122 01
အပိုင်(၁၂၂)
“ကောင်းပြီ”
ယန်ရှစ်ရွှမ်းသည် နောက်ဆုံးတွင် သဘောတူလိုက်သည်။ ယခုလေးတင် တင်းကြပ်နေခဲ့သော ကြွက်သားများက ပြန်လည်ပြေလျော့သွားပြီ ဖြစ်သည်။ သူက လွတ်နေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည့် အခန်းဘက်သို့ ညွှန်ပြလိုက်ရင်း ပြောလိုက်သည်။
“အဲဒီမှာ အခန်းရှိတယ်။ ခင်ဗျားဘာသာ သန့်ရှင်းရေး လုပ်လိုက်။ ခင်ဗျား ဒါကို လက်မခံနိုင်ရင်တော့ ထွက်သွားတော့။ ငါကတော့ ကူညီပေးနိုင်မှာ မဟုတ်ဘူး”
ယဲ့လီသည် ယန်ရှစ်ရွှမ်းအား နောင်တရချိန်မပေးပဲ တိုက်ရိုက်ပင် သဘောတူလိုက်သည်။
အခန်းထဲသို့ ပြန်ဝင်မည့် ယန်ရှစ်ရွှမ်းက ထိုအခါမှသာ တစ်စုံတစ်ရာဟာ မှားယွင်းသထက် မှားယွင်းလာကြောင်း ခံစားလာရသည်။
ဘာလို့ သူက ရုတ်တရက် ဘယ်ကမှန်းမသိတဲ့သူ့ကို အိမ်ထဲ ခေါ်သွင်းလိုက်တာလဲ။
တစ်ခုခုများ မှားသွားတာလား။
“မင်း မနက်စာ စားပြီးပြီလား။ အခုက လူသားတွေ မနက်စာ စားရမဲ့ အချိန်မဟုတ်လား”
အောင်မြင်စွာနှင့် အိမ်အတွင်းသို့ ခေါ်သွင်းခံရပြီးသည့်အပြင် အိမ်ထဲသို့ပင် ဝင်ရောက်နိုင်ခဲ့သော ယဲ့လီက စိတ်အခြေအနေ ကောင်းမွန်စွာနှင့် ခြံဝန်းထဲရှိ ကျောက်တုံးခုံလေးပေါ် ထိုင်လိုက်သည်။ သူ၏နားရွက်က အကင်းပါးစွာနှင့် အဝေးမှလာသော အသံကို ကြားလိုက်ရသည်။ လူများ၏ မနက်စာရောင်းနေသံ ဖြစ်သည်။
ထို့ကြောင့် လေထုအခြေအနေကို ပြောလျော့အောင် လုပ်နိုင်ရုံသာ မကသေးလေဘဲ ယန်ရှစ်ရွှမ်းအား ယခုလေးတင် မှားယွင်းသွားသောအရာဟာ မည်သည်ဖြစ်ကြောင်း တွေးနေမည့် အတွေးကို ဖြတ်တောက်နိုင်ရန်အပြင် တစ်ဖက်သူ၏ အစာအိမ်ကိုလည်း ဂရုစိုက်ပေးသည့် သဘောအနေဖြင့် မနက်စာထွက်စားရန် သဘောတူလိုက်သည်။
“အိမ်မှာ ဘာစားစရာမှ မရှိဘူး”
ယန်ရှစ်ရွှမ်းက တခဏခန့် တွေးသည်။ သူသည် ယခင်အပိုင်း ဝံပုလွေရိုင်းတောင်ထိပ်သို့ သွားပြီးနောက် ပင်းဟိုင်မြို့သို့ ပြန်လာကာစ အချိန်တွင်ပင် ဟိုင်ရွန်ဘုရားကျောင်းမှာ တာအိုဘုန်းတော်ကြီး လီထောင်ကျန်းက သူ့ကို ဆွဲခေါ်သွားသေးသည်။ အတိတ်က အကြောင်းအရာများကို ပြန်ပြောရင်း ဆရာသခင် လီချမ်းရွန်၏ အကြောင်းကို မေးမြန်းမည်ဟု ဆိုသဖြစ် သူလိုက်သွားရသည်။ မည်သို့ပင်ဖြစ်စေ တစ်ဖက်သူသည် အကြီးအကဲလည်း ဖြစ်သည်။ ငြင်းရန်လည်း ခက်ခဲလှသည်။ ယန်ရှစ်ရွှမ်းသည် ဟိုင်ရွန်ဘုရားကျောင်းတွင် ရက်အနည်းငယ် နေပြီးမှသာ အကြောင်းပြချက်တစ်ခုကို ပေးသဖြင့် တွန့်ဆုတ်စွာနှင့် လက်ခံပေးပြီး ပြန်လာနိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ထိုဘုရားကျောင်းတွင်လည်း ပွဲများရှိနေလေရာ အလုပ်များနေလေသည်။ သူသည် မနေ့ကမှ အိမ်သို့ ပြန်လာကာစ ဖြစ်နေလေရာ မီးဖိုခန်းက ရှင်းလင်းနေသည်။ ရေမှလွဲပြီး မည်သည့်စားစရာမှ မရှိချေ။
ထို့ကြောင့် ယဲ့လီ၏ အကြံပြုချက်ကို သဘောတူလိုက်သည်။ သူသည် အဝတ်အစား သွားလဲပြီး ယဲ့လီကို စားရန်အတွက် ခေါ်ထုတ်သွားရန် ပြင်ဆင်လိုက်သည်။
တိုက်တိုက်ဆိုင်ဆိုင် ပင်းဟိုင်မြို့ အနီးအနားတွင် အရသာရှိသော မနက်စာဆိုင်လေး ရှိနေသည်။ သူသည် ဒီနေရာတွင် ဆရာဖြစ်သူနှင့် အတူနေခဲ့ချိန်ကတည်းက လွန်ခဲ့သော ၁၀နှစ်ကျော်အတွင်း ထိုနေရာတွင်သာ သွားစားဖြစ်ခဲ့သည်။
သူသည် အိမ်မှဝေးနေခဲ့သည်မှာ ကြာပြီဖြစ်လေရာ ရင်းနှီးကျွမ်းဝင်သော အရသာကို မခံရသည်မှာလည်း ကြာပြီဖြစ်သည်။ မပြောခဲ့လျှင် အဆင်ပြေသည်။ ယခုလို ထုတ်ပြောပြီးသောအခါ ယန်ရှစ်ရွှမ်းသည် ထိုအရသာကို အနည်းငယ်ပင် လွမ်းဆွတ်လာခဲ့မိ၏။
ယန်ရှစ်ရွှမ်းက စကားပြောနေချိန်၊ တွေးတောနေချိန်တွင် ယဲ့လီ၏ မျက်လုံးက အမြဲတစေ သူ၏ခန္ဓာကိုယ်ပေါ်တွင်သာ ရှိနေတတ်သည်။ မှင်သက်ဖွယ်ကောင်းသော အလှတရားကြောင့် အမြဲတစေ ဆွဲဆောင်ခံရလေ့ရှိပြီး အချိန်အတန်ကြာသည်အထိ အကြည့်မလွှဲနိုင်ခဲ့ချေ။
ဒါဟာ ယဲ့လီ ဝံပုလွေရိုင်းတောင်ထိပ်တွင် မြင်ခဲ့ဖူးသော မာနတကြီး ဖြစ်နေခဲ့သည့် ထက်ရှသည့် ပုံရိပ်မျိုးနှင့် ခြားနားနေသည်။ ယခုအိမ်တွင်ရှိနေသော ယန်ရှစ်ရွှမ်းဟာ အနည်းငယ် ပွယောင်းသည့် အဖြူရောင် လက်တိုအင်္ကျီနှင့် ဘောင်းဘီတိုကိုသာ ဝတ်ဆင်ထားခြင်း ဖြစ်သည်။ သူ၏ မဖြီးသင်ထားသည့် ဆံပင်များက ရှုပ်ထွေးလျက် နဖူးပေါ်သို့ ဖြာကျနေသည်။ အရှေ့ပိုင်းမှ ကြည့်လျှင် ပျင်းရိလေးတွဲပြီး နူးညံ့သော အလှလေး ဖြစ်နေသည်။
ထိုအချိန်တွင် ဆောင်းတွင်း မနက်ပိုင်းမှနေရောင်က ထိုးကျလာသောအခါ နွေးထွေးသော်လည်း မျက်စိကျိန်းမတတ် မစူးရှသေးချေ။ ထိုအတိုင်း အရေပြားပေါ်သို့ ရောက်လာချိန်တွင် ရွှေအလင်းရောင်က လွှမ်းခြုံပေးထားသလိုမျိုး သက်တောင့်သက်သာ ရှိစေကာ ပျော်ရွှင်မှုကိုလည်း ခံစားရစေသည်။
ဆောင်းတွင်းအစောပိုင်း ဖြစ်သောကြောင့် အပူချိန်ဟာ သင့်တော်ရုံဖြစ်သည်။ အိမ်တွင် အချိန်အတန်ကြာ နေဖြစ်ခဲ့ခြင်း မရှိသဖြင့် လေလည်ပတ်မှုက မကောင်းပေ။ ထို့ကြောင့် ယန်ရှစ်ရွှမ်းက မနေ့ညက အိပ်ယာဝင်သောအခါ အိပ်ခန်းပြတင်းပေါက်များကို ဖွင့်ထားသည်။ သူသည် ကျန်းဝူပင်း၏ ဖုန်းကြောင့် မနက်အစောပိုင်း နိုးလာခဲ့ပြီး အိမ်အပြင်ဘက်တွင် ယဲ့လီကို တွေ့လိုက်ချိန်တွင် အပြည့်အဝ မနိုးသေးသောကြောင့် ပြတင်းပေါက် ပိတ်ရန် အချိန်မရှိသေးချေ။
122 02
ထိုအချိန်တွင် ယန်ရှစ်ရွှမ်းက အခြားသော အကြောင်းအရာများကို တွေးတောနေခြင်း ဖြစ်သည့်အပြင် သူ၏ကိုယ်ပိုင်အိမ်ဟာ သူ့ကို အလွန်အမင်း သက်တောင့်သက်သာ ရှိစေသော၊ ယုံကြည်ရသော ပတ်ဝန်းကျင်ကို ပေးစွမ်းနေသည့်အလျောက် သေးငယ်နေသည့် အခြေအနေကို သတိမထားမိသည့်အလျောက် ပြတင်းပေါက် ဖွင့်လျက်သားနှင့် အိပ်ခန်းအတွင်းသို့ ဝင်ကာ အဝတ်အစား သွားလဲလိုက်ခြင်း ဖြစ်သည်။
ယန်ရှစ်ရွှမ်းက စိတ်လွှင့်နေရင်း အဖြူရောင်လက်တို အင်္ကျီရှပ်၏ အနားစများကို လက်နှစ်ဖက်ဖြင့် ပင့်ကိုင်ကာ ပင့်တင်လိုက်ပြီး ချောမွေ့ကာ သန်မာသည့် အပေါ်ပိုင်းကြွက်သားလိုင်းများကို ဖော်ပြသည်။
သူ၏အင်အားဟာ သာမာန်လူများထက် သန်မာလွန်းအား ကြီးသော်လည်း သူ၏ကြွက်သားများဟာ အလွန်ထူတုတ်ပြီး အကျည်းတန်သော ပုံပန်းသွင်ပြင်မျိုး မဖြစ်သွားခဲ့ချေ။ ထို့အစား ဂျင်တွင် သေချာလေ့ကျင့်ထားသော ပုံစံမျိုးပင် မပေါက်ပါချေ။ ဒီအတိုင်း တစ္ဆေသရဲများနှင့် နတ်များနှင့် အချိန်အတန်ကြာ တိုက်ခိုက်ခဲ့သောကြောင့်သာ မရေမတွက်နိုင်သော သေဘေးကပ်ဘေးများကို ရင်ဆိုင်ကျော်ဖြတ်ပြီးမှ ဖွံ့ဖြိုးလာသော အနေအထားမျိုး ဖြစ်သည်။ ထို့ကြောင့် လေ့ကျင့်ရင်း ရလာသော အစစ်အမှန် ကြွက်သားများက လှုံ့ဆော်မှု ပြင်းထန်ခြင်း မရှိသော်လည်း တစ္ဆေများကိုပင် သတ်နိုင်သည်။ ပြင်းထန်သည့် အလှတရားနှင့် ဖောက်ခွဲနိုင်စွမ်းအား ပြင်းထန်သည့် အင်အားမျိုးကို ပိုင်ဆိုင်ထားသည်ဟု ဆို၍ရ၏။
ခြံဝန်းထဲတွင် ထိုင်နေသည့် ယဲ့လီက မူလကမူ တည်ငြိမ်အေးဆေးနေသေးသည်။ သူသည် ရုတ်တရက် မျက်လုံးပြူးကျယ်သွားသည်။ ကျဉ်းမြောင်းပြီး နက်မှောင်နေသည့် မျက်လုံးအတွင်းတွင် နှစ်ထောင်ပေါင်းများစွာ ရှားရှားပါးပါး လှုပ်ခတ်တတ်သည့် ခံစားချက်များက ရှင်းလင်းစွာ ပေါ်ထွက်လာသည်။ သူ၏ တည်တင်းသော မျက်နှာကပင် ကြိုးပျက်သွား၏။ ထိုတစ်ခဏတွင် လှုပ်ခတ်သွားသည့် အားလိုင်းများက ပေါ်ထွက်လာသည်။
နေရောင်က ပြတင်းပေါက်မှတဆင့် အိမ်ခန်းထဲသို့ ဝင်ရောက်လာပြီး ယန်ရှစ်ရွှမ်း၏ ပုခုံးနှင့် ကျောပြင်တို့ကို တိုက်ရိုက်ကျသည်။ အလင်းနှင့်အမှောင်အကြားတွင် သူသည် အမြင့်ဆုံးနှင့် အပြီးပြည့်စုံဆုံးသော နေရာမျိုးတွင် တစ်ဘဝလုံး နေထိုင်ခဲ့ဖူးသော ရုပ်ထုအလားပင် နေခဲ့၏။ သံမဏိကျောက်သားလို မာကြောသလို အသွေးအသားအလား နူးညံ့လွန်းနေပြန်သည်။ ရေပြား၏ နူးညံ့ပုံကလည်း ရှိနေသေးသည်။ ထိုသို့ဖြင့် မာကျောမှုနှင့် နူးညံ့မှုနှစ်ခု၏ ပြီးပြည့်စုံသော ပေါင်းစပ်မှုအပြင် အလင်းနှင့်အမှောင်၏ ဖြတ်တောက်မှုဟာ စိတ်အလှုပ်ရှားနိုင်ဆုံး အနုပညာလက်ရာအလား ဖြစ်နေသည်။
ယဲ့လီဟာ နေရာတွင်ပင် တောင့်ခဲသွားပြီး ပြတင်းပေါက်မှတဆင့် ယန်ရှစ်ရွှမ်းကို မျက်တောင်မခတ်ဘဲ ကြည့်နေမိသည်။ မီးထောင့်မှ အလင်းက သူ၏သုန်မှုန်သော မျက်လုံးအား တောက်ပသွားစေသည်။
ထိုပြတင်းပေါက်မှ ယင်နှင့်ယန်အကြားမှ အဟကြားနေရာတစ်ခုကဲ့သို့ ဖြစ်နေသည်။ ယခုလို အချိန်မျိုးတွင် ဖျော့တော့အားနည်းသည်။ ယခုလို အချိန်မျိုး ခဏအတွင်းမူ ဖျော့တော့အားနည်းလွန်းသည်ဟု ထင်ရ၏။ သူဟာ လက်ကို ဆန့်တန်းလိုက်ရုံဖြင့် အနှောက်အယှက်များကို ကျော်ဖြတ်ပြီး ညင်သာစွာ တွန်းဖွင့်ဝင်၍ ရလောက်သည်။ သူသည် ယန်ရှစ်ရွှမ်း၏ ပုခုံးကို ကိုင်ပြီး သူ၏လက်ဖဝါးအောက်မှ နူးညံ့မှုနှင့် နုနယ်သော ခံစားချက်မျိုးကို ခံစား၍ရလောက်၏။
သေမျိုးလူသားတစ်ယောက်ရဲ့ နွေးထွေးမှုပဲ။
လောက က အပနှင်ဆရာတစ်ယောက်ရဲ့ စွမ်းအားနဲ့ အလှတရားကိုလည်း ပိုင်ဆိုင်ထားတယ်။ ဒါကြောင့် သူ့ကို ထိန်းချုပ်ရန် ခက်ခဲလောက်အောင် ချဉ်းကပ်ချင်စိတ် ဖြစ်နေစေတာပဲ။ သူ့ရဲ့အနားမှာပဲ ထိုင်ပြီး ဘယ်တော့မှ လွတ်မပေးနိုင်တော့ဘူး…။
“ခင်ဗျားက ဘာတွေတွေးနေတာလဲ”
ယန်ရှစ်ရွှမ်းက နေရောင်ကို ပိတ်ကာထိုင်နေသောကြောင့် ကိုယ်ပေါ်သို့ ဖြာကျပြီး တောက်ပနေသည့် ယဲ့လီ၏အ ရှေ့တွင် ရပ်လိုက်သည်။ သို့သော် ထိုအမျိုးသား၏ မျက်လုံးဟာ ကိုယ်ပိုင်အတွေးထဲတွင် နစ်မြှပ်နေပုံရ၏။ သူက ရှေ့ကို လမ်းယမ်းပြသည့်တိုင်အောင် မလှုပ်ရှားခဲ့၏။
သူက မျက်ခုံးအသာပင့်လိုက်ပြီး ထူးဆန်းသလို ပြောလိုက်သည်။
“မင်း မနက်စာ သွားစားမယ်လို့ ပြောလိုက်တာ မဟုတ်ဘူးလား။ ဘာလဲ စိတ်ပြောင်းသွားပြီလား”
“ဒါဆိုလည်း အဆင်ပြေတယ်လေ။ ငါ့ဘာသာ သွားတာပေါ့။ ပိုက်ဆံလည်း အကုန်သက်သာတယ်”
ထိုသို့ပြောပြီးနောက် ယန်ရှစ်ရွှမ်းက စောင့်ရန် မစီစဉ်ထားပါချေ။ တိုက်ရိုက်ပင် ယဲ့လီကို ခြေတံရှည်များကို သုံးပြီး ဖြတ်လျှောက်လျက် သေးငယ်သော ခြံဝန်း၏ ဂိတ်ဘက်သို့ သွားသည်။
ယဲ့လီက သတိလက်လွတ် လက်ဆန့်ထုတ်ပြီး ယန်ရှစ်ရွှမ်း၏ လက်ကောက်ဝတ်အား သူ၏အေးစက်သော လက်ဖြင့် ဖမ်းဆွဲလိုက်သည်။ သူ၏မျက်လုံးဟာ စိတ်လွှင့်မြောနေသော အနေအထားမျိုးတွင် ရှိနေသေးသည်။ သူက အသိပြန်မဝင်ခင် သတိလက်လွတ် ယန်ရှစ်ရွှမ်း သူထံမှ မထွက်သွားစေရန် တားဆီးလိုက်ခြင်း ဖြစ်သည်။ ထိုသို့ဖြင့် တစ်ဖက်သူအား မထွက်သွားစေရန် လက်ကို တိုက်ရိုက်ဆွဲလိုက်ခြင်း ဖြစ်သည်။
122 03
အနည်းငယ်ကြာပြီးနောက် ယဲ့လီဟာ မျက်တောင် တစ်ချက်ခတ်လိုက်သည်။ သူ၏ ကျီးကန်းငှက်မွှေးများအလား ရှည်လျားသည့် မျက်တောင်ကို တစ်ချက်ခတ်ပြီး ရုတ်တရက် အသိပြန်ဝင်သွားသည်။
“လွှတ်”
ယန်ရှစ်ရွှမ်း၏ လက်ကောက်ဝတ်ကို ကိုင်ထားသည့် သူ၏လက်ဖဝါးကို အသာပြန်ဆုတ်လိုက်ပြီး သဘာဝကျကျ ထရပ်လျက် ယန်ရှစ်ရွှမ်း၏ဘေးနားတွင် သွားရပ်လိုက်သည်။ သို့သော် ယန်ရှစ်ရွှမ်း၏ လက်ကောက်ဝတ်နားတွင် ထိန်းထားသေးပြီး အမှန်တကယ် လွှတ်ရန် ပြင်ဆင်ထားသေးပုံ မပေါ်ချေ။
ယန်ရှစ်ရွှမ်းက သူ့ကို ဆွံ့အစွာ ကြည့်သည်။
“ခင်ဗျားက မူကြိုတက်နေတဲ့ သုံးနှစ်အရွယ်ကလေးလား။ အိမ်သာသွားတဲ့အခါ လက်ကိုင်ပြီး သွားချင်လို့လား”
ယဲ့လီက ရှက်ရွံ့သလို မခံစားရချေ။ တည်တည်ငြိမ်ငြိမ်နှင့် လက်ကို လွှတ်လိုက်သည်။ ထို့နောက် ယန်ရှစ်ရွှမ်း သည်းခံနိုင်သော အတိုင်းအတာထိ ပြန်ဆုတ်လိုက်၏။
....
ထိုသေးငယ်သော ခြံဝန်းလေးသည် သူငယ်ရွယ်စဉ်က နေခဲ့သည့် လီချန်းရွန်၏ အိမ်ဖြစ်သည်။ ၁၁နှစ်ကျော်လာပြီးချိန်တွင် အစစ်အမှန် မြို့ဟောင်းကြီး ဖြစ်လာသည်။ အကြီးအကဲများ၊ ကလေးငယ်များ၊ ခပ်အေးအေး နေထိုင်သော နေရာဖြစ်သလို သန်မာသည့် လေထုအခြေအနေလည်း ရှိနေ၏။ အသက်စွမ်းအားကလည်း ပေါကြွယ်ဝသည်။
အာရုံတက်ချိန်တွင် မနက်စောစောထသည့် လူကြီးများက အရွက်ဈေးသို့သွားပြီး သူတို့အကြိုက် စားသောက်စရာများကို ဝယ်ကြသည်။ လမ်းထဲတွင်လည်း မနက်စာရောင်းသည့် ဆိုင်များကလည်း ဖွင့်နေပြီ ဖြစ်ပြီး ရှုပ်ထွေးလွန်းသော လက်လုပ်ခေါက်ဆွဲဆိုင်များကလည်း အလုပ်များနေကြသည်။ ထိုသို့ဖြင့် အော်သံများ၊ စက်ဘီးအသံများ၊ စကားပြောသံများ၊ အချင်းချင်း တီးတိုးပြောသံများ စသည်ဖြင့် သက်ရှိအားလုံးအား နိုးထရန် နိူးနေသည့် အသံကဲ့သို့ ထွက်ပေါ်လာလေသည်။ ထိုအသံများကြောင့် လူများဟာ အလိုအလျောက်ပင် အိပ်ယာ နိုးလာစေသည်။
ထိုသို့ဖြင့် ယဲ့လီတို့က စောစောထွက်လာဖြစ်သည်။ ထိုအချိန်တွင် အလုပ်သွားရန်၊ ကျောင်းသွားရန် ပြင်ဆင်ထားသော လူအများစုက မထကြသေးချေ။ ထိုအတွက်ကြောင့် မနက်စာစားသည့် လူမများသေးချေ။
ယန်ရှစ်ရွှမ်းသည် တံခါးနားတွင် ရပ်နေသည့် သူဌေးကို နူတ်ဆက်လိုက်သည်။ ထို့နောက် ဆိုင်ထဲသို့ ဝင်ပြီး ထိုင်ချလိုက်၏။ သူနှင့်ယဲ့လီအတွက် မနက်စာကို မှာသည်။
ထိုနေရာတွင် ထိုင်နေပြီး ဘာမှလုပ်စရာမရှိသည့် ယန်ရှစ်ရွှမ်းက ယဲ့လီနှင့် စကားအနည်းငယ် ပြောနေလိုက်သည်။
ယဲ့လီ၏ အခြေအနေနှင့် သူ ခံစားမိသည့် အန္တရာယ်ကို ဆုံးဖြတ်ရန် ကြံစည်ထားသည်။
ယဲ့လီက ပင်းဟိုင်မြို့မှ မဟုတ်သည့်အပြင် သူ၏အကြိုက်က ဗဟိုပြင်ကျယ်ပိုင်းနှင့် တူညီသောကြောင့် ယန်ရှစ်ရွှမ်းသည်လည်း မုန့်မှာသည့် အာဏာကို သူ့ဘက်မှ အပြည့်အဝယူလိုက်ပြီး ယဲ့လီအား ပင်းဟိုင်မြို့မှ မနက်စာကို စိတ်ပျက်မည်မဟုတ်ကြောင်း ပြောလိုက်သည်။
“ငါ မစားကြည့်ရသေးပေမဲ့ စိတ်မပျက်ရစေဘူး ဆိုတာကို သိနေပါပြီ”
ယဲ့လီက ယန်ရှစ်ရွှမ်း၏ ပတ်ဝန်းကျင်မှ လူများကို နူတ်ဆက်ပုံကို ကြည့်လိုက်သည်။ တစ်ဖက်သူသည်လည်း ဒီနယ်မြေမှ လူများနှင့် ရင်းနှီးလောက်သည်။ ထို့ကြောင့် စိတ်ထဲတွင် ခပ်တိုးတိုး ရေရွတ်လိုက်သေး၏။
“မင်းက ဒီမှာ ရှိနေမှ ငါက ဘယ်လိုစိတ်ပျက်ရမှာလဲ”
သို့သော် သူပြောနေသော အကြောင်းအရာက ယန်ရှစ်ရွှမ်း၏ မနက်စာ ဟုတ်မဟုတ် သူကိုယ်တိုင်သာ သိပေလိမ့်မည်။
“လူကြီးမင်းယန် မိတ်ဆွေနဲ့ မနက်စာ လာစားတာလား”
သူဌေးက သူ၏အေပရွန်ကို မရင်း လက်မှ ဆီများကို သုတ်လိုက်သည်။ ထို့နောက် ယန်ရှစ်ရွှမ်းကို အထူးတလည် လေးစားမှုအပြည့်နှင့် ဆက်ဆံရင်း မနက်စာ ပြင်ပေးသည်။
“ငါ လူကြီးမင်းယန်ကို မတွေ့ရတာတောင် ကြာပြီ။ အခြားသူတွေကို သွားပြီး ကူညီပေးနေတာလား။ လူကြီးမင်းယန် တကယ် အလုပ်များတာပဲ။ လူကြီးမင်းယန် သေချာအနားယူတာကိုတောင် မတွေ့ရဘူး”
ယန်ရှစ်ရွှမ်းက မေးခွန်းအနည်းငယ်ကို ဖြေလိုက်သည်။ ထို့နောက် ဒီနေ့ အထူးတလည် အလုပ်များနေသည့် သူဌေးကို ကြည့်လိုက်ပြီး ဆိုင်တွင် လူတစ်ယောက်လျော့နေကြောင်း တွေ့လိုက်သည်။
အတိတ်တွင် ဒီဇနီးမောင်နှံဆိုင်ကို ထိုသူဌေးနှင့် သူ၏ဇနီးဖြစ်သူက အတူဖွင့်ခြင်း ဖြစ်သည်။ တစ်ယောက်က မုန့်ပြင်နေလျှင် အခြားတစ်ယောက်က ပိုက်ဆံကောက်ပေးခြင်း၊ စားပွဲရှင်းပေးခြင်း လုပ်တတ်သည်။ ဒီနေ့တွင်မူ သူဌေးတစ်ယောက်တည်း ဖြစ်နေသည်။ ထို့ကြောင့် ထိုသူဌေးသည် အထူးတလည် အလုပ်များနေပြီး မအားမလပ်နိုင် ဖြစ်နေခြင်း ဖြစ်သည်။
122 04
“သူဌေးရဲ့ဇနီးကော ဘယ်မှာလဲ။ ဒီနေ့ မတွေ့မိပါလား”
ယန်ရှစ်ရွှမ်းက သာမာန်ကာလျှံကာ မေးလိုက်ခြင်း ဖြစ်သည်။ ဒါဟာ အခြားသောသူများနှင့် ပြောဆိုဆက်ဆံရာတွင် နူတ်ဆက်သည့် စကားမျိုးလည်း ရောက်သည်။
သို့သော် အေပရွန်နှင့် လက်သုတ်နေသည့် သူဌေးက ရုတ်တရက် ရပ်တန့်သွားပြီး ယန်ရှစ်ရွှမ်းဟာ သူ့ကို ဝမ်းနည်းစေသော အကြောင်းအရာတစ်မျိုးကို မေးမြန်းလိုက်သလိုမျိုး ဖြစ်သွားသည်။
“ဟွားအာ ဟွားအာက “
သူဌေးက အတတ်နိုင်ဆုံး ပြုံးနိုင်ရန် ကြိုးစားသည်။ သူသည် အနည်းငယ် အားတင်းထားရပုံ ပေါ်သည်။ သိသာစွာပင် ပြုံးနေသော်လည်း ငိုနေသည်နှင့်ပင် တူသေးသည်။
“ဒီနေ့ နေမကောင်းလို့ပါ”
ယန်ရှစ်ရွှမ်းက အစက စိတ်ထဲ သိပ်မထည့်ပေ။ သို့သော် ခေါင်းကိုမော့ပြီး မနက်စာဆိုင်ထဲမှ သူ၏အကြည့်ကို သူဌေးထံ ပြောင်းလိုက်၏။
သူဌေးက အနည်းငယ် မသက်မသာ ဖြစ်နေသလို တုန့်ဆိုင်းနေသေးသည်။ သူသည် အေပရွန်ဖြင့် လက်ကို ထပ်ခါတလဲလဲ သုတ်နေသည်။ အဝတ်ထောင့်များကပင် လိပ်တက်နေပြီ ဖြစ်သည်။ သူ၏ ယန်ရှစ်ရွှမ်းကို ကြည့်သော မျက်လုံးက မျှော်လင့်ချက်များ ပြည့်နှက်နေသေးသည်။
သူသည် ယန်ရှစ်ရွှမ်းက မေးခွန်းထပ်မေးမည့် အခြေအနေကို ကြောက်နေပုံရသည်။ အကူအညီလည်း တောင်းချင်ပုံရသည်။ ယန်ရှစ်ရွှမ်းသည် တစ်စုံတရာဟာ မှားနေကြောင်း သတိထားမိလိုက်ပြီး မျက်မှောင် ကြုတ်လိုက်မိသည်။
သို့သော် ယန်ရှစ်ရွှမ်းက မမေးနိုင်သေးခင် တံခါးဝမှတဆင့် လူတစ်ယောက်က ဝင်လာပြီး သူဌေးအား မုန့်မှာသည်။ ထိုသို့ဖြင့် သူဌေးက ခပ်မြန်မြန် ပြန်ဖြေပြီး ယန်ရှစ်ရွှမ်းကို အလျင်စလို ပြောလိုက်ရသည်။
“လူကြီးမင်းယန် အေးအေးဆေးဆေး စားပါ”
ထို့နောက် ခပ်မြန်မြန် ထွက်သွားသည်။ ယန်ရှစ်ရွှမ်းသည် သူဌေး၏ ကျောပြင်ကို ကြည့်ပြီး အားတင်းကာ ပြောလိုက်သည်။ တခဏခန့် ကြာပြီးနောက် ခေါင်းကို ပြန်ငုံ့လိုက်ကာ တဖြည်းဖြည်းချင်းစီ စားသည်။ သူ၏ တစ်ခါသုံးတူကို ယူပြီး ဖွင့်လိုက်ကာ ကောင်းမွန်လွန်းသော ဝါးတူများကို တစ်ချက်ပွတ်သပ်ပြီးမှ မုန့်ကိုယူသည်။
ယဲ့လီသည် ဒီလိုပတ်ဝန်းကျင်ကို ပထမဦးဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်သည်။ သူကမူ စတင်ကာ မြည်းစမ်းနေပြီ ဖြစ်သည်။ သို့သော် ယန်ရှစ်ရွှမ်း၏ ပုံစံကို တစ်ချက်ကြည့်လိုက်ပြီးနောက် တစ်စုံတစ်ရာကို သတိထားမိလိုက်ပြီးကြောင်း သတိထားမိလိုက်သည်။
အရသာရှိသော ဝက်သားပြားကြော်က လုံးဝိုင်းကာ အသားများသည်။ ထို့အပြင် ကြော်ထားပြီးချိန်တွင် ရွှေရောင်များပင် တောက်ပနေသေး၏။ ထို့ကြောင့် အပေါ်မှ ကြွက်သွန်မြိတ်များ နုတ်နုတ်စင်းကာ ဖြူးထားပြီး ပန်ကိတ်ပြားနှင့် တွဲထားခြင်းက လူအများ၏ စားသောက်ချင်စိတ်ကို ဖြစ်ပေါ်စေသည်။
သို့သော် ယန်ရှစ်ရွှမ်းကမူ တစ်ကိုက် ကိုက်ပြီးနောက် ရပ်တန့်သွားသည်။
ထိုအရသာဟာ သူစားနေကြ အရသာနှင့် ကွာခြားသည်။ ဒီနေ့ပန်ကိတ်ကြော်၏ အရသာက မမှန်ချေ။ အရသာက မမှန်ခြင်း မဟုတ်ပဲ ချက်သူကိုယ်တိုင်က စိုးရိမ်စိတ် များလွန်းနေသောကြောင့် ချက်ပြုတ်မှုအား အာရုံမစိုက်နိုင်ခြင်း ဖြစ်လောက်သည်။ ထို့ကြောင့် ယခုခံစားချက်ကမူ သူ၏လက်လှုပ်ရှားမှုအရ ခေါက်ဆွဲအတွင်းသို့ ရောဝင်သွားစေပုံရသည်။ သူသည် စိတ်လွတ်နေခဲ့သောကြောင့် ထည့်ထားသော ပါဝင်ပစ္စည်းများက အချိုးအစား မှားသွားပုံရသည်။ ထို့ကြောင့် အရသာက မကောင်းချေ။
“ဒီစားစရာက သေဆုံးခြင်းရနံ့နဲ့ တူတယ်”
ယန်ရှစ်ရွှမ်းက တူအား ရပ်တန့်လိုက်ပြီးနောက် ယဲ့လီကိုယ်တိုင်ကလည်း မုန့်ကို ချကာ သူ၏အေးစက်သော မျက်လုံးနှင့် ပန်းကန်ပြားထဲမှ မုန့်များကို ကြည့်သည်။ သူသည် အတွေး တစ်ချက်တည်းနှင့် အရာအားလုံးကို မြင်လိုက်ပုံရသည်။
“ခင်ဗျားလည်း မသက်မသာ ဖြစ်သလို ခံစားရတာပဲလား။ ဘယ်လို မသက်မသာ ဖြစ်တာမျိုးလဲ”
ယန်ရှစ်ရွှမ်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။ သို့သော် သူဌေး၏ တုန့်ပြန်မှုကြောင့်နှင့် အရူး အလုပ်မခံရပါချေ။ သူသည် ယဲ့လီကိုတစ်ချက်ကြည့်လိုက်သည်။
“ငါ အစကတော့ ခင်ဗျားကို ပင်းဟိုင်မြို့က မူလအဆန်ဆုံး ကောင်းမွန်တဲ့ မနက်စာကို ကျွေးချင်ခဲ့တာ။ မမျှော်လင့်ထားဘဲ အမှားတစ်ခု ဖြစ်သွားတယ်။ နောက်ထပ်တစ်ရက်ထိ စောင့်ပေါ့”
******