အပိုင်း (၂၁၀)
Viewers 31k

Chapter 210


မည်သို့ပင်ဖြစ်စေ ကုမ္ပဏီက မည်မျှအကျိုးကျေးဇူးများပေးသည်ဖြစ်စေ ယွမ်ရှက ထူးဆန်းသည်ဟု မထင်ပေ။ သူမ၏စိတ်ထဲတွင် တစ်ကြိမ်တစ်ခါမှ ပေါ်မလာဖူးသည့် သူဌေးက ငွေများများရှိသော်လည်း အသိပညာလုံ‌လုံလောင်လောက် မရှိသူဟု တွေးထားလိုက်သည်။ စုန့်ထင်ရှန်းသည်ပင် ဤသို့လည်ပတ်နေသောကုမ္ပဏီမျိုးကို တစ်ခါမှ ‌မတွေ့ခဲဖူးပေ။


" ကျွန်းပေါ်ကို အားလပ်ရက်ခရီးပေါ့ ... ကောင်းသားပဲ ..."


ယွမ်ရှ ပြောလိုက်သည်။


အမှန်ပင် ပျော်ရွှင်နေသည့် ဧည့်ကြိုမိန်းကလေးက ပြောလိုက်သည်။


" ကျွန်မလည်း အဲ့လိုထင်တယ် ... ကျွန်မကောင်လေးလည်း လိုက်လာဖြစ်မယ်ထင်တယ် ... ကျွန်မတိ့ တွဲလာတာကြာပြီဆိုပေမယ့် တစ်ခါမှ ခရီးတူတူမသွာဖူးဘူး ..."


သူမပြောသည်ကို ကြားသောအခါ ယွမ်ရှ၏ တုံ့ပြန်မှုက ...

မိသားစုဝင်တွေပါ ခေါ်လာလို့ ရတာလား ...


ကုမ္ပဏီမှ ခံစားခွင့်ပေးထားသောအရာများနှင့် အပေးအကမ်းရက်ရောသော သူတို့၏ သူဌေးအကြောင်း တွေးကြည့်လျှင် ထိုကိစ္စက မဖြစ်နိုင်မည်မဟုတ်ဟု ထင်လိုက်သည်။

ကုမ္ပဏီက မိသားစုလိုက်ခရီးထွက်ခွင့်ပါ ပေးထားတာပေါ့ ...


" ကျွန်မတို့ မိသားစုဝင်တွေပါ ခေါ်လာလို့ရတာလား ... ဒါဆို တော်တော်ကောင်းတာပဲ ... ကျွန်မယောက်ျားအချိန်ရပါ့မလားတော့မသိဘူး ... ကျွန်မသားလေးကိုလည်း ကစားဖို့ ကျွန်းပေါ်ခေါ်လာချင်တယ် ... သူ အရမ်းပျော်နေမှာပဲ ..."


စုန့်ထင်ရှန်းက အားလပ်ချိန်မရလျှင်ပင် သူငယ်တန်းက ခွင့်ယူရန်လွယ်ကူသဖြင့်  ဝမ်လေးကို သူမနှင့်အတူ ခေါ်လာနိုင်သည်။ ယွမ်ရှ၏ အထင်တွင် ကလေးတစ်ယောက်ကို ခရီးသွားရန်ခေါ်လာခြင်းက အသိဉာဏ်ပညာနှင့် ပျော်ရွှင်စရာအမှတ်တရများကို ရရှိနိုင်သည်။


ထို့နေ့ နေ့လယ်တွင် ကုမ္ပဏီက ဝန်ထမ်းများအား ခရီးအကြောင်းအသိပေးပြီး လေယာဉ်လက်မှတ်များ ကြိုတင်မှာရန်နှင့် ဟိုတယ်တွင် အခန်းကြိုယူထားရန်အတွက် အိုင်ဒီကတ်မိတ္တူများကိုပို့ပေးရန် အီးမေးလ်ပို့လာသည်။


အမြဲတန်းဝန်ထမ်းမဟုတ်သည့် ဝန်ထမ်းများက မိသားစုဝင်များကို ခေါ်မလာနိုင်ကြောင်းကိုလည်း အီးမေးလ်ထဲတွင် ရေးသားထားသည်။ ကုမ္ပဏီမှ ငွေစိုက်ထုတ်ပေးသည်ဖြစ်သောကြောင့် ဆွေမျိုးများကို ငွေ ပေး၍ ခေါ်ဆောင်လာခြင်းကလည်း အဆင်မပြေကြောင်းလည်း ပါရှိသည်။


ယွမ်ရှက ကုမ္ပဏီတွင် အလုပ်လုပ်သည်မှာ တစ်လမပြည့်သေးပေ။ ကုမ္ပဏီ၏ အစမ်းလန့်ကာလက တစ်လဖြစ်သည်။ သူမက ရက်ပိုင်းအတွင်းတွင် အမြဲတမ်းဝန်ထမ်းဖြစ်လာတော့မည်ကို တွေးမိ၍ ဤကိစ္စကိုမေးရန် မန်နေဂျာကို ရှာနေသည်။ သူမတွင် ငွေကြေးအခက်အခဲမရှိသောကြောင့် ဝမ်လေးအတွက် ခရီးစရိတ်ထပ်မံပေးရခြင်းက အဆင်ပြေသော်လည်း ဖြစ်နိုင်ပါကကုမ္ပဏီ၏ ခံစားနိုင်ခွင့်များထဲမှသာ ရယူလိုသည်။


မန်နေဂျာက ကျဉ်းထဲကြပ်ထဲ ရောက်နေဟန်ဖြင့် ပြောလိုက်သည်။


" ယွမ်ရှရေ ဒီကိစ္စကို တို့လည်းလုပ်ပေးလို့ မရဘူး ... မင်းက နှစ်ရက်အတွင်း အမြဲတမ်းဝန်ထမ်း ဖြစ်တော့မယ်ဆိုပေမယ့် ကုမ္ပဏီက အီးမေးလ်ပို့ခိုင်းတာ ဒီနေ့လေ ...  မင်းက ဒီနေ့အထိ အစမ်းခန့်ဝန်ထမ်းပဲ ဖြစ်သေးတာဆိုတော့ မိသားစုဝင်တစ်ယောက် ခေါ်လာလို့မရဘူး ... ဒီလိုလုပ်ပါလား နောက်တစ်ခေါက်ထိ စောင့်လေ ...တို့ကုမ္ပဏီက အမြဲတမ်း ခရီးသွားဖို့ စီစဉ်ပေးပါတယ် ..."


ယွမ်ရှက ဤဆင်ခြေကို နားလည်ပေးနိုင်သည့်အတွက် ပြုံးပြကာပြောလိုက်သည်။

" ကျွန်မ သိပါပြီ ..."


သူမက ဝမ်လေးကို မခေါ်သွားနိုင်သည့်အတွက် ဤကုမ္ပဏီခရီးစဉ်တွင် စိတ်မဝင်စားတော့ပေ။ သူမက လုပ်ဖော်ကိုင်ဖက်များနှင့်လည်း။ အလွန်မရင်းနှီးသေးပေ။ သို့ရာတွင် ဤသို့သော ခရီးများတွင် မလိုက်ပါ၍မဖြစ်ကြောင်း သူမသိသည်။ ထိုသို့မဟုတ်ပါက သူမကို လူကြားထဲတွင် ပေါင်းသင်းဆက်ဆံမနေတတ်သူဟု ထင်သွားကြလိမ့်မည်။ 


ဤခရီးစဉ်က အလွန်မကြာမြင့်ရန်သာ သူမ မျှော်လင့်နေမိသည်။



ကျွန်းပေါ်သို့ ခရီးထွက်ရမည်ကို လေးညအိပ်ငါးရက်ခရီးဟု စီစဉ်ထားသည်။ သူတို့က ကြာသပတေးနေ့မနက်တွင်စထွက်ပြီး တနင်္လာညမှ ပြန်ရောက်မည်ဖြစ်သည်။


ယွမ်ရှက ဤကိစ္စအကြောင်း စုန့်ထင်ရှန်းကို ပြောပြလိုက်သည်။


" ကျွန်မက မိသားစုဝင်တစ်ယောက် ခေါ်သွားလို့ရမယ်ထင်လို့ ဝမ်လေးကို တူတူခေါ်သွားမလို့ပဲ ... ဒါပေမဲ့ ကျွန်မက အမြဲတမ်းဝန်ထမ်းမဟုတ်တော့ ဒီအကျိုးခံစားခွင့်ကို မရသေးဘူးတဲ့ ..."


ထိုစကားများကို စုန့်ထင်ရှန်းကိုသာ ပြောပြထားနိုင်သည်။ အကယ်၍ ဝမ်လေးသိသွားပါက သူလည်းလိုက်ချင်သည့်အကြောင်း တွတ်တွတ်ပြောတော့မည်ဖြစ်သည်။


စုန့်ထင်ရှန်းက သူမ၏ ခရီးဆောင်အိတ်ထဲသို့ အဝတ်စားများ ထည့်နေသည်ကိုကြည့်ပြီး မေးလိုက်သည်။


" ကိုယ်ကရော မင်းရဲ့မိသားစုဝင်မဟုတ်ဘူးလား ..."


ယွမ်ရှက သူ၏နောက်ပြောင်မှုကို သည်းမခံနိုင်တော့ပေ။ 

သူ ရည်ရွယ်ချက်ရှိရှိနဲ့များ နောက်နေတာလား ... ဘာလို့များ လိုရင်းကို တိုက်ရိုက်မပြောနိုင်ရတာလဲ ...


အကယ်၍ တမင်သက်သက်မဟုတ်ပါကသူမ အထင်လွဲစေမည့် ထင်ယောင်ထင်မှားစကားများ ပြောလိမ့်မည်မဟုတ်ပေ။

တကယ်လို့ သူမကို စိတ်ဝင်စားတယ်ဆိုရင် ပိုပြီး ယောက်ျားမပီသနိုင်ဘူးလား ... ဒီတိုင်း လိုရင်းကိုပဲပြောလိုက်လေ ရှက်နေစရာလိုလို့လား ...


xxxxxx