အပိုင်း (၂၀၈)
Viewers 34k

Chapter 208


ယွမ်ရှ၏ နေ့စဉ်နေ့တိုင်း အိပ်ရာထချိန်က ပုံမှန်ဖြစ်သည်။ မနက်၇နာရီမထိုးမီ သူမအိပ်ရာနိုးလာသည့်အခါ သူမက ရှက်စရာကောင်းသောကိစ္စတစ်ခု ပြုလုပ်ထားမိကြောင်း သိလိုက်သည်။ သူမ၏ခြေထောက်က စုန့်ထင်ရှန်း၏ခြေထောက်ပေါ် ရောက်နေသည်။ သူမလက်များကလည်း စုန့်ထင်ရှန်း၏ ရင်ဘတ်ကြွက်သားများအပေါ် တွင် ရှိနေသည်။ 


အကယ်၍ စုန့်ထင်ရှန်း မနိုးလာသေးပါက ဤမျှ ရှက်စရာ‌ကောင်းသွားလိမ့်မည် မဟုတ်ပေ။ သူမ၏ လက်နှင့်ခြေထောက်များကိုဖယ်ကာ ဘာမှမဖြစ်သကဲ့သို့ ဆက်နေနိုင်သည်။


အဓိက ပြဿနာမှာ သူမ နိုးလာချိန်တွင် ခန္ဓာကိုယ်ကို အနည်းငယ်လှုပ်ရှားလိုက်မိသည့်အတွက် စုန့်ထင်ရှန်းက နိုးလာခဲ့ပြီး နှစ်ယောက်သား မျက်လုံးချင်းဆုံသွားသည်။


သူက လူချမ်းသာမိသားစုမှ အနိုင်ကျင့်ခံနေရသည့် ကလေးတစ်ယောက်နှင့်တူပြီး သူမက သူ့ကို အခွင့်အရေးယူပြီး အနိုင်ကျင့်သည့်လူနှင့် တူနေသည်။


သူမ ယမန်နေ့ညက ကိစ္စတစ်ခုကို ကြိုတင်စီမံထားခဲ့သည်။ တစ်ညတာလုံးခံသည့် မိတ်ကပ်ပေါင်ဒါကို လိမ်းထားခဲ့မိသည်။ သူမ မျက်နှာက မိတ်ကပ်မပါလျှင်ကြည့်ကောင်းသော်လည်း နောက်နေ့မနက်နိုးလာချိန်တွင် စုန့်ထင်ရှန်းအား သူမ၏ အဆီတဝင်းဝင်းဖြစ်နေသော မျက်နှာကို မတွေ့စေချင်ခဲ့ပေ။ သူမ ညတည်းက စီစဉ်ထားခဲ့ပြီး စုန့်ထင်ရှန်း အိပ်ရာမနိုးမီ မျက်နှာထသစ်မည်ဟု တွေးခဲ့သည်။ သူမ၏ ဖောင်းအစ်နေသော မျက်ခွံနှင့် အဆီဝင်းနေသော စုန့်ထင်ရှန်း မျက်နှာကို မမြင်တွေ့သွားစေလိုပေ။ ကောင်လေးနှင့် တစ်ညတာအချိန်ကုန်ဆုံးခဲ့သော မိန်းကလေးများက မနက်စောစောအိပ်ရာထ၍ မိတ်ကပ်ပြင်ထားရသည့် ရည်ရွယ်ချက်ကို သူမ ယခုအခါတွင် သဘောပေါက်သွားပြီဖြစ်သည်။


ယွမ်ရှ အိပ်ရာမှ အလျင်အမြန်ထလိုက်ပြီး စုန့်ထင်ရှန်းကို အခွင့်အရေးယူထားမိသည့် အမှန်တရားကို ဖုံးကွယ်ရန် ကြိုးစားလိုက်သည်။ သို့သော် သူမ ဝမ်လေးက ဆိုဖာပေါ်တွင် ထူးဆန်းသော အနေအထားနှင့် အိပ်နေသည်ကို မြင်လိုက်ရသည်။ သူက တင်ပါးကိုမြှောက်၍ မျက်နှာကို ဆိုဖာနှင့်အပ်ထားကာ ဝက်ပေါက်လေးကဲ့သို့ အိပ်နေသည်။ ထိုပုံစံကို မြင်လိုက်ရသူတိုင်း သူ့ကိုကန်ချင်စိတ်ဖြစ်ပေါ်လာစေနိုင်သည်။


ဒီကလေးလေး ဘယ်တုန်းက အိပ်ရာပေါ်က တိတ်တိတ်လေး ဆင်းသွားပါလိမ့် ... ဆိုဖာပေါ်တောင် သွားအိပ်နေလိုက်သေးတယ် ...


အနီးအနားတွင် ကလေးတစ်ယောက်ရှိခြင်းက များစွာအကျိုးရှိသည်။ အနည်းဆုံး သူတို့နှစ်ယောက်အကြားမှ နေရခက်သည့် အခြေအနေကြီးကို ချက်ချင်းပျောက်သွားအောင် ပြုလုပ်နိုင်သည်။ ဥပမာအားဖြင့်ပြောရလျှင် သူတို့နှစ်ယောက် ပူးပေါင်း၍ ဝမ်လေးကို စနောက်ခြင်းကဲ့သို့သော ကိစ္စမျိုးဖြစ်သည်။


ယွမ်ရှက အိပ်ရာပေါ်မှ ထသွားပြီး ဝမ်လေး၏ မြောက်နေသောတင်ပါးကို အညှာအတာမဲ့စွာဖြင့် ဖြန်းခနဲရိုက်လိုက်သည်။


စုန့်ထင်ရှန်းက သူမနောက်မှလိုက်လာပြီး မျက်နှာလိုက်မှုမရှိပဲ ဝမ်လေးကို နှိုးလိုက်သည်။ 


ဝမ်လေးက ရေခဲမုန့်နှင့် သကြားလုံးများစားနေသည့် အိမ်မက်မက်နေခြင်းဖြစ်သည်။ သူ လျှာသပ်နေချိန်တွင် တစ်စုံတစ်ယောက်က သူ့ကိုနှိုးလိုက်သည်။ သူ့မျက်လုံးကို မနည်းဖွင့်၍ လက်ဖောင်းဖောင်းလေးများနှင့် ပွတ်နေသည်။ သူ့မိဘနှစ်ပါး၏ စိတ်ဆိုးနေသော အမူအယာများကိုမြင်လိုက်ရ၍ အနည်းငယ် အံ့အားသင့်သွားသည်။ သူက သူတို့နှစ်ယောက်လုံးကို ငေးငိုင်ကာကြည့်နေပြီး ဘာမှမပြောပေ။


" ဘယ်သူက ဆိုဖာပေါ်မှာ အိပ်ခိုင်းလို့လဲ ... အခုဆောင်းဦးရောက်နေပြီနော် အအေးပတ်ပြီး ဖျားရင်ဘယ်လိုလုပ်မလဲ ..."

ယွမ်ရှက ခက်ထန်သော မျက်နှာဖြင့် ပြောလိုက်သည်။


စုန့်ထင်ရှန်းကလည်း သူ၏ဇနီးနှင့် တူတူပင်ဖြစ်သည်။


" အိပ်ရာထတုန်းက ပါပါးကို ဘာလို့မနှိုးတာလဲ ... ဆိုဖာပေါ်မှာအိပ်တာက အအေးမိလွယ်တယ်နော် ... စုန့်ရှု့ယန် နောက်ကို ဒီလို မလုပ်နဲ့ ..."


ဝမ်လေးက အလွန်အပြစ်ကင်းသည့် ပုံစံလေးဖြင့် မျက်လုံးကို လက်ဖောင်းဖောင်းလေးနှင့် ပွတ်လိုက်သည်။


" သား ရှုရှူးပေါက်ချင်လို့ ထသွားတာ ... ပြန်လာတော့ မာမားက သားနေရာကိုယူထားပြီး ပါပါးဘေးနားမှာ အိပ်နေတယ် သားအိပ်ဖို့ နေရာမရှိတော့ဘူး ..."


ယွမ်ရှ "...."


ဘာလို့ ဒီကလေးလေးက သူမကို စုန့်ထင်ရှန်းကို အခွင့်ကောင်းယူနေတဲ့ နှာဘူးကြီးလိုမျိုး ပြောနေရတာလဲ ... သူမက တကယ်အဲ့လိုဖြစ်နေတာလား ...


စုန့်ထင်ရှန်း ရုပ်တည်ဖြင့် ပြောလိုက်သည်။

" အဓိပ္ပါယ်မရှိတာတွေမပြောနဲ့ မင်းက ဆိုဖာပေါ် သွားအိပ်နေတဲ့လူလေ ... မာမားကို အပြစ်ပုံချစရာလား ..."


" သား တကယ်ပြောတာပါ ..."

ဝမ်လေးက သူပြောသမျှစကားများက အမှန်ဖြစ်ကြောင်း သူ့အမူအယာဖြင့် ဖော်ပြနေသည်။


စုန့်ထင်ရှန်းက သူ့ကို စကားပြောခွင့် မပေးတော့ပေ။ သူက စိတ်မရှည်စွာဖြင့် ဝေဖန်အကဲဖြတ်လိုက်သည်။

" ကဲထားပါတော့ ... ပါပါးမင်းကို မျက်နှာသစ် သွားတိုက်ဖို့ ခေါ်သွားပေးမယ် ..."


ထို့နောက် ကလေးဝတုတ်လေးကိုချီ၍ သူ့ကို ပခုံးပေါ်တင်ပြီး ရေချိုးခန်းသို့ ထွက်သွားတော့သည်။


ဝမ်လေး စိတ်ထဲ အကြီးအကျယ်မှားယွင်းနေကြောင်း ခံစားမိလိုက်သည်။ သူ့အတွက် ပြန်လည်ချေပပြောဆိုရန် အခွင့်အရေးပင် မရလိုက်ပေ။


xxxxxxxx