ်နဲ့ အရှိန်အဝါက တော်တော်လေးကို အံ့အားဖို့ ကောင်းတယ်။ ဒါက ရှိုးရဲ့အစိတ်လား။ ဘာလို့ အပြင်လူတွေက ဒီလောက်ထိ ကြည့်လို့ကောင်းနေတာလဲ။ ပထမက ယန်ကာ နောက်တော့ ဒီလူ။ ယန်ကောဆိုလိုတဲ့အတိုင်းဆို ဒီတစ်ယောက်က ဒါရိုက်တာရဲ့လက်ထောက်ပေါ့။ ဒီလောက်ချောတဲ့ ဒါရိုက်တာရဲ့လက်ထောက်မျိုးက တကယ်ရှိတာလား]
[ငါလည်း သူ့ကို အရင်က မတော်တဆ ကြည့်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်က သူ့ကို ချောတယ်လို့ မထင်ဘူး။ သူက မချောရုံတင် မဟုတ်ဘဲ ကြောက်စရာတောင် ကောင်းသေးတယ်။ အစကတော့ လှုပ်ခါနေတဲ့ နံရံဆေးရေးပန်းချီကြောင့် ငါ ကြောက်သွားတာလေ။ ငါ့ရဲ့ဝေါပေပါက ပုံတွေတောင်မှ လှုပ်နေတယ်လို့ ငါ ခံစားနေရတာ။ ဒါက ယန်ကောရဲ့ ကင်မရာက သူ့ကို ပြတဲ့အချိန်မှာ ငါ တောင့်ခဲသွားတာပဲ။ ငါ့ရဲ့ဦးနှောက်တောင်မှ မရှိတော့သလိုမျိုး တစီစီ မြည်လာတယ်။ ငါ အေးလွန်းလွန်းလို့ စောင်နဲ့တောင် ပတ်ထားရတာ။ ငါ အချိန်အတန်ကြာမှ အသိဝင်လာခဲ့တာ။ နောက်တော့ ငိုမိတယ်။ ငါ စောင်တွေအားလုံးကို ယူထုတ်ပြီး တစ်ကိုယ်လုံးကို အထပ်ထပ် ခြုံထားတာ။ အခုက နွေရာသီကြီးပါ။ တအားပူတာလေ။ ငါ အမေကတော့ ငါ အအေးမိတယ်လို့ ထင်နေတာ။ ဒါကြောင့် ငါ့ကို ဆေးသောက်ပြီးပြီလားလို လာမေးနေတယ်]
[အား မင်းတို့အားလုံး တော်ကြပါတယ်။ ဒီအိမ်ထဲက ငယ်ရွယ်တဲ့ သက်ရှိနှစ်ယောက်ရဲ့ နာကျင်မှုကို နားလည်ကြတာပဲ။ ဒါပေမဲ့ ငါကတော့ အိမ်မှာတစ်ယောက်တည်းလေ။ ပြတင်းပေါက် အပြင်ဘက်မှာ အုတ်ဂူတစ်ခုရှိတယ်။ ငါ တတောက်တောက် အသံလို ထူးဆန်းတဲ့ အသံမျိုးကို ကြားနေရသေးတယ်။ အရာအာလုံးက အိမ်မှာနဲ့ ခြားနားနေတာပဲ။ ဘေးဘက်က အုတ်ဂူထဲလက အိမ်နီးချင်းတစ်ယောက်လို လွတ်ထွက်သွားတာလားလို့ တွေးနေမိတာ။ ငါ့ရဲ့မိသားစုက အပြင်ကို ထွက်သွားတယ်။ ဒါကြောင့် ကင်မရာက ဒီလူ့ကို ချိန်လိုက်တဲ့အချိန်မှာ ဆူညံပွက်လောရိုက်ပြီး ကြောက်စရာကောင်းလွန်းတဲ့ ငါ့ရဲ့အိမ်က ရုတ်တရက် တိတ်ဆိတ်သွားတယ်။ ဘာအသံမှတောင် မထွက်တော့ဘူး။ ငါ ကိုယ်တိုင် အုတ်ဂူထဲကို ရောက်သွားသလိုပဲ။ ဘုရားရေ ငါ ကြောက်လို့ သေတာ့မယ်။ ဘာဖြစ်တာလဲ။ ဒါက သရဲခြောက်သံလိုမျိုး ကြားနေရတဲ့အသံမျိုးထက်တောင် ကြောက်စရာကောင်းနေသေးတယ်]
******