အပိုင်း (၂၀၂)
Viewers 31k

Chapter 202


ယွမ်ရှ ​မိခင်တစ်ယောက် ဖြစ်လာပြီးသည့်နောက်တွင်မှ သူငယ်တန်းကလေးတစ်ယောက်၏ မိဘဖြစ်ရခြင်းက မလွယ်ကူကြောင်း သိလာခဲ့သည်။


သူငယ်တန်းကလေးတွေက ဘာလို့ ကျောင်းတွင်းလှုပ်ရှားမှုတွေ အရမ်းများရတာလဲ ... မိဘဆရာတွေ့ဆုံပွဲတွေကလည်း များလိုက်တာ ... ပြီးတော့ အဲ့ဒီတွေ့ဆုံပွဲတွေ လှုပ်ရှားမှုတွေကလည်း ရုံးဖွင့်ရက်မှာပဲလုပ်တာတဲ့ ...

အဘယ့်ကြောင့်ဆိုသော် သူငယ်တန်းကျောင်းများက စနေ တနင်္ဂနွေရက်များတွင် ကျောင်းပိတ်ကြသောကြောင့်ပင်။ ကံကောင်းသည်မှာ သူမက ယခင်က အလုပ်မလုပ်သည့်အပြင် စုန့်ထင်ရှန်းကလည်း ကုမ္ပဏီ၏စီအီးအိုဖြစ်နေ၍ အချိန်ဇယားများကို ညှိယူ၍ရသည်။


အကယ်၍ မိဘနှစ်ယောက်လုံး အလုပ်လုပ်ပါက ကလေး၏ ကောင်းနှင့်ဆိုသောကိစ္စများ ဆောင်ရွက်ရာတွင် ဒုက္ခရောက်နိုင်သည်။ တစ်ဖက်တွင်လည်း သူတို့က ကလေး၏ အခြားလူများနှင့် အပြန်အလှန်တုံ့ပြန်မှုများနှင့် အခြားအရာများကို သင်ယူလေ့လာနိုင်သည့် အခွင့်အရေးများကို တိုးမြှင့်စေချင်ကြသည်။ သို့သော်လည်း ကလေးကိုပြုစုစောင့်ရှောက်ရခြင်းတွင် အချိန်အနည်းငယ်သာကုန်ပါက အလုပ်ကိုအာရုံစိုက်နိုင်ပြီး ငွေပိုရှာနိုင်မည်ဖြစ်သည်။


လူမှုပတ်ဝန်းကျင်မှ လူအားလုံးက အလုပ်များကြသည်ဟု ယွမ်ရှတွေးလိုက်မိသည်။ အလုပ်များလုပ်ကြပြီး ငွေရှာနေသည့်အတွက် မအားလပ်ကြပေ။ သူငယ်တန်းကလေးများအတွက် ရည်မှန်းချက်က ကလေးများ ကျန်းမာစွာဖြင့်ဖွံ့ဖြိုးတိုးတက်လာရန်ဖြစ်သည်။ မိဘများ၏ ပြုစုပျိုးထောင်မှုအောက်တွင် ကလေးများ ပိုမိုပျော်ရွှင်လာမည်မှာ သဘာဝပင်ဖြစ်သည်။ သို့ဖြစ်၍ သူငယ်တန်းကလေးများကိုလည်း အပြစ်တင်၍မရပေ။


ဝမ်လေးက သူငယ်တန်း‌ကျောင်းတွင်းလှုပ်ရှားမှုများကို အလွန်သဘောကျသည်။ သူက ရေချိုးဝတ်စုံလေးဝတ်ထားပြီး ခါးစည်းမစည်းပဲ ယွမ်ရှထံသို့ ပြေးလာသည်။ သူက မျှော်လင့်တကြီး အမူအယာဖြင့် ယွမ်ရှထံသို့ ပြေးလာပြီး မေးလိုက်သည်။


" မာမား ပါပါးနဲ့အတူ သူငယ်တန်းကျောင်းတွင်းလှုပ်ရှားမှုတွေအတွက် လာမှာလား ..."


မိဘနှင့် သားသမီးလှုပ်ရှားမှုများမှုများတွင် မိဘနှစ်ပါးစလုံး ပါဝင်နိုင်ပါက အကောင်းဆုံးဖြစ်သည်။


ယွမ်ရှက နောက်ဆုံးနှစ်ခုကို တက်ရောက်ခဲ့သော်လည်း စုန့်ထင်ရှန်းက အချိန်ဇယားများကြောင့် မလာနိုင်ခဲ့ပေ။ မိဘနှစ်ယောက်ထဲမှ တစ်ယောက်လာပါကလည်း ဝမ်လေးက အလွန်ပျော်ရွှင်သည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူ့အမေက ယခင်က တစ်ခါမှ မလာခဲ့သောကြောင့်ပင်။ ဤတစ်ကြိမ်တွင် စုန့်ထင်ရှန်းကလည်း အချိန်ဇယားများကို ကြိုရွှေ့ထား၍ သေချာပေါက်သွားနိုင်မည်ဖြစ်သည်။


သူ၏မိဘနှစ်ပါးလုံးလာမည်ဖြစ်၍ ဝမ်လေးက အလွန်ပျော်ပြီး ခုန်ဆွခုန်ဆွဖြစ်နေသည်။


မိဘနှင့်ကလေးများ လှုပ်ရှားမှုက သောကြာနေ့ဖြစ်သည်။ ယွမ်ရှက သူ၏ ရေချိုးခန်းဝတ်စုံခါးစည်းကို ချည်ပေးလိုက်သည်။

" မာမား အလုပ်ကနေ ခွင့်တောင်းပြီးလာခဲ့ပါ့မယ် ..."


ဝမ်လေးက ယွမ်ရှခါးကို ဖက်ထားပြီး သူမမျက်နှာနှင့် သူ့မျက်နှာကို ပွတ်နေသည်။

" ယေး ပျော်စရာကြီးကွ ..."


ယွမ်ရှက အလုပ်တွင် အလွန်အားလပ်နေသည်။ သူမက ဖောက်သည်တစ်ယောက်နှင့်သာ အမှာစာများလုပ်ပေးနေရပြီး ထိုဖောက်သည်ကလည်း ကုန်ပစ္စည်းများကို တစ်လမှတစ်ခါသာ တင်ပို့သည်။ မန်နေဂျာနှင့် ကြီးကြပ်သူများကလည်း စကားပြောရလွယ်ကူသည်။ နိုင်ငံခြားဌာနခွဲတွင် အလုပ်ချိန်များလည်းကန့်သတ်မထားသဖြင့် မန်နေဂျာက သူမခွင့်တောင်းမည်ကိုလည်း မငြင်းပယ်ဟု တွေးထားလိုက်သည်။ သို့ဖြစ်၍ ဝမ်လေး၏ တောင်းဆိုချက်ကို ချက်ချင်းသဘောတူလိုက်ခြင်းဖြစ်သည်။


‌ယွမ်ရှက နောက်တစ်နေ့တွင် သောကြာနေ့တစ်ရက် ခွင့်ယူရန် မန်နေဂျာကို ပြောလိုက်သည်။


ပုံမှန်အတိုင်းပင် မန်နေဂျာက အလွန်ယဉ်ကျေးလှသည်။ သူမက အပြုံးဖြင့် မေးလိုက်သည်။

" ခွင့်ယူမလို့လား ... အိမ်မှာ တစ်ခုခုဖြစ်လို့လား ... ကုမ္ပဏီရဲ့ အကူအညီလိုရင်လည်းပြောနော် ..."


သူမ၏ စိတ်အားထက်သန်မှုကြောင့် ယွမ်ရှ အနည်းငယ်ရှက်သွားမိသော်လည်း ရိုးသားစွာပြောလိုက်သည်။


" ကျွန်မသားလေးက သူငယ်တန်းလေ ... သောကြာနေ့ကျရင် မိဘနဲ့ကလေး လှုပ်ရှားမှုရှိလို့ပါ ... ကျွန်မအမျိုးသားလည်း သွားမယ်ဆိုပေမယ့် သားလေးက ကျွန်မကိုလည်း လာစေချင်လို့ပါ ..."


" မိဘနဲ့ကလေး လှုပ်ရှားမှုတဲ့လား ..."

မန်နေဂျာက ခေါင်းငြိမ့်လိုက်သည်။


" အလုပ်သွားလုပ်နှင့်ပါဦး ... နောက်ကျရင် အကြောင်းပြန်မယ်နော် ... အချိန်တွေ ညှိနှိုင်းလို့ရမလား ကြည့်လိုက်ဦးမယ် ..."


ယွမ်ရှ ယခင်က အလုပ်မှ ခွင့်မယူဖူးသော်လည်း ခွင့်တစ်ရက်ယူရခြင်း လုပ်ငန်းစဉ်က ကုမ္ပဏီပေါ်မူတည်ပြီး ကွဲပြားကြောင်းသိသည်။ သူမ ခုံတွင် ပြန်ထိုင်ကာ အလုပ်ဆက်လုပ်နေသည်။


နေ့လယ်ဘက်တွင် မန်နေဂျာက သူမကိုခေါ်လိုက်သည်။ သူမရောက်လာသည့်အခါ မန်နေဂျာ၏ အား‌နာနေသည့်ပုံကို မြင်လိုက်ရသည်။


" ယွမ်ရှရေ တောင်းပန်ပါတယ် ... တို့မင်းကို ခွင့်ပေးလို့မရဘူး ... မင်း တာဝန်ယူထားရတဲဖောက်သည်က သောကြာနေ့လာမယ်တဲ့ ... မင်း သူ့ရဲ့အော်ဒါတွေကို တာဝန်ယူပေးထားရတာဆိုတော့ အဲ့နေ့ရုံးမှာ ရှိနေမှကောင်းမှာ ..."


ယွမ်ရှ အံ့အားသင့်မှုကြောင့် ခဏတာအေးခဲသွားသော်လည်း အလျင်အမြန်ပင် ပြန်ဖြေလိုက်သည်။

" ဟုတ်ကဲ့ ကျွန်မ နားလည်ပါပြီ ..."


ခွင့်ယူလို့မရရင် ဘယ်လိုလုပ်ရမလဲ ... အိမ်ရောက်ရင် သူ့ဖရဲသီးပေါက်စလေးကို ဘယ်လိုချော့ရတော့မလဲ ...


xxxxxx