Ch 120
Viewers 6k

120 01

အပိုင်း(၁၂၀)

 

ယန်ရှစ်ရွှမ်း၏ တည်ငြိမ်သောမျက်ဆံက အန်းနန်ယွမ်ကို တိတ်တဆိတ် ကြည့်လိုက်သည်။

 

မင်းက တရားခံ မဟုတ်ဘူးလား။ မင်းက ဆိုရှယ်ပလက်ဖောင်းပေါ်မှာ ပို့စ်တင်ပြီး ငါ့ကို မန်းရှင်းလိုက်လို့လေ။

 

အန်းနန်ယွမ်က အပြစ်ကင်းစင်သော သိုးသူငယ်အလား ချောင်းကို အသာဟန့်လိုက်ပြီးနောက် တစ်ဖက်သို့ လှည့်လျက် စာပို့လိုက်သည်။

 

@အန်းနန်ယွမ်.. အုတ်ဂျုံတစ်ယောက်အနေနဲ့ ငါယန်ကောအတွက် မဲပေးဖို့ အဆင်သင့်ဖြစ်နေပြီ။ အားလုံးပဲ ကြိုးကြိုးစားစားနဲ့ မဲပေးကြရအောင်။

 

တခြားသော အုတ်ဂျုံများကလည်း အော်ဟစ်အားပေးကြပြီး ရှိုးအဖွဲ့ ကျော်ကြားမှု မဲပေးခြင်း ဝင်ပေါက်သို့ပင် တာဆူကာ စောင့်ကြပ်နေကြသည်။ သူတို့သည် မဲပေးရန် စိတ်အားထက်သန် နေကြသည်။

 

အခြေအနေကို သေချာမသိသောသူများကသာ မြင်သွားမည်ဆိုလျှင် ထိုလူများသည် အလွန်စိတ်အားထက်သန်စွာနှင့် တစ်စုံတစ်ရာကို လုပ်ရန် ကြိုးစားနေခြင်း ဖြစ်ပေလိမ့်မည်ဟု တွေးကြလောက်သည်။

 

ယန်ရှစ်ရွှမ်း၏ မျှော်လင့်ချက်များက စိတ်ပျက်မှုအဖြစ်သာ ပြောင်းလဲသွားရသည်။

 

ကျန်းဝူပင်းသည် တိုက်ရိုက်ထုတ်လွှင့်မှု၏ အ‌ရှေ့တွင်ရပ်ရင်း ပေါင်ကို ဖြန်းကနဲရိုက်ကာ စိတ်လှုပ်ရှားစွာ ပြောသည်။

 

“ယန်ကော ယန်ကော လာကြည့်ပါဦး။ ယန်ကောက ကျော်ကြားမှုမဲပေးခြင်း စာရင်းမှာ နံပါတ်နှစ်နေရာမှာတောင် ရပ်တည်နေတာ။ ယန်ကောက ဆိုရှယ်မီဒီယာအကောင့် မရှိတာကြောင့်သာ မဟုတ်ရင် နံပါတ်တစ်နေရာကို ရောက်နေမှာပဲ”

 

“နောက်ပြီး ယန်ကောကို မဲပေးထားတဲ့လူက သန်းသုံးဆယ် ကျော်တယ်။ လူတွေအများကြီးပဲ ယန်ကောကို သဘောကျနေကြတာ”

 

ကျန်းဝူပင်းက အလွန်စိတ်လှုပ်ရှား နေသည်။

 

“ယန်ကောက အနှေးနဲ့အမြန် လူပေါင်းများစွာက သဘောကျနှစ်ခြိုက်တာကို ခံရလောက်အောင် အင်အားကြီးတဲ့ လူမျိုးပါလို့ ငါပြောသားပဲ”

 

ယန်ရှစ်ရွှမ်းက နွေးထွေးမှုမပါသော အပြုံးတုဖြင့် ပြောလိုက်သည်။

 

“ပထမနေရာက ဖယ်ထုတ်ခံရမယ်ဆိုပြီး ပြောင်းလို့ ရသေးလား”

 

ကျန်းဝူပင်းက တုံ့ဆိုင်းသွားသည်။

 

“အန် ... မဲပေးထားတဲ့ လူသန်းပေါင်းသုံးဆယ်ကျော်က ငါဆီ အပြေးအလွှားလာပြီး ရိုက်သတ်မှာပေါ့”

 

“ယန်ကော ယန်ကော ယန်ကောရဲ့ ချစ်ရတဲ့ညီလေးက အသားတုံးအဖြစ် ပြောင်းလဲပြီး သေဆုံးသွားမှာကို ကြည့်ရက်လို့လား”

 

ယန်ရှစ်ရွှမ်း၏မျက်နှာက အေးစက်နေသည်။

 

“ ကြည့်ရက်တယ်”

 

“ …”

 

သူ၏ ယန်စွမ်းအင်တိုင် ယူဆောင်ခံရမှုကြောင့် ခန္ဓာကိုယ်တစ်ခုလုံး အားအင်မဲ့ကာ ပျော့ခွေကျပြီး မလှုပ်ယှက်နိုင်တော့သည့် အန်တိုနီဟာ အိမ်တွင်သာ လဲ၍ အားမွေးနေရသည်။

 

ထို့ကြောင့် ဖန်သားပြင်ပေါ်မှ ကျန်းဝူပင်း စိတ်လှုပ်ရှားမှုများ၊ ကောမန့်ကဏ္ဍမှ ပရိတ်သတ်များ၏ ပျော်ရွှင်စွာ ဂုဏ်ပြုမှုကြောင့် ပြောသောစကားများကို မြင်ရချိန်တွင် သူ၏နွမ်းလျပြီး ညိုးနွမ်းနေသောမျက်နှာက ပို၍ပင် ရှုံ့မဲ့လာကာ ပို၍အကျဉ်းတန်လာသည်။

 

နိုးထလာပြီးနောက် သူသည် သူ ကြိုးစားသမျှ အရာအားလုံးကို ဆုံးရှုံးလိုက်ရကြောင်း သိလိုက်သည်။ ကုမ္မဏီကပင် သူ့ကို လက်လျော့သွားပြီး ယန်ရှစ်ရွှမ်းကို တောင်းပန်ခိုင်းသေးသည်။ ယန်ရှစ်ရွှမ်းကသာ လက်မလျော့လျှင် သူသည် သူ့တစ်ဘဝလုံး ဘယ်သောအခါမှ ဒီနယ်ပယ်ထဲသို့ ပြန်ဝင်ရန် မမျှော်လင့်ထားနဲ့ဟု ဆိုသွားသေး၏။

 

အန်တိုနီသည် ဖုန်းဖြင့် အဆက်အသွယ်တိုင်းကို ခေါ်ခဲ့သည်။ ယခင်ကသူ့ကို စိတ်လိုလက်ရ ချီးကျုးခဲ့သော သူများက ယခုအခါ သူ့အား မြွေလိုလို၊ ကင်းမှီးကောက်လိုလို ဝေးဝေးသာ ရှောင်ရှားနေကြသည်။ သူ့အား အမှိုက်ဆန်ဆန် ပြောသော လေသံနှင့်ပင် စကားပြောရန် စိတ်မရှည်ကြချေ။

 

အန်တိုနီသည် ကိစ္စနှစ်ခုကိုသာ ဂရုစိုက်တက်သည်။ တစ်ခုက သူ၏မျက်နှာဖြစ်ပြီး အခြားတစ်ခု သူ၏ကျော်ကြားမှုနှင့် အဆင့်အတန်း ဖြစ်သည်။ ရလဒ်အနေဖြင့် ယခုအခါ သူသည် ဘာကိုမှမရရှိလိုက်သလို ဆုတစ်ခုတောင်းရုံနှင့် ရမည်ဟုထင်ထားသည့် အရာအားလုံးက အလဟဿ ဖြစ်သွားရသည်။

 

အန်တိုနီသည် တိုက်ရိုက်ထုတ်လွင့်မှုအခန်းကို စိတ်ပျက်အားငယ်စွာ ပိတ်လိုက်သည်။ သူသည် ယန်ရှစ်ရွှမ်း၏ မျက်နှာကို ထပ်မမြင်ချင်တော့ပါပေ။

 

ယခုအခါ ထိုမျက်နှာဟာ ရွံစရာ ကောင်းလွန်းသည်။ ယန်ရှစ်ရွှမ်းသည် ဖျော်ဖြေရေးနယ်ပယ်ထဲတွင် ထိပ်ဆုံးအဆင့်တွင် ရှိနေသည်။ တူညီသော မျက်နှာကို ပိုင်ဆိုင်နေသေးပြီး ပရိတ်သတ် အများကြီး ပိုင်ဆိုင်နေသေး၏။ သူက ယန်ရှစ်ရွှမ်း၏မျက်နှာကို မြင်သောအခါ ယန်ရှစ်ရွှမ်းက သူ့ကို လာရောက် လှောင်ပြောင်နေသလိုမျိုး ခံစားနေရသည်။ သူက ပိုင်ဆိုင်လိုသော်လည်း မရနိုင်သည့် အရာအားလုံးကို ယန်ရှစ်ရွှမ်းက ပိုင်ဆိုင်ထား၏။

 

သို့သော် သူက ဆိုရှယ်မီဒီယာပလက်ဖောင်းကို ဖွင့်လိုက်သောအခါ နေရာတိုင်းလိုလို ယန်ရှစ်ရွှမ်းနှင့် ထိုရှိုးအကြောင်းပြောနေသော စကားများကိုသာ မြင်ရပြန်သည်။ များပြားလှသော ဗွီအကြီးပိုင်ရှင်များကပင် ယန်ရှစ်ရွှမ်းက တတိယပိုင်းတွင် ဆက်လက်ပြီး နေခွင့်ရသည့်အတွက် ချီးကျုးဂုဏ်ပြုကြောင်းကို အထူးတလည် ပို့စ်တင်ကာ ပြောနေကြသည်။ နောက်ပိုင်းတွင်လည်း ယန်ရှစ်ရွှမ်းကို ဆက်လက်မြင်လိုကြောင်း ပြောသည့်ပို့စ်များ၏ အရေအတွက်ဟာ အလွန့်အလွန်ပင် များပြားနေသေး၏။

120 02

အန်တိုနီသည် ဆက်လက်ပြီး သည်းမခံနိုင်တော့ချေ။ သူသည် ရုတ်တရက် ပြိုလဲကျသွားပြီး ဖုန်းအား နံရံဘက်သို့ ကောက်ပစ်လိုက်သည်။ သူ မြင်သမျှ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်၏။ သူ၏တစ်ကိုယ်လုံးက ထိတ်လန့်မှုအပြည့်နှင့် တုန်ယင်နေသည်။ သူ၏ ညိုးနွမ်းခြောက်သွေ့‌နေပြီးသား မျက်နှာက ပို၍ပင် ခက်ထန်ကာ ဒေါသကြောင့် လိမ်တွန့်လာသည်။

 

သူသည် မတ်မတ်မရပ်နိုင်တော့ဘဲ အားနည်းသော ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ လဲကျသွား၏။ ထိုအခါ သူ၏ပုံစံက ပို၍ပင် အရှက်ရဖွယ် ဖြစ်သွားစေသည်။

 

အန်တိုနီသည် ယန်ရှစ်ရွှမ်းကို ဆဲရေးလှောင်ပြောင်သည့် စကားများကို ဆက်တိုက်ရေရွတ်နေပြီး ဆက်တိုက်ဆိုသလို တံတွေးထွေးထုတ်ကာ ယန်ရှစ်ရွှမ်းကို သတ်ချင်ကြောင်း ရေရွတ်နေခဲ့၏။ သူသည် ထိတ်လန့်တကြား သူ၏မျက်နှာမှ ကြွတ်သားများကို ရှုံမဲ့နေခဲ့ပြီး အတက်နိုင်ဆုံး မတ်မတ်နေကာ ခန္ဓာကိုယ်ကို ထရပ်နိုင်အောင် ကြိုးစားထူမနေသည်။

 

သို့ရာတွင် ရုတ်တရက် အေးစက်ပြီး မာကျောသောဘွတ်ဖိနပ်က အန်တိုနီ၏ ကိုယ်ပေါ်သို့ စောင့်နင်းလိုက်ပြီး မြေပြင်ပေါ်သို့ ပုံလျက်သား လဲကျသွားစေပြန်သည်။ ထိုအားက အန်တိုနီအား အောက်သို့ ဖိချရန် လုံလောက်သည်။ အားနည်းလွန်းသော အန်တိုနီအား သွေးပင် အန်ထုတ်ရန် လုံလောက်နေစေခဲ့ပြန်သည်။

 

“ မင်းက ဘယ်သူ့ကို သတ်ချင်တယ်လို့ ပြောလိုက်တာလဲ”

 

ရုတ်တရက် အထက်မှ အေးစက်ပြီး တိုးလျသော အမျိုးသားတစ်ယောက်၏ အသံက ထွက်လာသည်။ အန်တိုနီသည် ထိုအသံဟာ သူ့၏ဝိဉာဉ်ကိုပင် အေးခဲစေလောက်အောင် အေးစိမ့်နေကြောင်း ခံစားလိုက်ရသည်။ သူသည် ပြန်လည်တုန့်ပြန် ပြောဆိုရန်ပင် မတွေးနိုင်တော့ချေ။ အကြောင်းမူကား အန္တရာယ်ကို ရင်ဆိုင်ရသောကြောင့် အလိုအလျောက်ခံစားရသည့် ကြောက်လန့်စိတ်ကသာ ရှိတော့သည်။

 

သူသည် ခေါင်းကိုတုန်ယင်စွာ မော့လိုက်သည်။ သို့သော် သိပ်သည်းကာ မည်းနက်နေသည့် အမှောင်ထုကြီးကိုသာ မြင်ရလေသည်။

 

ခြောက်ခြားဖွယ်ကောင်းသော တစ္ဆေဆန်သည့် အေးစက်သော အရှိန်အဝါများ အတွင်းတွင် ကျဉ်းမြောင်းထားသော အနက်ရောင်မျက်ဝန်းတစ်စုံက ထက်ရှသောဓားအလား ဖြစ်နေခဲ့သည်။

 

အန်တိုနီသည် ခေါင်းကို ခပ်မြန်မြန် ငုံ့လိုက်သည်။ သူသာ ဆက်မော့ထားလျှင် ခေါင်းဖြတ်ခံရမည့် အခြေနေကို စိုးရိမ်မိသည့်အလား ခံစားလိုက်ရ၏။ သူ၏မျက်ဝန်းဟာ ဟာနာကျင်မှုကြောင့် လောင်ကျွမ်းလာသည်။ သူသည် မြေပြင်ပေါ်တွင် အထိတ်တလန့် လဲချလိုက်ပြီး တောင့်တင်းသွားသည်။

 

“မင်းက ဆိုးယုတ်တဲ့အကောင်နဲ့ ထိတွေ့ဆက်ဆံခဲ့တယ်။ ဆိုးယုတ်တဲ့ အကောင်ကိုတောင် အပြစ်ကင်းစင်တဲ့လူတွေကို ထိခိုက်အောင် လုပ်ဖို့ တောင်းဆိုခဲ့သေးတယ်။ အဲဒီအကောင် သေသွားပြီးတဲ့နောက်မှာ မင်းက လွှတ်ထွက်နေဦးမယ်လို့ ထင်နေတာလား”

 

လေးနက်ဩရှသော ထိုအမျိုးသား၏အသံဟာ အလွန်အမင်း ခမ်းနားထည်ဝါသည်မှာ တစ္ဆေသရဲများ ၊ မိစ္ဆာများ၊ သဘာဝလွန် ဖြစ်တည်မှုများ၊ နတ်များကို အမိန့်ပေးနိုင်သူအလား ထင်ရစေသည်။

 

သူ ပြောသည့် စကားလုံးတိုင်းက အဆုံးအဖြတ်ဖြစ်ပြီး ကောင်းကင်နှင့်မြေပြင်က အသိအမှတ် ပြုထားပုံရသည်။

 

“လုပ်ဆောင်မှုတိုင်းကို တန်ပြန်သက်ရောက် ခံရတယ်။ ဒါက စကားသက်သက် မဟုတ်ဘူး”

 

ယဲ့လီ၏ မျက်လုံးထဲတွင် ခံစားမှုတစ်စွန်းတစ်စမှ မရှိသလို အန်တိုနီ၏ ခန္ဓာကိုယ် တစ်ခုလုံးအတွင်း နွေးထွေးမှုကင်းမဲ့သော ပုံစံမျိုးဖြင့် စိုက်ကြည့်လိုက်သည်မှာ လူ့ခန္ဓာကိုယ်ကို ကျော်ဖြတ်၍ ဝိဉာဉ်ထံ တိုက်ရိုက်ကြည့်ပြီး ကောင်းခြင်း၊ ဆိုးခြင်းကို အဆုံးဖြတ်ပေးသလို ထင်ရသည်။

 

“မင်း လုပ်ထားတဲ့အတိုင်း တန်ပြန်သက်ရောက် ခံရမယ်။ အခုပေးတော့”

 

“အခြားသူတွေကို ထိခိုက်အောင် လုပ်တဲ့သူတွေကို တစ္ဆေသရဲတွေနဲ့ နတ်တွေတောင် ကာကွယ်ဖို့ ငြင်းပယ်တယ်”

 

အန်တိုနီ၏ မျက်လုံးဟာ တက်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံးကလည်း တုန်ယင်သွား၏။ သူသည် သူ၏ စိတ်ဝိဉာဉ်အနက်ရှိုင်းဆုံး အပိုင်းမှ လာသည့် အကြောက်တရားကြောင့် ခြောက်ခြားသွားသည်။ သူသည် ကိုယ့်ကိုယ်ကို မထိန်းနိုင်တော့ဘဲ ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။

 

“အား”

 

...

 

ယန်ရှစ်ရွှမ်းက မျက်လုံးကို ရုတ်တရက် ဖွင့်လိုက်သည်။ သူသည် ဖုန်းမြည်သံကြောင့် နိုးလာခဲ့ခြင်း ဖြစ်သည်။

120 03

“ယန်ကော ယန်ကော နိုးပြီလား။ နောက်အပိုင်းအတွက် သွားမဲ့ခရီးနေရာကို ဆုံးဖြတ်ပြီးပြီ”

 

ကျန်းဝူပင်း၏အသံက တစ်ညလုံး အလုပ်လုပ်ထားသလို အားအင်နည်းပါး နေသည့်တိုင်အောင် တက်ကြွမှုက ရှိနေသေးသည်။ မနက်ငါးနာရီတွင် ရှိသင့်သည့် အနေထားမျိုးနှင့် ခြားနားနေ၏။

 

“ငါ အခုလေးတင် အစိုးရဌာနဘက်ကို ဆက်သွယ်ပြီး အကျိုးအကြောင်း အသေးစိတ် ပြောပြီးသွားပြီ။ ဌာနဘက်ကလည်း ဒီတစ်ကြိမ်မှာ ငါ့ရဲ့ဦးတည်ရာဘက်နဲ့ သိပ်မဝေးတဲ့နေရာမျိုးမှာရပ်ပြီး စောင့်ကြည့်စစ်ဆေး ပေးမယ်လို့ ပြောတယ်။ နောက်ပြီး အဲ့ဒီနေရာမှာလည်း အချိန်တန်ကြာအောင် ဆိုင်းငံ့ထားရတဲ့ ကေ့စ်တစ်ခုက ရှိနေသေးတယ်။ ယန်ကော ယန်ကော ဒီကိစ္စကို ဖြေရှင်းပေးနိုင်မလားလို့ ကြည့်ချင်လား”

 

“ကျန်းဝူပင်း”

 

ယန်ရှစ်ရွှမ်းက ကျန်းဝူပင်းကို ခေါ်လိုက်သည်။ သူ၏အသံက အပြည့်အဝ မနိုးသေးသလိုမျိုး ဩရှနေသည်။ သို့သော် ပို၍ဆွဲဆောင်မှုပြင်း၏။

 

“အခုက မနက်ငါးနာရီဆိုတာ မင်းသိလား”

 

“အာ”

 

“ထားလိုက်တော့”

 

ယန်ရှစ်ရွှမ်းက သူ၏လက်ဖြင့် ဆံပင်ကို တစ်ချက်ပွတ်သတ်လိုက်သည်။ ထို့နောက် မေးလိုက်၏။

 

“နောက်အပိုင်းကို ဘယ်နေရာမှာ ရိုက်မှာလဲ”

 

ကျန်းဝူပင်းက တစ်ဖန်ပြန်လည်ပြီး စိတ်လှုပ်ရှားလာပြန်သည်။

 

“ယာတောအိမ် တစ်ခုမှာလေ။ ငါ ယန်ကောဆီကို လိပ်စာနဲ့ နာမည်ပို့ပေးလိုက်မယ်။ ငါရှာတွေ့ထားတဲ့အတိုင်းဆိုရင် အဲ့ဒီနေရာက တော်တော်လေးကို ပျော်ဖို့ကောင်းတယ်။ ယာတောအိမ်တွေထဲမှာတောင်မှ နာမည်ကြီးပဲ။ အဲဒီနေရာကို သွားတဲ့ လူအများစုကတော့ တော်တော်လေး ပျော်ဖို့ကောင်းတယ်လို့ ပြောကြတယ်။ ငါက လူတိုင်းကို အဲ့ဒီနေရာခေါ်သွားပြီး ဆောင်းဦးကာလ အစောပိုင်းရှုခင်းတွေကို ခံစားစေချင်တာလေ။ နောက်ပြီး ကျေးရွာတွေဘက်က သဘောကျဖို့ကောင်းတဲ့ အေးအေးဆေးဆေး ဖြတ်သန်းရတဲ့ အတွေ့ကြုံလေးကို ယူစေချင်တယ်။ နောက်ပြီး အဲ့ဒီမှာရှိတဲ့ ဆောင်းဦးငါးကိုလည်း အရသာခံစေချင်တာပေါ့ “

 

“ဒီတစ်ကြိမ်မှာ ငါ တာဝန်ခံအရာရှိဆီကို ဆက်သွယ်ပြီးသွားပြီ။ ဆရာသခင်တွေဆီကိုလည်း ပြောထားတယ်။ သူတို့ကတော့ ဒီခရီးက သေချာပေါက် အဆင်ပြေလိမ့်မည်တဲ့။ ယန်ကော မစိုးရိမ်ပါနဲ့ ငါ ဒီတစ်ကြိမ်တော့ သေချာပေါက် ကောင်းမွန်တဲ့ အပိုင်းတစ်ပိုင်းကို ရိုက်နိုင်မှာပါ”

 

ရုတ်တရက် စာဝင်သံက ထွက်လာသည်။ ယန်ရှစ်ရွှမ်းက တစ်ချက် ဖွင့်ကြည့်လိုက်သောအခါ ကျန်းဝူပင်း ပို့လိုက်သည့် ဦးတည်ရာဘက် နာမည်ဖြစ်ကြောင်း သိလိုက်ရသည်။

 

သူတို့ ဒီတစ်ကြိမ်သွားသော ယာတောအိမ်သည် တောင်ဘက်ခြမ်းတွင် တည်ရှိသည်။ ထို့အပြင် တောင်တန်းနှင့် ရေပြင်များအကြားမှ ရွာတစ်ရွာဖြစ်သည်။

 

ကျားကျစ်ဖန်းရွာ။

 

ယန်ရှစ်ရွှမ်းက သူ၏ဆရာလီချန်းရွန် သူ့ကို ထားရစ်ခဲ့သည့် ပင်းဟိုင်မြို့ဟောင်း၏ သေးငယ်သောခြံဝန်းထဲတွင် နေထိုင်နေခြင်း ဖြစ်သည်။ သို့သော် ထိုအိမ်သည် အလွန်ဟောင်းနေသည့်အပြင် တစ်နှစ်ပတ်လုံး မည်သူမှမနေသောကြောင့် အချိန်၏တိုက်စားမှုဒဏ်ကို ခံရသည့် လက္ခဏာမျိုးကို ပြသနေ၏။

 

အိမ်အပြင်ဘက်တွင် အုတ်နီများ၊ မီးခိုရောင်တိုင်များနှင့် ကာထားပြီး စိမ်းဆိုသော သစ်ပင်များလည်းရှိသေးသည်။ ထို့အပြင် သေးငယ်သောခြံဝန်းလေးတွင် လေတိုက်ဒဏ်ကို ခံယူပြီး ပွင့်လန်းနေသည့် ပန်းပွင့်ငယ်လေးပေါင်းများစွာ ရှိသည်။ မြေပြင်တွင် နက်ရှိုင်းသော အမြစ်ကိုကုပ်တွယ် တည်ရှိနေကြ၏။ ခြံဝန်းထဲမှ အမိုးများကလည်း လတ်လတ်ဆတ်ဆတ် တိုက်ချွတ်ဆေးကြောထားသလိုမျိုး သစ်လွှင်နေသေးပြန်သည်။ မနက်ခင်း အစောပိုင်းတွင်ပင် တောက်ပစွာ ထိန်လင်းနေသေး၏။

 

ထိုနေရာသည် ယနေ့ခေတ်ကဲ့သို့ ခေတ်ရှေ့ပြေးပြီး မြန်ဆန်စွာ လှုပ်ရှားသွားလာနေရသော ဝန်းကျင်အတွက် ရှားပါးသော ငြိမ်းအေးမှုနှင့် ပျင်းတိပျင်းရွဲနိုင်သည့် ခံစားချက်မျိုးကို ရစေမည့် အေးချမ်းတိတ်ဆိတ်သော ဝန်းကျင်လေး ဖြစ်သည်။

 

ကျန်းဝူပင်း၏ ဖုန်းသံကြောင့် နိုးလာပြီးသည့် ယန်ရှစ်ရွှမ်းဟာ ထိုးလာသော နေရောင်ကြောင့် မျက်လုံးကြိမ်းသွားသဖြင့် မျက်လုံးကို မှေးကျဉ်းလိုက်ရသည်။ မည်သို့ပင်ဆိုစေ သူ၏ အိပ်ချင်စိတ်က ပျောက်သွားလေပြီ။ ရိုးရှင်းစွာပင် သူက အိပ်ရာထဲမှ လှည့်ထွက်လိုက်၏။ မနက်စောစော သူ၏ဗိုက်ကို ဖြည့်ရန် မည်သည့်စားစရာကို စားသင့်ကြောင်း စဉ်းစားနေရင်း တဖြည်းဖြည်းချင်းစီ သွားတိုက်နေလိုက်သည်။ ရုတ်တရတ် ခြံဝန်းအပြင်ဘက်မှ ရန်စကားများသံလို ဆူညံသံကို ကြားလိုက်ရသည်။ ယန်ရှစ်ရွှမ်းသည် ပျင်းရိစွာနှင့် တံခါးထံ လျှောက်သွားလိုက်ရင်း သွယ်လျသော ကိုယ်ကို သုံးကာ တံခါးဘောင်ကို မှီထားလိုက်သည်။ သူသည် ကျန်းဝူပင်းက သူ့ကိုပြောထားသည့် နောက်ရှိုးအတွက် နေရာကို စဉ်းစားနေသေးသည်။ ထို့ကြောင့် အပြင်ဘက်မှ ဆူညံသံကို အပြည့်အဝ မကြားချေ။

120 04

ဘေးအိမ်မှ အသက်ကြီးသည့် အဒေါ်ကြီးတစ်ယောက်က အိမ်ငှားအသစ်အကြောင်း ဆူညံစွာ အထွန့်တက်နေခြင်း ဖြစ်လောက်သည်။ အိမ်ငှားခ လုံလောက်အောင် မပေးသည့်အတွက် ပြောဆိုနေခြင်းလည်း ဖြစ်နိုင်သည်။ ထပ်ကာတလဲလဲ အထွန့်တက်မှုများက ယန်ရှစ်ရွှမ်းအား အပြင်ဘက်မှ အကြောင်းအရာများကို စိတ်ဝင်စားမှုအား ခပ်မြန်မြန် ပျောက်ဆုံးသွားပြီး နောက်သို့လှည့်ကာ ပါးစပ်ထဲမှ အမြှုပ်များကို ထွေးထုတ်လိုက် ဖြစ်သည်။

 

သို့သော် ထိုအခိုက်အတန့်တွင် ရုတ်တရက် သေးငယ်သော ခြံဝင်းလေး၏ အပြင်ဘက်မှ နက်ရှိုင်းသော ထိုးဖောက်မှုအပြည့်နှင့် အတူ အရယ်စွက်နေသော လေးနက်သည့် အမျိုးသားတစ်ယောက်၏ အသံကို ကြားလိုက်ရသည်။

 

“ယန်ရှစ်ရွှမ်း”

 

ယန်ရှစ်ရွှမ်းက တစ်ခဏခန့် ရပ်တန့်လိုက်မိသည်။ သူက မျက်တောင် တစ်ချက်ခတ်လိုက်ပြီး ထင်ယောင်ထင်မှား ကြားယောင်နေမိသည်ဟုပင် ထင်မိသွားသည်။ ဤသို့မဟုတ်လျှင် သူဟာ ထိုအကောင် ယဲ့လီ၏ အသံကို ကြားစရာ အကြောင်းမရှိပါပေ။ ယခုအခါ သူသည် သူ၏ကိုယ်ပိုင်အိမ်တွင် ဖြစ်ပြီး ရှိုးတွင်လည်း မဟုတ်ချေ။

 

ဒါကို ဒီလောက် သံသယဝင်စရာကောင်းပြီး လျိုဝှက်ဆန်းကြယ်တဲ့ အကောင်နဲ့ ဘာတွေ့စရာ အကြောင်းရှိမှာလဲ။

 

“ယန်ရှစ်ရွှမ်း”

 

သူ၏ သံသယကို အတည်ပြုပေးသလိုမျိုး သေးငယ်သော ခြံဝန်းလေး၏ တံခါးအပြင်ဘက်မှ နောက်ထပ် ခေါ်သံတစ်သံက ထွက်လာသည်။ အသံထဲတွင် အပေါင်းအဖော်ကြားမှ ရင်းနှီးကျွမ်းဝင်လွန်းသော စနောက်မှုအလား ကူကယ်ရာမဲ့သော ရယ်သံစွတ်သည့်အသံက ပါနေသေးသည်။

 

“မင်း နိုးနေပြီဆိုရင်လည်း ထွက်လာပြီး ကြည့်ပါဦး။ မင်းသာ ငါ့ကို ထွက်လာပြီး မကယ်တင်ရင် ငါတော့ အရိုက်ခံရတော့မယ်”

 

ယန်ရှစ်ရွှမ်း “?”

 

ချဲ့ကားလွန်းလိုက်တာ။ ဒါက တကယ်ပဲ ယဲ့လီလား။

 

သူ့ကို ဘယ်သူက လာနောက်နေတာလဲ။

 

နောက်ပြီး ဘေးအိမ်နဲ့ အနီးနားအိမ်အနီးဝန်းကျင်တွင် လူတွေဆီက လာတဲ့အသံ မဟုတ်ဘူးလား။

 

ဒီလူတွေနဲ့ဆိုရင် နောက်ခံကို မမေးဘဲနဲ့ ဘယ်သူ့ကို ရိုက်ရဲမှာလဲ။

 

ဒါက သူ ကြားဖူးသမျှထဲမှာ ရယ်စရာအကောင်းဆုံးပဲ။

 

ယန်ရှစ်ရွှမ်းက သေးငယ်သော ခြံဝန်းလေး၏တံခါးကို မျက်နှာသေဖြင့် ဖွင့်လိုက်သောအခါ ယဲ့လီ၏ တင်းမာသော်လည်း ချောမောလွန်းသည့်မျက်နှာနှင့် ရင်ဆိုင်လိုက်ရသည်။

 

အရပ်ရှည်ရှည်နှင့် ယဲ့လီဟာ အနီးနားဝန်းကျင်မှ အသက်ကြီးကြီး အဒေါ်ကြီးတစ်အုပ်၏ အဝိုင်းခံလိုက်ရသည်။ သူတို့သည် ယဲ့လီအား မကျေနပ်ဖြစ်နေသော မျက်နှာများနှင့် လက်ညိုးထိုးလျက်ရှိနေပြီး ခုဏလေးကတည်းက ယန်ရှစ်ရွှမ်းကြားလိုက်ရသော အသံပိုင်ရှင် ဘေးအိမ်မှ အဒေါ်ကြီးကမူ ဆိုးရွားသည့် မျက်နှာထားမျိုးနှင့် ဖြစ်သည်။ သူမသည် သူမ၏ ညီအစ်မများအား ယဲ့လီကို ဝိုင်းစေလျက် စောင့်ကြည့်နေရင်း ဂုဏ်ယူသော မျက်နှာထားမျိုးနှင့် ရှိနေခဲ့သည်။

 

သို့သော် ယဲ့လီကမူ ထိုလူများကို ကြည့်တောင် မကြည့်ပါချေ။ ထိုအစား ယန်ရှစ်ရွှမ်း၏ ခြံဝန်းငယ်လေး ရှိရာဘက်သို့သာ ကြည့်နေ၏။ သူ၏ အာရုံစိုက်မှုက ယန်ရှစ်ရွှမ်းထံတွင်သာ ဖြစ်ပြီး အသံတိုင်းကို လျစ်လျူရှုထားသည်။ ယန်ရှစ်ရွှမ်းအတွက် ထိုမြင်ကွင်းက လူအုပ်ထဲတွင် ထင်းထွက်နေသလိုမျိုး ရယ်စရာ ကောင်းလွန်းသည်။

 

ယန်ရှစ်ရွှမ်း “.....”

 

ဒီမှာ ဘာတွေ ဖြစ်နေတာလဲ။

 

သူ နိုးနေသေးတာ ဟုတ်ရဲ့လား။

 

ဘယ်လိုကြောင့် ဒီလောက် ထူးဆန်းတဲ့ မြင်ကွင်းကို မြင်လိုက်ရတာလဲ။

 

သို့သော် သေးငယ်သော ခြံတံခါးလေးက တွန်းဖွင့် ခံလိုက်ရပြီးချိန်တွင် ယဲ့လီ၏မျက်လုံးက အံ့အားမှုနှင့် တောက်ပသွားသည်။ အထူးသဖြင့် သူ၏မြင်ကွင်းထဲသို့ ယန်ရှစ်ရွှမ်း ဝင်လာချိန်တွင် ဖြစ်သည်။

 

ယန်ရှစ်ရွှမ်း၏ နှုတ်ခမ်းထောင့်စွန်းများက သေချာ မဆေးကျောရသေးသည့် အမြှုပ်လေးများ ကပ်တွယ်နေသေးသည်။ သူက ယခုလေးတင် မျက်နှာသစ်ပြီးကာစ ဖြစ်သောကြောင့် သူ၏ အနီရောင်နှုတ်ခမ်းပါးက အလွန်အမင်း စိုလဲ့နေကာ အလိုအလျောက် လက်လှမ်းပြီး ထိတွေ့ချင်စိတ်ကို ဖြစ်စေသည်။

 

ထိတွေ့လိုက်ရင် တွေးကြည့်သလိုမျိုး နူးညံ့‌အေးစက်‌နေလောက်မလား။

 

ထို့အပြင် အပြည့်အဝ မခြောက်သေးသောကြောင့် ထိုမျက်နှာဟာ နီရဲရဲလေးဖြစ်နေသည်။ မနက်ခင်း၏ တောက်ပသော နေ‌ရောင်အောက်တွင် သူ၏အသားအရည်ဟာ တောက်ပ ထိန်လင်းနေသေးပြီး ကြည်လင်ကာ ရှင်းလင်းသည့် အလှတရားကို ဖော်ထုတ်ပြသနေသည်မှာ တောင်ဘုရားကျောင်းတွင် တွေ့ခဲ့ရသော အလှတရားမျိုးနှင့် ခြားနားနေပြန်သည်။ ထိုအချိန်ကဆိုလျှင် လူအများကို အနားမကပ်နိုင်အောင် အကွာအဝေးခြားထားသလို ထက်မြက်သည့် အာရုံခံစားမှုက အရိုင်းဆန်စွာ တည်ရှိနေသည့်တိုင်အောင် အခုမူ အများကြီး ပို၍နူးညံ့နေ၏။ အလိုအလောက် လက်ဆန့်ကာ ထိတွေ့ချင်စိတ်ကို ဖြစ်မိစေလေသည်။ 

 

******