အပိုင်း (၂၁၂)
Viewers 31k

Chapter 212


မြို့တော်မှ ကျွန်းအထိ တိုက်ရိုက်လေယာဉ်က လေးနာရီခန့်ကြာမြှင့်သဖြင့် နေ့လယ်နှစ်နာရီခန့်မှသာ ရောက်ကြသည်။ ဗီလာမှ ‌ပင်လယ်စာများဖြင့် နေ့လယ်စာကျွေးမွေးနေချိန်တွင် အချိန်မီရောက်သွားကြသည်။ 


လေးနာရီက မကြာမြင့်သော်လည်း မတိုတောင်းလှပေ။


မူလပိုင်ရှင်၏ ပုံပန်းသွင်ပြင်အရ ကောင်လေးများက သူ့ကိုသဘောကျကြသည်မှာ မထူးဆန်းပေ။ ဥပမာပြောရလျှင် သူ၏ဘေးခုံမှ လူကြီးလူကောင်းက သူမကို ယဉ်ကျေးစွာဖြင့် စကားစမြည်ပြောလာသည်။


" မင်းလည်း ကျွန်းကိုသွားမလို့လား ... အဲ့ဒါနေရာကောင်းပဲနော် ..."


ယွမ်ရှ ပြန်ဖြေလိုက်သည်။


" ကျွန်မ အရင်က ကြားပဲကြားဖူးတာပါ ... အခုမှ ပထမဆုံးအကြိမ်သွားဖူးတာ ..."


" ပထမဆုံးအကြိမ်သွားမှာလား ..."

ထိုလူက ပြုံးလိုက်သည်။


" ဒါဆိုရင် ရောက်တုန်းရောက်ခိုက် ပင်လယ်ရဲ့ရှု့ခင်းကို သေချာကြည့်သင့်တယ် ... တကယ်လို့ ဆောင်းတွင်းမှာ သွားမယ်ဆိုရင် ရှု့ခင်းက ပိုတောင်လှဦးမယ် ..."


ယွမ်ရှက သူမ၏ညာဘက်လက်ဖြင့် ဆံပင်ကိုသပ်လိုက်ပြီး သူမလက်ချောင်းများပေါ်မှ စိန်လက်စွပ်ကို ပြသလိုက်ပြီး လူလွတ်မဟုတ်ကြောင်း သိသွားစေလိုက်သည်။


(T/N: တရုတ်နိုင်ငံက မိန်းကလေးတွေက လက်ထပ်လက်စွပ်ကို ဘယ်ဘက်လက်ထက် ညာဘက်မှာပိုဝတ်ကြပါတယ် )


၎င်းက မူလ လက်ထပ်လက်စွပ် မဟုတ်ပေ။ မူလပိုင်ရှင်၏ လက်စွပ်က မည်သည့်နေရာတွင် ပြုတ်ကျခဲ့ကြောင်း သူမ မသိပေ။


သို့သော်လည်း ထိုကိစ္စက အရေးမကြီးပေ။ မူလပိုင်ရှင်တွင် စိန်လက်စွပ်များစွာရှိသည့်အတွက် ယွမ်ရှက ၎င်းတို့ကို ရံဖန်ရံခါဝတ်ဆင်လေ့ရှိသည်။ ဥပမာဆိုလျှင် ခရီးတွင် ဤကဲ့သို့သောကိစ္စများဖြစ်လာနိုင်၍ သူမက ထိုလက်စွပ်ကို ဝတ်ဆင်လာခြင်းဖြစ်သည်။ မူလပိုင်ရှင်၏ ပုံပန်းသွင်ပြင်က ညှိ့ယူဖမ်းစားနိုင်လွန်းလှသည်။ သူမက လက်ထပ်ထားသည်ဖြစ်၍ အခြားမလိုလားအပ်သော ဆက်ဆံရေးများ ထပ်တိုးမလာချင်ပေ။ သို့ဖြစ်၍ လက်စွပ်တစ်ကွင်းကို လက်ထပ်လက်စွပ်အနေဖြင့် ဟန်ဆောင်ကာ ဝတ်ဆင်ထားခြင်းဖြစ်သည်။


ထိုလူက သူမလက်မှ စိန်လက်စွပ်ကို မြင်မမြင် မသိသော်လည်း သူနောက်ထပ်ပြောလိုက်သည့်စကားမှာ ...

" ကျွန်တော့်အမျိုးသမီးလည်း ခရီးသွားရတာ သဘောကျတယ် ... အထူးသဖြင့် ပင်လယ်ကမ်းခြေရှိတဲ့ မြို့တွေပေါ့ ..."


ယွမ်ရှ ရှက်သွားပြီး ညာဘက်လက်ကို ပြန်ချထားလိုက်သည်။


အိုကေ ... ကြည့်ရတာ အတွေးလွန်သွားပုံပဲ ... သူက သူမကို အီစီကလီလုပ်နေတာ မဟုတ်ဘူးပဲ ... သူလည်း အိမ်ထောင်ရှိတဲ့လူပါလား ...


တစ်ဖက်လူက သူမကို ပရောပရည်လုပ်နေသည်မဟုတ်၍ ယွမ်ရှက ထိုလူနှင့် ခရီးစဉ်တစ်လျှောက်လုံး ကောင်းကောင်းမွန်မွန်သာ စကားပြောခဲ့သည်။ ကျွန်း၏ ရှု့ခင်းများနှင့် ယဉ်ကျေးမှုများအကြောင်းကို ပြောပြ‌နေခဲ့ပြီး ထိုလူက ဟာသဉာဏ်ရွှင်ကြောင်းကိုလည်း သိလိုက်ရသည်။ သူတို့နှစ်ယောက်ကြားတွင် နေရထိုင်ရခက်ပြီး တိတ်ဆိတ်သွားခြင်းမျိုး မရှိပေ။ ယွမ်ရှက ထိုလူကြောင့် အဆက်မပြတ်ရယ်မောနေမိသည်။ သူ၏ အသိဉာဏ်ကြွယ်ဝမှုကြောင့် သာမန်ကိစ္စများကိုပင် သူပြောလိုက်သည့်အခါ စိတ်ဝင်စားစရာကောင်းသွားသည်။


" ရှင်က ဆရာလား ..."

ယွမ်ရှ မေးလိုက်သည်။


ထိုလူကြီးလူကောင်းက အံ့အားသင့်စွာဖြင့် ခဏတာ အေးခဲသွားသည်။


" မဟုတ်ပါဘူး ကျွန်တော်က စီးပွားရေးလုပ်ငန်းရှင်ပါ ..."


" အိုး အဲ့လိုမထင်ရဘူးနော် ..."


" ဘာလို့များလဲ ..."


" ဒီတိုင်းပဲ ခံစားရလို့ပါ ..."


လေယာဉ်ဆင်းသည်နှင့် ယွမ်ရှက သူမဖုန်းကို အမြန်ဖွင့်ပြီး စုန့်ထင်ရှန်းကို Wechatတွင် မက်ဆေ့ပို့လိုက်သည်။


(လေယာဉ်ဆင်းပြီ ~ )


( မင်းရဲ့ ကောင်လေးကို ဘေးကင်းကင်းနဲ့ ရောက်တယ်ဆိုတာ သတင်းပို့နေတာလား ...)


ယွမ်ရှက သူမဖုန်းကို သိမ်းလိုက်ပြီး ရယ်ပြလိုက်သည်။

" ကျွန်မကောင်လေး မဟုတ်ပါဘူး အမျိုးသားပါ ..."


" ဒါဆိုရင် မင်းရဲ့ အမျိုးသားက တော်တော်လေး ကံကောင်းတာပဲ ..."


ထိုလူက မတ်တပ်ရပ်ကာ ယွမ်ရှကို ပြောလိုက်သည်။


" ဒီကျွန်းက တော်တော်ကြီးတယ်ဆိုပေမယ့် ကျွန်တော်တို့ ထပ်တွေ့ဖို့ အခွင့်အရေးရှိဦးမှာပါ ... ဘိုင့်ဘိုင် ..."


ယွမ်ရှ သူ့ကိုလက်ပြလိုက်သည်။

" ဘိုင့်ဘိုင် ..."


စိတ်ဝင်စားစရာ လူတစ်ယောက်နှင့် တွေ့ဆုံခဲ့ရသဖြင့် လွန်ခဲ့သော အချိန်လေးနာရီက ပျင်းစရာမကောင်းခဲ့ပေ။ သူမ၏ ခရီးစဉ်တွင် မမျှော်လင့်ပဲရရှိသည့် ကောင်းကျိုးတစ်ခုဟုပင် ပြောနိုင်သည်။


၂နာရီမထိုးသေးသဖြင့် နေ့လည်စာစားချိန်အတွင်းသာ ရှိသေးသောကြောင့် စုန့်ထင်ရှန်းက သူမကို အမြန်စာပြန်လိုက်သည်။


(ကိုယ် မိုးလေဝသ သတင်းကြည့်လိုက်တော့ ဒီညကျွန်းပေါ်မှာ မိုးရွာမယ်တဲ့ ... ထီးယူသွားဖို့ မမေ့နဲ့ဦး ...)


ရက်အနည်းငယ်ခန့် ခွဲခွာနေရခြင်းကလည်း ကောင်းသည့်အချက်များရှိသည်ဟု ယွမ်ရှ တွေးလိုက်မိသည်။ အနည်းဆုံး သူမနှင့် စုန့်ထင်ရှန်း၏ ဆက်ဆံရေးကို သေချာပြန်စဉ်းစားနိုင်သည်။ သူတို့နှစ်ယောက်၏ကြားမှ ဒွိဟဖြစ်နေသည့်ဆက်ဆံရေးက သူမ၏ ထင်မြင်ချက်သက်သက်သာ ဖြစ်နိုင်သော်လည်း သူမအပေါ် အခြာလူများ၏ ခံစားချက်ကို သက်သေပြရခြင်းနှင့် အခြားလူများ၏ ထိန်းချုပ်မှုခံရခြင်းကို သူမ သဘောမကျပေ။


အကယ်၍ စုန့်ထင်ရှန်း သူမကို သဘောကျပါက သူမက်ုတိုက်ရိုက်ပြောသင့်သည်။ သူမတွင် အခြားလူများ၏ ရင်ထဲမှအကြောင်းများကို ခန့်မှန်းနိုင်သည့်စွမ်းရည်မရှိသကဲ့သို့ မတည်ရှိသော စိတ်ကူးယဉ်ချစ်ဇာတ်လမ်းများကိုလည်း စိတ်ကူးမယဉ်နိုင်ပေ။


xxxxxx