Ch 100
Viewers 6k

100 01

အပိုင်း(၁၀၀)

 

ထိုရွှေရောင်အလင်းစက်က သတ္တဝါပေါင်းများစွာ၏ အာရုံကို ဆွဲဆောင်သွားသည်။ မူလက လွှင်တီးခေါင်နယ်ဖြစ်ပြီး အကျည်းတန်‌သော ဝံပုလွေရိုင်းတောင်ထိပ်ပေါ်တွင် ချုံပုတ်များ၊ ပေါင်းပင်များအတွင်း ပုန်းအောင်းနေသည့် ပိုးကောင်များ၊ သေးငယ်သော တိရိစ္ဆာန်လေးများက သိချင်စိတ် ပြင်းပြစွာနှင့် ခေါင်းလေးများကို ထုတ်လျက် အလင်းစက်များကို ကြည့်ကြသည်။ ရွှေရောင်အလင်းစက်များက ဝံပုလွေရိုင်းတောင်ထိပ်ကို အလှဆင် ထားသောကြောင့် မူလက သစ်ပင်များ ဆုံးရှုံးမှု၊ ရေအရင်းအမြစ် ဆုံးရှုံးမှုနှင့် မြေဆီလွှာများ ဆုံးရှုံးမှုကြောင့် အကျည်းတန်နေသော ဝံပုလွေရိုင်းတောင်ထိပ်က ၁၀နှစ်ကျော် ကြာပြီးနောက် ပြန်လည်လှပလာစေသည်။

 

ဆိုးယုတ်သော အရာများက ပြေးလွှားရင်း၊ မြေပြင်တွင် ပုန်းအောင်းရင်းနှင့် မြေပြင်တွင် ချဉ်းကပ်လာသော အလင်းများကို ကြောက်လန့်တကြား ကြည့်ကြသည်။ ထို့နောက် ဆန့်ကျင်ဘက်သို့ စိတ်ဓာတ်ကျစွာ ပြေးရင်း အလင်းစက်များကို ရှောင်ရှား၏။

 

ထိုနေရာမှတဆင့် ကောင်းကင်ဘုံနှင့် မြေကမ္ဘာကြီးထံမှ ရောက်လာသော ဖြောင့်မတ်မှန်ကန်မှုကို ခံစားရသည်။ သူတို့နှင့် ခြားနားလွန်းသော တစ်စုံတစ်ရာကို တွေ့လိုက်ကြရ၏။ ထိုအလင်းစက်များကသာ သူတို့ကို ထိတွေ့သွားလျှင် သူတို့သည် အမှန်တကယ် ပျောက်ကွယ်သွားနိုင်သည်။ သူတို့၏ မသိစိတ်က ထိုသို့ပြောနေသည်။

 

 သို့ရာတွင် အင်အားကြီးမားလွန်းသော စွမ်းအားနှင့် သေဆုံးသွားသည့် တောင်နတ်ဘုရားနှင့် ပေါင်းစပ်ထားသည့် စိတ်ဆန္ဒကြောင့် ထိုသရဲများက အမှန်တကယ် အသတ်ခံရနိုင်သည်။

 

ထိုအလင်းစက်လေးများက သယ်ဆောင်လာသည့် နွေးထွေးမှုနှင့် တောက်ပသော အလင်းဓာတ်ဟာ သေမျိုးအတွက်မူ လုံခြုံမှုကို ဆောင်ယူပေးနိုင်သော်လည်း ဆိုးယုတ်သော အရာများအတွက်မူ ဆိုးယုတ်သော တည်ရှိမှု ဖြစ်နေပြန်သည်။

 

ထို့ကြောင့် ဝံပုလွေရိုင်းတောင်ထိပ်၏ လယ်ကွင်း သို့မဟုတ် နယ်မြေကြီးတစ်ခုလုံးက တောက်ပလင်းထိန်လာသည့် အခိုက်အတန့်တွင် ကြောက်လန့်တကြား ထွက်ပြေး နေရသော မြေကမ္ဘာပေါ်ရှိ သတ္တဝါတိုင်းက နာကျင်စွာ ရုန်းကန်နေရသည်။ သို့သော် မည်သို့မှ မလွတ်မြောက်နိုင်ချေ။ အော်သံပင် မထုတ်လွှင့်နိုင်ချေ။ ထိုသို့ဖြင့် ထိုအရာက မနီးကပ်လာခင် ကတည်းက ပြာအဖြစ် ပြောင်းလဲပျောက်ကွယ်သွားကြရသည်။

 

မဲတူးနေသော ရွာသားများအပြင် ပြောင်းသွားရသည့် ရွာသားများ၊ မိစ္ဆာနတ်ဆိုးကို အကြွေးတင်နေသော စာခြောက်ရုပ်များနှင့် လယ်ကွင်းများကို စောင့်ရှောက်ပြီး စတေးခံများကို ရိတ်သိမ်းပြီး အကြွေးဆပ်သော သူများ_ _  _ ထိုသို့ဖြင့် လွန်ခဲ့သော ၁၀နှစ်ကျော်ခန့်က သေဆုံးသွားခဲ့ဖူးသူတိုင်းက တောက်ပလွန်းသော အလင်းရောင်အောက်တွင် သူတို့၏ ဘဝများကို ပြန်လည်ရရှိလိုက်သည်။ ထိုသို့ဖြင့် နောက်ဆုံးသော ငြိမ်းချမ်းရာကို တွေ့သွားသည်။

 

ကောင်းကင်အနှံ့ ပျံ့ကြဲနေသည့် ပြာများ၊ အနက်ရောင် အပိုင်းအစများအကြားတွင် သေဆုံးသွားခဲ့သည်မှာ ကြာပြီဖြစ်သည့် ရွာသားများဟာ နောက်ဆုံးတွင် သူတို့ကို ချုပ်ထိန်းထားသည့် ကိုယ်မှ လွတ်မြောက်သွားကြလျက် မိစ္ဆာနတ်ဆိုး၏ ထိန်းချုပ်မှုအောက်မှ လျှောက်ထွက်လာနိုင်သည်။ ထိုသို့ဖြင့် တွေးတော ဆင်ခြင်နိုင်စွမ်းကို ပြန်လည် ရရှိသွားကြသည်။ သူတို့သည် ပထမဦးဆုံး အကြိမ်အဖြစ် သူတို့တစ်ချိန်က တည်ရှိခဲ့ဖူးသော နေရာကို ပြန်ကြည့်ခွင့်ရသွားသည်။ လောကကြီးက ကုန်လွန်လာခဲ့ပြီ ဖြစ်သည်။

 

ရွာသားများက ဘေးဘီကို ကြည့်သည်။ ထိုအခါ သည်းထန်သောမိုးအောက်တွင် ပျက်စီးနေ၏။ သူတို့၏ ပတ်ပတ်လည်မှ ရွာများ၊ ရှုပ်ထွေးနေသော နေရာများကို မြင်လိုက်ရပြီးချိန်တွင် သူတို့၏မျက်နှာတွင် ဝမ်းနည်းမှုများက ပေါ်ထွက်လာသည်။

 

“ငါတို့ တကယ်ပဲ_ _ _ ဘာလုပ်ခဲ့တာလဲ”

 

အချို့သော ရွာသားများက တုန်ယင်စွာ မေးကြသည်။

 

“ငါတို့ ငါတို့ ငါတို့အိမ်ကို ငါတို့ဘာသာ ဖျက်စီးခဲ့တာလား”

 

အချို့သော အမျိုးသမီးများဆိုလျှင် စကားမဆိုနိုင်ပဲ ဆက်တိုက်ငိုနေကြသည်။ သူတို့သည် မျက်နှာများကိုပင် အုပ်ထားကြ၏။

 

တူညီသော အခိုက်အတန့်တွင် ယန်ရှစ်ရွှမ်းရှိသော နေရာ မိစ္ဆာနတ်ဆိုး၏ ဘုရားကျောင်းအတွင်းတွင် မူလက ငေးငိုင်စွာနှင့် ရပ်နေပြီး ဘုရားကျောင်းကိုသာ စိုက်ကြည့်နေခဲ့သည့် အနီရောင်သရဲများကလည်း သေဆုံးသွားသော ခန္ဓာကိုယ်က လွတ်မြောက်သွားသလိုမျိုး ဘေးဘီကို မှင်သက်စွာ ကြည့်ကြသည်။ ထို့နောက် တောင့်တင်းသော မျက်နှာတွင် အံ့အားသင့်မှုအပြည့်ဖြင့် ဖြစ်ပေါ်လာသည်။

 

“ငါတို့ လွတ်မြောက်ပြီ။ ငါတို့ တကယ်ပဲ ဒီနေရာက လွတ်ပြီ”

 

သရဲများက အချင်းချင်း တီးတိုးပြောကြသည်။

 

ထို့နောက် သူတို့သည် ဘေးဘက်ကို တောင့်တင်းစွာ လှည့်လိုက်သည်။ သူတို့သည် အဓိကခန်းမကို မကြည့်ချေ။ ထို့အစား တောင်ဘုရားကျောင်းထံမှတဆင့် အပြင်လောကဘက်သို့ အာရုံစိုက်လာသည်။

100 02

အဓိကခန်းမ၏ နံရံထဲတွင် ရှိနေသော နံရံဆေးရေးပန်းချီထဲမှ လူပုံရိပ်များ၏ စုတ်ချက်များက အရောင်ဖျော့သထက် ဖျော့လာသည်။ စုတ်ချက်တစ်ခုချင်းစီတွင် ရှိနေသမျှ လူပုံရိပ်တစ်ခုချင်းစီတိုင်းက ထိုပန်းချီအတွင်းမှ ပျောက်ကွယ်လာကြသည်။ ထိုသို့ဖြင့် သူတို့သည် မိစ္ဆာသရဲထံမှ လွတ်မြောက်ကြောင်း သတိရလိုက်၏။ မူလက နှစ်ခြမ်းကြွပြီး တစ်ခြမ်းကို ကြွားဝါရန် စုတ်တံဖြင့် အသုံးပြုခံထားရသည့် သူတို့၏ ဝိဉာဉ်များက တစ်ဖန်ပြန်လည်ပြီး ပေါင်းစည်းနိုင်ပြီ ဖြစ်သည်။

 

ဘုရားကျောင်းအောက်တွင် ပုန်းလည်း ဂါထာက မသက်ရောက်အောင် ကွေးနေခဲ့သော ထိုတိရိစ္ဆာန်ကောင်က သူထိန်းချုပ်ထားသော ဝိဉာဉ်များအပေါ်သို့ သက်ရောက်သည့် ဂါထာစွမ်းအားကို ခံစားလိုက်မိသည်။ ထိုအရာများက ထိန်းချုပ်မှုမှ တစ်ယောက်ပြီး တစ်ယောက် လွတ်ကင်းသွားကြ၏။ သူသည် သူ၏နားရွက်နှင့် ခေါင်းကို ဆက်တိုက်ကုပ်ရင်း စိုးရိမ်တကြီး တကွက်ကွက် အော်နေသည်။ သူ၏လက်ကို ခပ်ကြမ်းကြမ်း ဆန့်ထုတ်ပြီး ဝိဉာဉ်များကို ပြန်ဖမ်းလိုသည်။

 

သို့သော် မည်သည့်ဝိဉာဉ်ကမှ သူ့ကို အာရုံမစိုက်တော့ချေ။ ဘုရားကျောင်းထဲတွင် အော်ငိုသံများ၊ အံ့အားသင့်သံများသာ ကျန်ရစ်သည်။ ပြီးပြည့်စုံသော ဝိဉာဉ်များ မရှိသောအခါ မြေအောက်လောကသို့ မသွားနိုင်ချေ။

 

၁၀နှစ်ကျော်ခန့် သည်းခံပြီးနောက် ထိုရွာသားများသည် နောက်ဆုံးတွင် အခွင့်အရေးကို ပြန်လည် ရရှိသွားသည်။ သူတို့သည် သူတို့၏ကိုယ်အတွင်းတွင် သယ်ဆောင်ထားသည့် ကောင်းမွန်မှု၊ ဆိုးယုတ်မှုများအတိုင်း မြေအောက်လောက၏ ရာမထံ သွား၍ အပြစ်ပေးမှုကို ခံယူနိုင်သည်။ ထို့နောက် တစ်ဖန် ပြန်လည်မွေဖွားနိုင်မည် ဖြစ်သည်။

 

သည်းထန်သောမိုးက ချက်ချင်းလိုလို ထွက်ပေါ်လာသော တောက်ပသည့် အလင်းရောင်အောက်တွင် ဝေဝါးသထက် ဝေဝါးလာပြီး ထိုအလင်းများအား လောကပေါ်သို့ ကြယ်စင်များ ဆင်းသက်လာသော ပုံပန်းသွင်ပြင်ကဲ့သို့ ပေါ်ပေါက်လာစေသည်။ အိမ်မက်ဆန်ကာ ညင်သာသိမ်မွေ့စွာနှင့် လှပလာစေသည်။

 

မိုးကုပ်စက်ဝိုင်းတည့်တည့်တွင် မြင်နေရသည့် အဖြူရောင် နေအလင်းရောင်အောက်တွင် ဝံပုလွေရိုင်းတောင်ထိပ် တစ်ဝက်ခန့်က အဖြူရောင်၊ရွှေရောင် ရောယှက်နေသော အလင်းများနှက် ပြည့်သွားသည်။ သည်းထန်သောမိုး၏ အားဖြည့်ပေးမှုအောက်တွင် အရွက်ပင်များ၊ သီးပင်များ၊ စားပင်များ အားလုံးက တဖန်ပြန်လည်ပြီး စိမ်းလန်းကာ သစ်လွင်လာသည်။ တိရိစ္ဆာန်များကလည်း ပျော်ရွှင်စွာ ခုန်ပေါက်ကြသည်။

 

၁၀နှစ်ကျော် ကြာပြီးနောက် ငှက်များက ပြန်လည် တေးဆိုနိုင်သွားသည်။ တိရိစ္ဆာန်များက ဝံပုလွေရိုင်းတောင်ထိပ်ပေါ်သို့ ပြန်လည် ဝင်ရောက်နိုင်မည် ဖြစ်သည်။

 

ထိုသို့ဖြင့် အသက်စွမ်းအား ပြည့်နှက်နေသော နေရာတစ်ခုအသွင် ပြောင်းလာသည်။

 

မင်းသမီးရုန့်ရုန့်က ကန်ထုတ်ရင်း ခေါ်သွားခဲ့သည့် အဓိကဖန်သားပြင်၏ မြင်ကွင်းမှတဆင့် အရာအားလုံးကို မြင်လိုက်ရသည့် ကြည့်ရှုသူပေါင်းများစွာကမူ ကောင်းကင်နှင့်မြေပြင်အောက်မှ မှင်သက်ဖွယ်ကောင်းလောက်အောင် လှပလွန်းသည့် ခမ်းနားထည်ဝါမှုကို ကြည့်ရင်း မှင်သက်အံ့ဩနေကာ အသက်ရှူရန်ပင် မေ့နေကြသည်။

 

[ဘုရားရေ_ _ _ ဒါက ဒါက အသက်စွမ်းအားလား။ ဘာကြောင့်လည်း မသိပေမဲ့ ငါ ငိုချင်သလို ခံစားရတယ်]

 

[ဒီမြင်ကွင်းက ပြောင်းတာ တအား မြန်လွန်းမနေဘူးလား။ အခုလေးတင် ရုန်ရုန်က သရဲတွေနဲ့ အစည်းအဝေး သွားတက်တုန်း ရှိနေသေးတယ်။ ငါ ကြောက်လွန်းလို့ သရဲတွေကို ကြည့်နေရင်းနဲ့ ငါ့ရဲ့တစ်ကိုယ်လုံးက ဓာတ်လိုက်သလိုမျိုး တဆတ်ဆတ် တုန်နေခဲ့တာ။ အဲဒီနောက် တစ်ခဏမှာတော့ သရဲတွေက ပြေးသွားတယ်။ သူတို့ ပြေးသွားတာ??? သူတို့ တကယ်ပဲ နောက်ကိုလှည့်ပြီး ခပ်ကြမ်းကြမ်း ပြေးသွားတာနော်။ သူက သရဲနဲ့တောင် မတူတော့ဘူး။ ဒီသရဲတွေရဲ့နောက်ကို လိုက်ကြည့်တော့ ဒီလိုမြင်ကွင်းမျိုးကို မြင်လိုက်ရတယ်။ ကွန့်မန့်ကဏ္ဍမှာ တစ်ယောက်ပြောတာ တွေ့လိုက်ပါသေးတယ်။ ယဲ့လန်တောင်ထိပ်က တချိန်က တအားကို လှတာ။ ကြည်လင်တဲ့ရေ၊ လှပလွန်းတဲ့တောင်တန်းတွေကို ပိုင်ဆိုင်ထားတယ်လို့ ပြောတယ်။ ငါ မယုံခဲ့ဘူး။ ဒါပေမဲ့ အခု ဒီပုံကို မြင်လိုက်ရတော့ ငါ ယုံသွားပြီ။ တအားလှတာပဲ။ တော်တော်လေးကို လှတယ်။ ငါ သွားခဲ့ဖူးတဲ့ ခရီးသွားတွေကို ဆွဲဆောင်ဖူးတဲ့နေရာတွေတိုင်းထက် လှတယ်။ ဒီအတိုင်း ငါ ဘယ်လိုဖော်ပြရမယ် မသိရုံပဲ။ ငါ အမြဲတမ်း ဝံပုလွေရိုင်းတောင်ထိပ်က အသက်ဝင်ပြီး အသက်စွမ်းအား ပြည့်နှက်နေတဲ့ အလှတရား ရှိလိမ့်မယ်လို့ ခံစားနေခဲ့ရတာ။ ငါ့ရဲ့ဝိဉာဉ်တောင် ဆွဲဆောင်ခံရလုနီးပါးပဲ]

 

[တကယ်ကို အံ့ဩစရာပဲ။ ဒါက ကောင်းကင်နဲ့ မြေပြင်ရဲ့အလှဆိုတာလား။ မြို့မှာပဲနေပြီး ခရီးမသွားဖူးတဲ့ ကလေးတစ်ယောက် အနေနဲ့ ပထမဦးဆုံးအကြိမ် ဒီမြင်ကွင်းကို မြင်ဖူးတာပဲ။ ငါ့ရဲ့နှာခေါင်းတောင် စူးအောင့်လာပြီ]

100 03

[ငါ အရင်က ဒီပရိုဂရမ်ကို နှောက်နေသေးတယ်။ ဒီပရိုဂရမ်ရဲ့မိတ်ဆက်ကို ပြောင်းလိုက်ပါတော့လို့ ပြောချင်နေတာ။ ဒါက ခရီးသွားရသစုံရှိုးတဲ့လား။ ဘယ်လိုပဲ ကြည့်ကြည့် ထိတ်လန့်သဲဖို စွန့်စားသွားလာခြင်း ရှိုးဖြစ်နေတာ သိသာနေတာပဲ။ ဒါပေမဲ့ အခု ဒီယဲ့လန့်တောင်ထိပ်က မြင်ကွင်းကို မြင်ပြီးတော့ ရုတ်တရက် ဒါက ခရီးသွားရှိုးဆိုတာကို နားလည်သွားတယ်။ ဒါကို ကြည့်နေရုံနဲ့ ငါ အရမ်းစိတ်လှုပ်ရှားလာပြီး သဘာဝကြီးကို ပွေ့ဖက်ချင်လာတယ်။ တစ်ချိန်လုံး အလုပ်လုပ်နေပြီးတဲ့နောက်မှာ ငါ့ကိုယ်ငါ ပေးပြီး အားလပ်ရက်ပေးပြီး လှပတဲ့ တောင်တန်းနဲ့ ကြည်လင်တဲ့ မြစ်ပြင်ရှိရာမှာ တစ်ခဏလောက်တော့ သွားနေဦးမယ်။ ဒါကတော့ တအားလှတာပဲ။ ပထမဦးဆုံးအကြိမ်အဖြစ် သဘာဝက ဒီလောက် လှကြောင်း ငါ သိလိုက်ရတယ်]

 

[တိတိကျကျ ပြောရရင် ဒီလိုသဘာဝက လှလွန်းလို့ ငါတို့ကာကွယ်သင့်တာပဲ။ ငါ ယန်ကောရဲ့ ဖန်သားပြင်အခွဲကနေ ပြောတာကို ကြားဖူးပါသေးတယ်။ ဒီဝံပုလွေရိုင်းတောင်ထိပ်က ရွာသားတွေက တောင်ပေါ်က သစ်ပင်တွေအားလုံးကို ခုတ်ပြီး သူတို့ကို ကာကွယ်ထားတဲ့အရာကို ပြန်သတ်လိုက်တယ်။ တောင်နတ်ဘုရား သေသွားတော့ အဲဒီဆိုးယုတ်တဲ့အရာတွေက အခွင့်အရေး ယူပြီလေ။ မင်းတို့တွေ အဓိကဖန်သားပြင်ကနေ မြင်နေရသမျှ အဝေးဆုံးနေရာမှာတောင် သစ်ပင်ကြီးတွေ တစ်ပင်မှ မရှိတာကို သတိထားမိကြလား။ မင်းတို့ အခုမြင်နေရတဲ့ အစိမ်းတွေက အဲဒီမှာ တော်တော်လေးကို ရှည်နေတဲ့ ပေါင်းပင်တွေပဲ။ ဘာလို့ ဒီနေရာမှာ အပင်တွေ မပေါက်လဲဆိုတာကို ငါ မသိဘူး။ ဒါက အကျည်းတန်လွန်းတယ်လို့ မထင်ဘူးလား။ ဒီလောက်လှပလွန်းတဲ့ သဘာဝအတွက်ကြောင့် သစ်ပင်တွေကို မခုတ်ကြပါနဲ့]

 

[ဒီလိုအရာမျိုး ရှိသေးတာလား ထွီ ငါကတော့ ဒီလူတွေက ကိုယ့်အုတ်ဂူကိုယ် တူးတယ်လို့ ထင်တာပဲ။ အို ဟုတ်သားပဲ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က အပင်တွေ တူးထုတ်ခဲ့တဲ့ ရွာသားတွေအားလုံးက ငါတို့ ညက ကြည့်ခဲ့တဲ့ သရဲတွေ မဟုတ်လား သေစမ်း]

 

[ဟစ် ငါ ကလေးအရွယ်က အဖွားပြောတာကို ကြားဖူးတယ်။ ဆိုးယုတ်တဲ့အရာတွေကို မလုပ်နဲ့ ပြန်ခံရလိမ့်မယ်တဲ့။ ငါ အခုချိန်ထိ မယုံကြည်ခဲ့ဘူးလေ။ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ ငါ့ရဲ့အဖွားက ဒါကို အယူသည်းလွန်းတယ်လို့ ထင်နေခဲ့တာ။ ဒါပေမဲ့ ငါ အခုတော့ အဲဒီလို မတွေးတော့ဘူး။ ဘုရားရေ အဲဒီ အဲဒီ အဲဒီရွာသားတွေရဲ့ ဖြစ်ရပ်ကလည်း မှန်ကန်နေခဲ့ရင် သူတို့က ကိုယ့်ထံနဲ့ကိုယ် ပြန်ခံတာပဲ။ ငါ အရင်က တအားငယ်နေသေးလို့ နေမှာပါ။ သေချာတာပေါ့ လူအိုတွေရဲ့ စကားက ရှင်သန်နိုင်ဖို့ အထောက်အကူ အဖြစ်ဆုံးပဲ။ ငါ အခုတော့ မငြင်းနိုင်တော့ဘူး။]

 

[ဒီအစ်မက တော်တော်လေးကို မျက်စိပွင့်နားပွင့် ဖြစ်စေပြီး တော်တော်လေးကို လှပတယ်။ ငါ အခုတလော ကုမ္ပဏီက အလုပ်တွေကြောင့် တအား စိတ်ဓာတ်ကျနေခဲ့တာ။ ဒါပေမဲ့ ဒီမြင်ကွင်းကို မြင်လိုက်ပြီး သတိလက်လွတ် စိတ်အေးသွားသလို ခံစားလိုက်ရတယ်။ ရုတ်တရက်ကြီး လောကက တအားကြီးတယ်။ ငါ ဘာလို့ တစ်နေရာတည်းမှာ ပျောက်ကွယ်သွားရမှာလဲလို့ တွေးမိသွားတယ်။အဆိုးဆုံးမှ အလုပ်ထွက်ရုံပေါ့။ လောက က တအားကျယ်တာ။ ဘဝက ရှည်လျားသေးတယ်။ ဘဝတစ်လျှောက်လုံး အံ့အားသင့်စရာ ကိစ္စတွေ ကြုံတွေ့ရဦးမှာပဲ။ ဒါက ငါနေတဲ့လောကကြီးလေ။ ငါက ငါ့ရဲ့ဘဝကို အလကား အကုန်ခံပြီး ယုတ်မာတဲ့အရာတွေကြောင့်နဲ့ ဒီမကောင်းတဲ့လူတွေနဲ့ မတိုက်ခိုက်ဘူး]

 

[ပထမဦးဆုံးအကြိမ်အဖြစ် ဒီလိုလှပတဲ့ အလှတရားကို သဘာဝနဲ့ အသက်စွမ်းအင် ပြည့်နေတဲ့အလှတရားလို့ ခေါ်မှန်း သိလိုက်တယ်။ ငါ မင်းတို့ရဲ့ နောက်ပြောင်တာတွေကို မကြောက်တော့ပါဘူး။ ငါ ဒီမြင်ကွင်းကို အိမ်မှာ တစ်ယောက်တည်း ထိုင်ကြည့်နေရင်း ငိုနေခဲ့တာလေ။ ငါ အရင်က ချုပ်ထိန်းထားသမျှ အင်အားမဲ့မှုတွေ အားလုံးက လွတ်မြောက်သွားပြီး အသက်စွမ်းအား ပြည့်ဝလာသလို ခံစားချက်မျိုးကို ရလိုက်တယ်]

 

[ငါတို့က မင်းကို ဘယ်လိုလုပ် ရယ်မှာလဲ။ မင်း သိတဲ့အတိုင်း ကွန့်မန့်မှာ ငိုနေတဲ့သူတွေ အများကြီးပဲ။ အချို့သူတွေက ရှက်လွန်းလို့ ငိုတာကို ထုတ်မပြောရုံပဲ။ သူတို့က ကြည့်ပြီး ငိုနေတာ ဖြစ်မှာပေါ့ ဟား ဟား (ဥပမာအားဖြင့် ငါပေါ့ ငါလည်း ရှက်လွန်းလို့ မပြောဘူး)ငါ ပေါ်လာတဲ့ပုံနှစ်ပုံကို ခပ်မြန်မြန် စခရင်ရှော့ ရိုက်ပြီး ကွန့်မန့်မှာ ပို့ထားတယ်။. မင်း ဝေါပေပါအဖြစ် သုံးချင်လည်း သုံးပေါ့။ အလကားသုံးလို့ ရတယ်နော်]

 

[ခဏနေဦး မင်းတို့တွေက ဝံပုလွေရိုင်းတောင်ထိပ် အလှကို ဆွေးနွေးနေကြတာ။ ဘယ်သူကမှ အဲဒီဖောက်ထွင်း မြင်ရမတတ် ကြည်လင်နေတဲ့ပုံရိပ်တွေကို မမြင်ကြဘူးလား။ ငါပဲ မျက်လုံး မှားတာလား။ ဒါမှမဟုတ် ငါနဲ့ ဖန်သားပြင်အကြားမှာ သရဲတစ်ကောင် လာရပ်နေတာလား။ သေစမ်း ငါ့ကို လာမခြောက်နဲ့နော်။ မင်းတို့တွေ တောင်ဘုရားကျောင်းထဲက ပျံသန်းပြီး ထွက်လာတဲ့ အရိပ်တစ်အုပ်ကို မမြင်ကြဘူးလား]

 

[သေစမ်း သေစမ်း ငါလည်း မင်းပြောမှ လိုက်ကြည့်မိတာ။ တကယ်လဲ ရှိနေတာပဲ]

 

[ငါ ငါ့ကို သရဲပုံပြင် ပြောစမ်းပါ။ သရဲက အမှန်တကယ် တည်ရှိနေတဲ့အပြင် ဖောက်ထွင်းမြင်ရမတတ် ကြည်လင်နေတဲ့ ပုံရိပ်တွေနဲ့ ရုန်ရုန်က နောက်ကလိုက်သွားတဲ့ သရဲတွေအားလုံးက ညက သရဲတွေနဲ့ တစ်ပုံစံတည်းပဲ]

100 04

အဓိကဖန်သားပြင်အရှေ့တွင် ကြည့်ရှုနေသော ကြည့်ရှုသူများက မင်းသမီးရုန်ရုန်၏ မတော်တဆ ကင်မရာကို ဆွဲခေါ်သွားမှုကြောင့် သရဲပေါင်းများစွာကို မြင်စေခဲ့သည်။ ထို့နောက် ကွန့်မန့်တွင်လည်း ထိုအကြောင်းအရာကို ဆက်တိုက်ဆွေးနွေးနေခဲ့ခြင်း ဖြစ်သည်။ ယဲ့လန်တောင်ထိပ်က တဖြည်းဖြည်းချင်း ငြိမ်းချမ်းလာသည်။

 

ရွာသားများ၏ သေလွန်ပြီးသော ခန္ဓာကိုယ်များက အလင်းစက်များကြောင့် ပြာဖြစ်သွားသည်။ ရွာသားများ၏ ဝိဉာဉ်များက နောက်ဆုံးတွင် လွတ်မြောက်သွားပြီး ၁၀နှစ်ကျော်ခန့် အချိန်ဆွဲခံထားရသည့် သူတို့၏ ဆိုးယုတ်သော ကံကြမ္မာကို ဆုံးဖြတ်ပေးခံရမည့် အခိုက်အတံ့ကို စောင့်နေကြရမည် ဖြစ်သည်။

 

ဖြန်း

 

ရုတ်တရက် လမ်းမပေါ်သို့ ကြာပွတ်တစ်ချောင်းက ဖြတ်ရိုက်လိုက်သလိုမျိုး အသံမျိုးက ခပ်ဆတ်ဆတ် ထွက်ပေါ်လာသည်။

 

ထို့နောက် ယင်ချိုင်၏ လက်ထဲမှ ဝိဉာဉ်ချိတ်ချိန်းကြိုးက တရွတ်တိုက်ဆွဲရင်း ထွက်ပေါ်လာသော သတ္တုချင်း ပွတ်တိုက်သံက ထိုဝိဉာဉ်များအတွက် ပြင်းထန်လွန်း‌သော ဖိအားနှင့် မသက်မသာဖြစ်မှု ခံစားရစေသည်။

 

သုန်မှုန်ပြီး ကျောချမ်းဖွယ်ကောင်းသော အကြည့်နှင့် လူတစ်ဖွဲ့က လက်ထဲတွင် ဝိဉာဉ်ချိန်းကြိုးများကို ကိုင်လျက် သူတို့၏ဝိဉာဉ်များကို တရွတ်တိုက် ဆွဲခေါ်သွားသည်။ ထိုသို့ဖြင့် ထိုဝိဉာဉ်များကို မြေအောက်လောကသို့ ခေါ်ဆောင်သွားမည် ဖြစ်သည်။ သူတို့က တစ်ညတာ၏ မြင့်တက်ခြင်းနှင့် နေရောင်၏ ထွက်ပေါ်ခြင်းဆိုသော အခိုက်အတန့်သို့ ရောက်ရှိသွားလုနီးပါး အခိုက်အတန့်တွင် ဝံပုလွေရိုင်းတောင်ထိပ်သို့ ဝင်ရောက်ပြီး ကောင်းကင်နှင့် မြေပြင်က ၁၀နှစ်ကျော် စွန့်ပစ်ထားခဲ့သည့်နေရာမှ အမိုက်သားများကို လာခေါ်ခြင်း ဖြစ်သည်။

 

မကောင်းတာတွေကို လုပ်တယ်။ သေမျိုးတွေကို ဒုက္ခပေးတယ်။ ရှောင်ရှားတယ်_ _ _

 

ရွာသားများက ကြောက်လန့်မှုအပြည့်နှင့် တုန့်ပြန်ကြသည်။ သူတို့သည် နောင်တ ရနေသလို ပျော်ရွှင်မှုအပြည့်နှင့် ငိုနေကြသည်။ သူတို့၏ ဝိဉာဉ်များက တစ်ခုပြီးတစ်ခု ရွှေ့လျားနေကြသည်။

 

ယန်ရှစ်ရွှမ်း ရှိသော နေရာမှ ထွက်သွားချိန်တွင် ရွာသားများက ရုတ်တရက် ယန်ရှစ်ရွှမ်းကို ကျေးဇူးတင်စိတ် အပြည့်နှင့် ဂါဝရပြုသွားသည်။ မကျေနပ်သော သူအချို့ ရှိသေးသည်။ သို့သော် ဒီအတိုင်း နှာခေါင်းရှုံ့ပြီး ကျေးဇူးတင်ကြောင်းကို ပြောသွားကြသေးသည်။ အသံက ကို့ရို့ကားယားနိုင်ပြီး တောင့်တင်းနေရုံသာ ဖြစ်သည်။

 

ယန်ရှစ်ရွှမ်အား တောင်ဘုရားကျောင်းသို့ ခေါ်သွားခဲ့သည့် ရွာသား နှစ်ယောက်က ယန်ရှစ်ရွှမ်း၏ အရှေ့တွင် နှစ်စက္ကန့်ခန့် ရပ်ပြီး စိတ်ရှုပ်ထွေးနေသော မျက်လုံးမျိုးဖြင့် ကြည့်သည်။

 

“ငါတို့ တောင်နတ်ဘုရားကို ဆက်သမဲ့ စတေးခံက အာ မဟုတ်ပါဘူး မိစ္ဆာနတ်ဆိုးပေါ့။ သူက ငါတို့ကို လွတ်မြောက်မှု ပေးလိမ့်မယ်လို့ မထင်ထားဘူး။ ဒီအတိုင်း ကျေးဇူးပါ ကျေးဇူးပါ”

 

“ငါ့ရဲ့ဝိဉာဉ်က ပြီးပြည့်စုံသွားပြီ။ မှတ်ဉာဏ်တွေ အားလုံးကိုလည်း မှတ်မိလာပြီ။ ဒါကြောင့် ဒီဆိုးယုတ်တဲ့နတ်ဆိုးက မကောင်းဘူးဆိုတာကို ငါတို့ သိပါပြီ။ သူက သေတဲ့အထိ မီးရှို့ခံရသင့်တယ်။ ငါတို့ အရှင်လတ်လတ် မီးရှို့ခံရတဲ့အချိန် ငါ တကယ်နာခဲ့တာ။ ဒါပေမဲ့ ငါ့ကိုယ်ငါ မီးရှို့ခံနေတာကို ငါ ဒီအတိုင်း ကြည့်နေရတယ်။ ငါ့ရဲ့လက်မောင်းနဲ့ ခန္ဓာကိုယ်က တဖြည်းဖြည်းချင်း မီးသွေးအသွင် ပြောင်းလဲသွားပြီး မဲတူးသွားတယ်။ ငါ မီးမွှေးနေကြ အချိန်က သုံးတဲ့ထင်းချောင်းလိုပဲ”

 

ရွာသားနှစ်ယောက်တည်းမှ တစ်ယောက်က ယန်ရှစ်ရွှမ်းကို ပြောသည်။

 

“ဒါပေမဲ့ မိစ္ဆာနတ်ဆိုးရဲ့ မွေးနေ့ မတိုင်ခင် ကိစ္စတွေကို စောစော အဆုံးသတ်နိုင်ခဲ့တာ မင်း ကံကောင်းလွန်းတယ်။ ငါတို့ကသာ နောက်ထပ်တစ်ရက် ထပ်စောင့်ရရင် ဆိုးရွံ့တာက ငါတို့က ထာဝရအပြစ်သား ဖြစ်သွားမှာကိုပဲ။ ငါတို့က သူ့ရဲ့ထာဝရကျွန်တွေ ဖြစ်သွားမှာ။ ငါတို့က သူ့ဆီက ဘယ်တော့မှ ထွက်သွားနိုင်တော့မှာ မဟုတ်ဘူး။ ဘာပဲ ဖြစ်ဖြစ် ကျေးဇူးပါပဲ။

 

ယန်ရှစ်ရွှမ်းက မျက်မှောင် အသာကြုတ်လိုက်သည်။ ထိုရွာသားများ၏ ဆိုလိုရင်းကိုလည်း သူလည်း နားလည်လိုက်သည်။

 

ကိစ္စများ ဖြစ်ပွားခဲ့ရာ ရွှန်းစစ်ဟုခေါ်သော ထိုနှစ်မှ ဒီနှစ်သို့ ကပ်ကြည့်သော် သူတို့ကသာ မိစ္ဆာနတ်ဆိုး၏ မွေးနေ့ရောက်သည့် တစ်ရက်သာ ထပ်၍ အချိန်ဆွဲမိသွားလျှင် နှစ်၂၀ကွက်တိ ပြည့်သွားလိမ့်မည်။

100 05

၁၀ဆိုသော ဂဏန်းသည် နတ်ဘုရားကို ကိုယ်စားပြုသည်။

 

ပထမ၁၀နှစ်တွင် တောင်နတ်ဘုရားက အခွင့်အရေး အရယူရန် စောင့်ခဲ့၏။ သို့သော် မိစ္ဆာနတ်ဆိုးကို လွှမ်းမိုးနိုင်လုနီးပါး လုပ်နိုင်ခဲ့ပြီး အင်အားအချို့ကို ပြန်ရခဲ့သည်။ သို့သော် ဝံပုလွေရိုင်းတောင်ထိပ်ကို ပိတ်လှောင်ရန်သာ အသုံးပြုထားရသောကြောင့် အဆုံးတွင် လွတ်မြောက်လမ်းမရှိသည့် အတားအဆီးကိုသာ တွေ့ကြုံလိုက်ရသည်။ သည်းထန်သော မိုးအောက်တွင် အပြစ်ကင်းသော လူများကို ထိုဆိုးယုတ်သော အရာက အပြစ်မပေးအောင် အတတ်နိုင်ဆုံး ကာကွယ်ရင်းနှင့် ကျန်ရစ်သည့် စွမ်းအားတိုင်းကို သုံးခဲ့သည်။

 

ဒုတိယတစ်ကြိမ်တွင် ၁၀စုနှစ်က သိသာစွာပင် မိစ္ဆာနတ်ဆိုးက အသာစီးရလေပြီ။

 

ဆိုးယုတ်သော မိစ္ဆာနတ်ဆိုးကသာ သူ၏မွေးနေ့မင်္ဂလာပွဲကို အောင်အောင်မြင်မြင် ကျင်းပပြီး နောက်ထပ်၁၀စုနှစ် တစ်ခုကို အမှန်တကယ် ပိုင်ဆိုင်လိုက်ရသော် ဖြောင့်မတ်မှန်ကန်ခြင်း နတ်ဘုရားထံမှ ပုလ္လင်ကို အမှန်တကယ် ခိုးယူနိုင်ခဲ့ပြီး ထိုပုလ္လင်ကြီးသည် သူ့အပိုင် ပုလ္လင်အဖြစ်နှင့် သူသည် အစစ်အမှန် နတ်ဆိုး သို့မဟုတ် နတ်ဘုရားတစ်ပါး ဖြစ်လာပေလိမ့်မည်။ ထိုအခါ ယဲ့လန်တောင်ထိပ်၏ ရွံ့နွံအိုင်များ၊ မြေပြင်များ၊ မြစ်ပြင်တစ်ခွင်လုံးကို ဘယ်သူကမှ ဝင်ရောက် မစွက်ဖက်နိုင်တော့ချေ။ ထိုနေရာတွင် သူ အပိုင်စားရသည့် နေရာတစ်ခု ဖြစ်သွားပေလိမ့်မည်။

 

******