Chapter 211
ယွမ်ရှ တိတ်ဆိတ်နေပြီး သူ၏မေးခွန်းကိုဖြေဆိုရန် ငြင်းပယ်လိုက်သည်။
သူ လေကိုပဲ နောက်လို့ရမယ် ... အဲ့ဒါကို ကျေနပ်လား မကျေနပ်လား ကြည့်ရသေးတာပေါ့ ...
သူ၏မေးခွန်းကို အဖြေမရသည့်အတွက် စုန့်ထင်ရှန်း အံ့အားသင့်သွားမိပြီး တိတ်ဆိတ်နေသည်။
သူ့ကို ကလေးဆန်တယ်လို့ ထင်သွားတာများလား ... ဒါမှမဟုတ် မကြားလိုက်တာများလား ... ဒုတိယတစ်ခုတော့ မဖြစ်နိုင်ဘူး ... အခန်းထဲမှာ သူတို့နှစ်ယောက်တည်းရှိတာ သူ့အသံကလည်း မတိုးဘူးလေ ...
စုန့်ထင်ရှန်းက ဤကိစ္စများတွင် ခေါင်းမာတတ်သူမဟုတ်ပေ။ အဖြေပြန်မရသဖြင့် သူ့အခန်းသို့သာ တိတ်ဆိတ်စွာဖြင့် ပြန်သွားသည်။ ထိုအကြောင်းကို ထပ်တွေးပြီးသည့်နောက် ဖုန်းထဲမှ recorderကိုဖွင့်ကာ အစောပိုင်းက ယွမ်ရှအခန်းထဲတွင် ပြောခဲ့သည့်အသံနှင့် တစ်ထပ်တည်းတူအောင်ပြောပြီး အသံသွင်းလိုက်သည်။ ထိုအသံကို နားထောင်ပြီးသည့်နောက် သူမက သူ့အသံကို သေချာပေါက်ကြားလိုက်မည်ကို အတည်ပြုပြီးသားဖြစ်သွားသည်။
ဒါဆို ဘာလို့ပြန်မဖြေပါလိမ့် ...
ဒါမှမဟုတ် သူ့မေးခွန်းက မသင့်တော်သလိုဖြစ်ပြီး သူမကို အခက်တွေ့သွားစေတာများလား ...
—
နောက်နေ့မနက်စောစောတွင် ယွမ်ရှ လေဆိပ်သို့သွားရမည့်အချိန်ရောက်လာသည်။ ဝမ်လေးက သူမနှင့် မခွဲချင်သဖြင့် အထပ်ထပ်အခါခါမေးနေသည်။
" မာမား မြန်မြန်ပြန်လာမယ်မလား ..."
သူ့အမေက သူ့ကိုကောင်းကောင်းဆက်ဆံပြီး အများက အမေကောင်းတစ်ယောက်ဟုခေါ်နိုင်သည်အထိ အနေအထားတစ်ခုကို ရောက်လာသော်လည်း ဝမ်လေး၏စိတ်ထဲတွင် လုံခြုံမှုမရှိသေးပေ။ သူ့အမေက ဘေးနားတွင် ရှိနေပါက အဆင်ပြေသော်လည်း အဝေးသို့သွား၍ ရက်အနည်းငယ်မတွေ့ရမည်ဆို၍ ဝမ်လေးစိုးရိမ်နေသည်။
ယွမ်ရှက သူ၏ပါးဖောင်းဖောင်းလေးကို နမ်းလိုက်သည်။ ကလေးလေးက ထိုမေးခွန်းမေးလိုက်သည့်အခါ သူမရင်ထဲ နူးညံ့သွားမိသည်။
" ဒါပေါ့ မြန်မြန်ပြန်လာမယ် ... မာမားနေ့တိုင်းလည်း ဖုန်းဆက်မယ်နော် လက်ဆောင်လည်း ဝယ်လာခဲ့မယ် ..."
" သားကို ဖုန်းခေါ်ရမယ်နော် ... သား လက်ဆောင်မလိုပါဘူး မာမား ပြန်လာတာပဲလိုချင်တာ ..."
ဝမ်လေးက စိတ်ဖိစီးနေပုံရသည်။
ယွမ်ရှသည်လည်း ဤခရီးကို သွားချင်စိတ်မရှိပေ။ မိခင်များက သူတို့ကလေးများနှင့် အဘယ့်ကြောင့် မခွဲခွာချင်ကြသည်ကို သဘောပေါက်လာသည်။
စုန့်ထင်ရှန်းက ဝမ်လေးကို သူမထံမှ ခေါ်လိုက်ပြီးစိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် ပြောလိုက်သည်။
" ရောက်တာနဲ့ ကိုယ့်ကိုမက်ဆေ့ပို့လိုက်နော် ..."
" ကောင်းပါပြီ ..."
ယွမ်ရှ ခေါင်းငြိမ့်ကာ ဝမ်လေး၏လက်ကို နမ်းလိုက်သည်။ သားအမိနှစ်ယောက်က အချိန်အတော်ကြာပွေ့ဖက်ပေးနေပြီးနောက်မှ ယွမ်ရှက လေဆိပ်သွားရန် ကားပေါ်တက်သွားသည်။
ကားပြတင်းပေါက်ကိုဖွင့်လိုက်သည့်အခါ စုန့်ထင်ရှန်းက ဝမ်လေးကိုချီထားသည်။ သူတို့က တံခါးပေါက်တွင်ရပ်နေကာ သူမထွက်သွားမည်ကို ကြည့်နေခြင်းဖြစ်သည်။
သူမ၏ကားကို မမြင်ရတော့သည့်အခါမှ စုန့်ထင်ရှန်းက အိမ်ထဲဝင်လာခဲ့သည်။ ယွမ်ရှက မနေ့ညက သူမေးသည့်မေးခွန်းကို အဘယ့်ကြောင့် မဖြေခဲ့သည်ကို သူ နားမလည်သေးပေ။
သူမက သူ့ကိုအေးစက်စက် ဆက်ဆံနေသလိုပဲ သူပဲစိတ်ထင်တာများလား ... သူတစ်ခုခု အမှားလုပ်မိထားလို့လား ...
—
ယွမ်ရှက အလွန်ကံကောင်းလှသည်။ သူမ၏လုပ်ဖော်ကိုင်ဖက်များက economy classမှသာ စီးရသော်လည်း သူမ၏ခုံက first classတွင်ဖြစ်နေသည်။ သူမက ဧည့်ကြိုမိန်းကလေးကို ဤကိစ္စအကြောင်းပြောခဲ့သော်လည်း ခုံနေရာများက ကျပန်းသာဖြစ်သည်ဟု ပြောခဲ့သည်။ သူမက ဤနေရာကိုရသွားခြင်းက ကံကောင်း၍သာဖြစ်သည်။
သူမ လေယာဉ်ပေါ်ရောက်သည့်အခါ လေယာဉ်မယ်လေးက သူမကို ခုံနေရာလိုက်ပြသည်။ သူမထိုတေရာတွင်ထိုင်ပြီး ခဏအကြာတွင် လေယာဉ်လက်မှတ်ကိုင်ထားသော လူတစ်ယောက်က သူမဘေးနားမှခုံတွင်လာရပ်သညိ။
ယွမ်ရှ သူ့ကိုကြည့်လိုက်သည်။ ထိုလူက အသက်သုံးဆယ်ကျော်ခန့်ဟုထင်ရသော်လည်း အနည်းငယ်အသက်ကြီးမည့်ပုံပေါ်သည်။ သူ့ပုံစံက လူကြီးလူကောင်းတစ်ယောက်နှင့်တူပြီး ရွှေကိုင်းမျက်မှန်ကြောင့် သူ၏ပုံစံက သန့်ပြန့်၍ ပညာတတ်တစ်ယောက်နှင့်တူနေသည်။
" မင်္ဂလာပါ ..."
ထိုလူက သူမဘေးတွင်ထိုင်ကာ ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
ယွမ်ရှကလည်း သူ့ကို ပြန်ပြုံးပြလိုက်သည်။
" မင်္ဂလာပါ ..."
xxxxxxx
xx