အပိုင်း (၂၀၉)
Viewers 31k

Chapter 209


ဝမ်လေးက သွားတိုက်နေစဉ်မှာပင် တစ်စုံတစ်ခုမှားယွင်းနေသည်ဟု ခံစားနေရဆဲဖြစ်သည်။ သွားတိုက်ဆေးအမြှုပ်များကို ထွေးပစ်ပြီးသည့်နောက်တွင်လည်း သူ့ကိုယ်သူ ကာကွယ်ပြောဆိုရန် မမေ့ပေ။


" ပါပါး သားတကယ်ပြောတာပါ ... မာမားက သားနေရာကိုယူသွားပြီး ပါပါးရဲ့ဘေးမှာအိပ်နေတာ ... အဲ့ဒါနဲ့ သားလည်းအိပ်စရာနေရာမရှိတော့လို့ ဆိုဖာပေါ်မှာ အိပ်လိုက်ရတာ ..."


စုန့်ထင်ရှန်းက သူ့သားပြောသည့်စကားများကို အာရုံစိုက်နိုင်သည့် စိတ်အခြေအနေမဟုတ်ပေ။ မှန်အရှေ့တွင်ရပ်ပြီး သူ့ရင်ဘတ်ကိုသူ ထိကြည့်နေသည်။


သူက အားကစားလုပ်သော်လည်း အခြားလူများကဲ့သို့ နေ့စဉ်ပုံမှန်အားကစားလုပ်နေခြင်း မဟုတ်ပေ။ သူ့ထံတွင် အားလပ်ချိန်ရှိပါက တစ်ပတ်‌တွင် နှစ်ကြိမ်သုံးကြိမ်ခန့်သာ လေ့ကျင့်ခန်းလုပ်သည်။ အကယ်၍ မအားလပ်ပါက တစ်လတွင် နှစ်ကြိမ်သုံးက်ြိမ်ခန့်အထိ အကြိမ်ရေ လျော့သွားသည်။ ကံကောင်းသည်မှာ သူက ကျန်းမာစွာစားသောက်နေထိုင်သူဖြစ်၍ ကျန်းကျန်းမာမာရှိသည်။ ယခုလက်ရှိတွင် ခန္ဓာကိုယ်မှ six packကိုလည်း ထိန်းသိမ်းထားနိုင်ဆဲဖြစ်သည်။


ဝမ်လေးက အဖေဖြစ်သူ၏ အင်္ကျီစကိုဆွဲကာ သနားစဖွယ်မေးလိုက်သည်။

" ပါပါး သားပြောတာ နားထောင်နေလားဟင် ..."


စုန့်ထင်ရှန်း နောက်ဆုံးတွင် သူ့ကိုကြည့်လိုက်သည်။

" အင်း ... နားထောင်နေပါတယ် ..."


ဝမ်လေးက ထပ်မေးလိုက်သည်။

" ဒါဆိုရင် ခုနက သားကိုဘာလို့မဖြေခိုင်းတာလဲ ..."


စုန့်ထင်ရှန်းက သူ့ကိုချီလိုက်သည်။

" မာမားက သားလေးရဲ့နေရာကို တမင်ယူတာမဟုတ်ပါဘူး ... တကယ်လို့ သားပြောတာကို သဘောတူလိုက်ရင် မာမား အရမ်းရှက်သွားမှာပေါ့ ... ဝမ်လေးပဲ ပြောဖူးတယ်လေ ... မာမားက မိန်းကလေး ပါပါးတို့က ယောက်ျားလေးဆိုတော့ မာမားရဲ့ စိတ်ခံစားချက်ကို ဦးစားပေးရမယ်ဆို ..."


ဝမ်လေးက တွေးလိုက်မိသည်။

" ဟုတ်သားပဲ ..."


မာမားက မိန်းကလေးဆိုတော့ သူမကို ကာကွယ်‌ပြီး ဂရုစိုက်ပေးရမှာပေါ့ ...


" ဒါဆိုရင် အဲ့ကိစ္စကို ထပ်မပြောနဲ့တော့နော် ..."


" ဟုတ် ..."


မိသားစုဝင်ထဲမှ ယောက်ကျားလေးများက မိသားစုထဲမှ တစ်ဦးတည်းသောမိန်းကလေးကို အလိုလိုက်ကြရန် သဘောတူညီမှုရခဲ့​ေလသည်။



ထိုသောကြာနေ့တွင် ယွမ်ရှက ရုံးတွင် တစ်နေကုန်စောင့်နေခဲ့သော်လည်း ဖောက်သည်က ရောက်မလာခဲ့ပေ။


သူမ မန်နေဂျာက တောင်းပန်သည့် အမူအယာဖြင့် ပြောပြလိုက်သည်။

" သူဌေးပြောတာတော့ ဖောက်သည်က လာခါနီးကျမှ ကိစ္စတစ်ခုပေါ်လာလို့ မလာဖြစ်တော့တာပါတဲ့ ... မင်း ခွင့်ပြုမယ့်ကိစ္စကို ခွင့်မပြုမိတာ တို့တောင်းပန်ပါတယ် ..."


ယွမ်ရှက ချက်ချင်းပင် လက်ကာပြလိုက်သည်။

" ရပါတယ် ဒီနေ့က အစတည်းက ရုံးတက်ရမယ့်နေ့ပဲကို ... ကျွန်မလည်း ရုံးမှာပဲ နေသင့်တာပေါ့ ... ကျွန်မအမျိုးသားကလည်း သားလေးဆီသွားတယ်ဆိုတော့ အလုပ်လာတက်လိုက်ရတာလဲ ဘာမှမဖြစ်ပါဘူး ..."


သူမ၏တုံ့ပြန်ချက်ကြောင့် မန်နေဂျာက အေးအေးလူလူပင်ပြောလိုက်သည်။

" မင်းရဲ့ ကိုယ်ရေးအချက်အလက်မှာ လက်ထပ်ပြီး ကလေးတစ်ယောက်ရှိတယ်လို့ ရေးထားတော့ အရမ်း အံ့ဩသွားတာ ... မင်းကတော်တော်လေး ‌ငယ်သေးတာကို သူငယ်တန်းတက်နေတဲ့ သားလေးတစ်ယောက်ရှိတယ် ဆိုလို့လေ ..."


" ဟုတ်ပါတယ် ကျွန်မခင်ပွန်းနဲ့က အသက် ၂၀မှာ တွေ့ခဲ့တာဆိုတော့ ဒီအရွယ်ကလေးတစ်ယောက်ရနေတာ ပုံမှန်ပါပဲ ... ဘာပဲဖြစ်ဖြစ် လက်ထပ်ပြီး ကလေးယူရတာမျိုးက အနှေးနဲ့အမြန် ဖြစ်လာမှာပဲလေ ..."


မန်နေဂျာက သဘောတူဟန်ဖြင့် ပြုံးပြလိုက်သည်။


" ဟုတ်ပါတယ် တို့မှာလည်း ကလေးတစ်ယောက်ရှိပေမယ့် မင်းရဲ့သားလေးထက်ငယ်သေးတယ် ... သူက နောက်နှစ်ဆိုရင်တောင် သူငယ်တန်း မတက်သေးဘူး ..."


၎င်းက စကားစမြည်ပြောရန် သာမန်ကိစ္စတစ်ခု‌ဖြစ်ခဲ့သည်။ မန်နေဂျာက ယွမ်ရှနှင့်အတူ လက်ထပ်ခြင်းနှင့် ကလေးများ၏ကိစ္စကို အချိန်အတန်ကြာသည်အထိ ပြောခဲ့သည်။


ထိုစကားဝိုင်းမှတစ်ဆင့် မန်နေဂျာက သူမ၏လက်ထပ်ခြင်းကို သဘောမကျသည်ကို သိရှိလိုက်ရသည်။ သူမ တစ်ခါတစ်ရံတွင် ဤသို့သော စကားများကိုပြောသည်။

" တကယ်လို့ ပိုပြီးသင့်တော်တဲ့လူတစ်ယောက်ကိုသာတွေ့ရင် ချက်ချင်းကွာရှင်းပစ်လိုက်မှာ ..."



တနင်္လာနေ့မနက်စောစောတွင် ယွမ်ရှ အလုပ်သို့လာစဉ် ဧည့်ကြိုမိန်းကလေးနှင့် ဓာတ်လှေကားထဲတွင် ဆုံမိသွားသည် ။ ဓာတ်လှေကားက အပေါ်သို့ရောက်သည်အထိ သူတို့ စကားပြောပြီး ရယ်မောနေခဲ့ကြသည်။


" ကျွန်မ ရှင့်ကို တစ်ခုကြိုပြီး ပြောပြထားရဦးမယ် ..."

ဧည့်ကြိုမိန်းကလေးက ပဟေဠိဆန်ဆန် ပြောလိုက်သည်။


" ကုမ္ပဏီက သိပ်မကြာခင် စားပွဲသောက်ပွဲတစ်ခု လုပ်မယ်ထင်တယ် ... ကျွန်းတစ်ကျွန်းပေါ်မှာလား မသိဘူး ... သူဌေးက ကျွန်မကို လေယာဉ်လက်မှတ်တွေနဲ့ ဗီလာကို ဘိုကင်လုပ်ခိုင်းထားတယ် ..."


ယွမ်ရှ အံ့အားသင့်သွားမိသည်။


ဒီကုမ္ပဏီရုံးခွဲက လွန်ခဲ့တဲ့ လအနည်းငယ်ကမှ စတာမလား ... ကုမ္ပဏီစားပွဲသောက်ပွဲကို အဲ့လောက် အကုန်အကျခံပြီး လုပ်ပေးရသလား ... အရင်တုန်းက အလုပ်လုပ်ခဲ့ဖူးတဲ့ ကုမ္ပဏီတွေဆိုရင် တစ်နှစ်ကိုတစ်ခါလောက်ပဲ လုပ်ပေးတာ ... ပြီးတော့ ဒီကုမ္ပဏီရုံးခွဲကို တည်ထောင်ထားတာ တစ်နှစ်တောင် မပြည့်သေးဘူး ...သေချာတာတော့ ဒီကုမ္ပဏီသူဌေးက အရမ်းချမ်းသာတဲ့လူပဲ ...


xxxxxxx