အပိုင်း (၂၀၆)
Viewers 31k

Chapter 206


ယွမ်ရှက အိပ်မရနိုင်ဖြစ်လိမ့်မည်ဟု ထင်ခဲ့မိသည်။ အဘယ့်ကြောင့်ဆိုသော် ယခင်ဘဝနှင့် ယခုဘဝတွင် ယောက်ျားလေးတစ်ယောက်နှင့် ကုတင်တစ်ခုတည်း အတူတူ မအိပ်ခဲ့ဖူးသောကြောင့်ဖြစ်သည်။

အထူးသဖြင့် သူမက မဆီမလျော်တွေတွေးနေတဲ့ ယောက်ျားတစ်ယောက်နဲ့ပေါ့ ...


သူမ ဤနေရာသို့ ကူးပြောင်းလာစဉ်က စုန့်ထင်ရှန်းကို စိတ်မယိုင်ဟု ရိုးသားစွာကျိန်ဆိုခဲ့မိသည်။ အဘယ့်ကြောက့်ဆိုသော် သူက သူမ၏ ခင်ပွန်းအစစ်မဟုတ်သောကြောင့်ဖြစ်သည်။ မူလပိုင်ရှင်၏ ခင်ပွန်းနှင့် ကလေးကို စိတ်သန့်သန့်ဖြင့် လက်ခံလိုက်ရန်က သူမအတွက် မဖြစ်နိုင်ခဲ့ပေ။ ထို့အပြင် ထိုအချိန်က သူမရရှိလိုက်သော ကြွယ်ဝမှုနှင့် အားလပ်ချိန်များဖြင့် ပျော်ရွှင်နေသည်ဖြစ်၍ ယောက်ျားများအားလုံးကို အတူတူဟုသာ သဘောထားခဲ့မိသည်။

ဒါဆိုရင် အခုချိန်မှ အချစ်ကိုဘာလို့ မျှော်လင့်နေမိရတာလဲ ... အရင်ကတော့ အခန်းဖော်အဖြစ်နေရတာလည်း အဆင်ပြေတယ်လို့ တွေးခဲ့မိတာလေ ...


ဤကမ္ဘာကြီးမှ လူများက အချစ်စစ်က ရှားပါးသည်ဟု မထင်ကြ၍ တန်ဖိုးမထားခြင်းဖြစ်သော်လည်း သူမက ငယ်ရွယ်သည့် မိန်းမပျိုလေးတစ်ယောက်သာဖြစ်သည်။ ထိုသို့သော အောင်မြင်ထူးချွန်‌သည့် ယောက်ျားတစ်ယောက်နှင့် နေ့တိုင်းတွေ့နေရသည့်အပြင် ထိုလူကလည်း သူမကို ရည်ရွယ်ချက်ရှိ၍ဖြစ်စေ မရှိ၍ဖြစ်စေ အမြဲစနောက်ကျီစယ်နေကျဖြစ်သည်။ သူမ သူ့ထံသို့ ပြေးဝင်မသွားရသည့် အဓိကအကြောင်းအရင်းမှာ နှစ်ပေါင်းများစွကြာအောင် သူမအမေ၏ " မိန်းကလေးတွေက ကလက်အောင်မနေပဲ ရှေးရိုးစွဲသင့်တယ် ..."ဟူသော တိုက်တွန်းလှုံ့ဆော်ခဲ့မှုများက သူမကို အနည်းငယ် သက်ရောက်နေသောကြောင့်ဖြစ်သည်။


မိန်းကလေးတွေက ရှေးရိုးစွဲသင့်တယ်တဲ့လား ...


အိုင်း ... ကျေးဇူးတင်ပါတယ် မားရေ ...


ယွမ်ရှက စုန့်ထင်ရှန်းကို ခိုးကြည့်လိုက်မိသည်။ လရောင်အောက်တွင် သူ၏ပိတ်ထားသောမျက်လုံးများကို မြင်နိုင်သော်လည်း သူက အိပ်မောကျနေခြင်း ဟုတ်မဟုတ်ကို သူမ မသိနိုင်ပေ။


ဒါက အသက်သုံးဆယ်ကျော် ယောက်ျားတစ်ယောက်နဲ့ အသက်နှစ်ဆယ်ကျော် ‌မိန်းမတစ်ယောက်ကြားက ကွာခြားချက်များလား ... သူမက သူ့ကြောင့်အိပ်မရဖြစ်နေတုန်း သူကတော့ တည်ငြိမ်နေတယ်ပေါ့ ... သူမက သူ့ကြောင့် နေရခက်နေမှာကို စိုးရိမ်လို့လည်း ဖြစ်နိုင်တယ် ...


သူမ အိပ်မပျော်နိုင်သည့်အတွက် ဦးနှောက်ထဲတွင် ပုံပြင်ပေါင်းစုံက လည်ပတ်နေသည်။ ထိုပုံပြင်များထဲတွင် သူမက အမျိုးသမီးဇာတ်ဆောင်ဖြစ်နေသည်။ တစ်ခါတစ်ရံတွင် အမျိုးသားဇာတ်ဆောင် ပါမလာမီသူမအိပ်ပျော်သွားတတ်သည်။


ထိုညက သူမ၏စိတ်ကူးယဉ်အိမ်မက်များက အလွန်စိတ်ကျေနပ်စရာဖြစ်သည်။


သူမ၏ ပုံပြင်ထဲတွင် သူမက မြင့်မြတ်ထည်ဝါ၍ သိမ်နေမွေ့သောမိန်းမပျိုလေးတစ်ယောက် ဖြစ်နေပြီးစုန့်ထင်ရှန်းက သူမကို နည်းလမ်းပေါင်းစုံသုံး၍ လိုက်ခဲ့သည်။


သူက သူမကို ချစ်ခင်ကြောင်း ဝန်မခံမီအချိန်မှာပင် ယွမ်ရှက အိမ်မက်ကမ္ဘာထဲ ရောက်သွားခဲ့သည်။


စုန့်ထင်ရှန်း၏ နားထဲတွင် ဖြည်းဖြည်းမှန်မှန် အသက်ရှုသံများကို ကြားရသည်။ ၎င်းအသံက ဝမ်လေးထံမှ သို့မဟုတ် သူမထံမှ ဖြစ်သည်ကို သူသိပေ။ စုန့်ထင်ရှန်း မျက်လုံးများဖွင့်ကာ မျက်နှာကျက်ကို ကြည့်လိုက်သည်။ တစ်ဖက်သို့ ခေါင်းလှည့်ကြည့်လိုက်သည့်အခါ ယွမ်ရှက မျက်လုံးများမှိတ်ကာ အိပ်မောကျနေပြီဖြစ်သည်။


သူမက ဤသို့သောအခြေအနေကြားမှာပင် ကောင်းကောင်းအိပ်ပျော်နိုင်သည်အထိ ငယ်ရွယ်လွန်းနေ၍ စုန့်ထင်ရှန်း အနည်းငယ် မနာလိုဖြစ်မိသည်။


သူ၏နှာသီးဖျားတွင်လည်း သူမ၏ရနံ့ဖြင့် ပြည့်နေသည်။ နှစ်အနည်းငယ်အကြာက ထိုညကို ပြန်လည်ရောက်ရှိသွားသကဲ့သို့ စုန့်ထင်ရှန်း ခံစားလိုက်ရသည်။


မဟုတ်သေးဘူး ... ဒီညက အဲ့လိုမှ မဟုတ်တာ ...


ထိုညက သူ့စိတ်အလိုလိုက်ခဲ့မိပြီးသော်လည်း ထိတ်ထိတ်ပျာပျာဖြစ်မနေခဲ့ပေ။ ယနေ့ညတွင်မူ သူတို့နှစ်ယောက်အကြားတွင် ထူးထူးခြားခြား မဖြစ်ခဲ့သော်လည်း သူ့ကိုယ်သူတည်ငြိမ်‌အောင်ထိန်းချုပ်ရန် ခက်ခဲနေမိသည်။


သူမည်မျှကြာသည်အထိ အိပ်မပျော်နိုင်ဖြစ်နေသည်ကို မသိလိုက်ပေ။ သူ့စိတ်ထဲတွင် ပင်ပန်းနေသော်လည်း မျက်လုံးများမှိတ်လိုက်ချိန်တွင် အိပ်မပျော်နိုင်သေးပေ။ သို့ဖြစ်၍ အိပ်ရာမှဖြည်းဖြည်းထလိုက်ပြီး ယွမ်ရှနှင့်ဝမ်လေးကို စောင်သေချာခြုံပေးလိုက်သည်။ ကုတင်၏အခြားတစ်ဖက်ကို လျှောက်သွားလိုက်သည့်အခါ သူမက နှစ်ခြိုက်စွာအိပ်မောကျနေသောကြောင့် လူတစ်ယောက်က သူမကို လေးလေးနက်နက်ကြည့်နေသည်ကိုပင် သတိမပြုမိနိုင်ဖြစ်နေသည်ကို မြင်လိုက်ရသည်။


စုန့်ထင်ရှန်းက သူမ၏ပါးပြင်ကို ညင်သာစွာထိလိုက်သော်လည်း ဓာတ်လိုက်သွားသကဲ့သို့ လက်ကိုအမြန်ပြန်ရုတ်လိုက်သည်။


အဆုံးတွင် ကုတင်၏တစ်ဖက်ခြမ်းသို့ ဝိရောဓိဖြစ်နေသော စိတ်အခြေအနေဖြင့် ပြန်လျှောက်သွားလိုက်သည်။


အတိတ်ကာလကဆိုလျှင် သူ ယွမ်ရှကို blind dateတွင် တွေ့ဆုံခဲ့သော တစ်စုံတစ်ယောက်ကဲ့သို့သာ ဆက်ဆံခဲ့မိသည်။

အခု သူမအပေါ်ခံစားချက်တွေက မေတ္တာတရားအဖြစ် အသွင်ပြောင်းနေပြီဆိုတော့ သူဘာဆက်လုပ်သင့်လဲ ...


xxxxxx