အပိုင်း (၂၀၃)
Viewers 31k

Chapter 203


ခွင့်တစ်ရက် ယူ၍မရခြင်းက ရေးကြီးခွင်ကျယ်ကိစ္စတစ်ခု မဟုတ်ပေ။ ကုမ္ပဏီက ယခင်ကတည်းက သောကြာနေ့တွင် အလုပ်ပိုများတတ်၍ မန်နေဂျာ၏ အကြောင်းပြချက်က ခိုင်လုံနေသည်။ ဤကုမ္ပဏီက ဝန်ထမ်းများကို ကောင်းမွန်စွာဆက်ဆံသည့်အပြင် သူမ မန်နေဂျာကလည်းကို နွေးထွေးပြီး ယဉ်ကျေးစွာဆက်ဆံပေးသည်။ သို့ဖြစ်၍ ယွမ်ရှက စောဒကမတက်တော့ပေ။ 


သူမက ဝမ်လေးကတောင်းဆိုချက်ကို သဘောတူပြီးသည်ဖြစ်၍သာ သူမ မသွားနိုင်ကြောင်းပြောလိုက်ပါက ဝမ်လေးစိတ်ပျက်သွားမည်ကိုသာ စိုးရိမ်မိခြင်းဖြစ်သည်။ ဤကလေးဝဝကစ်ကစ်လေးက အလွန်ချစ်စရာကောင်းလွန်းသည်။ သူ၏ဝမ်းနည်းစိတ်ပျက်သွားမည့်ပုံကို မြင်ရလျှင် သူမ အပြစ်မကင်းသလို ခံစားရလိမ့်မည်။


တွေးကြည့်ပြီးသည့်နောက် ယွမ်ရှက စုန့်ထင်ရှန်းကို အကြံတောင်းရန် ဆုံးဖြတ်လိုက်သည်။ သူမ နေ့လယ်စာစားချိန်ကို အခွင့်ကောင်းယူကာ စုန့်ထင်ရှန်းကို ဖုန်းခေါ်လိုက်သည်။


" ဘာလုပ်နေလဲ ... ဖုန်းပြောလို့ရလား ..."

သူတို့နှစ်ယောက်ကြားမှ ဖုန်းခေါ်သည့် အရေအတွက်က ပိုတိုးလာသည်။


စုန့်ထင်ရှန်းက နေ့လယ်စာထမင်းဘူးကို ဖွင့်လိုက်သည်။

" ကိုယ် အခုပဲ နေ့လယ်စာစားမလို့ ... မင်းရော ..."


" တစ်နာရီတောင်ထိုးတော့မယ် ခုမှထမင်းစားတာလား ... ရှင် ဘာစားနေတာလဲ ..."

ယွမ်ရှက ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။


စုန်ထင်ရှန်းက ဤကဲ့သို့သော နေ့စဉ်စကားဝိုင်းများကို အလွန်နှစ်သက်သဖြင့် စိတ်ရှည်လက်ရှည်ဖြင့် ဖြေလိုက်သည်။


" ကိုယ့်လက်ထောက်က နေ့လယ်စာထမင်းဘူး သွားဝယ်ပေးထားတာ ... အမဲသားနဲ့ ကြက်ဥမွှေကြော်၊ အရွက်သုတ်၊ ဝက်သားနဲ့ အာလူးနှပ်နဲ့ ဝက်နံရိုးစွပ်ပြုတ်ပါတယ် ..."


သူ၏လက်ရှိအခြေအနေကို အသေးစိတ်တင်ပြနေသည်။


ယွမ်ရှ ပြုံးလိုက်မိသည်။

" လူချမ်းသာတွေစားတဲ့ နေ့လယ်စာပဲ ... စွပ်ပြုတ်အရင်သောက်လေ ... အဲ့ဒါက အစာအိမ်အတွက်ကောင်းတယ်လို့ ကြားဖူးတယ် ..."


" ကောင်းပါပြီ ..."


အနည်းငယ် စကားစမြည်ပြောပြီးသည့်နောက် ယွမ်ရှက သူဖုန်းခေါ်ရသည့် ရည်ရွယ်ချက်ကို ပြောလိုက်သည်။

" အမ် ... စုန့်ထင်ရှန်း ကျွန်မရှင်နဲ့ ဆွေးနွေးချင်တာလေးရှိတယ် ... ကျွန်မ မန်နေဂျာကို သောကြာနေ့အတွက် ခွင့်တောင်းလိုက်ပေမယ့် အဲ့ရက်မှာ အလုပ်များမှာမို့ ခွင့်ယူလို့မရဘူး ..."


စုန့်ထင်ရှန်း အနည်းငယ် အံ့အားသင့်သွားသည်။

" ခွင့်ယူလို့ မရဘူးလား ... ကိုယ်က မင်းအလုပ်မရှုပ်ဘူး ထင်နေတာ ..."


ရိုးသားစွာပြောရလျှင် စုန့်ထင်ရှန်းက ဤကုမ္ပဏီအကြောင်း နောက်ကွယ်တွင်စုံစမ်းခဲ့ပြီး တစ်စုံတစ်ရာမှားယွင်းမှုမရှိကြောင်းသိခဲ့ရသော်လည်း တစ်ခါတစ်ရံတွင် လောကကြီးအပေါ်  သူ၏နားလည်မှုများကို ပြန်သုံးသပ်နေမိသည်။

ကုမ္ပဏီကို ဒီဘိုလည်ပတ်နေတဲ့လူတွေ ရှိသေးတာလား ... ဝန်ထမ်းတွေကို လုပ်အားခအမြင့်ဆုံး ပေးထားပြီး အလုပ်တွေလည်း အရမ်းမခိုင်းပဲ စိတ်အေးလက်အေးနေခိုင်းတယ် ... ပြီးတော့ ယွမ်ရှပြောဖူးတာ ဧည့်ကြိုက နေ့လယ်ခင်းလက်ဖက်ရည်သောက်ချိန်အတွက်တောင် သောက်စရာမျိုးစုံမှာပေးတယ်တဲ့ ...


စီးပွားရေးလုပ်ငန်းရှင်များအတွက် အကျိုးအမြတ်ကသာ ပထမဆုံးဖြစ်သဖြင့် ကုမ္ပဏီတစ်ခုကို မည်သူမျှ သူများအတွက် ပေးကမ်းစွန့်ကြဲရန်အတွက် တည်ထောင်ထားခြင်းမဟုတ်ကြောင်း သူယခင်က ပြောခဲ့ဖူးသည်။ 


" ဟုတ်တယ် ဒါပေမဲ့ ကျွန်မ တာဝန်ယူထားရတဲ့ဖောက်သည်က သောကြာနေ့မှာ ရုံးကိုလာမယ်တဲ့ ... အဲ့ဒါကြောင့် အဲ့နေ့မှသေချာပေါက်ရုံးပျက်လို့ မရဘူး ... ကျွန်မ ဘယ်လိုလုပ်ရမလဲဟင် ... ဝမ်လေးကို ကတိပေးထားပြီးပြီ ... သူကတော့ ကျွန်မကို ကတိမတည်တဲ့သူလို့ ထင်သွားတော့မှာပဲ ..."


" မင်း ကျဉ်းထဲကြပ်ထဲ ရောက်နေတာပေါ့ ..."

စုန့်ထင်ရှန်းက စွပ်ပြုတ်တစ်ငုံသောက်လိုက်သည်။ သူ၏ အမူအယာက အလွန်တည်ကြည်နေသည်။


" အလုပ်ကလည်း ခွင့်ယူလို့ မရသလို မိဘနဲ့ကလေး လှုပ်ရှားမှုမှာ ပါဖို့အတွက်နဲ့လည်း အလုပ်ထွက်လိုက်လို့ မရဘူး ... ဝမ်လေးက ဂျီကျတတ်တဲ့ကလေး မဟုတ်ပါဘူး ... သူနဲ့ သေချာစကားပြောလိုက်ရင် နားလည်ပေးမှာပါ ... ဒါပေမဲ့ အပေးအယူတစ်ချို့တော့ တောင်းဆိုလိမ့်မယ် ... ဥပမာ ရုံးပိတ်ရက်မှာ သူနဲ့တူတူ အပြင်သွားပေးတာမျိုးပေါ့ ..."


" သူ ဘာပဲပြောပြော ကျွန်မသဘောတူပေးမှာပါ ..."


ယွမ်ရှထံတွင်လည်း အလားတူ ကလေးဘဝရှိခဲ့ဖူး၍ ဝမ်လေး၏အမြင်ဘက်မှ တွေးပေး‌နိုင်သည်။ ဥပမာအားဖြင့်ပြောရလျှင်  သူမမိဘများက ကစားကွင်းကို ခေါ်သွားပေးမည်ဟု ကတိပေးထားသောနေ့တွင် ကိစ္စတစ်စုံတစ်ရာ ပေါ်လာခဲ့သည်။ လူကြီးများအထင်တွင် ကလေးများက အရာရာတိုင်းကို ရက်အနည်းငယ်အတွင်း မေ့လွယ်သည်ဟု ထင်ထားတတ်သော်လည်း အမှန်တွင် ကတိများကိုဖောက်ဖျက်သည့် အကြိမ်ရေ တိုးလာလေ ကလေးများက လူကြီးများကို ယုံကြည်မှု မရှိတော့လေဖြစ်သည်။


စုန့်ထင်ရှန်းပြောလိုက်သည်။

" အရမ်းစိတ်မညစ်ပါနဲ့ ... ကိုယ်လည်း ဝမ်လေးကို ပြောပေးပါ့မယ် ... သူမင်းကို စိတ်မပျက်သွားအောင် သေချာပြောပေးပါ့မယ် ..."


" ကျေးဇူးတင်ပါတယ် ..."


" ဒါပေမဲ့ ..."

စုန့်ထင်ရှန်းက ရုတ်တရက် စကားလမ်းကြောင်းလွှဲလိုက်သည်။


" ကိုယ် မင်းနဲ့ဆွေးနွေးချင်တာတစ်ခုရှိတယ် ..."


xxxxxx