Chapter 92
ဤနေရာမှလူများသည် လက်နှစ်ဖက်ကိုပူး၍ ဦးညွှတ်ရသည်ကို နှစ်သက်ကြသည်ထင်၏။ ယွန်းရှင်းကျဲ ချက်ချင်းပဲ ပြန်၍ဦးညွှတ်လိုက်သည်။
"ကျေးဇူးတင်ပါတယ် ကျွန်တော့်နာမည် ယွမ်ရှင်းကျဲပါ။ "
မင်ရှောင်မှာ အလွန်ငယ်ရွယ်ပုံပေါ်၍ လုပ်အားပေးရန်လာသော ဗိုလ်လောင်းတစ်ဦးဖြစ်ပုံရသည်။ ဘာမှပြောစရာမလိုဘဲ ယွန်းရှင်းကျဲကို အိတ်များကူသယ်ပေး၍ သူတို့ကိုခေါ်သွားပေးမည့် လေယာဉ်ဆီသို့ခေါ်ဆောင်လာခဲ့သည်။
အပြင်ဘက်မှ အပူချိန်မှာ မဆိုသလောက်လေးနွေးနေသည်။ ကောင်းကင်၏အရောင်မှာ အင်ပါယာမြို့တော်ကထက် ပြာနု၍လေထုမှာလည်း သဘာဝတရားကြီး၏ အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။
မင်ရှောင်နှင့် ပျော်ပျော်ရွှင်ရွှင်စကားပြောနေသော ယွန်းရှင်းကျဲကို မြင်သောအခါ လော့၀မ်ချွမ်း နှုတ်ခမ်းများကိုတင်းကြပ်စွာစေ့လျက် နောက်မှ လိုက်လျှောက်လာ၏။
“ကျွန်တော်က နိုအာစစ်တက္ကသိုလ်က ကျောင်းသားတစ်ယောက်ပါ” မင်ရှောင်က အားရပါးရပင် ယွန်းရှင်းကျဲနှင့် စကားဆက်ပြောနေလေသည်။
“ကျွန်တော်က အထူးသဖြင့် NCLM ပြိုင်ပွဲတွေကိုကြည့်ရတာကြိုက်ပါတယ် မင်းတို့ကျောင်းက အရင်နှစ်က ကောင်းကောင်းလုပ်နိုင်ခဲ့တာပဲ SS-level ကစားသမားတစ်ယောက်တောင်…”
ထိုစကားလုံးများကိုကြားသောအခါ ယွန်းရှင်းကျဲ နောက်သို့တစ်ချက်လှည့်၍ လော့၀မ်ချွမ်း ကိုမျက်လုံးမှိတ်ပြလိုက်သည်။ သူ့နှုတ်ခမ်းများနှင့် မျက်နှာအမူအရာကိုကြည့်ခြင်းအားဖြင့် "ဒီလူ မင်းကိုချီးကျူးနေတယ်" ဟုပြောချင်နေသည် ဖြစ်ရမည်။
ယွန်းရှင်းကျဲ ပြန်လှည့်ကြည့်သည်ကို မြင်လိုက်ရသောအခါ လော့၀မ်ချွမ်း ၏ ရေခဲတုံးပမာအမူအရာများ အနည်းငယ်ပျော့ပြောင်းသွားသည်။
“ဒါနဲ့မင်းကိုကြည့်ရတာ အိုမီဂါနဲ့တူတယ်။ အေအဆင့် လား။ အဲ့ထက်မြင့်တာလား။”
မင်ရှောင် အမှုမဲ့အမှတ်မဲ့မေးလိုက်မိသည်။ ပြီးမှ မမေးသင့်ကြောင်းခံစားမိ၍ စကားလုံးများကို ပြင်ဆင်လိုက်၏။
“အိုမီဂါတွေကို အထင်သေးတာ မဟုတ်ရပါဘူး။ NCLM မှာပါဝင်လာတဲ့ အိုမီဂါတွေကတော်တော်နည်းတော့ သိချင်သွားလို့ပါ။”
“ကျောင်းက မက်ခါပြိုင်ပွဲတုန်းက အေအဆင့် ကိုမြှင့်ပေးခံခဲ့ရတာပါ။ ” မင်ရှောင်၏ စိတ်အားထက်သန်မှုနှင့် စကားပြောရန်ကြိုးစားနေပုံကို ယွန်းရှင်းကျဲမြင်နေရသည်။
“ အိုမီဂါ တွေကနည်းတယ်ဆိုတာဟုတ်ပေမယ့် အဲ့ဒါက သူတို့ မက်ခါတွေကို မမောင်းနိုင်ဘူးလို့မဆိုလိုဘူးလေ။ ”
“အဲ့ဒါက ပုံမှန်ပါပဲ” ယွမ်ရှင်းကျဲစကားများကို နားထောင်ပြီးနောက် မင်ရှောင် သူ့ကို အဓိပ္ပာယ်ရှိသောမျက်လုံးများဖြင့်ကြည့်လိုက်သည်။
“မင်းရဲ့ လုပ်ဆောင်မှုတွေကို စောင့်မျှော်နေပါ့မယ်။ ငါ သေချာပေါက်ကြည့်ဖို့လာခဲ့ပါ့မယ်”
ယွမ်ရှင်းကျဲစိတ်ထဲတွင် မင်ရှောင် ဝတ်ကျေတန်းကျေပြောနေသည်ဟုပင် ကောက်ချက်ချလိုက်သည်။
လော့၀မ်ချွမ်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ မင်ရှောင်၏မျက်လုံးများမှာ စကားပြောနေစဉ် လော့၀မ်ချွမ်းဆီသာ ရောက်နေသည်ကို သူသတိထားမိသည်…
တစ်ခြားရည်ရွယ်ချက် ရှိနေသည်များလား။
ရှင်းဟိုင်စစ်တက္ကသိုလ်မှ ကျောင်းသားအားလုံးလေယာဉ်များစီးကာ အဖွဲ့အစည်းကပံ့ပိုးပေးထားသော ကြယ်အဆင့် ဟိုတယ်သို့ထွက်ခွာသွားကြသည်။ အားလုံးမှာ စိတ်လှုပ်ရှားနေကြသော မျက်နှာအမူအရာများဖြစ်နေကြသည်။
ထိုထဲတွင် လော့၀မ်ချွမ်းတော့ မပါဝင်ပေယ
ယွမ်ရှင်းကျဲ ဟိုတယ်သို့ဝင်သွားသောအခါ အခြားဗိုလ်လောင်းများရောက်နှင့်ပြီးဖြစ်နေသည်။
စီစဉ်သူမှာ တမင်တကာပင်ကြံစည်ထားသလားမသိရ။ အချို့သောပြိုင်ဘက်အဖွဲ့များမှာ ဟိုတယ်သို့ တစ်ပြိုင်နက်ရောက်လာပြီး လေထုမှာ အနည်းငယ်တင်းမာနေ၏။
ဂျက်ကော့ ပထမစစ်တက္ကသိုလ်အဖွဲ့ဝင်များမှာ ပိုပြီးယုံကြည်မှုရှိကြ၏။ ပြီးခဲ့သောနှစ်က တတိယဆုပိုင်ရှင်များပင် မဟုတ်ပါလော။ ယွမ်းရှန် စစ်တက္ကသိုလ်မှ အဖွဲ့သားများမှာ တိတ်ဆိတ်နေကြသည် : လေ့ကျင့်ရေးနှင့် စီမံမှုပုံစံမှာ အလွန်ပင်စည်းကမ်းတင်းကြပ်သော စစ်တက္ကသိုလ်ဖြစ်၏။
စိန့်ကလီတိုမှ ကျောင်းသားများမှာ ခမ်းနားလှသော ဟိုတယ်ကြီးကိုသာ စိတ်ဝင်စားနေကြသည်။ သူတို့လာခဲ့သော ဂြိုဟ်မှာ ယခုလောက်မချမ်းသာ၍ဖြစ်မည်။
ရုတ်တရက်ဝင်လာကြသော ရှင်းဟိုင်စစ်တက္ကသိုလ်မှ ကျောင်းသားများက အခြားသုံးဖွဲ့၏စိတ်ဝင်စားမှုကို ရယူနိုင်လိုက်သည်။
အထူးသဖြင့် ဂျက်ကော့ ပထမစစ်တက္ကသိုလ်၏ အဖွဲ့ဝင်များဖြစ်သည်။ မနက်ဖြန်တွင်သူတို့ကစ၍ တိုက်ခိုက်ရမည့်အတွက်ကြောင့်လည်း ဖြစ်မည်။
ဂျက်ကော့အဖွဲ့ခေါင်းဆောင်မှာ အလွန်နူးညံ့၍ ရှေ့ဆံပင်တစ်ခြမ်းကိုပင့်တင်ထားပြီး နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးခပ်ရေးရေးလေးကို ပိုင်ဆိုင်ထားသော အသားဖြူဖြူကောင်လေးတစ်ယောက်ဖြစ်သည်။
ယွမ်ရှင်းကျဲ သူ့ကိုသိသည်။ မက်ခါကြယ်က "ငါနဲ့လာမရှုပ်နဲ့" ဖြစ်၏။ သူ၏အမည်ရင်းမှာ ချန်ကျွင်းဖြစ်သည်။
“တွေ့ရတာဝမ်းသာပါတယ်” ချန်ကျွင်း ရှေ့သို့တိုးကာ လော့၀မ်ချွမ်း ဆီသို့လက်ကမ်းပေးလိုက်သည်။
“မင်းအရင်နှစ် အကြိုဗိုလ်လုပွဲတုန်းက ကစားသွားတာ အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတယ်။ ကျောင်းအဖွဲ့ကို ဗိုလ်လုပွဲထိခေါ်လာနိုင်တော့မှာကို နှမြောဖို့တော့ကောင်းခဲ့တာပေါ့။ ဒီနှစ်လည်း မျှော်လင့်နေပါ့မယ်။ မင်းရဲ့ တင်ဆက်မှုကို။ "
ချန်ကျွင်း ယဉ်ယဉ်ကျေးကျေးပင်ပြောလိုက်သော်လည်း သူ့မျက်နှာတွင်အပြုံးအရယ်မရှိ။ သိသိသာသာပင် သူတို့ကို ပုတ်ခက်ပြောဆိုနေခြင်းသာဖြစ်သည်။
“ အော် ဟုတ်လား ” လော့၀မ်ချွမ်း လက်ကိုပြန်မကမ်းပေးလိုက်ဘဲ ချန်ကျွင်းကို ကြည့်လိုက်သည်။
“ မင်းအကြောင်းသိပ်မကြားဖူးတော့ ကစားပွဲကိုတောင် မကြည့်လိုက်မိဘူးထင်တယ်။ ငါလည်း မနက်ဖြန် မင်းရဲ့တင်ဆက်မှုအတွက် မျှော်လင့်နေပါ့မယ်”
အခြေအနေမှာရုတ်တရက်ကြီး တင်းမာသွားသည်။
ချန်ကျွင်း စိတ်ဆိုးပုံမပြပဲ လက်ကို ပြန်ရုပ်သိမ်းလိုက်သည်။
အမှတ်တမဲ့ပင် ဂျက်ကော့ကျောင်းအဖွဲ့နှင့် ရှင်းဟိုင်ကျောင်းအဖွဲ့တို့ မျက်နှာချင်းဆိုင်ရပ်မိသားဖြစ်နေသည်။ အားလုံး၏မျက်နှာမှာ စိတ်မသက်မသာဖြစ်လျက် အမျက်ဒေါသများဖြင့်ပြည့်နေသည်။
တစ်ဘက်တွင် ရစ်ချက်မှာ သဘာဝကျစွာ တစ်ဘက်အသင်းနည်းပြဖြင့် စကားကောင်းနေ၏။
မည်သို့ပင်ဆိုစေကာမူ , နှစ်ဘက်အသင်းမှ နည်းပြများမှာ ကျောင်းအသင်းနှစ်ဖွဲ့ကြားက အခြေအနေကိုဖြေလျော့ရန် ရောက်မလာကြပေ။
သူတို့၏စိတ်ထဲမှ အတွေးများမှာ သိသာလွန်း၏။
ကံကောင်းစွာဖြင့် နှစ်ဖွဲ့လုံးမှ တာဝန်ရှိသူများ အချိန်မှီရောက်လာပြီး ဟိုတယ်အခန်းစာရင်းသွင်းရန်ခေါ်သွားကြ၏။ သို့မှသာ အေးစက်နေသော အခြေအနေကြီးလည်း ပျောက်ကွယ်သွားတော့သည်။
ပြောင်းရွှေ့ရန်စောင့်ဆိုင်းနေကြစဉ် အခြားစစ်တက္ကသိုလ်သုံးခုမှ အဖွဲ့ဝင်များမှာ ရှင်းဟိုင်တက္ကသိုလ်အပေါ် အမြင်မကြည်ကြသည်ကို သိသိသာသာပင် မြင်နေရသည်။
92.2
လွန်ခဲ့သော နှစ်ပေါင်းဆယ်နှစ်အတွင်း , ဂျက်ကော့ ပထမစစ်တက္ကသိုလ် , ယွမ်ရှန် စစ်တက္ကသိုလ် နှင့် စိန့်ကလီတို မယ်ခါ တက္ကသိုလ်တို့မှာ NCLM ၏ ထိပ်တန်းတက္ကသိုလ်သုံးခုဖြစ်ခဲ့ကာ ချန်ပီယံဆုကိုပင် အရယူနိုင်ခဲ့ကြ၏။
ဆန့်ကျင်ဘက်အနေဖြင့် ဆယ်နှစ်ကျော်ကာလအတွင်းတစ်ကြိမ်သာအဆင့်မှီခဲ့သော ရှင်းဟိုင် တက္ကသိုလ်မှာ အလိုလျောက် အားနည်းသောပြိုင်ဘက်အဖြစ် သတ်မှတ်ခံလိုက်ရတော့သည်။
“အာ, ရှင်းဟိုင်မှာ အိုမီဂါတစ်ယောက်တောင်အဖွဲ့ထဲပါတယ်လို့ကြားတယ်နော် ” စိန့်ကလီတိုမှ ဘီတာတစ်ယောက်က အံ့အားသင့်စွာ ပြောလိုက်သည်။
“သူတို့ကျောင်းက လူတော်တော်လိုနေတယ် ထင်ပါရဲ့…”
“ဟုတ်ပါရဲ့” ယွမ်ရှန်ကျောင်းသားတစ်ဦးမှ အသံကိုနှိမ့်ကာပြောလိုက်၏။
“ဒီနှစ် သူတို့အုပ်စုပွဲစဉ်မှာတင် သုံးပွဲဆက်တိုက်ရှုံးတော့မှာ မဟုတ်ဘူးလား…”
အခြား ဂျက်ကော့ကျောင်းသားတစ်ယောက်ကလည်း ဖြတ်ပြောလိုက်သည်။
“ အဲ့ဒါဆို ငါတို့သုံးကျောင်းက ကောင်းကောင်းလုပ်ရတော့မှာပေါ့။ တကယ်တော့လည်း ငါတို့က အဓိကပဲလေ။ ရှင်ဟိုင်းသာပြုတ်သွားရင် ပြိုင်ပွဲကပိုပြီးတော့ပြင်းထန်လာတော့မှာ။”
ရှင်းဟိုင်တက္ကသိုလ်အဖွဲ့ကို လျစ်လျူရှုကာ အားလုံးပြောကြ ဆွေးနွေးကြ၏။ စိတ်ထဲတွင်တော့ ပျော်ရွှင်မှုများက ရှိမနေတော့ချေ။
သို့သော် ပြိုင်ပွဲမှာ အမြဲတမ်းအင်အားပေါ်တွင် အခြေခံခဲ့သည်။ ယခုနှစ်ပြိုင်ပွဲအတွက်အဆင့်မှီရန် တိုးတိုးတိတ်တိတ် အံကြိတ်ကာ ကျိန်ဆဲရုံသာ တတ်နိုင်ကြတော့မည်။
ထိုအချိန်တွင် ကျောင်းသုံးကျောင်းလုံး မည်သူက မက်ခါကြယ်အကြောင်းကို အရင်ဆုံးအစဖော်လိုက်သည်ကိုမသိပဲ ကစားပွဲအတွေ့အကြုံများကို စတင်ဖလှယ်ကြတော့၏။
ဂျက်ကော့ စစ်တက္ကသိုလ်မှတစ်ယောက်က ပြောလိုက်၏:
" ငါ အဆင့်တွေကျနေတာ အခုတလော။ အဲ့ဒီ ‘ငါက အရမ်းအားနည်းတယ်’ ဆိုတဲ့တစ်ယောက်ကို တစ်ခါရှုံးပြီးကတည်း ထိပ်ဆုံး ၃၀ ထဲကို မရောက်နိုင်တော့ဘူး… ဘယ်သူမှန်းလည်း မသိဘူး။ တော်တော်လေး စိတ်ရှုပ်စရာကောင်းပေမယ့် တကယ်သန်မာတာတော့ အမှန်ပဲ။ ”
ထိုအမည်က အားလုံး၏ အာရုံစိုက်မှုကို အလျင်အမြန်ရရှိလိုက်သည်။
“ ‘ငါက အရမ်းအားနည်းတယ်’ ဆိုတဲ့တစ်ယောက်လား။ ” စိန့်ကလီတိုမှ တစ်ယောက်က ချက်ချင်းပင်တုန့်ပြန်လိုက်၏။
“အဲ့ဒီတစ်ယောက်က အရမ်းတော်တယ်။မင်းသူ့ကိုရှုံးတယ်ဆိုတာက ဖြစ်သင့်ပါတယ်။
သူကလုံးဝ သာမန်လူတစ်ယောက်မဟုတ်ဘူး , ပြီးတော့ သူက အယ်လ်နဲ့ကစားတာတောင် နိုင်တယ်။ ”
သူ့အသံမှာစိတ်လှုပ်ရှားမှုနှင့်အတူ အနည်းငယ်ကျယ်လောင်သွားသည့်အတွက် အခြားသူများကိုပါ မက်ခါကြယ်နှင့်ပတ်သက်၍ဆွေးနွေးရန် လှုံ့ဆော်သလိုဖြစ်သွားသည်။
“ကြမ်းတာတော့ ကြမ်းတာပဲ။ ဒါပေမယ့် နိုင်တာနဲ့ ထွက်ပြေးသွားတယ်။တကယ် အရှက်မရှိတဲ့ကောင်။ "
“ငါ့ကို အရမ်းညံ့တယ်လို့ပြောပြီးတောင် ရန်စသွားသေးတယ်…”
"ငါတော်တော်တင်းနေတာ အပြင်မှာတွေ့ပြီးတောင် ချချင်တယ်။ "
အားလုံး ယခုကိစ္စနှင့်ပတ်သက်ပြီး ပြောစရာမလိုဘဲတညီတညွတ်တည်း နားလည်မှုရရှိသွားကြသည်။ “ငါက အရမ်းညံ့တယ်”သည် အလွန်ဆိုးရွားသော စွမ်းအားအရင်းအမြစ်တစ်ခုပမာ ဖြစ်နေ၏။
လော့၀မ်ချွမ်း နှင့် ယွန်းရှင်းကျဲ တို့ လူအုပ်ကြီးရှိရာဆီသို့ လှမ်းကြည့်လိုက်မိသည်။
“ အယ်လ် ကအရမ်းသန်မာတယ် ပြီးတော့ သူ့ရဲ့အရှုံးမရှိတဲ့မှတ်တမ်းကိုလည်း အားလုံးသိနေကြတာပဲ, ဒါပေမယ့် ‘ငါက အရမ်းအားနည်းတယ်’ က သူ့ကိုတောင် တစ်ခါနိုင်သွားတယ်…” ယွမ်ရှန် စစ်တက္ကသိုလ်မှကျောင်းသားတစ်ဦးက ဖြည်းညှင်းစွာပြောလိုက်သည်။
“ငါတို့ယွမ်ရှန် စစ်တက္ကသိုလ်က ဘယ်တုန်းက အဲ့လောက်တော်တဲ့သူကို မွေးထုတ်ပေးလိုက်တာလဲတောင် မသိလိုက်ဘူး။ ဘယ်သူလဲဆိုတာ တကယ်သိချင်လိုက်တာ။ ”
လော့၀မ်ချွမ်း မျက်ခုံးများကို လျှို့ဝှက်စွာပင့်တင်လိုက်သည်။ “ငါက အရမ်းအားနည်းတယ်” က ယွမ်ရှန်စစ်တက္ကသိုလ်က ကျောင်းသားလား။
ယွမ်ရှန်စစ်တက္ကသိုလ်မှ ကျောင်းသားက ထိုစကားများကိုပြောလိုက်သည့်တစ်ပြိုင်နက် လူအုပ်ကြီးမှာ စက္ကန့်အနည်းငယ် ငြိမ်သက်သွားခဲ့သည်။
ဂျက်ကော့မှ ရှီးပေါ်လိုင် ပီကေဝါးရင်း မျက်မှောင်ကြုတ်ပြီးပြောလိုက်သည် ။
“ဘာတွေပြောနေကြတာလဲ။ နိုင်ပြီးတာနဲ့ ထွက်ပြေးနေတဲ့ကောင်က ငါတို့ ဂျက်ကော့ကျောင်းသားပါ, ဟုတ်ပြီလား။ ငါ့ကို သူကိုယ်တိုင် လာပြောပြဖူးတယ် …”
“ဘာတွေပြောနေတာလဲ ‘ငါက အရမ်းအားနည်းတယ်’ က စိန့်ကလီတိုက ကျောင်းသားဆိုတာ အသိသာကြီးကို။ ”ရှီးပေါ်လိုင်၏စကားကို စိန့်ကလီတိုမှ ကျောင်းသားများမှ အမြန်ဖြတ်ပြောလိုက်၏။
“သေချာပေါက် ငါတို့ဂျက်ကော့က ကျောင်းသားပါ။ ကျောင်းရဲ့ PK မှတ်တမ်းက အမြဲတမ်းငါတို့ဂျက်ကော့နဲ့ နိုအာတက္ကသိုလ်ရဲ့ နယ်မြေပဲလေ။ မင်းတို့ ယွမ်ရှန်နဲ့ စိန့်ကလီတိုက နည်းနည်းလေးပဲရှိတာကို ဒီလောက်အင်အားနဲ့…”
“ငါတို့ကျောင်း အဖွဲ့က ခုနစ်ယောက် သူနဲ့တိုက်ခဲ့ဖူးတယ်။ ” ယွမ်ရှန်စစ်တက္ကသိုလ်မှ တစ်စုံတစ်ယောက်က ပြောလိုက်၏။ “ငါတို့ အင်အားက ဘာဖြစ်နေလို့လဲ?”
"ငါက အရမ်းအားနည်းတယ်" မှာ လူသစ်ငကြောက်ကလေးများနှင့် ဘယ်တော့မှ PK မလုပ်ဘဲ အနိုင်ရရန်ခက်ခဲသော ပြိုင်ဘက်များကိုသာ ရွေးလေ့ရှိကြောင်း သူတို့အားလုံး သိနေကြ၏။
ရှီးပေါ်လိုင် ဝင်ပြောပြန်သည် : “ခုနစ်ယောက် ဟုတ်လား။ ငါတို့ကျောင်းအသင်းက တရားဝင်အဖွဲ့ဝင်ကိုးယောက်လုံး သူနဲ့ PK ဖူးတယ်…”
“အဲ့တော့ဘာဖြစ်လဲ ” စိန့်ကလီတိုဘက်မှ မကျေမနပ်ပြောလိုက်၏။ “ ‘ငါက အရမ်းအားနည်းတယ်’ ရဲ့ စကားပြောတဲ့ပုံစံက လွတ်လပ်တယ် , အေးဆေးတယ် ပြီးတော့ ပေါ့ပေါ့ပါးပါးလေးပဲ အဲ့ဒါသေချာပေါက် ငါတို့ ငန်းနက်က လူပဲ။
“တည်ငြိမ်တာနဲ့ ဆင်ခြင်နိုင်စွမ်းရှိတာရယ် , ပြီးတော့
‘ငါက အရမ်းအားနည်းတယ်’ရဲ့ တိုက်ခိုက်တဲ့ ပုံစံက ငါတို့ယွမ်ရှန် စစ်တက္ကသိုလ်မှာ သင်ပေးတဲ့ပုံစံဘဲ။”
ယွမ်ရှန် စစ်တက္ကသိုလ်ဘက်ကလူမှ အေးတိအေးစက် ပြောလိုက်သည်။
ဂျက်ကော့ဘက်မှ လူများကပြောလာပြန်သည် : “သန်မာတဲ့သူတွေကိုပဲစိန်ခေါ်ရတာကြိုက်တယ်။ လက်ရှိကျောင်းတွေထဲ ငါတို့ဂျက်ကော့က လူတွေပဲ ဒါမျိုးပြောဖို့ အဆင့်မှီတာ…”
အချိန်တစ်ခုအထိ စစ်တက္ကသိုလ်သုံးခုမှ ကျောင်းသားများမှာ “ငါက အရမ်းအားနည်း” ဆိုသောပုဂ္ဂိုလ်ကြောင့် အငြင်းပွားနေခဲ့ကြသည်။
မကြာသေးခင်ကပင် စိတ်ရှုပ်ဖို့ကောင်းသည်ဟု ပြောနေခဲ့ကြသော သူတစ်ယောက်ကို အခုတော့ သူတို့၏စစ်တက္ကသိုလ်နှင့်အတူ ချီးကျူးခန်း အပြိုင်အဆိုင်ဖွင့်နေကြပြန်သည်။
ထောင့်တစ်နေရာတွင် ရပ်နေသော ယွမ်ရှင်းကျဲ မှင်သက်နေမိသည်။
xxxxxxx