119 01
အပိုင်း(၁၁၉)
[ရယ်ရလို့ သေတော့မယ်။ ယန်ကောက ထွက်သွားချင်နေသေးတာလား။ ဒါက အုတ်ဂျုံတွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို အထင်သေးလိုက်တာပဲ]
[ဟုတ်တယ် ယန်ကောကို အခုလို အရမ်းကြည့်ရဆိုးအောင် ဖြစ်စေတာက သူဒီရှိုးကနေ ထွက်မသွားနိုင်လို့ ဖြစ်လိမ့်မယ်။ ဒီခေတ်မှာ လူပေါင်းများစွာက ရသစုံရှိုးထဲကို ဝင်ဖို့ ကြိုးစားချင်နေကြပေမဲ့ ယန်ကောကတော့ ထွက်ဖို့ ကြိုးစားနေတယ်။ ဒါပေမဲ့ ယန်ကော အခြားသူတွေအတွက် ဖြစ်နိုင်ချေရှိတယ်ဆိုရင်တောင်မှ ယန်ကောကတော့ လုံးဝမဖြစ်နိုင်ဘူး ဟား..ဟား..ဟား..ဟား..]
[ယန်ကောက မပျော်တော့ဘူး။ ငါကတော့ တအားပျော်နေတယ်။ ငါ့ရဲ့ နေ့စဉ်ဓူဝပျော်ရွှင်မှု အရင်းအမြစ်က ယန်ကောကို စောင့်ကြည့်ရတာပဲ]
ယန်ရှစ်ရွှမ်းက မပျော်မရွှင် ဖြစ်သွားပြီး နှာခေါင်းရှုံ့သည်။
“နောက်ဆုံးတစ်စက္ကန့်မတိုင်ခင် ဘာကဘယ်လို ဖြစ်လာမလဲဆိုတာကို ဘယ်သူက သိမှာလဲ”
မည်သို့ပင်ဆိုစေ ဝံပုလွေရိုင်းတောင်ထိပ်မှာ ခရီးပြီးရန် တစ်ရက်သာ ကြာသေးသည်။ ထိုခရီး ပြီးဆုံးသွားပြီးနောက် ဧည့်သည်များ၏ ကျော်ကြားမှု မဲပေးမှုရလဒ်ဟာ နောက်ဆုံးနေရာမှ မည်သူထုတ်ပယ်ခံရမည်ကို ဆုံးဖြတ်ပေးပေလိမ့်မည်။
အလှည့်အပြောင်းလည်း ဖြစ်နိုင်လောက်သေး၏။ ယန်ရှစ်ရွှမ်းကမူ ထိုသို့တွေးလိုက်သည်။
သို့သော် ကောမန့်ကမူ ဟားဟားဟားဆိုသော ဝမ်းသာအားရဖြစ်နေသည့် ကောမန့်များအဖြစ် ပြောင်းလဲသွားသည်။ ပရိသတ်အများစုက ထိုအကြောင်းအရာကို မေ့နေခဲ့ရာမှ ရုတ်တရတ် သတိပေးခံလိုက်ရသလိုမျိုး ဖြစ်သွားပြီး အုတ်ဂျုံများကလည်း တက်ကြွသွားကြ၏။ ယန်ရှစ်ရွှမ်းအား အုတ်ဂျုံများ၏ တိုက်ခိုက်ရေးစွမ်းအားကို ဘယ်သောအခါမှ အထင်မသေးရန် ပြောသွားကြသေးသည်။
“မလိုပါဘူး မင်းတို့တွေ အလုပ်လုပ်စရာမရှိဘူးလား။ ကျောင်းရော မတက်ရဘူးလား။ ငါက မင်းတို့တွေကို ပိုက်ဆံပေးမယ်လို့များ ထင်နေကြတာလား။ မင်းတို့ ဒီအချိန်အတောအတွင်းမှာ ငါ့ကို မဲပေးနေမဲ့အစား အိပ်လိုက်တာက အိပ်ရေးမဝဘူးလား”
အုတ်ဂျုံများ.. “မအိပ်ပါဘူး။ အဓိကအားဖြင့် ယန်ကော မပျော်မရွှင်ဖြစ်ပြီး ကူကယ်ရာမဲ့နေတာကို မြင်ချင်လို့လေ။ ငါသာ သူကို တွေ့နိုင်မယ်ဆိုရင် ငါ တအားပျော်နေမှာ။ စိတ်အခြေအနေလည်း တစ်နေ့လုံးကောင်းနေဦးမှာပဲ။ စိတ်အခြေအနေကောင်းတဲ့အခါ ကျန်းမာရေး ကောင်းစေတယ်လေ”
ယန်ရှစ်ရွှမ်းက တစ်ချက် လှောင်ရယ်လိုက်သည်။ ထိုသို့ပင် မျက်လုံးလည်လိုက်ပြီး စကားပြောချင်စိတ် မရှိတော့ချေ။
အုတ်ဂျုံများ.. “ယန်ကောက ဒေါသထွက်နေတဲ့အချိန်ပိုပြီးချောတယ်။ ဟိုက်ရှားပါး မြန်မြန်လေး screenshot တွေရိုက်ကြစမ်း။ မစိုးရိမ်ပါနဲ့ ယန်ကော.. ယန်ကောကိုရိုက်ထားတဲ့ screenshot တွေက တအားလှတာ။ ငါ့ရဲ့ မိတ်ဆွေတွေကို သွားရောက်ဖြားယောင်းပြီး ဆွဲဆောင်လို့ မဲပေးခိုင်းရမယ်”
“ငါအခုလေးတင် အဖေ့ကိုခေါ်လိုက်တာ။ အဖေက ပြောတယ်။ ဘာလုပ်မလို့လဲတဲ့။ ငါက ငါ့ရဲ့ အိုင်ဒေါက မိသားစုကို ဂရုစိုက်ခိုင်းနေတယ်လို့ ပြောလိုက်တော့ အဖေက သူ့ကို မြန်မြန်သေခိုင်းနေတယ်ဆိုပြီးတော့ ငါ့ကိုတောင် ကန်ထုတ်လိုက်သေးတယ်။ ကန်ထုတ်ခံပြီးတဲ့နောက်မှာ ငါ ဒေါသအပြည့်နဲ့ မဲပေးဖို့ကို အင်တိုက်အားတိုက် ကြိုးစားနေပြီ။ ယန်ကောမစိုးရိမ်ပါနဲ့ ငါ့ရဲ့ပတ်ဝန်းကျင်က လူတိုင်းကို ယန်ကောအတွက် မဲပေးစေရမယ်”
ယန်ရှစ်ရွှမ်း”…”
သူသည် ပျင်းလွန်းသဖြင့် ထိုလူများကို ဂရုမစိုက်ချင်တော့ချေ။ ထို့ကြောင့် နေရာတွင်ပင် လဲလိုက်ကာ နေပူဆာလှုံနေလိုက်သည်။
ယန်ရှစ်ရွှမ်းနှင့် ပရိသတ်များအကြားမှ ဖြစ်စဉ်ကို တောက်လျှောက် စောင့်ကြည့်နေခဲ့သော ယဲ့လီဟာလည်း ဆွံ့အသွားခဲ့သည်။ သို့သော် သူ၏မျက်လုံးထဲတွင် နွေးထွေးသော အပြုံးက ရှိနေသည်။
ကြည့်ရသည်မှာ နေရောင်ကပင် သူ၏ခန္ဓာကိုယ် ပတ်ဝန်းကျင်မှ အေးစက်ပြီး တစ္ဆေဆန်သော အရှိန်အဝါများကို လွင့်ပျောက်သွားစေလောက်သည်။ ထိုသို့ဖြင့် သူ၏နှလုံးသား အတွင်းသို့ပင် ဝင်ရောက်ကာ တောက်ပလာသေးသည်။
လတ်ဆတ်တယ်။ အသက်စွမ်းအားအပြည့်နဲ့ ဒါကယန်ရှစ်ရွှမ်းပဲ။
လောကမှ မိစ္ဆာအပနှင်ဆရာတွင် ကိုယ်ပိုင်ညင်သာသော ဘက်ခြမ်းရှိသည်။ ထိုအရာသည် သူ၏အေးစက်မှုအောက်တွင် ပုန်းကွယ်နေရုံသာဖြစ်သည်။
ဒီလိုအခြေအနေမျိုးမှာ ယန်ရှစ်ရွှမ်း ပြုံးတာကို မြင်ချင်လိုက်တာ။
ယန်ရှစ်ရွှမ်းက သူ့ကိုလည်း ပေါ့ပေါ့ပါးပါး စကားပြောစေချင်လိုက်တာ။
နောက်ပြီး သူ့ကိုလည်း…
သို့သော် ခရီးသွားသော Mode သို့ ပြောင်းလဲလိုက်ပြီးနောက် ရှိုးဟာ အောင်မြင်လာသည်မှာလည်း မတော်တဆ မဟုတ်ချေ။
တောင်ဘုရားကျောင်း၏ ကိစ္စကို အတူတကွ တွေ့ကြုံပြီးနောက်တွင် ဧည့်သည်များဟာ သေဘေးမှ လွတ်မြောက်အောင် အချင်းချင်း ကူညီကာ ထွက်ပြေးခဲ့ရသောကြောင့် အချင်းချင်း နက်ရှိုင်းသည့် ယုံကြည်မှုမျိုး ရှိလာသည်။ အချို့သောသူများက သေရေးရှင်ရေး အတူလျှောက်ပြီး နောက်တွင် အချင်းချင်း နားလည်လာသလို ဘဝ၏အနှစ်သာရကိုလည်း နားလည်ဆုပ်ကိုင်မိလာ၏။ ထို့ကြောင့် ဖျော်ဖြေရေး အသိုင်းအဝိုင်းကဲ့သို့ နေရာများ ကင်မရာထဲတွင်မြင်ရရန်အတွက် ယှဉ်ပြိုင်နေမှုများဟာ အသုံးမဝင်တော့သလို ခံစားလိုက်ရ၏။
119 02
ထို့အတွက်ကြောင့် ဧည့်သည်များ အချင်းချင်းကောင်းကောင်း ဆက်ဆံ ပြောဆိုနိုင်ကြခြင်း ဖြစ်သည်။ ထိုသို့ပင် ခရီးအတူထွက်လာသော မိတ်ဆွေများနီးတူ ဖြစ်လာကြ၏။ သူတို့စကားလုံးများတွင် တောင့်တင်းမှုများ မရှိသလို လှည့်ကွက်ဆင်ခြင်းများလည်း မရှိချေ။ သရော်သော စကားများလည်း မပါဝင်တော့ပါချေ။
ထိုအစား တောင်တက်ရာတွင် အချင်းချင်းကူညီပေးကြသည်။ စိတ်ဝင်စားစရာ ပုံပြင်များကိုလည်း အခြားသောသူများကို ပြောပြ၏။ ငယ်စဉ်ဘဝ မွေးရပ်မြေတွင် ငါးဖမ်းခဲ့သည့် အတွေ့အကြုံ၊ တောင်တက်ခဲ့သည့် အတွေ့အကြုံများကိုပင် ပြန်လည် ပြောပြကြသေးသည်။ တောင်ထဲသို့ဝင်ပြီး အပင်များကို စိုက်သည့်အချိန်တွင်လည်း အပေါင်းအဖော်များကို ကူညီခြင်းဖြင့် မောပန်းမှုများကို ပြေပျောက်စေလေသည်။
ထိုကဲ့သို့သော ဆက်ဆံရေးမျိုးဟာ ကင်မရာရှေ့မှ ကြည့်ရှုသူများဟာ လွတ်လပ်ပေါ့ပါးလျက် ပျော်ရွှင်မှုကို ခံစားလာရစေသည်။ အချင်းချင်းယှဉ်ပြိုင်မှုများ စောင်းမြောင်းမှုများမရှိသည့်အတွက် မည်သူကမဆို စိတ်အေးနေပေလိမ့်မည်။
ဧည့်သည်များက မီးမွှေးရန် ပြင်ဆင်ကြသည်။ သို့သော် သူတို့သည် စွမ်းရည် လိုအပ်ချက်ကြောင့် ထပ်ခါတလဲလဲ အဆင်မပြေ ဖြစ်ခဲ့ရသည်။ ထင်းများက ရေစိုလွန်းနေသောကြောင့် မီးမွှေးရန် အဆင်မပြေခြင်းများ သို့မဟုတ် လေကြောင့် မီးငြိမ်းသွားခြင်းများ ဖြစ်နေကြလေရာ အမဲရောင် ပြာများ ပေကျံရင်းဖြင့် ကူကယ်ရာမဲ့ကာ ဖက်လျက် သွားကြရသည်။ ထိုအခြေအနေက ကြည့်ရှုသူများအား ပို၍ရယ်မိစေသလို ပို၍ပင် သဘောကျမိစေသေးသည်။
ကြည့်ရှုသူများက ကင်မရာ၏ နောက်မှလိုက်၍ ဧည့်သည်များ ဝံပုလွေရိုင်းတောင်ထိပ်အနှံ့ စူးစမ်းရှာဖွေခြင်းအား ကြည့်ရှုကြသည်။ အပင်စိုက်ခြင်း၊ တိရိစ္ဆာန်ငယ်လေးများကို ကယ်တင်ခြင်း၊ ပြင်းပြင်းထန်ထန် ကြိုးစားကာ ဟင်းချက်ခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရွက်ဖျင်တဲများ ဆောက်ခြင်း စသဖြင့် လိုက်လံကြည့်ရှုကြ၏။ ရွက်ဖျင်တဲ တည်ဆောက်ရာတွင် ကျွမ်းကျင်မှု မရှိလေရာ လေသည်းထန်လာသောအခါ လဲသွားသည့်ဖြစ်စဉ်များ ကြုံရသည်။ ရွက်ဖျင်တဲ တစ်ခုပြီးတစ်ခု ပတ်ပြေးနေသည့် ဧည့်သည်များကို မြင်ရချိန်တွင်လည်း အားလုံးက ရယ်ကြသည်။ ထို့အပြင် ဧည့်သည်များ အတွေ့အကြုံ မရှိမှုကြောင့် ညဖက်တွင် ချမ်း၍ တုန်ခါလာချိန်တွင် သနားစဖွယ်ကောင်းသော ရုပ်များဖြင့် ဒါရိုက်တာကို သွားရှာကြသည့် အခိုက်အတန့်မှာ ဒါရိုက်တာကိုယ်တိုင်ကပင် အအေးဒဏ်ကြောင့် ယန်ရှစ်ရွှမ်း၏ ရွက်ဖျင်တဲထဲသို့ ဝင်တိုးနေကြောင်းကို တွေ့လိုက်ကြရသည်။
ကင်မရာ၏နောက်မှ ကြည့်ရှုသူများဟာ ယဲ့လန်တောင်ထိပ်တွင် စခန်းချသည့်ဖြစ်ရပ်တွင် ပျော်မွေ့သွားကြသည်။ သူတို့သည် အသားကုန် ရယ်နေရသည်။ စိတ်ဝင်စားစရာ ကောင်းသော အရာများကြောင့် ရယ်ရသည်မှာ မျက်ရည်ပင် ကျကြ၏။ ထို့အပြင် ဧည့်သည်များ၏ အချင်းချင်း ရင်းနှီးမှုကြောင့်လည်း အလွန်ခံစား နေကြရပြန်သည်။ ယန်ရှစ်ရွှမ်းနှင့် official ဝန်ထမ်းတို့က ယဲ့လန်တောင်ထိပ်ဟာ ယခုလို လူသူရှင်းလင်းနေရသည့် အကြောင်းပြချက်ကို ရှင်းပြခြင်း၊ သဘာဝကို ချစ်မြတ်နိုးရန်၊ အပင်များစိုက်ရန် လိုအပ်ချက်များကို ပြောပြခြင်းများအား ကြားသောအခါ အားလုံးက စိတ်အင်အား တက်ကြွလာသလို ခံစားရပြီး ကြိုးစားချစ်စိတ် ရှိလာကြသည်။
သူတို့သည်လည်း ညအခါ ယဲ့လန်တောင်ထိပ်မှ တောက်ပလွန်းသော ကြယ်စင်မြင်ကွင်းများကြောင့် အံ့အားသင့်ကြရသည်။ ထိုအခိုက်အတန့်တွင် သူတို့၏စိတ်ဟာ ဟင်းလင်းပြင်လို ပွင့်ထွက်သွားသလို ခံစားလိုက်ရ၏။ မည်သို့ပင်ဆိုစေ သူတို့သည် ထိုအခိုက်အတန့်တွင် ကောင်းကင်နှင့်မြေပြင်၏ အလင်းတန်းကိုပင် မြင်လိုက်ရသလို ခံစားလိုက်ကြရလေသည်။
ယဲ့လန်တောင်ထိပ်သို့ သွားသည့်ခရီးက အဆုံးသတ်သွားပြီးနောက် ယန်ရှစ်ရွှမ်းနှင့် ဧည့်သည်များဟာ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ယဲ့လန်တောင်ထိပ်တွင် သစ်ပင်စိုက်သည့် အလေ့အကျင့်ကို ပြုမူခဲ့ကြသည်။ အလားတူပင် official ဝန်ထမ်းထံမှတဆင့် သိပ္ပံနည်းကျသော ဖြေရှင်းချက်များကြောင့် ပရိုဂရမ်ဟာ သစ်တောထိန်းသိမ်းရေးမှူးထံမှတဆင့် ကောင်းမွန်သော feedback များကို ရရှိခဲ့သည်။
ထို့ကြောင့် ပရိုဂရမ်က တိုက်ရိုက်ထုတ်လွှင့်ခဲ့သည့် အတောအတွင်း သဘာဝထိန်းသိမ်းရေးတွင် အင်တိုက်အားတိုက် ပါဝင်ရန်အတွက် နေရာအမျိုးမျိုးမှ လူများက ကိုယ်တိုင်ကိုယ်ကျ စာရင်းပေးသွင်း လာကြသည်။ လူအများစုဆိုလျှင် လူမှုကူညီရေးအသင်းများနောက်သို့ လိုက်ကာ အပင်များစိုက်ခြင်း၊ တိရိစ္ဆာန်ငယ်လေးများကို ကယ်တင်ခြင်းတို့ကို ပြုလုပ်ကြသည်။ လူအများစုကမူ အွန်လိုင်းမှတဆင့် သစ်ပင်စိုက်ရန် ပိုက်ဆံလှူဒါန်းကြသည်။ သူတို့သည်လည်း ပတ်ဝန်းကျင်တစ်ခုလုံးကို စိမ်းလန်းနေသည့် လှပသည့်ရှုခင်းမျိုးကို မြင်ချင်ကြလေသည်။
အသင်းအဆောက်အဦးများကြားတွင် သစ်ပင်များစိုက်ခဲ့သည့် အုတ်ဂျုံများသည်လည်း မြို့ပြတွင်နေထိုင်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့အစည်းများ၏ ချီးကျူးမှုကို လက်ခံရရှိလေသည်။
119 03
အသိအမှတ်ပြု လက်မှတ်များကို ရရှိသော အုတ်ဂျုံများသည် အံ့အားသင့်ကာ ပျော်ရွှင်သွားကြပြီး သူတို့သည်လည်း အိုင်ဒေါနောက်လိုက်ရင်း ယခုလို လက်မှတ်များရသည်အထိ အတွေ့အကြုံမျိုး ရှိလာလိမ့်မည်ဟု မထင်ထားမိကြချေ။ သူတို့သည် လက်မှတ်များကြောင့် ပျော်ရွှင်ရသည့် အသက်ကာလကို ကျော်လွန်ခဲ့ပြီးဖြစ်သည့်တိုင်အောင် ပျော်ရွှင်မှုအပြည့်နှင့် အုတ်ဂျုံဆိုသော hashtag အောက်တွင် ကိုယ်ပိုင်လက်မှတ်များကို တင်ကြသည်။ ထိုသို့ဖြင့် ဖြတ်လျှောက်အုတ်ဂျုံများစွာတို့ကိုပင် အလန့်တကြား ဖြစ်မိစေသေးသည်။
အသင်းထဲသို့ မဝင်နိုင်ခဲ့သည် အုတ်ဂျုံအများစုက လျို့ဝှက်စွာ စိတ်ပိုင်းဖြတ်ပြီး နောက်တစ်ကြိမ် သစ်ပင်စိုက်ရာတွင် ပါဝင်ရန် ဆုံးဖြတ်လိုက်ကြသည်။ သူတို့သည်လည်း ယန်ကောနည်းတူ ပတ်ဝန်းကျင်ကို ကာကွယ်ရပေသည်။
ကွေ့တောင်မှ မတော်တဆမှုနှင့် ဝံပုလွေရိုင်းတောင်အတွင်းမှ မတော်တဆမှုများကြောင့် ပရိုဂရမ်အသင်းဟာ အာဏာပိုင်များ၏ အာရုံစိုက်မှုကို ဆွဲဆောင်ခဲ့ပြီးသား ဖြစ်သည်။ အာဏာပိုင်များသည်လည်း ယန်ရှစ်ရွှမ်းကို လျို့ဝှက်စွာ အာရုံစိုက်နေကြ၏။ သူသည် လူသန်းကျော်အား သဘာဝကို ကာကွယ်အောင် လွမ်းမိုးနိုင်ကြောင်း မြင်ရပြီးချိန်တွင် သူတို့ကိုယ်တိုင်ကလည်း ဝံပုလွေရိုင်းများကို ပြန်လည်မွေးမြူရန် ဆုံးဖြတ်လိုက်ကြသည်။ ပတ်ဝန်းကျင်၏ လုပ်ဆောင်မှုများက အထွတ်အထိပ်သို့ ရောက်ရှိလာသောအခါ အားလုံးပင် အံ့ဩသွားရလေသည်။
သို့သော်လည်း ထိုကိစ္စဟာ အတုအယောင် မဟုတ်သလို တမင်တကာ ဖန်တီးထားခြင်းလည်း မဟုတ်ပေ။ အရာအားလုံးဟာ မှန်ကန်နေသည် ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဌာနများနှင့် အမြို့မြို့အနယ်နယ်တွင်ရှိသော သဘာဝကာကွယ်စောင့်ရှောက်ရေး အဖွဲ့အစည်းများမှ တရားဝင် ထုတ်ပြန်ချက်များဟာ ဒီကိစ္စနှင့်ပတ်သက်ပြီး အရာအားလုံးဟာ မှန်ကန်ကြောင်း ကြေငြာရာ ရောက်သည်။
ယန်ရှစ်ရွှမ်းနှင့် ပရိသတ်များက ထိုကာလအတွင်း လုပ်ခဲ့သည့် ကိစ္စများသည် ယန်ရှစ်ရွှမ်းအပေါ် ဖြတ်လျှောက်များ၏ သဘောထားက အလွန်ကောင်းမွန်သွားသည်။ နဂိုက ကလေးများအား အနုပညာရှင်များအား အလွန်အကျူး သဘောကျခြင်းကို သဘောမကျသည့် မိဘများကဆိုလျှင် သူတို့ သဘောကျသောသူက ယန်ရှစ်ရွှမ်းဟု ကြားရုံနှင့် ဘာစကားမျှ မဆိုကြတော့ချေ။
ထို့အပြင် သူတို့သည်လည်း ဆိုရှယ်မီဒီယာနှင့် ချယ်နယ်အသစ်များတွင် မြင်ခဲ့ကြပြီးလေပြီ။ ထိုယန်ရှစ်ရွှမ်းအမည်ရ အိုင်ဒေါသည် သူ၏ဖန်များအား ကောင်းမွန်သောကိစ္စများကို လုပ်ဆောင်ရန် ပိုကောင်းသောလူများ ဖြစ်လာအောင် လုပ်ဆောင်ပေးနေသော လူမျိုးဖြစ်လေသည်။ ထို့ကြောင့် သူတို့သည်လည်း စိတ်အေးမိကြ၏။
ထို့ကြောင့် အချိန်တစ်ခုကြာသည်အထိ ယန်ရှစ်ရွှမ်း၏ ကျော်ကြားမှုက ဖျော်ဖြေရေးအသိုင်းအဝိုင်းအတွင်း အကောင်းဆုံးသော အနေအထားမျိုးသို့ ရောက်ရှိသွားလေသည်။
မူလက ယန်ရှစ်ရွှမ်းအကြောင်းပြောရင်း စောင့်ကြည့်ကာလမျိုးအတွင်းသို့ ထည့်သွင်းထားချင်သေးသည့် အာဏာပိုင်များကပင် ယန်ရှစ်ရွှမ်းနှင့် ပတ်သက်ပြီး ကောင်းမွန်လွန်းသည့် ခံစားချက်မျိုးကို ရလိုက်ကြ၏။ သူတို့သည်လည်း ယန်ရှစ်ရွှမ်းဟာ လုံလောက်အောင် ကောင်းမွန်သည်။ သူသည် လူများကိုလည်း ကောင်းမွန်အောင် လုပ်ပေးနိုင်သလို မှီခိုအားကိုးထိုက်သော လူမျိုးဖြစ်ကြောင်း နားလည် လက်ခံလာကြသည်။
ထို့ကြောင့် သဘာဝလွန်ဖြစ်ရပ်များအတွက် တာဝန်ယူထားရသော ဌာနခေါင်းဆောင်က တင်သွင်းထားသည့် formကို မြင်ပြီးချိန်တွင် ထိုရှိုးအား ဆက်လက်ပြီး ထုတ်လွှင့်ခွင့် ပြုသင့်မပြုသင့် မေးမြန်းထားသော အကြောင်းအရာကို မြင်လိုက်ရုံနှင့် တုံ့ဆိုင်းမနေဘဲ ထုတ်လွှင့်ခွင့်ပြုရန် ဆုံးဖြတ်လိုက်ကြသည်။
အင်အား ကြီးမားလွန်းတယ်။ ဒါပေမဲ့ အနိုင်မကျင့်ဘူး။ လွှမ်းမိုးနိုင်စွမ်း ပြင်းထန်တယ်။ ဒါပေမဲ့ ချုပ်ထိန်းမှု အပြည့်လည်း ရှိတယ်။
ယန်ရှစ်ရွှမ်းက အာဏာပိုင်များ ဆက်တိုက်ခေါင်းကိုက်နေရသည့် အန္တရာယ်များသော ဖြစ်ရပ်တိုင်းကို ဖြေရှင်းပေးနေသော သူသာဆိုလျှင် ယန်ရှစ်ရွှမ်းဟာ ကြည့်ရှုသူများအပေါ် အမြင်ဆိုးမျိုးဖြင့် လွှမ်းမိုးမည့် အနေအထားမျိုးကို စိုးရိမ်ရန် မလိုအပ်တော့ပါချေ။
သူသည် ရီဗျူးနို့တစ်ကို ရသောအခါ ကျန်းဝူပင်းက မှင်သက်နေသေး၏။ သူကိုယ်တိုင်ကပင် ထိုမျှကြီးမားသော ကိတ်အပိုင်းအစကြီးက ပါးစပ်ထဲသို့ ကွက်တိလာရောက်လိမ့်မည်ဟု မထင်ထားမိချေ။ သူသည် ရူးကြောင်ကြောင်ပုံစံမျိုးနှင့် တရားဝင် တာဝန်ယူထားရသော တာဝန်ခံပုဂ္ဂိုလ်ကိုပင် ဖုန်းခေါ်ပြီး လိမ်ညာခြင်းဟုတ်မဟုတ် မေးမြန်းလိုက်သေးသည်။
119 04
“ယဲ့လန်တောင်ထိပ်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု ကာလအတောအတွင်းမှာ စခန်းချတာနဲ့ ပတ်သက်ပြီး အများကို သိပ္ပံကို ယုံကြည်အောင် လုပ်သည့်ကိစ္စက အရမ်းကို အောင်မြင်သွားတယ်။ နောက်ပြီး လူကြီးမင်းယန်က ကောင်းမွန်လွန်းတဲ့ သက်ရောက်မှုတွေ ဖန်တီးပေးနိုင်တာကိုလည်း အာဏာပိုင်တွေက သတိ ထားမိသွားတယ်လေ။ ဒါကြောင့် ငါတို့က စီမံမှုတွေပြုလုပ်ပြီး စုံစမ်းစစ်ဆေးကြည့်တဲ့ အချိန်မှာ ဒီအချိန်ကာလအတွင်းမှာ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး ကိစ္စတွေကို လုပ်ဆောင်မှုတွေက မိုးထိုးတက်သွားတာကြောင့် သိခဲ့ရတယ်။ ကိုယ်တိုင်ကိုယ်ကျ စိတ်အားထက်သန်စွာနဲ့ ဝင်ပါလာတဲ့သူတွေ အရမ်းများတဲ့အပြင် လူကြီးမင်းယန်ရဲ့ ပရိသတ်စာရင်း ဒါမှမဟုတ် preprogram ကို subscribe လုပ်ထားတဲ့ စာရင်းနဲ့ လှူဒါန်းမှုတွေ အရမ်းများလာတာကို တွေ့လိုက်ရတယ်”
“ဒီလိုနဲ့ပဲ ဒီပရိုဂရမ်ကို ရီဗျူးအောင်သွားစေပြီး ဆက်လက်ပြီးတိုက်ရိုက်ထုတ်လွှင့်ခွင့် ပြုလိုက်တာပေါ့။ ဟိုင်ရွန်ဘုရားကျောင်းက ဆရာသခင်လီရဲ့ အကြံပြုချက်အရ ပရိုဂရမ်ကသာ ကံကြမ္မာပါနေပြီဆိုရင် အန္တရာယ်များတဲ့ ကိစ္စတွေအားလုံးကိုတောင် ဖြေရှင်းနိုင်ဦးမှာတဲ့။ ငါတို့ကသာ အဲ့ဒီလိုလုပ်လိုက်မယ်ဆိုရင် အားနည်းချက်ကို ဖိနှိပ်နိုင်တဲ့ အားသာချက်မျိုးကို ရရှိလာမှာပဲ။ ဒါကို ဘာကြောင့် ငြင်းရမှာလဲ”
တစ်ဖက်မှ ပုဂ္ဂိုလ်က ကျန်းဝူပင်းကို ထိုသို့ပြောပြီးနောက် ဘေးဖက်သို့လှည့်ကာ ယန်ရှစ်ရွှမ်းကို အပြုံးနှင့်ကြည့်ပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။
“မင်း ယဲ့လန်တောင်ထိပ်မှာ လုပ်ခဲ့တာတွေအားလုံးကို ငါတို့ မြင်ပြီးပါပြီ။ ယဲ့လန်တောင်ထိပ်ကို ယဲ့လန်တောင်ထိပ်အဖြစ် ပြန်လည် အသွင်ပြောင်းပေးတဲ့အတွက် ကျေးဇူး အများကြီးတင်ပါတယ်။ ငါယုံကြည်တယ် မဝေးတော့တဲ့ အနာဂါတ်မှာ ဝံပုလွေရိုင်းတောင်ထိပ်က လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကလိုမျိုး အရမ်းကိုလှပပြီး ငြိမ်းချမ်းလို့ သယံဇာတပေါကြွယ်ဝတဲ့ နေရာကြီးတစ်ခု ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်တယ်”
ယန်ရှစ်ရွှမ်းက တစ်ဖက်သို့ လှည့်ပြီး တစ်ဖက်လူ၏ ယဉ်ကျေးမှုအပြည့်နှင့် ဂါဝရပြုခြင်းအား ရှောင်ရှားလိုက်သည်။ သူသည် တစ်ဖက်သူ၏ ကျေးဇူးတင်မှုကိုပင် လက်ခံရန် မပြင်ဆင်ထားပါချေ။
“ငါက ယဲ့လန်တောင်ထိပ်ကို ကူညီတာမဟုတ်ဘူး။ တောင်နတ်ဘုရားကိုယ်တိုင်က ကူညီလိုက်တာ”
“ဘာပဲဖြစ်ဖြစ် ငါက တောင်နတ်ဘုရားရဲ့ တာဝန်ပေးတာကို လက်ခံလိုက်တယ်။ ကူညီပါ့မယ်လို့လည်း ကတိပေးလိုက်တယ်။ ဒါကြောင့် ငါက ဘာလို့ ကတိကို ဖြတ်ရမှာလဲ”
ယန်ရှစ်ရွှမ်း၏ စူးရှသောမျက်လုံးထဲတွင် အပြုံးက ပေါ်လာသည်။
“တောင်နတ်ဘုရားက ငါ့ကို သူ့ရဲ့စွမ်းအား ချေးငှားပေးခဲ့ပြီး ယာယီနာမည် ပြောင်းပေးခဲ့တယ်။ ငါတောင်မှ နာရီအနည်းငယ်လောက်အတွင်း တောင်နတ်ဘုရား ဖြစ်သွားခဲ့သေးတယ်။ သဘာဝကျကျပဲ။ ငါက ငါ့ရဲ့ တောင်နတ်ဘုရားဆိုတဲ့ အဆင့်အတန်းနဲ့ ကိုက်ညီတဲ့အရာကိုပဲ လုပ်သင့်တာပါ။ ဒါကြောင့် လုပ်ဆောင်မှုတိုင်းအတွက် အကျိုးသက်ရောက်မှုတစ်ခု ပြန်ရလာရုံပါပဲ”
အောင်မြင်ပြီး ထာဝရရှင်သန်တယ်။
တာဝန်ခံပုဂ္ဂိုလ်က အနည်းငယ် အံ့ဩသွားသည်။ ထို့နောက် သဘောတကျ ပြန်ရယ်ပြန်သည်။ ယန်ရှစ်ရွှမ်းအပေါ်အမြင်က ပိုကောင်းသွားသည်။
ပရိုဂရမ်က အဆုံးသတ်သွားပြီးနောက် ဧည့်သည်များဟာ တွန့်ဆုတ်စွာဖြင့် အချင်းချင်း နှုတ်ဆက်လိုက်ကြသည်။ မသိလျှင် သူတို့သည် မတွေ့ရတာကြာပြီဖြစ်သော မိတ်ဆွေဟောင်းများစွာက အချိန်တန်ကြပြီးနောက် အတူတကွ တွေ့ဆုံကြပြီး ခပ်အေးအေး အနားယူပြီးရာမှ ပြန်လည် နှုတ်ဆက်ရသလိုမျိုးပင် ထင်ရသေးသည်။
“မစိုးရိမ်ပါနဲ့။ နောက်ဆုံးနေရာက နေဖယ်ထုတ်ခံရတာမျိုး ဒါမှမဟုတ် ကိုယ်တိုင်ကိုယ်ကျ နှုတ်ထွက်သွားတာမျိုးသာ မဟုတ်ရင် နောက်အပိုင်းမှာ ပြန်တွေ့ကြရဦးမှာပါ”
အန်းနန်ယွမ်က ပြုံးလိုက်ပြီး ဧည့်သည်များက မျက်လုံး မှိတ်ပြသည်။
“ဒါပေမဲ့ ငါကတော့ ဒီနေရာမှာရပ်နေတဲ့ သူတွေအားလုံးက နောက်ဆုံးနေရာကနေ ထုတ်ပယ်ခံရမှာ မဟုတ်ဘူးလို့ ယုံတယ်။ ဘာပဲဖြစ်ဖြစ် ငါတို့မှာ အန်တိုနီ ရှိသေးတယ်လေ”
ထို့နောက် သူက နှုတ်ခမ်းနားသို့ လက်လေးတစ်ချောင်း ကပ်လိုက်ပြီး မပြောရန် အမူအရာပြသည်။ ထို့နောက် အန်တိုနီ၏ ခန္ဓာကိုယ် ပြိုလဲကျသွားပြီး ကုမ္ပဏီက စွန့်ပစ်ပြီးနောက် ကြုံတွေ့ရသည့် ဆိုးဝါးသော အခြေအနေများအား ပြောပြသည်။ ထိုစကားများကို ကြားသောအခါ နဂိုကတည်းက သူ့အပေါ် အမြင်ကောင်းမရှိသော ဧည့်သည်များက ရုတ်တရတ် စိတ်အေးလွန်းသွားသလို ခံစားလိုက်ရ၏။
“ဟွန့် ဘယ်သူက သူ့ကို ကြွက်တွေကိုသုံးပြီး ငါတို့ကို ဒုက္ခပေးခိုင်းလို့လဲ ထွီ..”
ပိုင်ရွှမ်းက ဒေါသတကြီး ကျိန်ဆဲလိုက်သည်။ ထို့နောက် ပျော်ရွှင်တက်ကြွသောပုံစံနှင့် ပြန်ဖြစ်သွားပြန်သည်။
119 05
အားလုံးက တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး ရယ်ကြသည်။ ထို့နောက် နောက်အပိုင်းတွင် တွေ့ရန် နှုတ်ဆက်လိုက်ကြ၏။
ယန်ရှစ်ရွှမ်းက ဘေးဘက်မှကြည့်ပြီး လှမ်းပြောသည်။
“ငါကတော့ နှုတ်ထွက် သွားရနိုင်ချေရှိဖို့ မျှော်လင့်တယ်”
ဘာလို့ သူ့အနေနဲ့ အောက်ဆုံးနေရာကနေ နှုတ်ထွက်ခံရဖို့ ဒီလောက်ခက်ခဲနေတာလဲ။
အန်းနန်ယွမ်က ယန်ရှစ်ရွှမ်း၏ အမူအရာကို သတိထားမိပြီး ရယ်ချင်စိတ်ကို ထိန်းလျက် ပြောလိုက်သည်။
“ယန်ကော..ယန်ကောဘာမဆို တောင်းဆိုလို့ရတယ်။ ယန်ကောက တောင်းဆိုသမျှ ပရိသတ်တွေက ဘာမဆို ဖြည့်ဆည်းပေးမှာ။ပဲ ဒါပေမဲ့ ဒီကိစ္စကိုတော့ တွေးတောင် မတွေးနဲ့”
******