အပိုင်း (၂၀၇)
Viewers 31k

Chapter 207


လီကျင်းက သူမအခန်းထဲတွင်ထိုင်ပြီး မိသားစုဓာတ်ပုံအယ်လ်ဘန်ကို ကြည့်နေမိသည်။ သူမတို့ မိသားစူက နှစ်တိုင်းနီးပါး မိသားစုဓာတ်ပုံ ရိုက်ဖြစ်ကြသည်။


ယခုအခါ သူမအစ်ကိုက တတ်နိုင်သရွေ့ အိမ်တွင်သာ အလုပ်လုပ်သည်။ သူမ၏ ယောင်းမက ဘာမှမပြောသော်လည်း သူတို့ကိုပြဿနာဖြစ်စေသည့်အတွက် လီကျင်းကို မကျေမနပ်ဖြစ်နေကြောင်း ခံစားမိနိုင်သည်။


သူမ ယ‌နေ့တွင် ရုံးသွားရမည်ဖြစ်သည်။ သူမက ရုံးသို့ အလုပ်လုပ်ရန်သွားမည်မဟုတ်ပဲ အလုပ်ထွက်စာတင်ရန် သွားရမည်ဖြစ်သည်။ 


အစ်ကိုဖြစ်သူ၏ ပင်ပန်းနေသောပုံစံနှင့် သူမယောင်းမက သူမကိုစက်ဆုပ်နေသည့်ပုံကို မ‌နည်းတောင့်ခံနေရသည်ကိုကြည့်ပြီး သူမကိုယ်သူမ ရယ်စရာကောင်းသည့်လူတစ်ယောက်ဟု ထင်လာမိသည်။ သူမအစ်ကိုက သူ့သူငယ်ချင်းကိုသာ ခေါင်းထဲရှိသည်မှာ သိသာလှသော်လည်း သူမအစ်ကိုကို အကြပ်ကိုင်ရန်အတွက် ထိုသို့သော ကြောက်စရာကောင်းသည့် အကြံတစ်ခုကို စဉ်းစားခဲ့မိသည်။


အမှန်တွင် သူမ တကယ်သေချင်ခဲ့သည်မဟုတ်ပဲ ဆေးများမျိုချလိုက်ချိန်တွင် ဝမ်းနည်းပူဆွေးခဲ့သည်။ ဤကမ္ဘာပေါ်တွင် မည်သူမျှ သူမကို နားမလည်ပေးနိုင်ဟုထင်ခဲ့မိသည်။

တစ်ခြားမိန်းမ‌တစ်ယောက်ရဲ့ နေရာကို လုယူချင်နေတယ်လို့ထင်ကြမလား ... အိမ်ထောင်ရှိ ယောက်ျားတစ်ယောက်ကိုရော ဘယ်သူက လိုချင်မှာတဲ့လဲ ... ကိုယ့်စိတ်ကိုယ် ထိန်းချုပ်နိုင်ခဲ့ရင်တော့ ကောင်းတာပေါ့ .. 


သူမ မန်နေဂျာကို ဖုန်းဆက်လိုက်သည့်အခါ မန်နေဂျာက သူမကို အိမ်တွင်သာအနားယူရန်ပြောခဲ့ပြီး ကုမ္ပဏီမှ သူမကို အလုပ်ထုတ်လိုက်ပြီဖြစ်ကြောင်းအရိပ်အမြွက် ပြောပြခဲ့သည်။ ကုမ္ပဏီက လုပ်အားခပေးရန်လည်း တွက်ကပ်မနေခဲ့ပေ။ လက်ရှိအချိန်တွင် သူမ အလွန်နောင်တရပြီး ပင်ပန်းနေသည်။ စုန့်ကော်ပိုရေးရှင်းတွင် ဆက်နေရန် အဘယ့်ကြောင့်ခေါင်းမာမိသည်ကိုလည်း မသိတော့ပေ။


အစမှအဆုံးအထိ စုန့်ထင်ရှန်းက သူမကို စိတ်မဝင်စားခဲ့ကြောင့် သူမကိုယ်တိုင်သာ အသိဆုံးဖြစ်သည်။ သူနှင့် သိကျွမ်းခဲ့သည်မှာ အချိန်ကြာမြင့်ပြီဖြစ်သော်လည်း အခြားဝန်ထမ်းများထက်ပို၍ မျက်နှာသာပေးသည့် အပြုအမူများလည်း မရှိခဲ့ပေ။


မဟုတ်သေးဘူး ... ထူးခြားတာ တစ်ခုတော့ရှိတယ် ... သူ့လိုလူမျိုးက သူမအစ်ကိုကို သူမရည်ရွယ်ချက်တွေ‌အကြောင်း တိုက်ရိုက်ပြောပြလိုက်တယ်ဆိုတော့ သူမကြောင့် စိတ်အနှောင့်အယှက်ဖြစ်ပြီး သူမကို လုံးဝမမြင်ချင်တော့ဘူးဆိုတဲ့ သဘောပဲပေါ့ ...သူမအစ်ကိုကို ဒီကိစ္စကိုင်တွယ်ခိုင်းလိုက်တော့ သူမနဲ့ မပတ်တက်ရတေ့ာဘူးပေါ့ ...


လီကျင်း‌ သေခြင်းတရားကိုကြောက်ရွံ့သွားခဲ့ပြီး မိဘများနှင့် ထပ်မံမတွေ့ရတော့မည်ကိုလည်း ကြောက်သွားခဲ့သည်။ သန့်ရှင်းလတ်ဆတ်သောလေကို ထပ်မရှုရတော့မည့်အကြောင်း တွေးလိုက်ရုံဖြင့် ကြောက်လန့်လာရသည်။ သူမက အချစ်တစ်ခုတည်းကို မျက်စိစုံမှတ်ယုံကြည်ခဲ့ပြီး တစ်ဖက်လူအတွက် မိဘများနှင့် အရာအားလုံးကိုပါစွန့်လွှတ်ပြီး ဤကိစ္စကို ပြုလုပ်ခဲ့သော်လည်း ဘာမှဖြစ်မလာခဲ့ပေ။


ဒီတိုင်းပဲ ထားလိုက်ပါတော့မယ်လေ ...


သူမ အလွန်ကြောက်မိသွားပြီဖြစ်သည်။ ဤကဲ့သို့သော တစ်ဖက်သက်အချစ်ကို သူမ တောင့်မခံနိုင်ပေ။ 


လီယွမ်ဟန့် တံခါးခေါက်လိုက်သည်။ သူမ တစ်ဖက်သို့လှည့်ကာ အစ်ကိုဖြစ်သူကို ပြုံးပြလိုက်သည်။ သူမမျက်နှာက ဖြူဖျော့နေဆဲဖြစ်သည်။


" အစ်ကိုကြီး ဟိုတစ်ခါပြောပြဖူးတဲ့ ကုမ္ပဏီမှာ ကျွန်မနဲ့အဆင်ပြေတဲ့ရာထူးရှိသေးလား ... ကျွန်မ အလုပ်သစ်ရှာချင်တယ် ..."



ဝမ်လေးက အပေါ့သွားချင်သောကြောင့် အိပ်ရာမှနိုးလာခဲ့သည်။ ယမန်နေ့ညက နွားနို့နှင့် အချိုရည်များစွာ သောက်မိခဲ့သည်။ သူက ယခုအခါ သူငယ်တန်းရောက်နေပြီဖြစ်၍ diaperလည်း မဝတ်တော့ပေ။ အိပ်ရာထဲတွင် ရှူးမပေါက်ချတော့သည်မှာ ကြာလှပြီဖြစ်ကြောင်းကို ဂုဏ်ယူစွာဖြင့် ပြောနိုင်နေပြီဖြစ်သည်။


ယွမ်ရှက ကောင်းမွန်စွာသင်ကြားပေးထား၍ ဝမ်လေးက မည်သူမှ မနိုးသွားစေရန် အိပ်ရာမှ ခပ်ဖွဖွသာထလိုက်သည်။ မနက်အစောကြီးသာဖြစ်၍ ယွမ်ရှလည်း မနိုးသေးပေ။ အအိပ်ဆတ်သော စုန့်ထင်ရှန်းသည်ပင် သန်းခေါင်ကျော်မှ အိပ်ပျော်သွား၍ မနိုးသေးပေ။ ဝဝကစ်ကစ်ကလေးလေးက အိပ်ရာမှထ၍ ရေချိူးခန်းထဲသို့ ခြေဗလာဖြင့် ပြေးသွားသည်ကို သူတို့နှစ်ယောက်လုံး မသိလိုက်ကြချေ။ 


ဝမ်လေး ရေချိုးခန်းထဲမှ ထွက်လာသည့်အခါ သူ့မိဘများက အိပ်မောကျနေဆဲဖြစ်ပြီး ယွမ်ရှက သူ့နေရာဖြစ်သည့် ကုတင်အလယ်ကိုရောက်နေကြောင်း တွေ့လိုက်ရသည်။


သူက မိဘနှစ်ယောက်လုံးကြားတွင် အိပ်ချင်သော်လည်း သူ့အမေအိပ်နေသည်ကို မနှိုးရက်ပေ။ သူ့အမေက အိပ်နေစဉ် တစ်စုံတစ်ယောက်က လာနှိုးပါက ဒေါသထွက်တတ်သည်ဖြစ်၍ ဖြစ်လာမည့်အကျိုးဆက်များကိုတွေးပြီး သူမကို မနှိုးတော့ပေ။


အဆုံးတွင် ဝမ်လေးက ကုတင်ပေါ် ပြန်မတက်တော့ပေ။ ထိုအစား ခေါင်းအုံးကြီးတစ်လုံးကိုယူ၍ အိပ်ခန်းထဲမှ ဆိုဖာကြီးပေါ်တွင်သာ တက်အိပ်နေလိုက်တော့သည်။


xxxxxx