Ch 123
Viewers 6k

123 01

အပိုင်း(၁၂၃)

 

“ခင်ဗျား အလျင်လိုတာမျိုးရှိရင် အရင်ထွက်သွားလို့ ရတယ်။ ငါကတော့ ဒီမှာ ခဏစောင့်ဦးမယ်”

 

ယန်ရှစ်ရွှမ်း၏ နူတ်ခမ်းများက ကော့တက်လျက် ပြုံးလိုက်သည်။

 

“သူ့ကို ဘာက မသက်မသာ ဖြစ်စေသလဲဆိုတာကို စောင့်ကြည့်ဦးမယ်”

 

ယဲ့လီက သူပြောသော စကားအတိုင်း လိုက်ပြောသည်။

 

“ငါ့ရဲ့အချိန်တွေက တအား အားနေတာ။ မင်းနဲ့အတူ စောင့်မယ်”

 

တစ်ဖက်တွင် များလာသော လူများကြောင့် အလုပ်များနေသော သူဌေးက မကြာခဏဆိုသလို စိုးရိမ်စိတ် များနေသော မျက်လုံးမျိုးဖြင့် ယန်ရှစ်ရွှမ်းကို ကြည့်လာသည်။ ယန်ရှစ်ရွှမ်း ထွက်သွားမည့် အခြေအနေကို စိုးရိမ်နေပုံရသည်။ သို့သော် ယန်ရှစ်ရွှမ်းက သူ့ကို မြင်သွားမည့် အခြေအနေကိုလည်း စိုးရိမ်နေသေးလောက်သည်။ ထို့ကြောင့် ယန်ရှစ်ရွှမ်းအား ထွက်သွားစေချင်သေးပုံ ရပြန်သည်။

 

ထိုအတွက်ကြောင့် ယန်ရှစ်ရွှမ်းနှင့် အပေါင်းအဖော်က မနက်စာကို တဖြည်းဖြည်းချင်း စားပြီး ထိုင်နေသေးကြောင်း မြင်သောအခါ သူဌေးက အလိုအလျောက်ပင် စိတ်အေးစွာ သက်ပြင်း ချလိုက်မိသေသည်။ တစ်ချိန်တည်းတွင်ပင် သူ၏မျက်လုံးထဲတွင် စိုးရိမ်မှုများက ပေါ်လာသေးပြန်သည်။

 

နောက်ဆုံးတွင် မနက်ပိုင်း လူများသော ကာလက ပြီးဆုံးသွားပြီး နေမင်းကလည်း ကောင်းကင်ပေါ်သို့ မြှောက်တက်သွားပြီ ဖြစ်သည်။

 

မှာယူမှုအသီးသီးမှ ပိုက်ဆံများကို ကောက်ယူပြီးနောက် သူဌေးက လျင်မြန်စွာနှင့် တစ်ဖက်သို့လှည့်လျက် ယန်ရှစ်ရွှမ်းထိုင်နေသော ဘက်သို့ လှည့်ကြည့်လိုက်သည်။

 

သူ၏မျက်နှာက အံ့ဩသွားပုံပေါ်သည်။ သူ၏နူတ်ခမ်းက လှုပ်သွားသည်။ သို့သော် မူလက ပြောလိုသည့် စကားကို ထုတ်ပြောရန် တုန့်ဆိုင်းနေသေးပြန်သည်။ ထို့ကြောင့် သူက မေးလိုက်သည်။

 

“လူကြီးမင်း ဘာအလို ရှိနေသေးတာလဲ။ မနက်စာက မလောက်လို့လား”

 

“ခင်ဗျားရဲ့မိန်းမက ဘာဖြစ်တာလဲ”

 

ယန်ရှစ်ရွှမ်းက ရုတ်တရက် ပြောလိုက်သည်။ သူသည် သူဌေး၏ စကားကို ဖြတ်ပြောလိုက်ခြင်း ဖြစ်သည်။

 

“ငါ လွန်ခဲ့တဲ့ နှစ်‌ပေါင်းများစွာ အကြာက ခင်ဗျားရဲ့ဇနီးကို ကူညီပြီး အပနှင်ခဲ့ဖူးတယ်။ ခင်ဗျားကိုယ်တိုင်ကလည်း ငါက တစ်ခုခု သိချင်ရင် ငါ့ဆီက ဖုံးကွယ်ထားလို့ မရဘူးဆိုတာကို နားလည်မယ်ထင်တယ်”

 

“ဟွားအာ ဟွားအာက ဘာမှမဖြစ်ပါဘူး”

 

သူဌေးက မူလကမူ ဟား ဟား ရယ်ရင်း အရူးလုပ်ချင်ခဲ့သည်။ သို့သော် ယန်ရှစ်ရွှမ်းနှင့်  မျက်လုံးချင်း ဆုံပြီးချိန်တွင် မီးတောက်လာသလို ခံစားလိုက်ရသည်။

 

ရုတ်တရက် သတင်းဆိုးကြောင့် သူ၏စိတ်ဝိဉာဉ်က ခြေမွခံလိုက်ရသလိုမျိုး ဖြစ်သွားခြင်း ဖြစ်သည်။ သူ၏ ပုခုံးများကပင် ရုတ်တရက် ကုန်းကျသွားသည်။ သူ၏အားအင်တက်ကြွနေသော ခန္ဓာကိုယ်က ဘောလုံးတစ်လုံးလို ကျုံ့ကျသွားသည်မှာ ကိုယ့်ကိုယ်ကို ကာကွယ်ရန် အလိုအလျောက် ကြိုးစားသလို ထင်ရသည်။ သူသည် သူ၏လက်မောင်းများဖြင့် ခေါင်းကို အုပ်ကာ ဖက်ထားလိုက်၏။ သူ၏မျက်နှာဟာ နာကျင်နေပုံ ပေါ်သည်။ မျက်လုံးများကလည်း မျက်ရည်များ ပြည့်လာသည်။

 

“လူကြီးမင်းယန် ငါလည်း ဘာလုပ်ရမှန်း မသိလို့ပါ”

 

သူဌေး၏ မျက်လုံးကလည်း နီလာပြီး အသံကလည်း တုန်လာသည်။

 

“ဟွားအာက တော်‌တော်လေးကို မှားယွင်းတဲ့ အနေအထားမျိုးကို ရောက်နေတယ်။ ဒါပေမယ့် ငါ ဘယ်သူ့ကိုမှ မပြောနိုင်ဘူး။ နောက်ပြီး ဘယ်သူ့ဆီကမှလည်း အကူအညီ မတောင်းရဲ့ဘူး။ သူတို့မှာ နည်းလမ်းရှိမလား‌တော့ ငါ မသိဘူး။ ဒါပေမယ့် ဟွားအာ ကြည့်ရတာ ဒီအတိုင်း သည်းမခံနိုင်ရုံပါ”

 

“စိုးရိမ်စိတ် များမနေနဲ့။ ဖြည်းဖြည်းချင်း ပြော”

 

ယန်ရှစ်ရွှမ်းက ဘေးဘက်မှ ပလပ်စတစ်ခုံကို ယူပြီး သူဌေး၏ဘေးနားတွင် ချပေးလျက် သူ့အားထိုင်ပြီး တဖြည်းဖြည်းချင်း ပြောခိုင်းလိုက်သည်။

 

သူဌေးက လက်ကိုအသာခါရမ်းရင်း ခုံကို လှမ်းယူကာ ထိုင်သည်။ ထို့နောက် အနည်းငယ် တည်ငြိမ်အောင် ထိန်းပြီးမှသာ သာမာန်ပုံစံမျိုး ပြန်ဖြစ်သွားသည်။ သို့သော် သူ၏နီရဲသော မျက်လုံးများဖြင့် မျက်ရည်ပြည့်နှက်နေသော မျက်လုံးများကမူ ဆိုးရွားသော အနေအထားမျိုးတွင် ရှိနေသေးသည်။

 

“လူကြီးမင်းယန် မင်းလည်း ငါနဲ့ ဟွားအာက ကောင်းမွန်တဲ့နောက်ခံက လာတာ မဟုတ်ဘူး ဆိုတာကို သိမှာပါ”

 

သူဌေးက ခါးသီးစွာ ပြုံးသည်။ သူ ယခင်က ခံစားဖူးခဲ့သော ကြောက်ရွံ့မှုနှင့် စိုးရိမ်မှုများက ယန်ရှစ်ရွှမ်းကို မြင်လိုက်ချိန်တွင်  အနည်းငယ် တည်ငြိမ်သွားသည်မှာ သူ့ကို အားပေးကူညီမည့် တစ်စုံတစ်ယောက်ကို ရှာတွေ့လိုက်သည့်အလား ဖြစ်သည်။ သူသည် တစ်ဖက်ပြန်လည် စိတ်ငြိမ်သွားပြန်ပြီး ဒီ‌ကာလအတောအတွင်းမှ အဖြစ်အပျက်များကို ပြောပြသည်။

123 02

သူဌေး၏ မျိုးရိုးနာမည်က ယန် ဖြစ်ပြီး နာမည်က ယန်ကွမ်းဖြစ်သည်။ ဇနီးဖြစ်သူကမူ ယန်ဟွားဖြစ်၏။ သူတို့သည် မိသားစု မတူသော်လည်း မျိုးရိုးနာမည် တူကြသည်။ သူတို့သည် ငယ်ရွယ်သောအချိန်က နယ်မြို့မှ ပင်းဟိုင်မြို့သို့ တက်လာပြီး ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ သို့သော် သူတို့၏ အိမ်ထောင်စုစာအုပ်နှင့် ပက်သက်ပြီး ပြဿနာ ရှိနေ‌သောကြောင့် အေးချမ်းမှု လျော့နည်းသော မြို့ဟောင်းတွင်သာ အခြေလာချခြင်း ဖြစ်သည်။ ထိုသို့ဖြင့် မနက်စာရောင်းရင်း အသက်မွေးနေခဲ့ခြင်း ဖြစ်သည်။

 

သူတို့နှစ်ယောက်၏ ဘဝဟာ မူလကတည်းက  အလွန်ခက်ခဲခဲ့သော်လည်း နှစ်ယောက်က ပျော်ပျော်ရွှင်ရွှင် ချစ်မြတ်နိုင်းမှုအပြည့်နှင့် ချိုမြိန်သော ဘဝကို ပိုင်ဆိုင်နေခဲ့ကြသည်။ ပို၍ဆိုးသည်မှာ ထိုစုံတွဲသည် ယခင်က မည်မျှခက်ခဲသော ပင်ပန်းမှုများကို ကြုံတွေ့ခဲ့ရကြောင်း မသိချေ။ သူတို့သည် ပင်ပန်းမှုများကို မကြောက်ပါချေ။ သူတို့သည် နေ့တိုင်းလိုလို အလွန်စောစွာ ထကြသည်။ ထို့အပြင် အထွန့်လည်း မတက်ချေ။ ထို့အစား ပျော်ရွှင်တက်ကြွနေကြသေး၏။ သူတို့အား ဒီလိုဘဝမျိုးကို သဘောကျသလောဟု မေးသောသူတိုင်းကိုလည်း ကောင်းမွန်စွာ ပြန်ဖြေပေးတတ်သည်။ တစ်စုံတစ်ယောက်ဟာ နေမင်း၏ အသက်စွမ်းအားကို ဖူးသလိုမျိုး အသက်ရှင်စိတ်အပြည့်နှင့် ရှင်သန်နေကြသည်ဟု ခံစားကြရသည်။ သို့သော် လွန်ခဲ့သော ၁၀ရက်အတွင်းတွင် ယန်ကွမ်းဟာ သူ၏ဇနီးဖြစ်သူ ယန်ဟွားက သံသယဝင်ဖွယ်ရာ ဖြစ်လာကြောင်း သိလာရသည်။ သူမသည် ညလယ်ခေါင်တွင် မကြာခဏဆိုသလို ထထအော်တတ်ပြီး သူ၏လက်ကို လာကိုင်လျက် သရဲမြင်ကြောင်း ပြောတတ်သည်။ ထို့အပြင် ထိုသရဲဟာ သူမ၏‌ဘေးနားတွင် ရပ်နေကြောင်း ပြောပြီး ယန်ကွမ်းကို အလျင်စလို မောင်းခိုင်း၏။ သို့ရာတွင် ယန်ကွမ်းက ကြည့်လိုက်ပြန်လျှင်လည်း အမှောင်ထုအတွင်းမှ ပရိဘောဂများသာ ရှိနေတတ်သည်။ သူ့ဇနီးပြောသလိုမျိုး ထူးဆန်းသည့်အရာများ ရှိမနေခဲ့ပါ‌ချေ။

 

ဇနီးဖြစ်သူက စိတ်ငြိမ်သွားပြီးနောက် ယန်ကွမ်းကို နိုးမိသည့်အတွက် အပြစ်မကင်းစိတ် ဖြစ်သွားသည်။ မည်သို့ပင်ဆိုစေ သူမတို့သည် မနက်စာဆိုင်ကို ပြင်ရန်အတွက် အလွန်စောစွာ ထကြရသည်။ ထို့ကြောင့် အိပ်ချိန်လည်း နည်းပါးလွန်း၏။ ယန်ကွမ်းကမူ ဇနီးဖြစ်သူက ဒီအတိုင်း ဖိအားများလာသဖြင့်သာ စိတ်ပင်ပန်းသည်ဟု ထင်လိုက်သည်။ အနည်းငယ် နှစ်သိမ့်ပြီးနောက် ပြန်အိပ်ပြန်သည်။

 

သို့ရာတွင် သိပ်မကြာခင် ဇနီးဖြစ်သူက ကြောက်လန့်တကြား အော်ဟစ်ပြီး အိပ်ယာမှ ရုတ်တရက် နိုးလာပြန်သည်။ သူမ၏ တစ်ကိုယ်လုံး ချွေးများချွဲပြီး ကြောက်လန့်နေသေးပြီး သူမက ယန်ကွမ်းကို မျက်လုံးပြူးကျယ်စွာနှင့် လှမ်းကိုင်ပြီး သူမ၏ညီမကို မြင်ကြောင်း ပြောသည်။ သို့သော် ထိုညီမဖြစ်သူက လွန်ခဲ့သော ၁၀နှစ်ကျော်ခန့်က သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ သို့တိုင်အောင် အိပ်မက်ထဲတွင် ရောက်လာခဲ့၏။ သူမ၏ တစ်ကိုယ်လုံးက ချွေးများစိုရွှဲနေကာ နာကျင်မှုအပြည့်ဖြင့် အော်ဟစ်ပြီး သူမကို ကယ်ခိုင်းနေသည်ဟု ပြောနေသည်။

 

ယန်ကွမ်း၏ နှလုံးသားက လေးလံသွားသည်။ သူက အတတ်နိုင်ဆုံး ကြိုးစားအားတင်းပြီး ဇနီးဖြစ်သူကို နှစ်သိမ့်ပေးပြီး သူ ထိုအိပ်မက်ကို ဆန့်ကျင်ဘက်ဖြစ်ကြောင်း ရူးကြောင်ကြောင် ပြောလိုက်ရသည်။ ထိုညီမဟာ အလွန်ကောင်းမွန်သော ဘဝကို ရောက်နေလောက်ပြီ၊ ဝင်စားနေလောက်ပြီးပြီဟု ပြောလိုက်၏။

 

ထိုရက်ပြီးချိန်မှ စတင်ပြီး ဇနီးဖြစ်သူက ညတိုင်းလိုလို ခဏခဏ နိုးသည်။ အချိန်တိုင်းလိုလို ညီမဖြစ်သူက ငိုလျက် ရောက်လာကြောင်း ပြောသည်။ ဇနီးဖြစ်သူကို နှစ်သိမ့်ပြီးနောက် ယန်ကွမ်းလည်း ဟိုင်ရွန်ဘုရားကျောင်းထံ သွားကာ မိစ္ဆာနှင်အဆောင်များကို သွားယူလိုက်ပြီး အိမ်ထဲတွင် လျို့ဝှက်စွာ ချိတ်ထားလိုက်သည်။ ဒီနည်းအားဖြင့် မသန့်ရှင်းသော အရာများကို ဖယ်ရှားရန် မျှော်လင့်သည်။

 

သို့ရာတွင် ဟိုင်ရွန်ဘုရားကျောင်းထံမှ ယူလာသော ထိုဂါထာအဆောင်လက်ဖွဲ့က ပုံမှန်အားဖြင့် အသက်ရောက်ဆုံး ဖြစ်သော်လည်း ယခုအခါ မည်သည့်သက်ရောက်မှုမှ ပြမလာခဲ့ချေ။

 

ဇနီးဖြစ်သူ၏ အခြေအနေဟာ ဆိုးသထက်ဆိုးလာသည်။ ညဘက်သာ မကသေးတော့ပဲ နေ့ခင်းပိုင်း အတောအတွင်းပင် အမှောင်ထောင့် တစ်နေရာကို မြင်ရုံနှင့် ယန်ကွမ်းအား ကြောက်လန့်တကြား ကြည့်ကာ ညီမဖြစ်သူက ထိုအမှောင်ထုအတွင်း စောင့်ကြပ်နေကြောင်း ပြောတတ်သည်။ ထို့အပြင် ညီမဖြစ်သူ၏ အဝတ်များက သွေးများစိုရွှဲကာ နီရဲနေပြီး ဆံပင်များကလည်း ဖရိုဖရဲဖြစ်နေသည်ဟု ပြောတတ်၏။ ထိုအရာကို ကြည့်ရုံနှင့် သူမက တိတ်တဆိတ် မျက်ရည် ကျနေတတ်သည်။

 

ကြောက်လန့်မှုများနှင့် စိတ်ဓာတ်ကျနေမှုများ ရောပြွမ်းနေသော ဇနီးဖြစ်သူ၏ ပုံစံက ကွဲကြေလုနီးပါး ဖြစ်ခဲ့ရ၏။ သူမ၏ စိတ်ဝိဉာည်က သိပ်မကြာခင် ပြိုလဲကျလုနီးပါး ဖြစ်လာ၏။ သူမက နေ့ခင်းပိုင်းအတောအတွင်း မနက်စာဆိုင်တွင် မနက်စာလုပ်၍ ရပ်နေသည့် အချိန်ကာလတွင်ပင် ရုတ်တရက် မျက်လုံးပြူးကျယ်ကာ လူအများ ပြည့်နှက်နေသော လမ်းအတွင်းတွင် လက်ညိုးထိုးပြပြီး ညီမဖြစ်သူကို မြင်ကြောင်း၊ ထိုတစ်ယောက်၏ အနားတွင် ရပ်ပြီး သူမကို တိတ်တဆိတ် ကြည့်နေကြောင်း ပြောတတ်လေသည်။

123 03

အခြားနည်းလမ်းလည်း မရှိသဖြင့် ယန်ကွမ်းက ရွေးချယ်စရာ မရှိဘဲ ဇနီးဖြစ်သူကို အိမ်တွင်သာ နေခိုင်းလိုက်ရသည်။ နေ့တိုင်းလိုလို မနက်စာဆိုင်ကို သိမ်းပြီးသည်နှင့် အိမ်ကို အလျင်အမြန် ပြန်ကာ ဇနီးဖြစ်သူကို အဖော်ပြုပေး နှစ်သိမ့်ပေးရသည်။ ဒီနည်းအားဖြင့် ညီမဖြစ်သူက ကောင်းမွန်စွာ ရောက်နေပြီဖြစ်ကြောင်း ပြောရ၏။ သူသည် သူမကို ခေါ်ကာ အမွှေးနံ့သာတိုင် ထွန်းညှိရန်၊ ညီမဖြစ်သူအတွက် စက္ကူမီးရှို့ပေးရန် ခေါ်သွားခဲ့ပြီးသား ဖြစ်သည်။ သို့အတွက် မစိုးရိမ်ရန် ပြောရသည်။

 

သို့သော် ယန်ကွမ်းသည်လည်း ဆရာသခင်တစ်ယောက်ကို ရှာကာ ဇနီးဖြစ်သူ၏ အခြေအနေကို ကြည့်ခိုင်းသင့်နေကြောင်း နားလည်သည်။

 

သို့ရာတွင် ယခင်က သူတို့ကို ကူညီခဲ့ဖူးသော ယန်ရှစ်ရွှမ်းက အိမ်တွင် မရှိချေ။ ထို့အပြင် သူသည် အခြားတစ်ယောက်ကိုလည်း မရှာရဲချေ။ ထို့ကြောင့် နည်းလမ်းကို စဉ်းစားရန် ခက်ခဲလွန်းပြီး အတွေးများ ပူပန်နေခဲ့ရခြင်း ဖြစ်သည်။

 

ယန်ရှစ်ရွှမ်း ပေါ်လာမှသာ သူက ပြန်လည်တွေးမိသွားခြင်း ဖြစ်သည်။  သူဌေး၏ စကားများကို တိတ်တဆိတ် နားထောင်နေသည့် ယန်ရှစ်ရွှမ်းက အေးစက်စွာ မေးလိုက်၏။

 

“ဒါဆိုရင် ခင်ဗျားက ဘာလို့တိုက်ရိုက် မပြောတာလဲ။ ခင်ဗျားက အခုပြောလိုက်ရင် ငါက ခင်ဗျားကို ကူညီမှာ။ အခုလို တုန့်ဆိုင်းပြီး ဖုံးကွယ်ဖို့ ကြိုးစားနေတာက ခင်ဗျားက ငါ မေးလာတဲ့အချိန်မှာ ငါ့ဆီက တစ်ခုခု ဖုံးကွယ်ချင်နေတဲ့အတိုင်းပဲ”

 

သူဌေးက ခါးသီးစွာ ပြုံးပြီး ခေါင်းခါလိုက်သည်။ သူသည် ဘေးဘီကို ကြည့်လိုက်ပြီး မည်သူမှမရှိကြောင်း သေချာမှသာ အနားကပ်ပြီး ခပ်တိုးတိုးပြောသည်။

 

“လူကြီးမင်းယန် ငါ ငါ တိုက်ရိုက်တော့ မပြောရဲဘူး။ ငါ ကြောက်တာက ငါ ကြောက်တာက မင်း ဟွားအာကို သတ်မှာ စိုးလို့ပါ”

 

ယန်ရှစ်ရွှမ်းက မျက်ခုံးပင့်လိုက်သည်။ သူသည် နောက်သို့ပြန်မှီလိုက်ပြီး ထိုသူဌေးကို အံ့အားသင့်ကာ မေးခွန်းထုတ်သော မျက်လုံးမျိုးဖြင့် ကြည့်လိုက်သည်။

 

“ခင်ဗျားက င့ါကို လူသတ်သမားလို ပုံစံမျိုးနဲ့ ပြောနေတာပဲ”

 

“မဟုတ်ဘူး မဟုတ်ဘူး။ အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး”

 

သူဌေးက ခပ်မြန်မြန် လက်ရမ်းပြသည်။ ထို့နောက် တုန့်ဆိုင်းနေပြီးနောက် အသံတိုးကာ ယန်ရှစ်ရွှမ်းကို ပြောသည်။

 

“ငါ့ရဲ့ဟွားအာက အခုအနေအထားမျိုးအရ နေရောင်ကိုလည်း ခံလို့မရသလို လူတွေကိုလည်း တွေ့လို့မရဘူး။ သူမက ညီမဖြစ်တဲ့ သရဲဝင်ပူးထားသလို ဖြစ်နေတာ။ အဲ့ဒီအတွက်ကြောင့် ငါ ဟိုင်ရွန်ဂူဘုရားကျောင်းက ဝယ်လာတဲ့ အဆောင်လက်ဖွဲ့တွေကလည်း သက်ရောက်မှု မရှိဘူး။ အဲဒီသရဲက ဟွားအာလို ဖြစ်နေသလိုပဲ။ ဒါကြောင့် ဒါကြောင့် မင်းက ဟွားအာကို တစ္ဆေမောင်းနှင်ဖို့ ကြိုးစားရင်း သူ့ကို တစ်ခုခုလုပ်လိုက်မှာကို စိုးရိမ်လိုပါ။ ဒါကြောင့် အကူအညီ မတောင်းရဲတာ”

 

“ကိစ္စဖြစ်ပျက်ခဲ့ပြီးတဲ့နောက်မှာ ငါ မင်းကို ချက်ချင်းတွေးမိတာပါပဲ။ ဒါပေမယ့် မင်းက အဲဒီအချိန်က အိမ်မှာမရှိဘူးလေ။ ငါလည်း ဖုန်းနဲ့ဆက်သွယ်လို့ မရဘူးဆိုတော့ မင်း ပြန်လာဖို့ပဲ စောင့်ဆိုင်းပြီး ဆုတောင်းနေဖို့ တတ်နိုင်ခဲ့တာ။ အဲဒီလိုနဲ့ ကြာလာတော့ ဟွားအာရဲ့ အခြေအနေက ဆိုးသထက် ဆိုးလာတာကို တွေ့ရတယ်။ တစ်ရက် ငါ မနက်စာဆိုင်ကနေ အိမ်ပြန်သွားတဲ့အချိန်မှ ဟွားအာက ရုတ်တရက် အိပ်မက်ဆိုးတွေ မမက်တော့တဲ့အပြင် အိမ်ထောင့်နား တစ်နေရာကို လက်ညိုးထိုးပြီး သူ့ရဲ့ညီမက အဲ့ဒီနေရာမှာ ရပ်ပြီး သူ့ကို ကြည့်နေတယ်လို့ ပြောတယ်”

 

“နောက်ပြီး ငါ့ကို မေးသေးတယ်”

 

“ငါ့ရဲ့ညီမက ဘယ်လိုသေသွားရလဲ မသိဘူးလားတဲ့။ ဒီလောက် နှစ်ပေါင်းများစွာ ကြာတဲ့အထိ သူ့ကို ကူညီရကောင်းမှန်း မသိဘူးလားလို့ ပြောနေတယ်။ သူအစ်မကို ခေါ်သွားပေးဖို့ ပြောတဲ့အချိန်က တောင်းဆိုခဲ့တာကို မမှတ်ဘူးလားလို့ ပြောတယ်။ ငါကသာ သူမကို ကတိပေးထားတဲ့ ကတိကို မတည်နိုင်ဘူးဆိုရင် ဟွားအာက ကတိကို ဖောက်ဖျက်တဲ့အမှုနဲ့ အပြစ်ပေးမယ်တဲ့။ အဲ့ဒီအတွက်ကြောင့် ငါ ဆရာလည်း မရှာရဲဘူး။ နောက်ပိုင်း ငါ တုန့်ဆိုင်းလာတယ်။ ဒါကြောင့် မင်းဆီက အကူအညီကို ချက်ချင်း မတောင်းရဲတာ”

 

ယန်ရှစ်ရွှမ်းက သူဌေး၏အိမ်မှ အဖြစ်အပျက်ကို နားလည်လိုက်သည်။ ထို့နောက် တည်ငြိမ်သော လေသံဖြင့် ပြောသည်။

123 04

“သေလွန်ပြီးသူ တစ်ယောက်က ဝိဉာဉ်ကို ထုတ်ပြလာတဲ့အပြင် တောင်းဆိုမှုကို ရှင်းရှင်းလင်းလင်း ပြောလာတယ် ဆိုကလည်းက ခင်ဗျားက သူတောင်းဆိုတဲ့အတိုင်း ပို့ပေးလိုက်ရုံပဲလေ။ ခင်ဗျား ပြောတဲ့အတိုင်းဆို ခင်ဗျားဇနီးရဲ့ညီမက သေပြီးတာ ၁၀နှစ်ကျော်ကြာပြီ မဟုတ်လား။ ဆိုလိုတာက သူက အဲဒီလောကထဲမှာ ဆက်ရှိနေသေးပြီး မသေခင်က ခံစားရတဲ့ အငြိုးတရားတွေကြောင့် မလွတ်နိုင်သေးပေမဲ့ လူအဖြစ် ပြောင်းလဲဖို့ စွမ်းအင်ကိုလည်း ပိုင်ဆိုင်ထားလောက်ဦးမှာပဲ။ ဒီအတိုင်း အငြိုးတရားတွေ၊ အယူသီးစိတ်တွေ များနေတာကြောင့်သာ မကျွတ်နိုင်သေးတာ”

 

“ခင်ဗျား အရင်က သူ့ကို ဘာကတိပေးခဲ့တာလဲ။ ခင်ဗျားက ခင်ဗျားဇနီးကို ခေါ်လာခဲ့တဲ့အချိန်မှာ ဘယ်သူ့ဆီကမှ အကူအညီ မတောင်းခံရဲဘူးဆိုရင် အဲဒီအခြေအနေမျိုးမှာ ဘယ်လိုကတိမျိုးကို ပေးခဲ့တာ ဖြစ်လောက်မလဲ”

 

လုပ်ဆောင်မှုကြောင့် ပြန်လည်သက်ရောက်ခံရသည့် အကျိုးအပြစ်စက်ကွင်းဟာ အခြားသောသူများ၏ ဝင်ရောက်စွပ်ဖက်မှုနှင့် မသက်ဆိုင်ပါချေ။

 

ထိုကတိစကားကသာ မှန်ခဲ့သော် သူဌေးပြောသည့်အတိုင်း ယခုဖြစ်ပျက်နေသော အခြေအနေများက သူဌေးဟာ လွန်ခဲ့သော ၁၀နှစ်ကျော်ခန့်က ပေးခဲ့သော ကတိကို မတည်ခဲ့၍ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် အကျိုးကြောင့် အကြောင်းက ဖြစ်လာရခြင်း ဖြစ်သည်။ ထိုသို့သာဆိုလျှင် သူဟာ ဂရုစိုက်လိုက်ဦးမည် မဟုတ်ချေ။

 

သူဌေးဖြစ်သူကလည်း ယန်ရှစ်ရွှမ်း၏ ဆိုလိုရင်းကို ကောင်းကောင်းနားလည်ပုံရပြီး အနည်းငယ် စိုးရိမ်လာသည်။

 

“လူကြီးမင်းယန် ငါ က ငါ က ကတိမတည်တာ မဟုတ်ဘဲ တည်လို့ မရတာပါ”

 

“မင်းသိတဲ့အတိုင်း ဟွားအာနဲ့ငါက တောင်ပိုင်းရဲ့ ရွာတစ်ရွာက လာတယ်။ ငါတို့ မျိုးရိုးနာမည်တူပြီး ငါတို့က ဘေးကပ်ရပ် ရွာနှစ်ရွာကပါ။ အလယ်မှာ တောင်တန်းကြီးလည်း ခြားနေသေးတယ်။ သူတို့ရဲ့ရွာက အရှေ့မှာ လမ်းမကြီး ရှိပါတယ်။ နောက်ပြီး အဲ့ဒီနေရာမှာ အပြင်လူတွေက ကားပျက်ရင် ပြင်နေကြ။ ဒီတော့ တချို့အလေ့အကျင့်တွေက သက်ရောက်ခံရတယ်။ ဒါပေမဲ့ ဟွားအာတို့ရဲ့ရွာကတော့ တောင်နောက်ဘက်ပိုင်းကို ရောက်တယ်။ နေရာအပိတ်လိုမျိုး ဖြစ်နေတော့ လူသွားလာနည်းပြီး ယဉ်ကျေးမှုဓလေ့ ထုံးတမ်းကလည်း တအားကို ခြားနားလွန်းနေတယ်”

 

အတိတ်အကြောင်း ပြောနေသောအခါ ထိုသူဌေး၏မျက်နှာအမူအယာက အလွန်နာကျင်နေပုံ ရသည်မှာ သူ့အား အလွန်ထိခိုက်စေမိသည့် တစ်စုံတစ်ရာကို ပြန်တွေးမိသည်အလား ထင်ရသည်။

 

“ဟွားအာရဲ့ရွာမှာ လူကြီးသူမတွေရဲ့ ထိန်းသိမ်းစောက်ရှောက်မှုက အရမ်းလေးနက်တယ်။ ဟွားအာနဲ့ သူ့ရဲ့မိသားစုက မိန်းကလေးနှစ်ယောက်ကိုပဲ မွေးထားတာ။ နောက်ပြီး ရွာထဲမှာလည်း သူတို့ရဲ့ဘဝက ခက်ခဲလွန်းတယ်။ ရွာသူကြီးက ဟွားအာနဲ့ သူရဲ့မိသားစုက နယ်မြေနတ်ဘုရားကို အမှားအယွင်းတစ်ခု လုပ်ခဲ့တာကြောင့် စိတ်ဆိုးဒေါသထွက်ပြီး သူ့ရဲ့မိသားစုမှာ သားတွေ မမွေးအောင် လုပ်ထားတယ်လို့ ပြောတယ်။ ဒီအတွက်ကြောင့် သူ့ရဲ့မိန်းကလေးနှစ်ယောက်ကို နယ်မြေနတ်ဘုရားဆီ ဆက်သပြီး နယ်မြေနတ်ဘုရားရဲ့ ဒေါသကို ကျေအောင်လုပ်မှ သားရမယ်လို့ ပြောတယ်”

 

“အဲဒီအချိန်က ဟွားအာနဲ့ ငါက အချင်းချင်း ခံစားချက်တွေ ရှိနေကြပြီ။ ငါတို့က နောက်နှစ်နွေဦးမှာ လပ်ထက်ချင်ကြတာ။ ငါတို့ရဲ့ ရွာသူကြီး ခေါင်းဆောင်ဆီကနေ ဟွားအာ အရွယ်ရောက်လာတဲ့ အတွက်ကြောင့် သူတို့ရဲ့ရွာက ဟွားအာကို နယ်မြေနတ်ဘုရားဆီ အစားထိုး စတေးပြီး သားယောက်ျားလေးနဲ့ လဲမယ်ဆိုတဲ့ စကားကို ကြားလိုက်တယ်။ ငါ တအားကို စိုးရိမ်စိတ်များပြီး တောင်ကို ကျော်လို့ ဟွားအာကို သွားရှာခဲ့တယ်။ ငါ ဟွားအာကို ညတွင်းချင်း ခိုးပြေးချင်ခဲ့တာ။ နောက်ပြီး ဟွားအာရဲ့ညီမ ယန်သော့ကိုလည်း ငါတို့ကို ကူညီပြီး ကာထားပေးဖို့၊ ချောချောမွေ့မွေ့ ထွက်ပြေးနိုင်အောင် ကူညီပေးဖို့ တောင်းဆိုခဲ့တယ်။ ယန်သော့က အဲ့ဒီအချိန်က ဟွားအာထက် နှစ်အနည်းငယ် ငယ်တယ်လေ။ အရွယ်လည်း ရောက်သေးတာ မဟုတ်ဘူး။ သူမရဲ့အခြေအနေက ဟွားအာထက် စာရင် အများကြီး လုံခြုံတယ်”

 

“ယန်သော့ကလည်း သဘောတူတယ်။ ဒါပေမယ့် သူမက တစ်ခု တောင်းဆိုလိုက်တယ်။ ငါ ဟွားအာကို အပြင်ဘက်ကို ခေါ်ထုတ်သွားပြီး အောင်အောင်မြင်မြင် အခြေချပြီးရင် သူမကိုလည်း ပြန်လာပြီး ခေါ်ပါတဲ့။ ရွာသူကြီးက သူမကို အခုတလော ထူးထူးဆန်းဆန်း ကြည့်နေတယ်လို့ သူမက ပြောတယ်။ အဲဒီအကြည့်က အရမ်းကြောက်စေတယ်တဲ့။ နောက်ပြီး ဟွားအာအတွက် ကလန်ရဲ့ စီမံမှုတွေကို ငါကြားတော့ သူမကလည်း သိပ်မကြာခင် ဒီလိုအဆုံးသတ်မယ်လို့ တွေးမိတာကြောင့် ရွာကနေ ခပ်မြန်မြန် ထွက်ပြေး ချင်နေတာလို့ ပြောတယ်”

 

“ငါက ယန်သော့ကို ကတိပေးလိုက်တာပေါ့”

 

******