139 01
အပိုင်း(၁၃၉)
နာမည် ထည့်ပြောခံရသော ယန်ထူသည် ရှင်းပြရန် ခက်လောက်အောင် သနားစရာ ကောင်းသလို ခံစားသွားရသည်။ သူက ကြောင်ကြောင်အအလေး ပြန်ကြည့်ရှာသည်။ အချိန်အတန်ကြာမှသာ တုန့်ပြန်နိုင်သွားသည်။ ထို့နောက် ချက်ချင်းဆိုသလို ထရပ်ပြန်ကာ ကျိန်ဆဲသည်။
“မင်းတို့ကောင်တွေ အတင်းပြောနေတာပဲ”
“ငါ လက်မထပ်ဘူးဆိုတာကတော့ အမှန်ပဲ။ ဘယ်သူလက်ထပ်ချင် လက်ထပ်ချင် ကြိုက်တဲ့သူ လက်ထပ်လို့ ရတယ်။ ဒါပေမဲ့ ငါတော့ အခြားသူတွေရဲ့ သမီးကောင်းလေးတွေကို ဒုက္ခပေးလိုစိတ် မရှိဘူးလေ”
ယန်ထူက ပုခုံးတွန့်ပြသည်။
“ငါတို့ကိုယ်ကိုယ်တိုင်ပဲ ဖြစ်ဖြစ်၊ အခြားသူတွေကို ဒုက္ခရောက်စေတာပဲ ဖြစ်ဖြစ် မလုပ်တော့ဘူးလို့ ဆုံးဖြတ်ထားတယ်”
ယန်ရှစ်ရွှမ်းက မျက်ခုံးပင့်လိုက်သည်။ ထိုလူငယ်များ၏ ကံ ကံ၏ တားမြစ်ချက်အပေါ် သဘောမကျမှုအား သူကိုယ်တိုင်ကပင် အံ့ဩသွားရသေးသည်။
ထိုလူငယ်များသည် အမှန်ပင် စိတ်သဘောထား ပွင့်လင်းကြလေသည်။
သို့ရာတွင် ယန်ဟန်သာ မကသေးချေ။ ယန်ထူကိုယ်တိုင်လည်း ထိုလက်ထပ်ပွဲကို မုန်းတီး၏။ ထို့ကြောင့် ယန်ကွမ်းနှင့် ယန်ဟွားမိသားစုမှ အဖြစ်အပျက်များက သူတို့အပေါ် ပြင်းထန်သည့် သက်ရောက်မှု ဖြစ်ပွားခဲ့ကြောင်း သိနိုင်လေသည်။ သူတို့၏ ဆက်ခံသူများအပေါ်တွင် ပြင်းထန်သည့် သက်ရောက်မှုလည်း ရောက်ရှိခဲ့သေးသည်။
ထိုရှုထောင့်မှကြည့်သော် ယန်ဟွား၏မိသားစုက ဖြစ်ပျက်ခဲ့သော ကိစ္စက သေးငယ်သည့် ကိစ္စမျိုး မဟုတ်လောက်ချေ။ ယန်ကွမ်းပြောသည့်အတိုင်း ပြင်းထန်ခဲ့လောက်သည်။
ယန်ရှစ်ရွှမ်း၏ အကြည့်က ယန်ထူထံ ရောက်သွားသည်။
ယန်ဟွား၏မိသားစုနှင့် ပက်သက်နေသော ကိစ္စက ယန်ဟန်အား မျှော်လင့်ထားသည့်အတိုင်း ပြင်းထန်စွာ သက်ရောက်သွားစေခဲ့သည်။ ယန်ဟန်၏ စိတ်အခြေအနေကသာ ထိုးကျသွားခဲ့ပြီး ထိုညမှ အဖြစ်အပျက်ကို မမေ့နိုင်တော့လျှင် သူသည် ယန်ထူကို မေးရပေမည်။
မည်သို့ပင်ဆိုစေ ယန်ထူ၏ တုန့်ပြန်ပုံနှင့် ဦးလေးနှင့် တူအကြားမှ ကောင်းမွန်သည့် ဆက်ဆံရေးအရ ယန်ဟန်သည် ယန်ထူအား ထိုကိစ္စမှ ကိစ္စအများစုကို ပြောပြေခဲ့လောက်သည်။
ယန်ရှစ်ရွှမ်းက အချိန်အတန်ကြာအောင် တွေးတောနေခဲ့သောကြောင့် ယန်ထူက သူ့ကို အာရုံစိုက်သွားသည်။
ယန်ထူက ပုခုံးကို ပြန်လှည့်ပြီး ယန်ရှစ်ရွှမ်းကို မှင်သက်စွာ ပြန်ကြည့်သည်။ ယန်ရှစ်ရွှမ်းက မည်သည့်အတွက်ကြောင့် သူ့ကို ကြည့်နေကြောင်း သိချင်မိသွားသည်။
သူ၏အပေါင်းအဖော်များဟာ ယခုလေးတင် ယန်ဟန်ကို ထည့်ပြောခဲ့သောကြောင့် သူသည်လည်း သိလိုက်သည်။
“မင်း အခု ဘာလို့ ဒုတိယဦးလေးရဲ့ အခန်းဆီသွားတာလဲ”
ယန်ထူက အံ့ဩတကြီး ပြန်ပြောသည်။
“ဒုတိယဦးလေးက တစိမ်းတွေကို သူ့ရဲ့အခန်းထဲကို ဝင်ခွင့်ပြုတယ်ဆိုတာက မယုံနိုင်စရာကောင်းတဲ့ ကိစ္စပဲ။ မင်း အရင်ကတည်းက ငါ့ရဲ့ဦးလေးနဲ့ သိတာလား”
ထိုစကားကို ကြားသောအခါ လူငယ်များအကြားမှ ပေါ့ပေါ့ပါပါး ပြောဆိုနေသည့် လေထုအခြေအနေက ပြောင်းလဲသွားပြီး ယန်ရှစ်ရွှမ်းကို အံ့အားတကြီး ကြည့်လာကြသည်။
“ဒုတိယဦးလေးက တစိမ်းတွေ သူ့ရဲ့အခန်းဝင်တာကို အမုန်းဆုံးပဲ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်နိုင်မှာလဲ”
“ဒုတိယဦးလေး ရှားက အခန်းတံခါးကိုတောင် မဖွင့်သလို ပြတင်းပေါက်ကိုတောင် ဖွင့်တာမဟုတ်ဘူး။ ခြံနောက်ဘက်နဲ မျက်နှာချင်းဆိုင်နေတဲ့ ပြတင်းပေါက်ကတောင် ကော်ကပ်ပြီး ပိတ်ထားတာ မဟုတ်လား။ သူက ဘယ်လိုကြောင့များ တစိမ်းကို ခေါ်သွင်းမှာလဲ”
“ငါကိုယ်တိုင်တောင် ဒုတိယဦးလေးရဲ့ အခန်းထဲကို ဝင်ဖူးတာ မဟုတ်ဘူး။ ငါ ကလေးဘဝက အထဲကို ဝင်လိုက်တော့ ဒုတိယဦးလေးက ရိုက်ပြီး မောင်းထုတ်လိုက်တယ်။ ဒုတိယဦးလေးရဲ့ ကြောက်စရာကောင်းတဲ့ အမူအယာက ငါ့ကိုတောင် သေးထွက်ကျစေခဲ့သေးတယ်”
“ယန်ဟန်က တကယ်ကောင်းတဲ့သူပါ။ ငါ သူနဲ့အပေါ်ထပ်မှာ တွေ့ပြီး စကားအနည်းငယ် ပြောခဲ့ဖြစ်တယ်”
139 02
ယန်ရှစ်ရွှမ်းက တည်ငြိမ်စွာ ပြောသည်။
“ငါက တာအိုကျမ်းစာပိုဒ်တွေ ဖတ်ခဲ့ဖူးတာကြောင့် ဖြစ်လောက်မယ်။ အစ်ကိုယန်ဟန်က ငါ့ရဲ့စကားဖလှယ်ဖို့ ဖိတ်ခေါ်ခဲ့တာလေ။ ဒါပေမဲ့ သိပ်မကြာပါဘူး။ မိနစ်အနည်းငယ်လောက်ပေါ။ ယန်ထူ ငါ့ကို လာမတွေ့ခင်လောက်ပေါ့။ အဲ့ဒီနောက် အောက်ထပ်ကို ဆင်းလာခဲ့တာပဲ”
ယန်ထူက မျက်တောင်တစ်ချက် ခတ်သည်။ ဒုတိယဦးလေး၏ အကျင့်စရိုက်အရ တာအိုနှင့် ပက်သက်သော စာအုပ်ကို ဖတ်သောသူ၊ ထိုအကြောင်းအရာနှင့် ပက်သက်သော သူမျိုးသာဆိုလျှင် ပို၍သဘောကျလောက်သည်။ မည်သို့ပင်ဆိုစေ ဒုတိယဦးလေးသည် ထိုကဲ့သို့သော ကိစ္စများအား စူးစမ်းရခြင်းအား သဘောကျသည်။ ဈေးသိုသွားသည့် အချိန်တိုင်းလိုလို ဒုတိယဦးလေးအား သူတိုအား တာအိုနယ်ပယ်နှင့် ပက်သက်သည့် ပစ္စည်းများကို ဝယ်လာခိုင်းတတ်လေသည်။ ရွာမှ မည်သူထွက်ခွာစေကာမူ ဦးလေးက ထိုသို့တောင်းဆိုတတ်၏။
ယန်ရှစ်ရွှမ်းသည် ဒီနေ့မှသာ ယန်ဟန်နှင့် စတွေ့ဖူးခြင်း ဖြစ်သည့်အတွက် အခြေအနေကို ကောင်းကောင်း မသိသေးသော်လည်း ယန်ဟန်၏ အခန်း ပုံပန်းသွင်ပြင်အရ အကျင့်စရိုက်ကို ကောင်းကောင်းနားလည်နိုင်သည်။ ထို့အပြင် ထိုလူငယ်များ၏ ပြောစကားအရ သူ၏အခြေအနေကို နားလည်နိုင်သည့်အတွက် သင့်တော်သော အကြောင်းပြချက်ကို ပေးလိုက်နိုင်သည်။
ထိုအတွက်ကြောင့် ထိုလူငယ်များဟာ အနည်းငယ် ပဟေဠိဖြစ်သွားသော်လည်း သူ၏ရှင်းပြချက်ကို လက်ခံလိုက်ကြသည်။
“ကောင်းပြီလေ။ ဒီအထပ်က စောင်တွေကို ပြင်လို့ပြီးပြီ။ အပေါ်ထပ် ဆက်တက်ရအောင်”
ယန်ထူက ယန်ရှစ်ရွှမ်းကို ပြုံးရင်း ပြောသည်။
“မင်း ဒီကိစ္စကို အဖိုးကို သွားမပြောနဲ့နော်။ မဟုတ်ရင် ငါ အရိုက်ခံရလိမ့်မယ်”
ယန်ရှစ်ရွှမ်းက ရယ်သည်။
“မစိုးရိမ်ပါနဲ့”
သူက ရန်သူကို ဘယ်လိုများ ခြောက်ရမှာလဲ။
_ _ _
သေးငယ်သော အဆောက်အဦးလေး၏ အပြင်ဘက်အထိ ရယ်သံများက ပျံ့နှံ့နေသည်။ ည၏ လွှမ်းခြုံမှုကို ခံလာရသည့်ရွာက ကျောချမ်း တိတ်ဆိတ်ဖွယ်ကောင်းလွန်းလာလေသည်။
အဝေးမှလာနေသည့် ပွတ်တိုက်သံလို အသံမျိုးကသာ ထွက်နေသည်။ ထိုအသံမျိုးသည် သစ်သားတုတ်က သံမံတလင်းပြင်ကို ထိခတ်သော အသံမျိုးနှင့်တူသည်။ သို့သော် လူအရိုးဖြင့် အရိုက်ခံရသောကြောင့် ထွက်လာသည့် ဟောင်းလောင်းပေါက်ဖြစ်နေသော အသံတစ်မျိုးနှင့် တူနေသေးပြန်သည်။
နေရာတိုင်းကို အလင်းက မလွှမ်းခြုံပေးနိုင်ချေ။ ထိုကဲ့သို့သော နေရာမျိုးမှ ထွက်လာသည့်အသံမျိုးက ပိုကျယ်သည်။ သေးငယ်သော ခြံဝန်း၏အနောက်ဘက် ကောက်ပဲသီးနှံများအပြည့်ရှိနေသည့် လယ်ကွင်းကို ကျော်ဖြတ်လျက် ထို့နောက် အိမ်၏ထောင့်တစ်နေရာမှတဆင့် ရောက်ရှိလာသော အသံမျိုးဖြစ်နေသည်။
လူသူရှင်းလင်းသော ရွာလမ်းပေါ်တွင် မှေးမှိန်သော အဝါရောင်မီးအလင်းတိုင်ကလွဲပြီး မည်သည့်အရာမှ ရှိမနေခဲ့ပေ။
သို့သော် မကြာခဏဆိုသလို အလင်း၏အစွန်အဖျားနားသို့ တိုးဝင်သွားသည့် ဖျော့တော့သည့် အရိုးခြေချောင်းလေးများနှင့် အမှောင်ထဲသို့ ခပ်မြန်မြန် ပြန်ဆုတ်သွားသော အရိပ်မျိုးကိုသာ မြင်ရသည်။ ထို့အပြင် အသံများက နီးသထက် နီးလာသည်။
စားသောက်ပြီးချိန်တွင် ပိုင်ရွှမ်းက မတ်တပ်ရပ်လိုက်သည်။ သူမသည် အခြားဧည့်သည်များကို အပြုံးနှင့် နူတ်ဆက်ပြီးနောက် အပေါ်သို့တက်ကာ ခရီးဆောင်အိတ်ကို ဖွင့်ရန် ကြံစည်လိုက်သည်။
မည်သို့ပင်ဆိုစေ ပရိုဂရမ်အဖွဲ့တွင် မိန်းကလေးအနည်းငယ်သာ ရှိသည်။ သူမနှင့် အဖွဲ့ဝင်အချို့သာ ရှိလေရာ စောစော ရေချိုးထားလျှင် ပိုကောင်းလေမည်။
ရွာသူကြီးနှင့် ပျော်ပျော်ရွှင်ရွှင် စကားပြောနေသော ရသစုံရှိုးစတားက လက်ကို အသာ ယမ်းလိုက်သည်။ ထို့နောက် နောက်ပြန်လှည့်သွားပြီး ရွာသူကြီး၏တောင်တန်းများနှင့် ပက်သက်သည့် ပုံပြင်ကိုသာ ဆက်လက် နားထောင်နေသည်။
သို့ရာတွင် ပိုင်ရွှမ်းက မတ်တပ်ထရပ်လိုက်သောအခါ တစ်စုံတစ်ရာကို မြင်ရသည်။ သူမက သတိလက်လွတ် ခေါင်းကိုလှည့်ကာ ပြတင်းပေါက် အပြင်ဘက်ကို ကြည့်လိုက်သည်။ သို့သော် အဆောက်အဦး၏ မီးအလင်းရောင်က အဆောက်အဦးအတွင်းကိုသာ ထင်ထင်ရှားရှား မြင်ရလေရာ မျက်လုံးကို အတန်ကြာအောင် မှေးကျင်း ကြည့်သည်တိုင်အောင် အပြင်ဘက်ရှိ အရာကို မမြင်နိုင်ဘဲ ရှိလေသည်။ ထို့ကြောင့် ရွေးချယ်စရာမရှိလေပဲ မျက်လုံးက မီးရောင်ကြောင့် မူးဝေသွားသလိုသာ ခံစားရင်း ထင်ယောင်ထင်းမှား ဖြစ်သည်ဟုသာ မှတ်ယူလိုက်သည်။ မည်သို့ပင်ဆိုစေ သူမသည်လည်း ယခုမြင်လိုက်ရသောအရာက ဖြူဖွေးပြီး လွှင့်မြောနေသော အရာတစ်ခုခုဟု သတိထားလိုက်မိလေသည်။
139 03
ယခုအခါ ဂရုတစိုက် တွေးလိုက်မိသောအခါ ဘေးဘက်နားတွင် ထွန်းထားသည့် အဖြူရောင်မီးသီးလုံးလေးနှင့် တူနေသည်။
ပိုင်ရွှမ်းသည်လည်း စက္ကန့်အနည်းငယ်လောက် တွေးလိုက်သည်။ ထို့နောက် ထိုကိစ္စကို ဘေးဖယ်ထားလိုက်ပြီး စိတ်ထဲ မထားလိုက်ပါချေ။
တိတ်ဆိတ်သော ခြံဝန်းထဲတွင် တုတ်ခိုင်သော ကျောက်တုံးများ ထိုးပိတ်ထားသည့် ရေတွင်း၏အဖုံးက အဆောက်အဦးထံမှလာသည့် အလင်း၏ သက်ရောက်မှုကို မခံရပါချေ။ ထိုအခိုက် အမှောင်ထု၏ အကျည်းတန်မှုကို ကြီးစိုးမှုကို ခံနေရသော ရေတွင်းအတွင်းမှ သွေးနီရောင်အလင်းက ဖြတ်ကနဲ လက်သွားသည်။ သွေးနီရောင်မျက်လုံးတစ်လုံးက ပွင့်လာ၏။
ရွာသူကြီး နေထိုင်သော ခြောက်ထပ်အဆောက်အဦးကြီးကမူ လူငယ်မျိုးဆက်များ လက်ထပ်ပြီးနောက် မိသားစုတစ်စုစီနေထိုင်ရန်အတွက် တစ်ထပ်စီ ပြင်ဆင်ပေးထားရန် စိတ်ကူးဆော က်လုပ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် အခန်းပေါင်းများစွာက မွေးလာမည့် ကလေးများအတွက် ကြိုတင်ပြင်ဆင်ပေးထားခြင်းလည်း ဖြစ်သည်။
သို့သော် အကြီးဆုံးမြေး ယန်ထူက အစကောင်းခဲ့သည်လား မသိချေ။ မိသားစုမှ နောက်ပိုင်းအရွယ် ရောက်လာသော လူငယ်များသည်လည်း အရွယ်ရောက်ပြီးသည့်တိုင်အောင် လက်မထပ်ကြသေးချေ။ ထို့ကြောင့် အခန်းပေါင်းများစွာက လွတ်နေသေးသည်။ သို့သော် ကျားချွမ်ရွာသည် ဟိုက်ဝေးလမ်းမနှင့် နီးသောကြောင့် လူပေါင်းများစွာက ဖြတ်သွားဖြတ်လာ ရှိသည်။ မကြာခဏဆိုသလို အကူအညီ လိုသဖြင့် ညအိပ်ရန် လိုအပ်လာသည်။ ထို့ကြောင့် ရွာသူကြီးသည် အိမ်မှဂျူနီယာများကို မုန်းတီးသော်လည်း ဖြတ်သွားဖြတ်လာများနှင့် ခရီးသွားများ ရောက်လာသောအခါတွင် အခန်းပိုများကို ပြ၍ အိပ်ခွင့်ပြုလေသည်။ ထို့ကြောင့် ပရိုဂရမ်အသင်းကလည်း ကံကောင်းသွားခဲ့ခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေ သူတို့တွင် အဖွဲ့ဝင်က များပြားလေရာ အခြားသော ရွာများ ရောက်ရှိလာခဲ့ပါက အိပ်စရာမရှိနိုင်ချေ။
ညကနက်လာသည်။ ဧည့်ခန်းအတွင်းရှိ ဧည့်သည်များ၏ ကြာရှည်စွာ ခရီးနှင်လာရသည့် အတွေ့အကြုံကြောင့် မောပန်းနေကြပြီဖြစ်သည်။ သူတို့သည်လည်း ညစားအများကြီး စားမိသွားကြသည်။ ယခုအခါ အိပ်ချင်စိတ် ပြင်းပြကြလေသည်။ တိုက်ရိုက်ထုတ်လွှင့်မှု၏ အဓိကဖန်သားပြင်အရှေ့တွင် ပြောဆိုကာ တုန့်ပြန်မှုပေးနေသည့်တိုင်အောင် မျက်လုံးများက စင်းနေပြီဖြစ်၏။
အထူးသဖြင့် ဘယ်သောအခါမှ ပင်ပန်းမှုဒဏ်ကို မခံဖူးသော စုန့်ချီဖြစ်သည်။ သူသည် သူ၏ခေါင်းကို ဆိုဖာနောက်ဘက်သို့ မှီထားရင်း တဖြည်းဖြည်းချင်း သူ၏နာမည် ခေါ်သံကို ကြားရုံသာ ကြားတော့သည်။ ထိုသို့ဖြင့် ဘေးဘက်မှလူများက လူများကို ရယ်စေလေသည်။
ရွာသူကြီးကိုယ်တိုင်ကလည်း ဧည်သည်များ၏ အိပ်ငိုက်မှုကို သတိထားမိလိုက်ပြီး ခပ်မြန်မြန် ပြုံးရယ်လိုက်ပြီး အပေါ်ထပ်သို့ တက်ကာ အနားယူခိုင်းလိုက်သည်။ ထို့အပြင် ရေပူနှင့် အိပ်ယာခင်းများက အဆင့်သင့်ဖြစ်ကြောင်း ပြောလိုက်၏။ ထိုလူစုံတွဲကလည်း ဒုတိယထပ်တွင် နေထိုင်သည်ဖြစ်လေရာ လိုအပ်ပါက သူတို့ကို သွားပြော၍ ရလေသည်။
လူတိုင်းက ပြုံးရယ်လိုက်ကြပြီး ရွာသူကြီးနှင့် ဇနီးဖြစ်သူကို ကျေးဇူးတင်လိုက်ကြပြန်သည်။ ရသစုံရှိုးစတားကသာ ရွာသူကြီးပြောပြသည့် တောင်ပုံပြင်ကို အလွန်စိတ်ဝင်စားနေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူက မကျေနပ်နိုင်သေးပဲ ဆက်လက်ကြားချင်နေသည်။
“ငါက ဒီကိစ္စကို ဒီလောက်ထိ စိတ်ဝင်စားမယ်လို့ မထင်ခဲ့ဘူး ညီငယ်”
ရသစုံရှိုးစတားက အနည်းငယ် အံ့ဩသွားသည်။ သူက အပေါ်ထပ် တက်သွားရင် သာမာန်ကာလျှံကာလို လှမ်းပြောလိုက်သည်။
“ငါ ငါ့ရဲ့အိမ်က တောင်ပိုင်းမှာလေ။ ငါ ငယ်ငယ်ကတည်းက ဒီအကြောင်းအရာတွေကို ကြားနေကြပဲ။ ငါ ငယ်ငယ်တုန်းကတော့ အပြင်ထွက်ပြီး ငါးဖမ်းရင်း တောင်ပေါ်တက်ချင်ခဲ့တာ။ ဒါပေမဲ့ အိမ်ကအဖိုးကြီးက ဒီလိုအကြောင်းအရာတွေကို ပြောပြတယ်။ အဲ့ဒီလိုနဲ့ အပြင်မထွက်ရဲအောင် ခြောက်တော့တာပဲ”
“မင်းလည်း အဲ့ဒီလိုပုံပြင်တွေကို သိတာလား”
ရသစုံရှိုးစတားက နူတ်ခမ်းတစ်ချက်သပ်ရင်း ပြောသည်။
“ဒါဆိုရင် နောက်ကျရင် ငါ့ကိုပြောပြပါဦး။ ရွာသူကြီး ပြောသွားတာ ငါ သိပ်မကြားလိုက်ဘူး။ အားလုံးရဲ့ရှေ့မှာ ထပ်မေးဖို့ကလည်း ရှက်လို့လေ။ တိုက်တိုက်ဆိုင်ဆိုင် ငါတို့က တစ်ခန်းတည်း သုံးရမှာပဲ မဟုတ်ဘူးလား။ ငါတို့ တော့ဘူး”
တစ်ဖက်မှ အမျိုးသားစတားက ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။
“ကော မင်း ငါ့ကို ပရိတ်သတ်တွေအရှေ့မှာ သရဲပုံပြင် ပြောစေချင်တာလား။ ဒီရှိုးက ထိတ်လန့်သဲဖို အတွေ့အကြုံတွေကြောင့် မကြာခဏ ထရန့်တင်း ဝင်နေတယ်ဆိုပေမဲ့လည်း၊ ကြည့်ရှုသူအများစုက ဒီအတွက်ကြောင့် လာကြည့်ကြတယ် ဆိုပေမဲ့လည်း ငါက တကယ်ပဲ ပြောလို့ရပါ့မလား”
139 04
ဖန်သားပြင်အခွဲအရှေ့မှ ကြည့်ရှုသူများကလည်း အပျော်လွန်သွားကြသည်။ ထို့နောက် ရယ်သံများက ပြည့်နှက်သွားပြန်၏။
ရွာသူကြီး၏အိမ်တွင် အခန်းဆယ်ခန်းကျော် ရှိသည့်အတွက် လုံလောက်စွာ နေထိုင်နိုင်သော်လည်း ပရိုဂရမ်အသင်းဘက်မှ ပါသည့် လူအရေအတွက်က များပြားလွန်းနေခဲ့သည်။ ထိုအချိန်တွင် ဧည့်သည်များက နှစ်ယောက်တစ်ခန်း ဝေမျှရလေသည်။ ရသစုံရှိုးစတားနှင့် ထိုအမျိုးသားစတားတို့က တိုက်တိုက်ဆိုင်ဆိုင် ဝံပုလွေရိုင်းတောင်ထိပ်တွင်လည်း တစ်ခန်းတည်း အတူနေခဲ့ကြသည်။ ထို့ကြောင့် ပျော်ပျော်ရွှင်ရွှင် ရှိနေကြလေရာ ဒီတစ်ကြိမ်တွင်လည်း အတူနေရန် ဆုံးဖြတ်လိုက်ကြသည်။ ပရိုဂရမ်အသင်းမှ ဝန်ထမ်းက တိုက်ရိုက်ထုတ်လွှင့်မှု ပစ္စည်းများကို ဧည့်ခန်းထဲသို့ ရွှေ့လိုက်သည်။ တတိယ ဧည့်တွေ့ခန်းနှင့် ဒုတိယထပ်တွင် တစ်ခုတပ်ဆင်ထားလိုက်၏။ ရှုထောင့်ကို ချိန်ညှိကာ ပစ္စည်းများကို ချပြီးချိန်တွင် ဝန်ထမ်းက ပြုံးရယ်ပြီး သိချင်စိတ်ပြင်းပြသူများနှင့် စကားသွားပြောပြန်သည်။ ထိုသို့ပြောနေသည့် ကာလအတွင်း ရွာသူကြီး၏အိမ်မှ အခြေအနေများကိုပင် ထုတ်ပြောဖြစ်ကြသည်။
ရွာသူကြီး၏မိသားစုတွင် သားလေးယောက်ရှိသည်။ အကြီးဆုံးသားက ဘယ်သောအခါမှ လက်မထပ်သည့်အချက်ကို ဖယ်ရှားလိုက်လျှင် အခြားသော သားသုံးယောက်က ကလေးအများကြီး မွေးထားလေသည်။ ထို့ကြောင့် မိသားစုနှင့် ဆက်ခံသူအပြည့်ရှိလေပြီး အခြားသော ကလန်အဖွဲ့ဝင်များကပင် မနာလိုဖြစ်ကြရသည်။
ကလန်မှလူအများစုကမူ ရွာသူကြီးက အသက်အရွယ်ကောင်းမွန်သော ကိစ္စများကို လုပ်ထားသောကြောင့် မိသားစုတွင် သားယောက်ျားများ ပြည့်နှက်နေသည်ဟု ဆိုကြသည်။ သားများက လက်မထပ်သည့်တိုင်အောင် မိသားစုအပြည့် စည်စည်ကားကား ရှိနေလေသည်။ သို့သော် ရွာသူကြီးကမူ ထိုစကားကို ကြားသောအခါ မပျော်မရွှင်ဖြစ်သလို ပုံစံမျိုးနှင့် ပြန်ပြောသည်။
“မင်းတို့က အပြစ်တွေလုပ်ထားလို့ မိန်းကလေးမွေးတယ် ဟုတ်လား။ အဲ့ဒီလိုနဲ့ ကံကြမ္မာကို ဘယ်သောအခါမှ မယုံကြည်ပဲ အဖွဲ့ထဲက မိန်းကလေးတွေကို အလဟဿ လက်ထပ်ပေးတာလား။
ဒီလိုဆိုရင် မင်းတို့ လိုချင်တာကို ဘယ်တော့မှ ပြန်ရမှာ မဟုတ်ဘူး။
အခြားသူတွေရဲ့ ကောင်းမှုတွေကိုဖျက်ဆီးရင် ကိုယ်ကိုယ်တိုင်ကလည်း ကောင်းမွန်တဲ့ဘဝကို ရမှာမဟုတ်ဘူး။
ဝန်ထမ်းက ရွာသူကြီး အတိတ်မှ ပြောခဲ့သည့်စကားကို ထိုလူငယ်၏ ပါးစပ်မှတဆင့် ကြားရသောအခါ အံ့ဩသွားရသည်။ ထိုလူငယ်သည် သတိထားမိပုံရပြီး ပျော်ရွှင်သွားရသည်။ ထို့နောက် သဘောတကျ ပြန်ပြောသည်။
“ငါ အဖိုးရဲ့တစ်ချိန်လုံး ပြုံးနေတဲ့ မျက်နှာကို ကြည့်ပြီး သူ့ကို စိတ်သဘောထား အရမ်းကောင်းတယ်လို့ သွားထင်မနေနဲ့နော်။ သူ ငယ်ငယ်တုန်းက အတော်စိတ်ဆတ်တာ။ အဲ့ဒီလိုမှမဟုတ်ရင် ငါတို့ရွာကို ဘယ်လိုများ ဦးဆောင်နိုင်ပါ့မလဲ။ နောက်ပြီး ငါတို့က ရွာက ကော်မတီကို တည်ထောင်ခဲ့တဲ့အပြင် အခြားကိစ္စတွေ အများကြီးကိုလည်း စွန့်ဦးတီထွင်ပြီး စတင် လုပ်ဆောင်ခဲ့တာ။ မနှစ်ကဆိုရင် ရွာထဲမှာ အဆင့်တောင် တက်လာသေးတယ်။ ကလန်က အခြားရွာတွေက ငါတို့ရွာတွေနဲ့ မတူဘူး။ သူတို့က ဘိုးဘေးခန်းမကို နေ့တိုင်းလိုလို သွားရောက်ပူဇော်နေကြပြီး ဘိုးဘေးတွေရဲ့ အကူအညီနဲ့ပဲ တစ်ခုပြီးတစ်ခုကို လုပ်နေကြတာ။ သူတို့ဆီမှာ ရွာသူကြီးဆိုတာမျိုးလည်း မရှိဘူးလေ ကျွတ် ကျွတ်”
အခြားရွာအကြောင်း ပြောသောအခါ ထိုလူငယ်က အလွန်သဘောမကျ ဖြစ်သွားပုံရသည်။
“သူတို့က နေ့တိုင်းလိုလို ဘယ်လိုကလေးမွေးရအောင် လုပ်ပေးရမလဲ။ ဘိုးဘေးတွေရဲ့ အကူအညီကို ဘယ်လိုယူရမလဲဆိုတာပဲ သိနေကြတာ။ ယောက်ျားလေး မမွေးတဲ့အခါ နောက်တစ်ယောက်နဲ့ အစားထိုးဖို့ ကြိုးစားကြတယ်။ ဒါကို လူသားရေးရာကိစ္စတွေလို့ ပြောကြသေးတာလား။ အဲ့တာအပြင် ဒုတိယဦးလေးက ဒီလိုကိစ္စတွေကြောင့် စိတ်ညစ်ပြီး လက်မထပ်ခဲ့တာလေ”
ဝန်ထမ်းကလည်း သဘောတူစွာ ခေါင်းညိတ်သည်။
ပရိုဂရမ်၏ သက်ရောက်မှုနှင့် မှန်ဘီလူး၏ ဖြန့်ဝေမှုကြောင့် ဧည့်သည်များအားလုံးက တတိယထပ်တွင်သာ နေလိုက်ကြသည်။ ထိုအချိန်တွင် ထိုတစ်ထပ်လုံးတွင် ဧည့်သည်များ၏ စကားပြောသံက ပြည့်နှက်နေလေရာ စည်ကားနေလေသည်။
သို့သော် ယန်ရှစ်ရွှမ်းသည် စတုတ္ထထပ်သို့ တက်သည့် လှေကားထောင့်တစ်နေရာနားတွင် ရပ်နေခဲ့ကြောင်း မည်သူကမှ မသိလောက်ချေ။ သူသည် ထိုနေရာတွင် ရပ်လျက် လူတိုင်း၏ ပြောစကားများကို တိတ်တဆိတ် နားထောင်နေခဲ့ခြင်း ဖြစ်သည်။
*******