Chapter 204
" ဘာများလဲ ..."
" ကိုယ့်ကို ခေါ်တဲ့ အသုံးအနှုန်းကို ပြောင်းပေးပါလား ... အမြဲတမ်း နာမည်အပြည့်အစုံကြီး ခေါ်တယ်လေ ..."
သူပြောချင်တယ်ဆိုတာ ဒါလား ...
ယွမ်ရှက အကြောင်းပြချက်ခိုင်လုံသည်။
" ရှင်လည်း ကျွန်မကို နာမည်အပြည့်အစုံခေါ်တာပဲလေ ..."
" အဲ့ဒါကြောင့် ကိုယ်က မင်းနဲ့ဆွေးနွေးမယ်လို့ ပြောတာပေါ့ ..."
စုန့်ထင်ရှန်းက ခဏရပ်ပြီး ပြောလိုက်သည်။
" ရှရှ..."
သူက ထိုနေရာတွင် မရှိသည့်အတွက် သူမ၏ အမူအယာကို မမြင်နိုင်သည့်အတွက် ယွမ်ရှအလွန်အမင်းရှက်သွားသည်ကို ဖုံးကွယ်ရန် မလိုအပ်တော့ပေ။
သူမ၏ အားနည်းချက်ကို လာထိလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ ယွမ်ရှက ရုပ်ရည်နှင့် စကားသံများအပေါ်တွင် အကြောင်းအရင်းမရှ်ိ အားနည်းချက်ရှိသူမျိုးဖြစ်သည်။ သူမက အတွေ့အကြုံမရှိသူတစ်ယောက် မဟုတ်ပေ။ ယျေဘုယျအားဖြင့် ချိုသာေသာအသံရှိသည့် ယောက်ျားများက ဆွဲဆောင်မှုမရှိသော်လည်း စုန့်ထင်ရှန်းက ချွင်းချက်ဖြစ်သည်။
သူမ မျက်နှာက အလွန်နီရဲသွားသော်လည်း အသံက တည်ငြိမ်နေဆဲဖြစ်သည်။
" ဒါဆိုရင် ရှင့်ကိုရော ဘယ်လိုခေါ်ရမလဲ ... ဝမ်လေးအဖေလား ..."
ယွမ်ရှ သူ့ကို ထိုသို့ခေါ်မည်ကို စုန့်ထင်ရှန်း သဘောမကျပေ။ သို့သော်လည်း မျက်နှာမပျက်စေပဲ သဘောမကျသည့် လေသံဖြင့်သာ ပြောလိုက်သည်။
" ကိုယ့်ရဲ့ မျိုးရိုးနာမ်ပဲ ဖယ်ပြီးခေါ်ပါ ..."
" ထင်ရှန်း လား ..."
" အမ်း..."
—
အလုပ်မှ ပြန်လာပြီးသည့် အိမ်ပြန်ရောက်ချိန်တွင် ယွမ်ရှက ဝမ်လေးကို အလိုလိုက်အကြိုက်ဆောင်ရတော့သည်။ သူမ ဝမ်လေးကို ပွေ့ဖက်နမ်းရှုံ့ပြီး သူကြိုက်သည့် ကြက်တောင်ပံလည်း ချက်ကျွေးထားသည်။
ဝမ်လေးက ကြက်တောင်ပံကိုစားနေစဉ်မေးလိုက်သည်။
" မာမား ... သားကို တစ်ခုခုပြောမယ်ဆို ဒီတိုင်းပဲပြောလိုက်ပါ ..."
ဒီကလေးကတော့ ...
စုန့်ထင်ရှန်းလည်း ရောက်လာပြီး ယွမ်ရှအတွက် ပြောပေးရန်ပြင်လိုက်သည်။ သူက ဝမ်လေး၏ခေါင်းကို ခပ်ဖွဖွပုတ်လိုက်သည်။
" မာမားက သောကြာနေ့လုပ်မယ့် မိဘနဲ့ကလေးလှုပ်ရှားမှုမှာ မပါနိုင်တော့ဘူး... အဲ့နေ့ အလုပ်မှာ အရေးကြီးကိစ္စရှိလို့ အလုပ်ပျက်မရတာတဲ့ ... မာမားက သားနဲ့တကယ်လိုက်ချင်တာပါ ... မာမားကို အပြစ်မတင်ရဘူးနော် ..."
ဝမ်လေးကိုင်ထားသည့် ကြက်တောင်ပံပြုတ်ကျပြီး စားပွဲပေါ်ရောက်သွားသည်။ သူ၏ နှုတ်ခမ်းများတွင် ငရုတ်ဆီနှင့် ဆီများပေကျံနေသော်လည်း သူ၏ဝမ်းနည်းနေသည့် အမူအယာကို ဖုံးလွှမ်းမထားနိုင်ပေ။
" မာမား သားကိုကတိပေးထားတယ်လေ ..."
ယွမ်ရှ အလျင်အမြန်ရှင်းပြရတော့သည်။
" မာမား မှားတာပါ ... တကယ်ဆို ကလေးလေးကို ကတိမပေးခင် သေချာအောင်လုပ်ရမှာ အဲ့လို ထပ်မဖြစ်တော့ပါဘူး ..."
" မာမား သားကိုကတိပေးထားတယ်လေ ..."
သူက အသံသွင်းစက်ကဲ့သို့ ထိုစကားများကိုသာ ထပ်ပြောနေသည်။
ယွမ်ရှ ပို၍ပင် အပြစ်မကင်းလို ခံစားလာရသည်။
" စုန့်ရှု့ယန် ..."
စုန့်ထင်ရှန်းက ရုပ်တည်ကြီးဖြင့် ခေါ်လိုက်သည်။
" မာမားက မင်းကိုတောင်းပန်ပြီးပြီလေ ... သူမ မှားသွားတာဟုတ်ပါတယ် ... ဒါပေမဲ့ လူကြီးတွေမှာလည်း လူကြီးတွေလုပ်ရမယ့်အလုပ် ရှိတယ်လေ ... မာမားလည်း သားရဲ့ကျောင်းကို လာချင်တာပေါ့ ဒါပေမဲ့ အဲ့နေ့ အလုပ်ပျက်လို့ မရဘူးလေ ... မာမားကို စိတ်မကောက်ရဘူး အပြစ်လည်း မတင်ရဘူးလေ ... မင်း ဒီလိုလုပ်ရင် မာမားစိတ်မကောင်းဖြစ်သွားမှာပေါ့ ..."
ဝမ်လေးက ခေါင်းငုံ့ပြီး စကားထပ်မပြောတော့ပေ။
ယွမ်ရှက မိခင်တစ်ယောက်ဖြစ်လာသည်မှာ အချိန်တိုတစ်ခုခန့်သာရှိသေး၍ ကလေးများအား သွန်သင်ဆုံးမသည့်နေရာတွင် လူသစ်လေးတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ သို့ရာတွင် သူမက မည်မျှအတွေ့အကြုံမရှိသူတစ်ယောက်ဖြစ်နေပါစေ လူကြီးဟူသော အကြောင်းပြချက်ဖြင့် ကတိဖျက်သည်ကို ကလေးက လက်ခံရမည်ကို သဘောမကျပေ။
ဝမ်လေးက ခဏခန့် စိတ်ပျက်သွားလိမ့်မည်ဟု တွေးလိုက်သော်လည်း ကလေးလေးက ပန်းကန်ပြားပေါ်မှ ကြက်တောင်ပံကို ယူစားလိုက်သဖြင့် သူမ အံ့အားသင့်သွားမိသည်။
သူက လေသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။
" သား မာမားကို အပြစ်မတင်ပါဘူး ... ဒါပေမဲ့ သားကို ကတိတစ်ခုပေးပါလား ..."
" ဘာများလဲ မာမားလုပ်နိုင်တာဆိုရင် သေချာပေါက် သဘောတူမှာပေါ့ ... မာမားက ကတိဖျက်မိတဲ့လူပဲလေ ..."
ဝမ်လေး၏ တုံ့ပြန်မှုကြောင့် စုန့်ထင်ရှန်းနှင့် ယွမ်ရှတို့ စိတ်အေးသွားကြသည်။ သူတို့သားလေးက ကျိုးကြောင်းဆီလျော်စွာစဉ်းစားတတ်ပြီး စကားပြောရလွယ်သည်ဟု တွေးလိုက်မိသော်လည်း ထိုအတွေးက သိပ်မကြာလိုက်ပေ။
ဝမ်လေးက သူမတို့နှစ်ယောက်ကိုကြည့်ကာ ချွဲနွဲ့သည့်အသံလေးဖြင့် ပြောလိုက်သည်။
" သားဒီည မာမား ပါပါးတို့နှစ်ယောက်နဲ့ တူတူအိပ်ချင်တယ် ..."
စုန့်ထင်ရှန်း : “…”
ယွမ်ရှ : “…”
xxxxxx