Ch 115
Viewers 6k

115 01

 

အပိုင်း(၁၁၅)

 

ထို့နောက် သူသည် သူ၏အတွင်းရေးမှုးကို ခေါ်လိုက်သည်။ ကျန်းဝူပင်းက သူနှင့်ရန်ဖြစ်ပြီး အိမ်၏အသိအမှတ် ပြမှု မရှိဘဲ သူ၏အသက်မွှေးဝမ်းကြောင်းကို စကာ အိပ်မက်ကို အကောင်အထည် ဖော်ကတည်းက ယခုအချိန်ကသာ ပထမဦးဆုံးအကြိမ်အဖြစ် ကျန်းဝူပင်းအကြောင်းကို မေးမြန်းခြင်း ဖြစ်သည်။ အတွင်းရေးမှုးက အံ့ဩသွားသည်။

 

မည်သို့ပင်ဆိုစေ ကျန်းမိသားစု၏ အဖေနှင့်သားဟာ အလားတူ ခေါင်းမာကြသည်။

 

ထိုအမျိုးသားသည် အတတ်နိုင်ဆုံး ကြိုးစားပြီး သားဖြစ်သူကို အသက်ရှင်အောင် ထားကာ ပျော်ပျော်ရွှင်ရွှင် နေရန်၊ အိမ်တွင်သာ တစ်ဘဝလုံး ပေါ့ပေါ့ပါးပါးနေရန် တောင်းဆိုထားသည်။

 

သို့သော် တစ်ဖက်တစ်ယောက်ကမူ အိမ်မက်ကို အကောင်အထည် ဖော်လိုသည်။ နာမည်ကျော် ဒါရိုက်တာ ဖြစ်ချင်နေ၏။ သူသည် အကြီးအကဲများ၏ ကာကွယ်မှုအောက်တွင် နှစ်၂၀ကျော်ခန့် နေနိုင်ခဲ့ပြီး ဝံပုလွေများက‌ ချောင်းမြောင်းနေသည့် ဝတုတ်လွန်းသော သိုးတစ်ကောင် ဖြစ်နေသည့်တိုင်အောင် ခေါင်းမာစွာနှင့် လက်မလျော့လိုခဲ့ချေ။

 

ကျန်းဝူပင်းက အိမ်မှထွက်ခွာပြီးနောက် အဖေကျန်းက ကျန်းဝူပင်းကို အကူအညီ မပေးတော့ချေ။ သူ၏အသိုင်းအဝိုင်းထဲမှ ကုမ္ပဏီများ ပိုင်သည့် မိတ်ဆွေများကိုပင် ကျန်းဝူပင်းအား မကူညီရန် ပြောထားသေးသည်။ ကျန်းဝူပင်းနှင့် ပတ်သက်သည့် သတင်းတိုင်းကို ဖြတ်တောက် ခိုင်းလိုက်၏။ ထိုသို့ဖြင့် ကျန်းဝူပင်းက နောင်တရပြီး အိမ်သို့ပြန်လာမည့် အချိန်ကိုသာ စောင့်နေလေသည်။

 

ထိုအချိန်တွင် အဖေကျန်းက အလျင်လက်ဦးမှုယူပြီး ကျန်းဝူပင်း၏ အခြေအနေကို မေးမြန်းလာခြင်း ဖြစ်သည်။

 

အတွင်းရေးမှူးကိုယ်တိုင်ကလည်း အံ့အားသင့်မှုမှ ခပ်မြန်မြန် အသိပြန်ဝင်သွားပြီး ကျန်းဝူပင်း၏ ပရိုဂရမ်နှင့် ပတ်သက်သည့် လတ်တလော အဖြစ်အပျက်များကို ရှင်းပြလိုက်သည်။ အလားတူပင် လက်ရှိကျော်ကြားမှုနှင့် ပရိုဂရမ်၏ နာမည်ကြီးပုံ အကြောင်းအရာများကိုပင် ပြောပြလိုက်သေးသည်။

 

အဖေကျန်းသည်လည်း ကျန်းဝူပင်းဟာ ရှိုးအတွင်း နှစ်ကြိမ် အန္တရာယ် ကျရောက်ခဲ့ကြောင်း မြင်သောအခါ သူ၏မျက်လုံးထဲတွင် စိတ်ဓာတ်ကျသော ခံစားချက်များက ပေါ်ထွက်လာသည်။ ထို့နောက် စိတ်ဓာတ်ကျစွာ နှာခေါင်းရှုံ့လိုက်၏။

 

“ဒီအတိုင်း အစုတ်အပြတ် ရှိုးလေးတစ်ခုပါပဲ။ သူ့ရဲ့အသက်နဲ့တောင် ထိုက်တန် နေသေးတယ်။ မိသားစုက သူ့ကို ဘာများ မထောက်ပံ့နိုင်လို့လဲ။ စားစရာသောက်စရာ ပြတ်လပ်သေးလို့လား။ သူက အခြားသူရဲ့ကလေးတွေ ဘယ်လို ချမ်းသာနေသလဲ ဆိုတာကို နားမလည်ဘူး။ သူ ကားဝယ်ချင်ရင် ကား၊ နယ်မြေလိုချင်ရင် နယ်မြေ သွားချင်တာသွား လုပ်ချင်တာ လုပ်လို့ရနေတာကို ငါတို့ရဲ့ မိသားစုက သူ့ကို အနိုင်ကျင့်နေလို့လား”

 

သို့သော် ထိုသို့ပြောနေသည့်တိုင်အောင် သူ၏မျက်နှာတွင် ဂုဏ်ယူသော အပြုံးက ရှိနေသည်။ သူသည် ကျောကို မတ်လိုက်ပြီး အလွန်သဘောကျနေပုံရ၏။

 

“ကလေးတွေ အတူတကွ သွားဆော့တဲ့ ရှိုးတစ်ခုက ငါတို့ အဖိုးကြီးတွေ ဘာလို့ ဝင်ပါနေမှာလဲ”

 

ထို့နောက် သူက ရုတ်တရက် ဖျော်ဖြေရေး ကုမ္ပဏီမှ သူဌေးက သူ့ကို ခေါ်ခဲ့သည့်ကိစ္စကို သတိရသွားပြီးနောက် အဖေကျန်းက နှာခေါင်း ရှုံ့လိုက်ပြန်သည်။

 

“ရှောင်ယင်က သူ့ဘာသာသူ သွားကစားနေတာ။ သူ လုပ်ချင်တာ လုပ်ပါစေ။ ကျန်တဲ့ကိစ္စတွေကိုတော့ ငါတို့က ဝင်ရောက်စွက်ဖက်ဖို့ မလိုဘူး။ ဧည်သည့်စာရင်းတွေနဲ့ ပတ်သက်ပြီး သူ့ဘာသာသူ ရွေးချယ်ပါစေ။ ရှိးက တစ်ခုခု ဖြစ်သွားမှ ငါ့ကို လာပြီး အပြစ်တင်နေလိမ့်မယ်”

 

အတွင်းရေးမှူးက ပြုံးလိုက်ပြီး ဘာစကားမှ မဆိုတော့ချေ။ အဖေကျန်း၏ သူ၏အတွေးများကို ထုတ်ပြောရန် တွန့်ဆုတ်နေပုံအား ထုတ်မပြတော့ပါချေ။

 

ထို့နောက် အတွင်းရေးမှူးက တစ်ဖက်သို့ လှည့်သွားပြီး ဖျော်ဖြေရေး ကုမ္ပဏီများ၏ ခေါ်ဆိုမှုတိုင်းကို ငြင်းပယ်လိုက်သည်။ ကျန်းမိသားစုက ကျန်းဝူပင်း၏ ပရိုဂရမ်ကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ကြောင်း၊ မည်သည့်မှတ်ချက်မှ ပေးမည် မဟုတ်ကြောင်း ပြောဆိုလိုက်သည်။ ကျန်းဝူပင်းသည် ထိုကိစ္စအတွက် တာဝန်ရှိသူ ဖြစ်သည်။ ထို့အပြင် ထိုအခြေအနေ ထပ်ကာ ဖြစ်လာလျှင်ပင် အားလုံးကို ပယ်ချလိုက်ရန် ဝန်ထမ်းများကို ပြောထားလိုက်သည်။

 

လာနောက်နေတာလား။ ကျန်းမိသားစုရဲ့ကလေးက နှစ်၂၀ကျော်လောက် ပျိုးထောင် ခံထားရတာ။ ဒါကို အခြားသူတွေက သူ ဘာလုပ်နေတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ထင်မြင်ချက် လာပေးတာကို လက်ခံနေစရာလား။

 

အဖေကျန်းက သူ့ကို ထောက်ခံနေသောအခါ မည်သူကမှ ကျန်းဝူပင်း၏ ပရိုဂရမ်ကို ဝင်ရောက်စွက်ဖက်ပြီး ကျန်းဝူပင်း၏ ပရိုဂရမ်ကို ကိုယ်ပိုင်အကျိုးအမြတ်အတွက် ဖျက်ဆီးရဲတော့မည် မဟုတ်ချေ။

 

ထပ်ခါတလဲလဲ ပယ်ချပြီးနောက် ယာချီ ဖျော်ဖြေရေး ကုမ္ပဏီက စီအီးအိုက ဖုန်းခေါ်လာသည်။ သူတို့၏ တောင်းဆိုမှုက အခြားသောသူများနှင့် ခြားနားနေသည်။ သူသည် အဖေကျန်း၏ အဆက်အသွယ်ကို သုံးပြီး သူ၏ကုမ္ပဏီမှ အဖွဲ့ဝင်အား ကျန်းဝူပင်း၏ ရှိုးထဲသို့ ထည့်လိုခြင်း မဟုတ်လေပဲ ယန်ရှစ်ရွှမ်းအတွက် ဆက်သွယ်လာခြင်း ဖြစ်နေသည်။

 

115 02

 

ယန်ရှင်း ဖျော်ဖြေရေး ကုမ္ပဏီကြီးသည် လက်ရှိတွင် အကြီးဆုံးသော ဖျော်ဖြေရေးကြီး ဖြစ်နေသည်။ တစ်နှစ်ပတ်လုံး တဲလန့်ရှိုးများ ကျင်းပကာ အရည်အသွေးမြင့်သော အိုင်ဒေါလ်နှင့် အိုင်ဒေါလ်အဖွဲ့များကို ပျိုးထောင်ပေးနေလေရာ လှုပ်ခါနိုင်ခြင်း မရှိသည့် အနေအထားမျိုးကို ပိုင်ဆိုင်ထားသော ကုမ္ပဏီကြီးလည်း ဖြစ်သည်။ ထို့ကြောင့် အိုင်ဒေါလ်များကို အာရုံစိုက်သောသူ၊ ပွဲများကို အာရုံစိုက်သော မည်သူမဆို ယာချီ၏ နာမည်ကို သိကြသည်။

 

လက်ရှိရှိုး၏ ဧည့်သည်များထဲတွင် အန်းနန်ယွမ်နှင့် အန်တိုနီတို့သည် သူတိ့၏ ကုမ္ပဏီမှ အိုင်ဒေါလ်တစ်ယောက်နှင့် ပရီဒယ်ဗျူ ထရိန်းနင်းတစ်ဦး ဖြစ်နေသည်။

 

အများအမြင်မှ မကောင်းသော မှတ်ချက်များက အန်တိုနီအား ပရိတ်သတ်များကို လျော့ကျသွားစေခဲ့သည်။ ထို့ကြောင့် အန်တိုနီ၏ လက်ရှိဒေတာနှင့် အင်တာနက်ပေါ်တွင် ရှိမည့် သူ၏ကြေငြာ အရည်အသွေးကို ခွဲခြမ်း စိတ်ဖြာပြီးနောက်တွင် ဒေတာခွဲခြမ်းစိတ်ဖြာသူများက ကုမ္ပဏီကို စွန့်ပစ်ရန် အကြံပေးခဲ့သည်။ ထိုအခြေအနေအရ ယာချီက ပထမဦးဆုံးအကြိမ်အဖြစ် အိုင်ဒေါလ်တစ်ယောက်ကို ပွဲဦးမထုတ်ခင် ကျရှုံးစေခဲ့သည့် အချိန်လည်း ဖြစ်လောက်မည်။

 

သို့ရာတွင် ထိုပရိုဂရမ်ပို့စ်က ယာချီသူဌေးထံ ရောက်သွားသောအခါ သူသည် သတိထားမိခြင်းပင် မရှိချေ။ သူသည် အန်းနန်ယွမ်၏ တိုးတက်မှုများကို စိတ်မဝင်စားသလို အန်တိုနီ၏ ဆုံးရှုံးမှုများကိုလည်း အာရုံမစိုက်ချေ။ သူ အာရုံစိုက်သည်မှာ ယန်ရှစ်ရွှမ်းဖြစ်သည်။

 

ထိုလူကြီးမင်း ယာရှင်းသည် ဖုန်းရွှေကို အလွန်အကြူး ယုံကြည်လွန်းသောသူ ဖြစ်ပြီး ဆရာသခင်ပေါင်းများစွာကို ငှားရမ်းလျက် သူ၏အိမ်နှင့် ကုမ္ပဏီအတွက် ပုံစံဆွဲခိုင်းခြင်း၊ ညှိနိူင်းခိုင်းခြင်းတို့ကို လုပ်ခိုင်းလေ့ရှိသည်။ တိုင်းပြည်အနှံ့ ကျော်ကြားသော ဘုရားကျောင်းများ၊ တာအိုဂူဘုရားကျောင်းများ အားလုံးအပြင် ပုန်းကွယ်နေသည့် ပညာရှင်များထဲတွင် သူက မဖိတ်ဖူးသည့် ပညာရှင်ဟူ၍ မရှိတော့ချေ။

 

ယာရှင်းကုမ္ပဏီမှ သူဌေးသည် သူ၏ ကံကြမ္မာနမိတ်ဖတ်မှုများကို ယုံကြည်ရုံသာ မကသေးလေပဲ အနုပညာရှင်များကပင် ကံကြမ္မာနိမိတ်ဖတ်သူ ဆရာသခင်များကို မကြာခဏဆိုသလို မေးမြန်းလေ့ရှိသည်။ ကုမ္ပဏီ၏ အရင်းအမြစ်များက သူတို့ထံ ရောက်ရှိခြင်း ရှိမရှိ၊ အယ်လ်ဘမ် ထုတ်လွှင့်မည့်ရက်၊ ကွန်းဆက် ကျင်းပမည့်နေရာ စသဖြင့် အရာအားလုံးကိုပင် မေးမြန်းကြသည်။ ထိုမျှအထိ သူတို့က အယုံအကြည် ကြီးကြသည်။

 

ယာရှင်းကုမ္ပဏီ စီအီးအို၏ အယူသီးမှု ကိစ္စတွင် စီအီးအို အသိုင်းအဝိုင်းထဲတွင် ကျော်ကြားပြီးသား ဖြစ်သည်။

 

ထို့ကြောင့် ယာရှင်း ကုမ္ပဏီသူဌေး၏ ရည်ရွယ်ချက်ကို ကြားပြီးသောအခါ ကျန်းအဖေက မျက်မှောင် ကြုတ်သည်။

 

“မင်းက ချွမ်ကျစ်ရဲ့ မိတ်ဆွေနဲ့ တွေ့ချင်တာဆိုရင် ငါ စဉ်းစားဆင်ခြင်ပြီး မင်းကို မိတ်ဆက်ပေးလို့ ရပါတယ်။ ဒါပေမဲ့ တကယ်လို့ လူကြီးမင်းယန်ကို ခေါ်ပြီး ဖုန်းရွှေကို မေးခိုင်းတာ။ ကံကြမ္မာ ဖတ်ခိုင်းမယ်ဆိုရင်တော့ ဒီအကြံကို စွန့်လွတ်ပြီး နောက်ထပ်တစ်ယောက်ကို သွားရှာပါလို့ပဲ ပြောချင်တယ်”

 

အဖေကျန်းသည် ယန်ရှစ်ရွှမ်းက သူ၏အရူးသားအား လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ထပ်ခါတလဲလဲ ကယ်နေခဲ့သည့် ဖြစ်ရပ်များကို ပြန်တွေးလိုက်ပြီး သူ၏အရူးသားသည် ယန်ရှစ်ရွှမ်းအား ထပ်ခါတလဲလဲ စိတ်လှုပ်ရှားစွာ ချီးကျူးခဲ့ကြောင်း သတိရသွားသော် တစ်ဖက်သူဌေးအား ရိုးသားစွာ သတိပေးလိုက်သည်။

 

“လူကြီးမင်းယန်က ဖုန်းရွှေ မကြည့်ပေးသလို ကံကြမ္မာလည်း မဟောပေးဘူး။ ဒီအတိုင်း မင်းက မင်းရဲ့အိမ်က ဖုန်းရွှေကို ညှိရုံလောက်၊ အခြားစီမံမှုတွေလောက် လုပ်ရုံပဲဆိုရင်တော့ လူကြီးမင်းယန်ကို သွားပြီး ဖိတ်ခေါ်လို့ ဒီအကြောင်းအရာတွေကို မေးတဲ့အခါ ဒါမှမဟုတ် ငါ ချွမ်ကျစ်ဆီက ကြားထားတဲ့အတိုင်းဆိုရင် လူကြီးမင်းယန်က မင်းရဲ့အိမ်ကိုတောင် ဒေါသတကြီး ဆွဲဖြဲပစ်လို့ ဖုန်းရွှေနေရာတွေကိုတောင် ပြောင်းပြန် လှန်ပစ်လောက်တယ်”

 

ယာရှင်းသူဌေးက ကြောင်သွားသည်။ သူသည်ပင် ယန်ရှစ်ရွှမ်း၏ စိတ်နေသဘောထားဟာ ထိုမျှထိ မကောင်းမှန်းလိမ့်မည်ဟု မထင်ထားမိချေ။ သူကိုယ်တိုင်ကပင် အနည်းငယ် စိုးရိမ်သွားသည်။

 

“ဘာလို့ အဲ့ဒီလို ဖြစ်ရမှာလဲ ညီအစ်ကို ကျေးဇူးပြုပြီး လူကြီးမင်းယန်ရဲ့ ဖုန်းနံပါတ်လေး ပေးပါလား။ ငါကိုယ်တိုင် ပြောလိုက်မယ်လေ။ မစိုးရိမ်ပါနဲ့။ နောက်ပြီး ငါကိုယ်တိုင် စကားပြောမှာပါ။ ငါက လူကြီးယန်ကို စိတ်မပျက်စေရပါဘူး”

 

“လူကြီးမင်းယန်က မင်းတို့မိသားစုက သေးငယ်တဲ့ ပရိုဂရမ်လေးမှာ ဝင်ပါနေတာ မဟုတ်လား။ ငါ့ရဲ့အတွင်းရေးမှုးက ငါ့ကို ပြောတယ်။ လူကြီးမင်းယန် ပွဲဦးတောင် မထွက်ရသေးဘူးတဲ့။ တိုက်တိုက်ဆိုင်ဆိုင် ငါ ယာရှင်းကလည်း စတားတွေ ထုတ်ပေးတဲ့နေရာမှာ အကောင်းဆုံးနေရာ ဖြစ်နေတယ် မဟုတ်လား။ လူကြီးမင်းယန်ကသာ ငါ့ကို ကူညီပေးဖို့ ဆန္ဒရှိတယ်ဆိုရင် ငါက သူ့ကို ပျိုးထောင်ပေးပြီး တစ်တိုင်းပြည်လုံးမှာ အကောင်းဆုံး အနေအထားမျိုးရောက်အောင် ပွဲဦးထုတ်ပေးလို့ ရတယ်”

 

အဖေကျန်းက ပြန်ငြင်းပြန်သည်။

 

115 03

 

“ငါက လူကြီးမင်းယန်နဲ့ အကြိမ်အနည်းငယ် တွေ့ဖူးပေမဲ့လည်း ချွမ်ကျစ်ရဲ့ပါးစပ်က လူကြီးမင်းယန်ရဲ့အကြောင်း အများကြီး ကြားထားဖူးတယ်။ ဒါကြောင့် လူကြီးမင်းယန်နဲ့ ပတ်သက်ပြီး ထူးထူးခြားခြားကို နားလည်ထားတယ်။ ဒါကြောင့် လေးစားမှုအပြည့်နဲ့ မင်းကို သတိပေးလိုက်မယ်။ လူကြီးမင်းယန်က မင်းပြောတာတွေ အားလုံး တစ်ခုမှ အလေးအနက် ထားမှာ မဟုတ်ဘူး။ ပိုဆိုးတာက မင်းရဲ့ကုမ္ပဏီက ထားတဲ့ လူကြီးမင်းယန်ရဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို မဖတ်ကြည့်ထားဘူး မဟုတ်လား”

 

အဖေကျန်းက လက်ကို အသာမြှောက်လိုက်ပြီး အတွင်းရေးမှုးက သူ့ကို ပေးလာသည့် မှတ်တမ်းများကို တဖြတ်ဖြတ် လှန်သည်။ ထို့နောက် ရှိုးပေါ်မှ ယန်ရှစ်ရွှမ်း တွက်ဆမှု မှတ်တမ်းကို ကြည့်ကာ လှောင်သံဖြင့် ပြောလိုက်သည်။

 

“ချွမ်ကျစ်ကြောင့်သာ မဟုတ်ရင် လူကြီးမင်းယန်က ဒီရှိုးမှာ ဝင်ပါခဲ့မှာတောင် မဟုတ်ဘူး။ နောက်ပြီး မင်း ပေးတဲ့ ကတိပေးတယ်။ ကျော်ကြားမှုတွေ ဘာတွေညာတွေကတော့ လူကြီးမင်းယန် ကိုယ်တိုင်က ပွဲဦးထွက်ဖို့တောင် စိတ်မဝင်စားတာ။ သူက ဒီရှိုးကတောင် ထွက်သွားချင်ကြောင်း ထပ်ခါတလဲလဲ ဖော်ပြခဲ့သေးတယ်။ နောက်ဆုံးနေရာက အထုတ်မခံရလို့တောင် ဒေါသ ထွက်နေခဲ့သေးတာ။ ဒါကြောင့် မင်းပေးတဲ့ ဆုလာဘ်နဲ့ လူကြီးမင်းယန်ကို သွားပေးမယ်ဆိုတဲ့ စကားသာ ကြားရင် တစ်ဖက်သူက မင်းကို ဆဲဆိုသွားလောက်တယ်”

 

ယာရှင်းသူဌေးက အနည်းငယ် ကြောင်သွားသည်။

 

“ဒါပေမဲ့ အဲ့ဒီလိုဆိုရင်တောင်မှ ဘယ်ဆရာသခင်က ပိုက်ဆံကြောင့် လှုံ့ဆော် မခံရလို့လဲ။ နောက်ပြီး ဘယ်သူကများ မကျော်ကြားချင်လို့လဲ”

 

ဖုန်းချပြီးသည့်တိုင်အောင် ယာရှင်းသူဌေးအနေဖြင့် သူ၏ရုံးခန်းအတွင်းတွင် မှိုင်နေပြီး ဒီအတိုင်း ထိုင်နေမိသည်။ သူသည် အဖြစ်အပျက်ကို နားမလည်နိုင်သေးချေ။

 

ထို့နောက် ကြမ်းခင်းပြင်မှ မျက်နှာကျက်အထိ မြင့်မားလွန်းသော ပြတင်းပေါက်ကြီးအရှေ့တွင် ရပ်ကာ အောက်ဘက်မှ ရောင်စုံမီးအလင်းရောင်များကို ကြည့်ပြီး နောက်ထပ် စမ်းသပ်ကြည့်ချင်နေသေးသည်။

 

ထိုပရိုဂရမ်သည် အန္တရာယ်ကို ထပ်ခါတလဲလဲ ကြုံတွေ့ခဲ့ရသည်။ သို့သော် ယန်ရှစ်ရွှမ်းကြောင့်သာ အန္တရာယ်မှ ကယ်တင်ခံခဲ့ရ၏။ သူသိသော ဆရာသခင်ကလည်း ယန်ရှစ်ရွှမ်း၏မျက်နှာဟာ အလွန်အမင်း ရှားပါးကြောင်း၊ ဒီဘဝတွင် တစ်ကြိမ်သာ မြင်ဖူးကြောင်း ပြောသွားသည်။

 

ကြည့်ရသည်မှာ ယန်ရှစ်ရွှမ်းသည် ဟိုင်ရွန်ဂူဘုရားကျောင်းနှင့် ဆက်စပ် နေလောက်သည်။

 

ဒီရှိုးတွင် ပါဝင်နေသော ယန်ရှစ်ရွှမ်းဟာ အစစ်အမှန် ပါရမီနှင့် သင်ယူနိုင်စွမ်းအား ပြင်းထန်လွန်းသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေခဲ့ခြင်းကြောင့် ဖြစ်လောက်သည်။

 

ယန်ရှစ်ရွှမ်းကိုသာ သူ့အတွက် ဖုန်းရွှေကြည့်ရန် သို့မဟုတ် ကုမ္ပဏီအတွက် ဖုန်းရွှေကြည့်ရန် ခေါ်ထားနိုင်မည်ဆိုလျှင် သူ၏အသက်မွေးကြောင်းအလုပ်က နောက်ထပ်တဆင့် ထပ်မြင့်အောင် လုပ်မည့် ကိစ္စနှင့် ပတ်သက်ပြီး ထပ်ပြီး စိုးရိမ်ရန် လိုအပ်တော့မည် မဟုတ်ချေ။

 

ထို့ကြောင့် ယာရှင်းသူဌေးက စိတ်ဆုံးဖြတ်လိုက်ပြီး အောက်ဘက်မှ departmentခေါင်းဆောင်၏ ဖုန်းကို ခေါ်ဆိုလိုက်သည်။

 

“ယန်ရှစ်ရွှမ်းက ငါတို့ကုမ္ပဏီက အနုပညာရှင်တစ်ယောက်နဲ့ ဆက်ဆံရေး မကောင်းဘူးလို့ ငါ ကြားတယ်”

 

“ဟုတ်ပါတယ် ယန်ရှစ်ရွှမ်းလို့ ခေါ်တဲ့သူက ဒီအတိုင်း အပြင်လူတစ်ယောက်ပါ။ သူဟာ ဒီလောက်ထိ မောက်မာထောင်လွှားပြီး ငါတို့ ယာရှင်းက ထရိန်နင်းကိုတောင် ဒီလိုဆက်ဆံရဲမယ်လို့ မထင်ထားဘူး။ သူက တကယ်ကို ဒေါသထွက်ချင်စရာပဲ။ ယန်ရှစ်ရွှမ်းက အန်တိုနီနဲ့ ပတ်သက်ပြီး ပြဿနာ ရှိနေတာ”

 

“အဲဒီ အန်တိုနီဆိုတဲ့ကောင် ဒဏ်ရာရသွားတယ်လို့ ပြောတယ် မဟုတ်လား။ ဒါဆိုလည်း အစားထိုးလိုက်။ ယာရှင်းမှာ ပွဲဦးထွက်ဖို့ စောင့်နေတဲ့သူတွေ အများကြီးပဲ။ သူတစ်ယောက်တည်း ရှိနေတာမှ မဟုတ်တာ။ သူက ယန်ရှစ်ရွှမ်းကို ဒေါသထွက်အောင် လုပ်လိုက်ပြီဆိုကတည်းက စာချုပ်သာ ဖျက်လိုက်တော့”

 

ယာရှင်သူဌေး၏ ရက်စက်သော စကားလုံးများက တည်ငြိမ်စွာ ထွက်ပေါ်လာခြင်း ဖြစ်သည်။

 

“အဲဒီနောက် ယန်ရှစ်ရွှမ်းရဲ့ အိမ်တံခါးဝဆီ ကိုယ်တိုင်ကိုယ်ကျသွားပြီး တောင်းပန်ခိုင်းလိုက်။ အန်တိုနီကိုပါ ခေါ်သွား။ ယန်ရှစ်ရွှမ်းက သူကို မကျေမနပ်မခြင်း ပြန်မလာခိုင်းနဲ့”

 

အောက်ဘက်မှလူက ကြောင်သွားသည်။

 

“ဒါပေမဲ့ ယန်ရှစ်ရွှမ်းက အပြင်လူတစ်ယောက်လေ။ သူ့ရဲ့နောက်မှ ဘယ်ကုမ္ပဏီကမှ ထောက်ပံ့ပေးနေတာမှ မဟုတ်_ _ _ “

 

“နောက်ပြီး ယန်ရှစ်ရွှမ်းက ငါ့တို့ကုမ္ပဏီရဲ့ နောက်ထပ်တစ်ယောက်နဲ့ ဆက်ဆံရေး ကောင်းတယ်ဆိုပဲ။ အဲဒီတစ်ယောက်ကိုလည်း ယန်ရှစ်ရွှမ်းရှေ့မှာ ငါတို့ကုမ္ပဏီရဲ့ ကောင်းကြောင်းတွေ ပြောခိုင်းလိုက်။ ဒီလိုနဲ့ ငါတို့ ကုမ္ပဏီက အမြင်ကောင်းဝင်သွားတဲ့အခါ ငါတို့ကုမ္ပဏီက ဘယ်လိုအထောက်အပံ့တွေ ပေးနိုင်တဲ့အကြောင်း နားလည်သွားအောင် လုပ်ပြီး ကုမ္ပဏီနဲ့ စာချုပ် ချုပ်ခိုင်းလိုက်”

 

ယာရှင်း စီအီးအိုက ဖုန်းတစ်ဖက်မှလူ၏ အံ့အားသင့်နေသော အသံကို လစ်လျူရှုထားသည်။ သူသည် ပြောလိုသည့်စကားများကို ပြောပြီးနောက် တစ်ဖက်သူဟာ စိတ်သဘောထား ကျဉ်းမြောင်းလွန်းကြောင်း၊ ယန်ရှစ်ရွှမ်း၏ အမြင့်နှင့် ကြောက်စရာကောင်းသည့် တန်ဖိုးကို မသိကြောင်း အထင်သေးနေမိသည်။

 

115 04

 

“ယန်ရှစ်ရွှမ်းက ပွဲဦးမထွက်ရသေးဆိုတာကို မင်း သိနေတယ် ဆိုကတည်းက အခုချက်ချင်းသွား။ ယန်ရှစ်ရွှမ်းနဲ့ စာချုပ်ချုပ်ဖို့ ကြိုးစား။ လူကိုယ်တိုင် မသွားရင်တောင် ငါတို့ရဲ့ကုမ္ပဏီက မင်းကို ဒါတွေ သင်ပေးနေရဦးမှာလား”

 

အတိတ်တွင် သူသည် အန်တိုနီကို စိတ်ရင်းဖြင့် ထောက်ပံ့ပေးခဲ့သည်။ ကုမ္ပဏီ၏ ပထမတန်းစားအဆင့် အိုင်ဒေါလ်ဖြစ်သည့် အန်းနန်ယွမ်ကပင် အန်တိုနီအတွက် အနင်းခံကျောက်တုံးဖြစ်ရန် သတ်မှတ်ပေးခဲ့သည်။ သို့သော် ယခုအခါတွင်မူ သူသည် ကုမ္ပဏီကို ကိုင်လှုပ်နိုင်သေး၏။ တစ်ဖက်ပုဂ္ဂိုလ်ကလည်း အန်တိုနီကို သူဌေးက စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း နားလည်လိုက်သည့်အတွက် ခေါင်းပင်မလှုပ်ရဲတော့ပဲ ဆက်တိုက်ဆိုသလို ဟုတ်ကဲ့ ဟုတ်ကဲ့ဟုသာ ပြောနေနိုင်သည်။

 

ယာရှင်း၏ သူဌေးက နှာခေါင်းကို ရှုံ့လိုက်ပြီး ဖုန်းကို ချလိုက်သည်။ ထို့နောက် ဖုန်းရွှေအဆောင်အမျိုးမျိုး ပြည့်နေသည့် ရုံးခန်းကို ကြည့်လိုက်ကာ ယန်ရှစ်ရွှမ်း၏ လျို့ဝှက်ဆန်းကြယ်သော အဆောင်များကို ပြန်တွေးမိသွားသည်။ ယန်ရှစ်ရွှမ်း၏ ရောက်လာမှုအား ပို၍ပင် မျှော်လင့်စောင့်စားမိသွားသည်။

 

အင်အားကြီးမားတဲ့ ဖုန်းရွှေဆရာသခင်တစ်ယောက်နဲ့သာဆိုရင် ယာရှင်းရဲ့ ဆိုးရွားတဲ့ တိုးတက်မှုတွေလောက်ကို ဂရုစိုက်ဖို့တောင် လိုအပ်တော့မယ် မထင်ဘူး”

 

…..

 

အခြားသော ဖျော်ဖြေရေး ကုမ္ပဏီများသည် ယာရှင်းစီအီးအိုလောက် ဖုန်းရွှေများကို အယူသီးခြင်း မရှိသော်လည်း ယန်ရှစ်ရွှမ်း၏ ပုံမှန်မဟုတ်လောက်အောင် ကျော်ကြားလာမှုနှင့် ဆိုရှယ်မီဒီယာပလက်ဖောင်းများ အပေါ်တွင် ဆက်တိုက်ဆိုသလို မြင့်တက်လာသည့် ကျော်ကြားမှုများ၊ ဗီဒီယိုပလက်ဖောင်းများပေါ်မှ သူ၏လုပ်ဆောင်နိုင်စွမ်းအား အရှိန်အဟုန်များက ထိုကုမ္ပဏီများနှင့် အေးဂျင့်တိုင်း ယန်ရှစ်ရွှမ်း၏ ကြေငြာတန်ဖိုးကို နားလည်လာစေသည်။

 

ထို့ကြောင့် ပရိုဂရမ်အသင်းထံတွင် ခွင့်တောင်းလွှာများက နှင်းမှုန်များအလား ဆက်တိုက်ဆိုသလို တိုးဝင်လာလေပြီး အရာအားလုံးဟာ ယန်ရှစ်ရွှမ်းနှင့် ပတ်သက်နေခဲ့သည်။

 

ယန်ရှစ်ရွှမ်း၏ ဆက်သွယ်ရမည့် အချက်အလက်ကို မရနိုင်သော ကုမ္ပဏီများ၊ ဖုန်းကို မရရှိနိုင်သော သူများက ယန်ရှစ်ရွှမ်းကို ဖိတ်ကြားရန်အတွက် ကုမ္ပဏီပရိုဂရမ်တင်းမ်မှ တဆင့် ဆက်သွယ်ကြသည်။

 

ယန်ရှစ်ရွှမ်းဟာ မျက်လွှာချလျက် သူ၏ဖုန်းကို တစ်ချက်ကြည့်သည်။ ထိုဖုန်းဟာ မရပ်မနား ဆက်တိုက်ဆိုသလို မြည်နေခဲ့သည်။ စိတ်ရှုပ်ထွေးသွားသော သူဟာ ဖုန်းကို ပိတ်လိုက်ပြီး အီးမေးလ်လိပ်စာကိုပင် ဖျက်လိုက်သည်။ ယခုအခါ တစ်လောကလုံး ငြိမ်းချမ်းသွားပြီ ဖြစ်သည်။

 

“ယန်ကော ဘာဖြစ်တာလဲ”

 

အန်းနန်ယွမ်ဟာ သိချင်စိတ်ပြင်းပြစွာနှင့် အနားသို့လာပြီး ယန်ရှစ်ရွှမ်းကို မေးသည်။ တစ်ဖက်သူဟာ မပျော်မရွှင် ဖြစ်နေ၏။

 

“ဒီအတိုင်း အရူးတစ်အုပ်က လာပြီး စိတ်အနှောက်အယှက် ပေး‌နေရုံပါ”

 

ယန်ရှစ်ရွှမ်းက နှာခေါင်းရှုံ့လိုက်သည်။ ဖျော်ဖြေရေး ကုမ္ပဏီများဟာ သူ၏မေးလ်ဘောက်စ်ထဲသို့ ဆက်တိုက်ဆိုသလို စာပို့နေသည့် အကြောင်းအရာကို နားမလည်နိုင်ချေ။

 

ဖျော်ဖြေရေး အသိုင်းအဝိုင်းထဲသို့ ဝင်ချင်သောသူများဟာ ကံကောင်းပြီး ယန်ရှစ်ရွှမ်း၏ အီးမေးလ်ကိုသာ မြင်သွားခဲ့မည်ဆိုလျှင် အံ့အားသင့်ကာ မနာလိုကြီးပြီး စိတ်ပျက် သွားလောက်သည်။

 

အကြောင်းမူကား ထိုအီးမေးလ်များထဲတွင် ကုမ္ပဏီများက အမျိုးမျိုးသော မက်လောက်စရာ ကတိများကို ပေးနေကြသည်။ ထိပ်တန်းအဆင့် ကုမ္ပဏီကြီးများ၊ အေးဂျင့်များကပင် ရင်းနှီးကျွမ်းဝင်မှုအပြည့်နှင့် ခယကာ စာချုပ်ချုပ်လိုကြောင်း ပြောကြ၏။ ခေါင်းဆောင်ကြီးများက သူတို့၏ ကိုယ်ပိုင်နာမည်အောက်တွင်ပင် စာချုပ်ချုပ်ဆိုလိုကြပြီး လွပ်လပ်သော လုပ်ဆောင်မှုများကို ပေးထားသည်။ အခြေအနေများဟာ မှင်သက်ဖွယ်ကောင်းသော အနေအထားမျိုး ဖြစ်နေသေးလေသည်။ လူတိုင်းက ပါးစပ်အဟောင်းသား ဖြစ်ရအောင် ကြီးကျယ် ခမ်းနားလွန်းနေခဲ့၏။

 

******