အပိုင်း (၂၀၅)
Viewers 31k

Chapter 205


ဤကလေးလေးကို အရူးလုပ်ရန် တဖြည်းဖြည်း ခက်ခဲလာခဲ့သည်။ 


ဝမ်လေးက ဤသို့တောင်းဆိုလာသည့်အတွက် စုန့်ထင်ရှန်းကခဏခန့် လေးနက်စွာတွေးတောနေလိုက်သည်။ ဝမ်လေးက သူ၏မိဘများအဆင်ပြေစွာနေထိုင်လာပုံက တခြားမိဘများနှင့် ကွဲပြားနေသည်ဟု သဘောပေါက်ထားပုံရသည်။ သူငယ်တန်းမှ အခြားကလေးများက မိဘများနှင့် အတူတူအိပ်ရသည်က မည်မျှနွေးထွေးကောင်းမွန်သည်ကို ကြားလာပြီး မနာလိုဖြစ်နေပုံပေါ်သည်။


ဤတောင်းဆိုချက်၏နောက်ကွယ်မှ အကြောင်းပြချက်က မည်သို့ပင်ဖြစ်စေ စုန့်ထင်ရှန်းနှင့်ယွမ်ရှက ဤသို့သော အခြေအနေအောက်တွင် မည်သို့မျှ မငြင်းဆိုနိုင်ပေ။



ထိုညက စုန့်ထင်ရှန်းက ကုတင်ဘေးတွင် ခေါင်းအုံးတစ်လုံးကိုင်ကာ ရပ်နေပြီး ဘာလုပ်ရမည်မသိတော့ပေ။ 


ဝမ်လေးက ချစ်စရာကောင်းသော ညဝတ်အင်္ကျီဝမ်းဆက်လေးကိုဝတ်ကာ အိပ်ရာ၏အလယ်တွင် လှဲနေသည်။ သူ့ကိုကြည့်ရသည်မှာ စိတ်လှုပ်ရှားပြီး မျှော်လင့်တကြီးဖြစ်နေပုံရသည်။


" ပါပါး ကုတင်ပေါ်တက်လာပြီး အိပ်တော့လေ ... မာမားက အသားအရည်ထိန်းသိမ်းတာတွေ လုပ်နေတုန်းထင်တယ် ..."


ဝမ်လေး၏ လှုံ့ဆော်မှုကြောင့် စုန့်ထင်ရှန်း ကုတင်ပေါ်တွင်လှဲလိုက်သည်။ စိတ်ထဲတွင် နေရခက်နေသောကြောင့် သူ့ကိုကြည့်ရသည်မှာ သက်တောင့်သက်သာရှိပုံမပေါ်ပေ။ ကုတင်အစွန်းဘက်တွင်ဟာ တောင့်တောင့်ကြီးအိပ်နေသည်။ အကယ်၍ အနည်းငယ်လှုပ်လိုက်မိပါက ကုတင်ပေါ်မှ ပြုတ်ကျသွားနိုင်သည်။


၎င်းက ၁.၈မီတာ အကျယ်ရှိသော ကုတင်ကြီးတစ်ခုဖြစ်ပြီး ထိုသို့အိပ်နေခြင်းက သူ့ကိုယ်သူခက်ခဲအောင် လုပ်နေခြင်းသာဖြစ်သည်။


ယွမ်ရှလည်း သူ့ထက်ပို၍ သက်တောင့်သက်သာဖြစ်မနေခဲ့ပေ။ သူမက မှန်တင်ခုံရှေ့တွင်ထိုင်ပြီး skincareအလွှာများကို တစ်ထပ်ပြီးတစ်ထပ် လိမ်းနေမိသည်။


ဝမ်လေးထံမှ ကလေးအနံ့နှင့် ယွမ်ရှ၏ skincareများမှ ရနံ့တို့ဖြင့် အခန်းထဲမှလေ၏ ရနံ့က အလွန်ကောင်းမွန်နေသည်။  


ဝမ်လေးက စုန့်ထင်ရှန်းဘက်ကိုလှည့်ကာ အသံတိုးတိုးဖြင့် ကျီစယ်လိုက်သည်။


" မာမားက ညတိုင်း skincareကို အကြာကြီး အကြာကြီးလုပ်တတ်တယ် ...ဒါပေမဲ့ သားတို့ စိတ်ရှည်ရှည်နဲ့စောင့်မှဖြစ်မယ် ... မဟုတ်ရင် မာမားမပျော်ပဲနေလိမ့်မယ် ..."


" ပါပါးသိပါပြီ ..."

စုန့်ထင်ရှန်းက စီနီယာအတန်းဖော်ဖြစ်သော ဝမ်လေးဆီမှ သင်ယူနေသော ဂျူနီယာကျောင်းသားလေးနှင့် တူနေသည်။


" မာမားက အမြဲတမ်း မွှေးနေတာပဲ ... မာမားရဲ့ skincareပစ္စည်းတွေကလည်းမွှေးတယ် ..."


ဝမ်လေးက သူ၏လက်ဖောင်းဖောင်းလေးကိုစုန့်ထင်ရှန်း၏ နှာခေါင်းနှင့်ထိလိုက်သည်။

" မာမားက သားဖို့ baby lotionဝယ်လာပေးတယ် ... မမွှေးဘူးလား ..."


" အမ် ... မွှေးတာပေါ့ ..."


" မာမားက ပါပါးအတွက် မဝယ်ပေးလို့ စိတ်မဆိုးရဘူးနော် ... ‌ပါပါးက လူကြီးဆိုတော့ ပိုက်ဆံရှိတော့ ကိုယ့်ဘာသာဝယ်လို့ရတယ် ..."


စုန့်ထင်ရှန်းက ဤသို့သာပြောနိုင်တော့သည်။

" အင်းပါ ပါပါးဘာသာဝယ်လိုက်ပါ့မယ် ..."


ယွမ်ရှက skincareများ တစ်လွှာပြီးတစ်လွှာလိမ်းနေသည်ကိုကြည့်ပြီး သူမ သက်တောင့်သက်သာဖြစ်မဖြစ်မေးကြည့်ချင်လာသည်။

မျက်နှာပေါ်မှ အများကြီးလိမ်းထားတော့ မွန်းကြပ်မနေဘူးလား ...


ထိုအချိန်တွင် ယွမ်ရှက သူမ၏ skincareများကို လိမ်းပြီးသွားရင် အိပ်ရာသို့ရောက်လာချိန်တွင် ညကိုးနာရီထိုးလုပြီဖြစ်သည်။


ဝမ်လေးက သူ၏အဖေနှင့် အမေကြားတွင်အိပ်ရသည်ကို အလွန်ကံကောင်းသည်ဟု ခံစားနေရသည်။ သူ မနက်ဖြန်ကျောင်းသွားလျှင် ကျောင်းမှလူအားလုံးကို သူ့မိဘများနှင့် တူတူအိပ်ခဲ့ကြောင်း ပြောပြနိုင်တော့မည်ဖြစ်သည်။

အားလုံးပြောသလိုပဲ အိပ်လို့ကောင်းပြီး သက်တောင့်သက်သာရှိလိုက်တာ ပျော်စရာကြီး ..."


ဝမ်လေးက အမြဲအိပ်ချိန်မှန်ပြီး ယွမ်ရှအိပ်ရာပေါ်မရောက်မီတွင် အမြဲအိပ်ပျော်သွားတတ်သည်။ သူ၏ရင်ဘတ်က ပိန်လိုက်ဖောင်းလိုက်ဖြစ်နေကာ အနည်းငယ်ဟောက်နေသည်။ ကလေးများ၏ဟောက်သံက လူကြီးများနှင့် အလွန်ကွဲပြားသည်။ သူတို့၏ဟောက်သံက အလွန်တိတ်ဆိတ်ပြီး ဘေးနားမှလူများကို အနှောင့်အယှက် မပေးပေ။ 


စုန့်ထင်ရှန်းနှင့်ယွမ်ရှက သူ၏ဘေးတွင်လှဲနေသည်။ ကလေးလေးက သူတို့ကြားတွင်လှဲနေသော်လည်း ငယ်ရွယ်သော ကလေးပေါက်စလေးဖြစ်သည့်အပြင် အရွယ်အစားလည်း သေးငယ်သောကြောင့် ထည့်မတွက်လျှင်ပင်ရသည်။ ၁.၈မီတာကျယ်သော ကုတင်က လူကြီးနှစ်ယောက်နှင့် ကလေးတစ်ယောက်လှဲလျောင်းရန် အဆင်ပြေလှသည်။


လူကြီးနှစ်ယောက်က တိတ်ဆိတ်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။ မူလက အနေရခက်နေသော်လည်း ကုတင်တစ်ခုတည်းတွင် လှနေကြသည်ဖြစ်၍ တစ်ယောက်က ရယ်သည့်အခါ နောက်တစ်ယောက်ကလည်း ရယ်လိုက်မိသည်။


" ကောင်းသောညပါ ..."


" ကောင်းသောညပါ ..."


စုန့်ထင်ရှန်းက ဝမ်လေး၏ညာဘက်ပါးကို နမ်းလိုက်ပြီး ယွမ်ရှက ဘယ်ဘက်ပါးကို နမ်းလိုက်သည်။


ထိုလုပ်ဆောင်ချက်နှစ်ခုက တစ်ချိန်တည်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။


ထိုညက မှိန်ပျပျအလင်းရောင်မှာ ပို၍ သက်တောင့်သက်သာ ဖြစ်နေသယောင် ထင်ရသည်။


xxxxxx