130 01
အပိုင်း(၁၃၀)
“ကောင်းပြီ အခုပဲ ဧည့်သည်တွေ နောက်ကလိုက်လို့ ဦးတည်တဲ့နေရာကို သွားကြရအောင်။ ဒါ့အပြင် မင်းတို့တွေ အဲ့ဒီမှာ ရှိမဲ့ မူလဆန်တဲ့ ကျေးတောရွာက စားစရာတွေကိုလည်း သိရှိနိုင်ဦးမယ်။ ဒါပေမဲ့ ဒီအတိုင်း ချက်ပြုတ်စားသောက်မဲ့ ပါဝင်ပစ္စည်းတွေကို ရွေးချယ်ကောက်ပြီး ကိုယ်တိုင်ကိုယ်ကျ ထင်းမီးမွှေးဖို့တော့ လိုအပ်တာပေါ့”
ကျန်းဝူပင်းက ကင်မရာအား ရှူးတိုးတိုး အမူအယာမျိုး လုပ်ပြလိုက်ပြီး လျို့ဝှက်ဆန်းကြယ်စွာနှင့် ပျော်ရွှင် ဟန်ဆောင်သည်။
“ယန်ကောကို ငါ့ကို အဖော်ပြုပြီး မိတ်မဆက်ပဲနေဖို့ ဘယ်သူက ပြောလို့လဲ။ အဲဒီတော့ ဒီသနားစရာကောင်းတဲ့ ဒါရိုက်တာကပဲ သူတို့ကို ကလဲ့စား သေးသေးလေး ချေလိုက်တာပေါ့။ ရှူး မပြောနဲ့နော်”
ထိုသို့ဖြင့် ကွန့်မန့်ကဏ္ဍတွင် ဟား ဟား ဟားများက ပြည့်နှက်သွားသည်။ ယခင် ဝံပုလွေရိုင်းတောင်ထိပ် စခန်းချသည့်အပိုင်း အတောအတွင်း လူတိုင်း၏ လုပ်ဆောင်မှုများကြောင့် ကျော်ကြားသွားသလို ရယ်စရာကောင်းသည့် အခန်းများ ပါသော အခြေအနေမျိုးကို မြင်ပြီးနောက်တွင် ကြည့်ရှုသူများဟာ ဧည့်သည်များ၏ အလုပ်များပြီး ပျော်ရွှင်ဖွယ်ကောင်းမည့် ပုံစံမျိုးကို မြင်ချင်နေကြသည်။
အထူးသဖြင့် ယန်ကောကသာ ကိုယ်တိုင်ကိုယ်ကျ ထင်းခုတ်ပြီး မီးမွှေးသော ကိစ္စမျိုးကို လုပ်မည်ဆိုလျှင် ယန်ကော၏ တုန့်ပြန်မှုဟာ အလွန်ပင် စိတ်ဝင်စားစရာ ကောင်းလောက်သည်။
အချို့သော ကြည့်ရှုသူများက ရယ်ကြသည်။ သူတို့၏ စိတ်ရင်းဖြင့်ပင် မျှော်လင့်စောင့်စား နေကြသည်။
ကျန်းဝူပင်းက မိတ်ဆက်ပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှု အခန်း၏ အဓိကဖန်သားပြင်က မီနီဘက်စ်ထဲသို့ ရွှေ့ခံရသည်။ ဧည့်သည်များအတွက် ရှုထောင့်ကို သေချာချိန်ရွယ်ပြီးနောက်တွင် ပရိုဂရမ်၏ အသင်းမှ Motorcate ကလည်း စတင်ပြီး ဦးတည်ရာဘက်သို့ မောင်းနှင်လေသည်။
ကားထဲတွင် ရသစုံရှိုးစတား ရှိနေသောကြောင့် ထိုင်းမှိုင်းသည့် အခြေအနေမျိုးက ဖြစ်ပေါ်မလာခဲ့ချေ။ သူသည် အတတ်နိုင်ဆုံး ကြိုးစားပြီး ဧည့်သည်များအားလုံးကို ခေါ်ဆောင်ကာ ဂိမ်းအတူတူ ကစားရင်းဖြင့် ပျော်ရွှင်ဖွယ်ကောင်းသည့် လေထုကို ဖန်တီးပေးနေခဲ့သည်။
ဧည့်သည်ဟောင်းများဟာ အချင်းချင်း ရင်းနှီးကျွမ်းဝင်ပြီးနေသွားကြောင့် အချင်းချင်း ကောင်းကောင်းမွန်မွန် ပြောဆိုဆက်ဆံ နိုင်ကြသည်။ သူတို့သည် တစ်ယောက်၏ စိတ်ရင်းကို တစ်ယောက်က နားလည်နိုင်နေသလိုမျိုး သူတို့အား မြေပြင်ပေါ်သို့ ပြုတ်မကျအောင် စကားလုံးများကို ကျွမ်းကျင်ပိုင်နိုင်စွာ ထိန်းသိမ်းပြီး ကူညီပေးနိုင်ကြသည်။ ထိုသို့ဖြင့် မကြာခဏဆိုသလို ကားထဲတွင် ရယ်သံများက ထွက်ပေါ်လာသဖြင့် ရသစုံရှိုးအား ပေါ့ပါးလန်းဆန်းသော၊ စည်ကားသက်ဝင်သည့် ခံစားချက်မျိုးကို ရရှိစေလေသည်။
အထူးသဖြင့် ဒီတစ်ခေါက် အသစ်စက်စက် ဝင်ရောက်လာသည့် ဧည့်သည်သစ် နှစ်ယောက်တည်းမှ လူတစ်ယောက်သည် သီချင်းနတ်ဘုရားဟု ကျော်ကြားခံရလောက်အောင် ငယ်ရွယ်စဉ်ကတည်းက ပွဲဦးထွက်ခဲ့ပြီး နာမည်ကြီးသည့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။ အခြားတစ်ယောက်ကမူ လွပ်လပ်သော ဂီတထုတ်လုပ်သူ လုရှင်းရှင်း ဖြစ်သည်။ သူသည် များပြားလှသော ဝတ်စုံတီဗွီစီးရီးနှင့် မူဗွီများတွင် soundtrackပိုင်းကို တာဝန်ယူခဲ့ဖူးသည်။ သူသည် ထူးချွန်လှသော ရုပ်ရည်သွင်ပြင်ကြောင့် သူဟာ နောက်ကွယ်မှ လူသီးသန့် မဟုတ်ခဲ့ချေ။ ဖျော်ဖြေရေး အသိုင်းအဝိုင်းထဲမှ လူပေါင်းများစွာဟာ သူ့ကို ရင်းနှီးကျွမ်းဝင်နေရုံသာ မကသေးလေပဲ သူ၏ကြည့်ကောင်းလွန်းပြီး ပါရမီကြောင့် သဘောကျသော ငယ်ရွယ်သည့် ပရိတ်သတ်ပေါင်းများစွာ ရှိလေသည်။
ထိုသို့ဖြင့် ပြောရဆိုရလွယ်သော လူငယ်နှစ်ယောက် ဝင်ရောက်ပူးပေါင်းလာသောအခါ ဧည့်သည်များဟာ ကောင်းမွန်သည့် အရှိန်ကို ရရှိသည်။
ယန်ရှစ်ရွှမ်းကမူ ပုံမှန်အတိုင်း ကားအရှေ့ပိုင်း သက်တောင့်သက်သာ ရှိသောနေရာမှ ရှုထောင့်ကို ရှာကာ ထိုင်ပြီး ကွန့်မန့်မှ ပရိတ်သတ်များ၏ အော်ငြီးသံ၊ တောင်းပန်သံများကို လစ်လျူရှုထားသည်။ သူသည် အဓိကဖန်သားပြင်အရှေ့တွင် ပေါ်ထွက်လာခြင်းပင် မရှိချေ။ ထို့အစား နှစ်နှစ်ခြိုက်ခြိုက် သက်တောင့်သက်သာ ရှိစွာ အိပ်ပျော်နေလေသည်။
ယဲ့လီက ယန်ရှစ်ရွှမ်း၏အရှေ့တွင် ထိုင်ပြီး မျက်လုံးမှိတ်ကာ အိပ်နေသော ယန်ရှစ်ရွှမ်းကို မျက်တောင်ပင် မခတ်ဘဲ ကြည့်နေသည်။
သိပ်မကြာခင် ယဲ့လီက လက်ဆန့်ထုတ်လျက် ယန်ရှစ်ရွှမ်း၏ မျက်နှာ အခြားတစ်ဖက်ခြမ်းနားတွင် ညင်သာစွာ ကာပေးလိုက်သည်။ ထိုနည်းအားဖြင့် ပြုတ်မကျစေရန် တားပေးထားသလို ကားပြတင်းပေါက်နှင့် မဆောင့်မိစေရန်လည်း ကာကွယ်ပေးနိုင်လေသည်။
လူသားတွေက တအားကို ဖျော့တော့ပြီး ကျိုးပဲ့လွယ်လွန်းလို့ ငါ ဒီလိုကာပေးတာ။ ငါက သူ့ကို နှစ်အများကြီး ရှင်သန်စေချင်သေးတယ်။
ယဲ့လီက စိတ်ထဲတွင် တွေးလိုက်သည်။
အဓိက ဖန်သားပြင်ပေါ်တွင် ဆိုရှယ်ပလက်ဖောင်းများထံမှ လာသော ကြည့်ရှုသူများလည်း ရှိသည်။ သူတို့သည်လည်း ထူးဆန်းသော ကွန့်မန့်အချို့ကို မန့်လာကြသည်။
130 02
[နင်တို့တွေ ဒီတစ်ကြိမ် ဧည့်သည်တွေ သွားမဲ့ နေရာနဲ့ ပက်သက်ပြီး ဧည့်သည်တစ်ယောက် တင်ထားတဲ့ စခရင်ရှုကို မြင်ပြီးကြပြီလား။ အဲ့ဒီနေရာက တော်တော်လေးကို ကြောင်တောင်တောင် နိုင်နေသလိုပဲ။ ဒါက ငါ အရင်က မြင်ဖူးတဲ့ ထိုက်ချီပါးကွား ပုံစံခွက်ကြီးနဲ့ တူမနေဘူးလား။ ဒါပေမဲ့ တစ်ဝက်ပဲ ပါရုံပဲ]
[ငါလည်း မြေပုံကို ရှာပြီးပြီ။ တကယ်မှန်တယ်။ အဲ့ဒီရွာက တောင်တန်းတွေ ဝိုင်းတာကို ခံထားရတာ။ ရွာရဲ့အရှေ့ပိုင်းက မြောက်ပိုင်းကနေ တောင်ပိုင်းကို စီးဆင်းနေတဲ့ စမ်းချောင်းလေ။ ဒါကြောင့် အခြားရွာတွေနဲ့ အဲ့ဒီရွာတွေကို ခြားထားသလို ဖြစ်နေတာ။ နောက်ပြီး အနီးအနားမှာ အခြားဘာလမ်းမှ မရှိဘူး။ ဒါရိုက်တာက လတောင်တန်းက တောင်တန်းနဲ့ လ ချောင်းငယ်က ချောင်းရေကို မိတ်ဆက်ပေးချင်ရုံနဲ့ အဲ့ဒီနေရာကို ရွေးတာလား။ ဒီပုံကို ကြည့်ပြီးမှ ရွေးတာလား]
ပရိုဂရမ်သည် စိတ်အေးပေါ့ပါးသက်သာပြီး ရင်းနှီးပျော်ရွှင်စွာ ခရီးသွားသော ဧည့်သည်များ၏ အခြေအနေကို ထုတ်ပြပေးချင်သောကြောင့် သူတို့သည် အခြားသော ခရီးသွား ဘက်စ်ကားများကို သုံးပြီး သွားရန် မစဉ်းစားကြပါချေ။
သို့သော် ထိုအခြေအနေက အခြားသော ပြဿနာတစ်ခုကို ဖြစ်ပေါ်လာစေသည်။ ဒီတစ်ကြိမ် သွားမည့်နေရာက ကျားကျစ်ဖန်းရွာ ဖြစ်ပြီး တောင်ပိုင်းတွင် တည်ရှိသည်။ ထို့ကြောင့် ပင်းဟိုင်မြို့နှင့် အကွာအဝေး အနည်းငယ် ခြားနေသည်။ အကွာအဝေးက ကီလိုမီတာ ငါးရာနီးပါး ဖြစ်နေလေရာ ငါးနာရီ၊ ခြောက်နာရီခန့်အထိ သွားရန် လိုအပ်လေသည်။ သို့သော် ပြင်းထန်သော မိုးနှင့် ရေလွှမ်းမိုးသော ရာသီကြောင့် တောင်ပြိုသည့် ဖြစ်စဉ်များအတွက် အချို့သော လမ်းများက ပိတ်တတ်သေးသည်။ ရလဒ်အနေဖြင့် ခရီးတောက်လျောက် ဖြတ်သွားရန် လိုအပ်သည် နေရာအများစုကို ကွေ့ပတ်သွားရသည်။ အနီးအနားရှိ မြို့နယ်လမ်းများ၊ သေးငယ်သော လမ်းကျဉ်းများကို ကျော်ဖြတ်ပြီးမှ ဦးတည်ရာသို့ ပြန်ရောက်အောင် သွားရန် လိုအပ်လာသည်။
တောင်ပိုင်းသို့ သွားသော နယ်မြေတွင် တောင်တန်းများက ထူထပ်ပြီး မိုး အရွာများလေသည်။ နွေရာသီများတွင်ပင် တိုက်ဖွန်းမုန်တိုင်း တိုက်ခတ်ကာ ရေလွှမ်းမိုးသော အနေအထားမျိုး ဖြစ်တတ်သည်။ ထိုအပြင် လမ်းအများစုဟာ တောင်အနှံ့ ဖြတ်သန်းသွားရန် တည်ဆောက်ထားသလို တောင်ပတ်ဝန်းကျင်ရှိ လေထန်လမ်းမှတဆင့် သွားရသော အခြေအနေမျိုးလည်း ရှိနေလေရာ မြေမျက်နှာသွင်ပြင်ဟာ ရှုပ်ထွေးလေသည်။
ထိုသို့ဖြင့် သွားလာရလွယ်ကူသော လမ်းမျိုးဖြစ်နေလင့်ကစား ပရိုဂရမ်အသင်း၏ ယာဉ်တန်းဟာ ရွေးချယ်စရာမရှိဘဲ တောင်ပေါ်သို့ လမ်းလျှောက်တက်ရန် ဖြစ်လာသေးသည်။ ထိုသို့တက်သွားသောအခါ အန္တရာယ်များရုံသာ မကသေးလေဘဲ မူလအစီအစဉ်များထက် အချိန်ပိုလိုလာသည်။
တောင်ပိတ်ထားသော သတင်းကို ရပြီးနောက် ကျန်းဝူပင်းက နဂိုက စီစဉ်ထားပြီးနောက် တဖန်ပြန်လည် စီစဉ်ထားရသည့် လမ်းကို ကြည့်လိုက်ပြီး ပါးစပ်ထဲမှ ခါးသီးသော အရသာကိုပင် ရလာသည်။
ယာတောအိမ်ကို ရောက်ဖို့ မျှော်လင့်ထားတဲ့ အချိန်ထက် နှစ်နာရီ၊ သုံးနာရီလောက် ပိုနောက်ကျမယ်ထင်တယ်။
ဆောင်းတွင်းကာလ ဖြစ်သောကြောင့် နေက အဝင်စောသည်။ နေဝင်ချိန်အတိုင်း ဦးတည်ရာဘက်သို့ တွက်ချက်ကြည့်မည်ဆိုလျှင် မှောင်ပြီးမှသာ ရောက်လောက်သည်။
ပို၍ဆိုးသည်မှာ မူလအကြံအစည်အရ ညစာမစားခင် ဧည့်သည်များကို အရင်ရောက်စေချင်ခြင်းဖြင့် ဧည့်သည်များအား ပါဝင်ပစ္စည်းများကို တောင်ပေါ်သို့ ခပ်မြန်မြန် တက်ရှာရန် တိုက်တွန်းနိုင်ဦးမည် ဖြစ်သည်။ အချိန်၏ သဘာဝကျသည့် ကန့်သတ်ချက်ကြောင့် ပရိုဂရမ်ဟာ ပို၍ပင် စိတ်ဝင်စားစရာ ကောင်းလာပေလိမ့်မည်။ သဘာဝအလျောက်ပင် ကြည့်ရှုသူများကို ဆွဲဆောင်ရန် ရယ်သံများ၊ တင်းအားများက ပေါ်ပေါက်လာလောက်သည်။ သို့သော် ယခုမူ ထိုအကြံကို ပြောင်းလဲရန် မလိုအပ်လောက်ချေ။
ကျန်းဝူပင်းက ဒါရိုက်တာ၏ ကားထဲတွင် ထိုင်ရင်း ထိုအကြောင်းအရာကို တွေးတောနေကာ ခေါင်းမွှေးပြောင်တော့မည်အလား ခံစားနေရသည်။
နောက်ဘက်မှ ဧည့်သည်ကားထဲမှ အစပိုင်းရှိ စိတ်လှုပ်ရှားမှုများဟာ တဖြည်းဖြည်းချင်း ထိုင်းမှိုင်းလာသည်။ ရှည်ကြာသော ခရီးက စွမ်းအင်များကို ကုန်ဆုံးစေသည်။ ဧည့်သည်များသည်လည်း ကြာရှည်စွာ ထိုင်လာရသောကြောင့် နွမ်းနယ်မှုကိုပင် ခံစားလာရပြီ ဖြစ်သည်။ တူညီသော မြင်ကွင်းများကို ထပ်ခါတလဲလဲ မြင်နေရသောအခါ နွမ်းနယ်မှုကို ပို၍ပင် ခံစားလာရသေးသည်။
ဧည့်သည်များက တက်ကြွမှု မရှိဘဲ တဖြည်းဖြည်းချင်းစီ အိပ်ပျော်သွားကြသည်။ ဧည့်သည်တစ်ချို့ကသာ စကားပြောနေကြသည်။ ထိုအတွက်ကြောင့် ကျန်းဝူပင်းသည် တိုက်ရိုက်ထုတ်လွှင့်သည် အဓိကဖန်သားပြင်၏ ရှုထောင့်ကို ပြောင်းပြီး တစ်ဝက်နီးပါးကို အပြင်သို့ ညွှန်ပြထားလိုက်သည်။
သူသည် ကျန်းဝူပင်းထံမှ သတင်းကို ရရှိသောအခါ နိုးလာကာစ ယန်ရှစ်ရွှမ်းက အခြားသော သူများနှင့် ဆန့်ကျင်ဘက် ဖြစ်စွာပင် စိတ်ဓာတ် တက်ကြွလျက် ရှိနေလေသည်။
ယန်ရှစ်ရွှမ်းက သူ၏ထိုင်ခုံထံမှ ပျင်းရိလေးတွဲစွာ ထရပ်လိုက်သည်။ ကား၏အမြင့်က အကန့်အသတ်ချက် ရှိသောကြောင့် သူက တစ်ဝက်ခန့်သာ လက်ကို ဆန့်နိုင်လေသည်။
သူ၏ဆန့်ထုတ်ထားသော လက်မောင်းများက မြှောက်တက်သွားသောအခါ အင်္ကျီအနားစများက အလိုအလျောက် မတင်ခံရလေပြီး လှပကာ သွယ်လျသည့် ခါးက ပေါ်လာသည်။
130 03
ယဲ့လီ၏မျက်လွှာများက တုန်ခါသွားပြီးနောက် မျက်လွှာချလျက် မျက်လုံးများကို ခံစားချက်မဲ့သွားသည်အထိ ထိန်းထားလိုက်သည်။ ယန်ရှစ်ရွှမ်းဟာ အနည်းငယ်ပင် ပဟေဠိဖြစ်သွားသည်။ သူသည်လည်း သူသည် အလွန်ကောင်းမွန်လွန်းစွာ သက်တောင့်သက်သာရှိစွာ အလွန်အိပ်ခဲ့ရကြောင်း ခံစားမိနေသည်။ အကြာကြီးထိုင်ပြီး အိပ်ပျော်ခဲ့မူကြောင့် မသက်မသာ ဖြစ်မှုကို မခံစားရချေ။ ပို၍ဆိုးသည်မှာ သူသည် တစ်ဖက်တည်းသို့ ခေါင်းစောင်းပြီး အိပ်ခဲ့သည့်တိုင်အောင် ကားပြတင်းပေါက်နှင့် တိုက်မိပြီး နိုးထလာခဲ့ခြင်းပင် မရှိခဲ့ချေ။
ဒီလိုဆိုရင် သူ ထိုင်ခုံနေရာ ယူထားတာက ရှုထောင့်မှန်သွားလို့လား။
သို့ရာတွင် ယန်ရှစ်ရွှမ်းက အနည်းငယ်သာ သံသယဝင်ပြီးနောက် ထိုကိစ္စကို ဘေးဖယ်ထားလိုက်သည်။
“ယန်ကော အရှေ့က လမ်းမကြီးက အပိတ်ခံထားရလို့ ငါတို့တွေ တောင်ပေါ် တောင်ဖြတ်လမ်းနဲ့ပဲ တက်ပြီး လေထန်လမ်းကနေ ဆင်းရလိမ့်မယ်။ နောက်ပြီး တောင်တက်လမ်းက ကျဉ်းတယ်။ ဒီတော့ ဧည်သည့်တွေကို ကားထဲမှာ ဟိုဟိုဒီဒီမသွားဖို့ သတိပေးထားစေချင်တယ်။ အဲဒီလိုမှ ကားက လမ်းအခြေအနေကြောင့် ယိုင်ကျသွားတဲ့အခါ သက်ရောက်မှု မရှိမှာပါ”
ကျန်းဝူပင်း၏ အသံက ဖုန်းထဲမှ ထပ်ထွက်လာသည်။
“ဒီတောင်တက်လမ်းကို ဖြတ်လျှောက်ပြီး ဟိုက်ဝေးလမ်းမပေါ် ပြန်တက်ပြီးရင် ဘူတာမှာ ဆင်းပြီးတာနဲ့ ဦးတည်ရာဘက်ကို သွားမဲ့ လမ်းမကြီးကို မြင်ရမှာပါ။ သိပ်မကြာခင် ရောက်တော့မှာပါ”
ယန်ရှစ်ရွှမ်းက ဧည့်သည်ကား၏ အရှေ့တွင် ရပ်ထားသည်။ သူ၏သွယ်လျသော လက်မောင်းများက ထိုင်ခုံ၏ နောက်ဘက်ခြမ်းသို့ ဖြစ်သလို တင်ထားပြီး မြင့်မားရှည်လျားသည့် ခန္ဓာကိုယ်အပေါ်ပိုင်းကို တစ်ဝက်ခန့်နီးပါး ထောက်ထားသော အနေအထားမျိုးနှင့် ဖြစ်သည်။ ထိုအနေအထားအတိုင်း နောက်ဘက်မှ ဧည့်သည်များအား ခပ်အေးအေး အမူအယာမျိုးဖြင့် ကြည့်လိုက်သည်။ သူသည် ကျန်းဝူပင်း၏ စကားလုံးများကို လှောင်လိုက်၏။
“မစိုးရိမ်ပါနဲ့ သူတို့အားလုံးက အိပ်နေကြတယ်။ ဘယ်သူကမှ လျှောက်မပြေးနိုင်ဘူး။ ဒါပေမဲ့ သူတို့က နောက်ဆုံးနာရီတွေအထိ ဆက်ပြီး တောင့်ခံထားနိုင်မယ်လို့ ထင်လား။ အခုက လေးနာရီဆက်တိုက် သွားပြီးပြီ။ ဦးတည်ရာနေရာကိုလည်း မရောက်သေးဘူး။ ကျန်းဝူပင်း မင်း ကားနဲ့ ဒီလောက်အကြာကြီး ခရီးသွားဖူးလား”
ကျန်းဝူပင်းက ရှက်ရွံ့မှုကို ဖြေဖျောက်ရန် ချောင်းအသာဟန့်လိုက်သည်။ သူသည် သူ၏လက်ထဲမှ တက်ပလက်နှင့် တိုက်ရိုက်ထုတ်လွှင့်မှု အဓိကဖန်သားပြင်ပေါ်မှ ပလေးဘက် စာမျက်နှာကို ပြန်ကြည့်လိုက်ကာ ကို့ရို့ကားယားဖြစ်နေသော လေသံမျိုးနှင့် ပြောသည်။
“ယန်ကော ယန်ကော အဓိကစာမျက်နှာရှေ့ ကွတ်တိမှာ ရှိနေတယ် မဟုတ်လား။ ကြည့်ရှုသူတွေက ကြားနိုင်လိမ့်မယ်နော်။ ယန်ကောရဲ့ ကလေးမျက်နှာကိုလည်း ထောက်ပါဦး”
ကျန်းဝူပင်းသည် ကြာရှည်စွာ ကားစီးလာရသောကြောင့် ပင်ပန်းမှုကိုမူ မမျှော်လင့်ထားမိချေ။
“အရင်က ငါ့အဖေက ငါ့ကို ဒီလိုကားနဲ့ ခရီးသွားတဲ့ ခရီးရှည်မျိုးကို ဘယ်လိုမျိုး သွားခိုင်းမှာလဲ။ ငါ ခရီးရှည်သွားရတဲ့အချိန်မှာ ငါ့အဖေရဲ့ အတွင်းရေးမှုးကပဲ စီစဉ်ပေးတာလေ။ ဒီအတိုင်း လေယာဉ်စီးပြီး သွားလိုက်ရုံပဲ။ အဲ့ဒီအချိန်က ကားစီးရတာ သက်တောင့်သက်သာ ရှိမယ်လို့ ထင်မိသေးတာ။ မမျှော်လင့်ထားပဲ ဒါက ဒီလောက်ထိ ပင်ပန်းဖို့ ကောင်းနေသေးတယ်”
“ခရီးလမ်းကြောင်း စီစဉ်တာက ဒါရိုက်တာရဲ့လက်ထောက် လုပ်ရမှာလေ။ ဒါပေမဲ့ ဘာကြောင့်လဲတော့ မသိဘူး။ ငါ ဒါရိုက်တာရဲ့လက်ထောက်ကို ခန့်ထားမိသလိုပါပဲ။ ဒါပေမဲ့ ရုတ်တရက် ဒါရိုက်တာရဲ့လက်ထောက်က ဘယ်နေရာ ရောက်သွားသလဲ ဆိုတာကို မမှတ်မိတော့ဘူး ဖြစ်နေတယ်”
ဆိုတော့ မင်းကငါ့ကို ဒီအခြေအနေအတွက် အပြစ်တင်နေတာပေါ့လေ။
ဝူး ဝူး ဝူး
သိသိသာသာပဲ ဒါက ဒါရိုက်တာရဲ့လက်ထောက် အမှားလေ။
ဒါပေမဲ့ ဒါရိုက်တာရဲ့လက်ထောက် နာမည်က ဘာလဲ။
ဘာလို့ သူ ဒါ ဒါရိုက်တာလက်ထောက်ရဲ့ ရုပ်ရှည်ကိုတောင် မမှတ်မိဘူး ဖြစ်နေတာလဲ။
ထူးဆန်းလိုက်တာ။ သူ ဒါရိုက်တာရဲ့လက်ထောက်ကို တကယ်ပဲ ခန့်ခဲ့တာလား။
ယန်ရှစ်ရွှမ်း၏ အေးစက်သည့် နှာခေါင်းရှုံ့သံအောက်တွင် ကျန်းဝူပင်း၏ အသံဟာ တိုးသထက် တိုးသွားပြီး နောက်ဆုံးတွင် သနားစဖွယ် တရှုံ့ရှုံ့ငိုသံအဖြစ် ပြောင်းလဲသွားသည်။ သူသည် ယန်ရှစ်ရွှမ်းကို မျက်နှာချင်း မဆိုင်ရဲတော့သဖြင့် ခပ်မြန်မြန် ဖုန်းချသွားသည်။
ယန်ရှစ်ရွှမ်းက တက်ပလက်ကို တစ်ချက်ကြည့်လိုက်သောအခါ ကျန်းဝူပင်းကို ဟား ဟား ဟား ရယ်ကာ ပတ်ဝန်းကျင်ကို ကြည့်ချင်စိတ် ပြင်းပြနေကြသော အမျိုးမျိုးသော ကွန့်မန့်များ မြင်လိုက်ရသည်။ ထို့အပြင် သူ့အား တိုက်ရိုက်ထုတ်လွှင့်မှု၏ အဓိကဖန်သားပြင် ရှုထောင့်ကိုလည်း ခပ်မြန်မြန် ချိန်ညှိခိုင်းလေသည်။
130 04
အဓိကဖန်သားပြင်၏ လက်ရှိရှုထောင့်မှုတဆင့် မြင်ရသမျှက ဧည့်သည်အများစုသာ ဖြစ်နေသည်။ သေးငယ်သော ဘက်ခြမ်းကသာ ကားပြတင်းဘက် အပြင်ဘက်ရှိ ရှုခင်းကို မြင်နေရ၏။ ထိုနေရာသည် စိမ်းစိုကာ လန်းဆန်းစေလေပြီး မိုးရေများ မခြောက်သွေ့သေးသောကြောင့် လန်းဆန်းလတ်ဆတ်သော ခံစားချက်မျိုးကို ရစေသည့် အနေအထားမျိုး ဖြစ်လေရာ ကြည့်ရုံဖြင့် အားလုံးကို စိတ်အေးပေါ့ပါးသွားစေလေသည်။ လူအများ၏ မျက်လုံးများကပင် ပို၍ကောင်းမွန်လာသလို ခံစားရ၏။
ယန်ရှစ်ရွှမ်းက တိုက်ရိုက်ထုတ်လွှင့်မှု၏ အဓိကဖန်သားပြင်ကို ကျန်းဝူပင်းပြောသော ရှုထောင့်အတိုင်း ချိန်ရွယ်ပြီးနောက်တွင် ရုတ်တရက် ပြတင်းပေါက် အပြင်ဘက်မှလာသည့် ကျွတ်ကနဲ မြည်သံနှင့် ခပ်ကြမ်းကြမ်း လှုပ်ခါမှုကို တွေ့လိုက်သည်။
အပြင်ဘက်ရှိ မြင်ကွင်းများက ရှင်းလင်းပြတ်သားလွန်းနေလေရာ လမ်းအချက်ပြ ဆိုင်းဘုတ်များကိုလည်း သိသိသာသာ ထင်ထင်ရှားရှား မြင်နေရသည်။ ကြည့်ရသည်မှာ ဟိုက်ဝေးလမ်းမှတဆင့် နယ်မြို့လမ်းဘက်သို့ ကွေ့လာသောကြောင့် ဖြစ်လောက်မည်။ လမ်းများဟာ ထင်သလောက် မချောမွေ့တော့ပဲ ချိုင့်ကသင်းက များလာသည်။
ဧည့်သည်များကပင် နိုးလာကြသည်။
ဒီရှိုးသို့ မပါဝင်မှီ တစ်ညလုံးနီးပါး နေလျက် အိပ်ရေးပျက်ခဲ့ရသော လုရှင်းရှင်းအတွက် နှစ်ခြိုက်စွာ အိပ်မောအကျဆုံး အခိုက်အတန့် ဖြစ်နေသည်။ သူသည် ကား၏နောက်ဆုံးတန်းတွင်ပင် ဆန့်ကာ အိပ်နေသေးသည်။
ထို့နောက် ကားက လှုပ်ခတ်သွားသောအခါ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့် လုရှင်းရှင်းက ထိုင်ခုံမှ ဝုန်းကနဲ ပြုတ်ကျသည်။ ပလုံဆိုသော အသံနှင့် ခပ်အုပ်အုပ် ပြုတ်ကျသံကို ကြားရပြီးနောက် သူသည် ကား၏ ကောဇောပေါ်တွင် မောက်လျက်လေး ဖြစ်နေသည်။
ထိုအခြေအနေက ဧည့်သည်များကို ကြောင်အသွားစေသည်။ သူတို့ပင် ငိုက်မြည်းသော အနေအထားမျိုးမှ လန့်နိုးလာလျက် နောက်ဘက်သို့ ခပ်မြန်မြန် ကြည့်လိုက်ကြသည်။
ထို့နောက် ကားကော်ဇောရာ အပြည့်နှင့် အိပ်ချင်မူးတူး ဖြစ်နေသော လုရှင်းရှင်းကို မြင်လိုက်ရလေသည်။ သူ၏ဆံပင်များက ရှုပ်ပွနေသလို မျက်နှာတွင် စိတ်ရှုပ်ထွေးနေသော မျက်နှာထားမျိုး ရှိနေသေးပြီး ထိုင်ခုံနှစ်ခုံကြားနေရာတွင် ညှပ်နေကာ ခြေထောက်များက အပေါ်တွင်ထောင်ပြီး ထရပ်ရန် ရုန်းကန်နေသည်။ တစ်ချို့သော ဧည့်သည်များက မထိန်းနိုင်တော့ဘဲ အော်ရယ်ကြသည်။
ယန်ရှစ်ရွှမ်းကပင် ခပ်တိုးတိုး ရယ်လိုက်သည်။ သူသည် လက်မောင်းကို မြှောက်လျက် ခေါင်းကို အသာအုပ်လိုက်ပြီး လုရှင်းရှင်း အပြေးမလာစေရန် ဦးတည်ရာဘက်သို့ အတတ်နိုင်ဆုံး ရှောင်ရှားလျက် ခပ်အေးအေး လှမ်းပြောလိုက်သည်။
“ငါတို့ အကြိမ်အနည်းငယ်တော့ တွေ့ဖူးတာ မှန်ပါတယ်။ ဒါပေမဲ့ ဘာလို့ ဒီလောက် တခမ်းတနား နူတ်ဆက်နေမှာလဲ။ လုရှင်းရှင်း ယဉ်ကျေးနေဖို့ မလိုပါဘူး”
လုရှင်းရှင်းကပင် ထိုစကားကြောင့် ကြောင်သွားသည်။ ထို့အပြင် သူကိုယ်တိုင်ကလည်း ပြုတ်ကျထားသည့်အတွက် ဦးနှောက်က အချိန်မှီ အလုပ်မလုပ်နိုင်သေးချေ။ မျက်တောင်တဖြတ်ဖြတ်ခတ်ပြီး ဦးနှောက်ကို အလုပ်လုပ်ပေးပြီးမှသာ ယန်ရှစ်ရွှမ်း၏ ဆိုလိုရင်းကို နားလည်သွားသည်။
သူဟာ လက်ရှိအချိန်တွင် သူ၏အဖြစ်အပျက် ပုံစံကြောင့် မျက်နှာက နီရဲလာပြီးနောက်တွင် ဒေါသကြောင့် မဲသွားပြန်သည်။ သူသည် ရုတ်တရက် နီရဲလိုက် မဲတူးလိုက်ဖြစ်နေသော မျက်နှာဖြင့် အံကိုကြိတ်ကာ အော်သည်။
“ယန် ရှစ် ရွှမ်း”
ယန်ရှစ်ရွှမ်းက လုရှင်းရှင်း၏ လေသံကို ဂရုမစိုက်ဘဲ ပျင်းရိလေးတွဲစွာသာ ပြန်ဖြေလိုက်သည်။
“ဘာလဲ။ ငါ ဒီမှာ ရှိတယ်”
လုရှင်းရှင်း “.....”
ငါ မင်းကို ကြမ်းကြမ်းတမ်းတမ်း အော်ခေါ်နေတာလေ။ နည်းနည်းလေး ကြောက်သွားပုံလေ ပြပါဦးလား။ ဟေ့ မင်းကို နူတ်ဆက်နေသလိုမျိုး မဆက်ဆံစမ်းပါနဲ့။ နည်းနည်းလေးတောင် မကြောက်တတ်ဘူးလား။
ယန်ရှစ်ရွှမ်း၏ ချောမောသော မျက်နှာတွင် ခံစားချက် တစ်စွန်းတစ်စကိုမှ ဖော်ပြထားခြင်း မရှိချေ။
ငါက ဘာကိုကြောက်ရမှာလဲ။ ဂဏန်းကိုလား။
လုရှင်းရှင်းသည် အတတ်နိုင်ဆုံး ကြိုးစားပြီး ခေါင်းကိုမော့လိုက်သည်။ ဒီနည်းအားဖြင့် သူ၏ခေါင်းဟာ ကုလားထိုင်၏ နောက်ကျောဘက်ကို ကျော်လွန်ပြီး ယန်ရှစ်ရွှမ်းအား သူ၏ရက်စက်သည့် မျက်လုံးကို မြင်ရစေမည် ဖြစ်သည်။ သူသည် သူ၏ခြေလက်များကို ခပ်ကြမ်းကြမ်း ယမ်းလျက် လေထုကို အားယူနေသည်မှာ ပက်လက်လန်နေသဖြင့် ပြန်မှောက်ရန် ကြိုးစားနေသော ဂဏန်းတစ်ကောင်အလားပင် ထင်ရသေးလေသည်။ ထို့ကြောင့် တစ်ချိန်တည်းပင် သနားစရာကောင်းသလို ရယ်စရာလည်း ကောင်းနေသေးသည်။
******