အပိုင်း ၁၀၄
Viewers 17k

Chapter 104


" ပြိုင်ပွဲကတော့ နေ့လည်ခင်းမှာပဲ ပြီးဆုံးသွားခဲ့ပြီ…"


 နောက်ဆုံးတွင် ရစ်ချက်၏ပါးစပ်မှာ အဓိကအကြောင်းအရာများကို ပြောရန်အတွက် ပွင့်ဟလာခဲ့သည်။ ပြောနေစဉ်မှာပင် သူ၏အပြုံးမှာ အနည်းငယ်ဖျော့တော့သွားကာ " စိန့်ကလီတိုမက်ခါတက္ကသိုလ်က ယွမ်ရှန်တက္ကသိုလ်ကို အနိုင်ယူခဲ့တယ်ဆိုတော့… ဆိုလိုတာက စိန့်ကလီတိုက ငါတို့ရဲ့ပြိုင်ဘက်ဖြစ်လာမယ်ဆိုတာပဲ…"


စိန့်ကလီတို မက်ခါတက္ကသိုလ်မှာ အမြဲလိုပင် ကောင်းမွန်သော တည်ရှိမှုမျိုးဖြစ်သည်။ ငန်းနက်ကြယ်စင်စုတွင် စီးပွားရေးအင်အားနှင့် မက်ခါအရင်းအမြစ်များ မလုံလောက်ခဲ့ကာ လူဦးရေနည်းပါးလှသော နေရာတစ်ခုဖြစ်နေခဲ့သော်လည်း ထိုမျှ အားကြီးသော မက်ခါတက္ကသိုလ်တစ်ခုအား စီမံနိုင်နေဆဲပင်ဖြစ်၏။


ထို့အပြင် သိထားသင့်သည့် အချက်တစ်ချက်မှာ ငန်းနယ်ကြယ်စုသည် စွန့်ပစ်ကြယ်နှင့် အကွာအဝေးအချို့သာ ကွာခြားလေသည်။

စိန့်ကလီတိုမက်ခါတက္ကသိုလ်၏ မြင့်တက်မှု အကျိုးကြောင့် ငန်းနက်ကြယ်စုမှာ နှစ်ပေါင်းများစွာအတွင်း စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်သော နေရာများ၏ ထိပ်တန်းဆယ်ခု ဆက်တိုက်ဆိုသလို နေနိုင်ခဲ့သဖြင့် အင်ပါယာမှာ ထိုကျောင်းအား ပို၍ ပို၍ သတိထားလာရသည်။


" မင်းတို့ သူတို့ရဲ့ တိုက်ခိုက်မှုပုံစံတွေကို ကြားဖူးမှာပေါ့.." ရစ်ချက် လူအုပ်ထဲသို့ လှည့်ပတ်ကြည့်လိုက်ကာ လေးနက်နေသော အသံဖြင့် " သူတို့က နိုင်ဖို့အတွက် နည်းလမ်းမှန်သမျှကို သုံးလိမ့်မယ်… စည်းမျဉ်းတွေက ခွင့်ပြုနေ‌သရွေ့ပေါ့…"


လူတိုင်းမှာ ခေါင်းငြိမ့်လိုက်ကြသည်။


ယွမ်ရှင်းကျဲသည် စိန့်ကလီတိုမှလူများနှင့် တိုက်ခိုက်ခဲ့ဖူးရာ ၎င်းမှာ မက်ခါကြယ်ပွင့်ထဲတွင် ဖြစ်နေသည့်တိုင် ရစ်ချက်၏စကားများမှာ မှန်‌ကန်ကြောင်းကို သူခံစားမိလိုက်သည်။


အချို့သော ကစားသမားများမှ အလွန်ကြမ်းတမ်းလှသည်။


အကယ်၍ ယွမ်ရှင်းကျဲသာ သူတို့ထက် ပို၍ ကြမ်းမပြနိုင်ပါက သူရှုံးနိမ့်သွားမည်အား ကြောက်ရလေသည်။


ရစ်ချက် ပုံရိပ်ယောင်မျက်နှာပြင်အား ဖွင့်လိုက်ပြီး စားပွဲပတ်ပတ်လည်တွင် ရှိနေကြသော လူတိုင်းမြင်နိုင်ရန်အတွက် လက်စွပ်တစ်ကွင်းအသွင်သို့ ဖြေချလိုက်သည်။


" အဲ့ဒီတော့ ငါဒီနေ့ပွဲကို ပြန်ပြီးမှတ်ချက်ပေးမယ် ပြီးရင် နောက်လာမဲ့ စိန့်ကလီတိုအတွက် ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ ဆွေးနွေးကြတာပေ့ါ…" ရစ်ချက်ပြောလိုက်လေသည်။


အသီးအားစားနေစဉ် ယွမ်ရှင်းကျဲ၏မျက်နှာပေါ်တွင် အံ့ဩနေသော အမူအယာဖြစ်ပေါ်လာသည်။ ထမင်းစားစားပွဲပေါ်တွင် ပြန်ပြသည်ဆိုသည်မှာ အလွန်သာမာန်ဆန်မနေဘူးလား…


ကာလက် သူ၏မျက်လုံးများကို လှန်လိုက်ပြီး " လူတွေကို အရင်မစားခိုင်းတော့ဘူးလား…"


" ပထမအနေနဲ့ ကာလက်…" ရစ်ချက်ပြောလိုက်သည် " မင်းကိုယ်မင်းပြန်ကြည့်ဦး… ပွဲထဲမှာ မင်းအမှားဘယ်လောက်တောင် လုပ်ခဲ့တာလဲ…" 


" … "


မလိုလားသည့်ပုံစံဖြင့် ကာလက်နှုတ်ခမ်းဆူလိုက်မိသည်။ ရစ်ချက်၏စကားများအား ကြားလိုက်ရချိန်တွင် သူ့လက်ထဲ၌ကိုင်ထားသည့် ပင်လယ်စာမှာ အနံ့အရသာမရှိတော့သည့်ပုံပင် ဖြစ်သွားရသည်။


ရစ်ချက် လူတိုင်း၏ ချို့ယွင်းချက်များအား ဂရုတစိုက်သုံးသပ်ကာ ခွဲခြမ်းစိတ်ဖြာလိုက်သည်။ လူတိုင်းနီးပါး အနည်းဆုံးတစ်ကြိမ်မျှ အ‌ပြောခံရကာ အများဆုံးအဆူခံရသည့်သူမှာမူ ချီယုပင်ဖြစ်သည်။


" ချီယု မင်းကိုယ်မင်း အရမ်းကောင်းနေပြီလို့ထင်နေတာလား… မင်းကစုစုပေါင်းဆယ်မိနစ်လောက် အသက်ရှင်နိုင်ခဲ့ပေမယ့် အဲ့ဆယ်မိနစ်လုံးက အာရုံလွင့်နေခဲ့တာလေ.. ငါကာလက်ရဲ့မက်ခါကိုကောက်ယူပြီးတောင် မင်းကိုဖျက်သိမ်းလိုက်ချင်တယ်… မင်း ယွမ်ရှင်းကျဲရဲ့ စက်ရုပ်သားရဲကိုမြင်တယ်မလား … အဲ့ဒါကို မင်းရဲ့ဆရာအနေနဲ့ ကိုးကွယ်လိုက်ဖို့ ငါမင်းကို အကြံပေးချင်တယ်…"


အတွဲလိုက်ဆူပူမှုကြီး၏ အဆုံးတွင် ချီယုမှာ အိုးတစ်လုံး၏အမည်းရောင် အောက်ခြေကဲ့သို့ပင် ရောက်သည်အထိ အဆူခံလိုက်ရသည်


သူ၏ခေါင်းအား လှည့်လိုက်ချိန်တွင် ယွမ်ရှင်းကျဲနှင့် လော့ဝမ်ချွမ်းတို့မှာ တစ်ဦး၏မုန့်အား တစ်ဦးကယူစားနေကြသဖြင့် သူ၏စိတ်အခြေအနေမှာ ပို၍ပင် ဆိုးဝါးလာခဲ့ရသည်။ လက်သီးကိုဆုပ်၍ သူ့ကိုယ်သူတွေးလိုက်မိသည်မှာ သူသည် သိသိသာသာပင် ယွမ်ရှင်းကျဲအား ကာကွယ်ပေးခဲ့သည့်တိုင် အဘယ့်ကြောင့် ယွမ်ရှင်းကျဲ သူ့အား မချီးမွမ်းခဲ့ရသည်နည်း ဟူ၍ပင်။


ရစ်ချက်မှာ စိတ်ပြေလျော့သွားသည်အထိ အချိန်ခဏကြာ ဆူပူနေခဲ့လေသည်။


ချီယုအား ဆူပြီးချိန်တွင် ‌ယွမ်ရှင်းကျဲအား ကျော်လွန်၍ လော့ဝမ်ချွမ်း၏ကစားပွဲအား ဆက်လက်သုံးသပ်လိုက်သည်။


" လော့ဝမ်ချွမ်းရဲ့ကစားပွဲကတော့ ငါဘာမှပြောဖို့ မလိုတော့ဘူး…"


 ရစ်ချက်လူအုပ်ထဲသို့ ကြည့်ကာ ပြောလိုက်သည် " ဒါပေမယ့် ဒီတစ်ကြိမ် သူရော ချန်ကျွင်းပါ ငါ့ကိုအံ့ဩသွားစေခဲ့တယ်…ပွဲရဲ့ ငါးမိနစ်အကြာမှာ သူတို့နှစ်ဦးလုံးက လူနဲ့စက်ရုပ်ပေါင်းစည်းမှုအခြေအနေကိုဝင်ရောက်သွားခဲ့တာ…"


လူနှင့် စက်ရုပ်ပေါင်းစည်းမှု ဟူသော စကားလုံးမှာ လူသားတို့၏အာရုံကြောများနှင့်မက်ခါတို့အကြားရှိ မြင့်မားသော ပေါင်းစပ်မှုဒီဂရီ ကိုဆိုလိုခြင်းဖြစ်သည်။


ပြောကြသည်မှာ ထိုအခြေအနေရောက်သွားသည့် အချိန်တွင် မက်ခါသည် သံချပ်ကာဝတ်ထားသော လူသားခန္ဓာကိုယ်ကဲ့သို့ ဖြစ်သွားကာ မည်သည့်ဖိအားမှမရှိဘဲ လွယ်ကူစွာ ထိန်းချုပ်နိုင်မည်ဟူ၍ပင်ဖြစ်သည်။


ရစ်ချက်၏စကားများထဲမှ ယွမ်ရှင်းကျဲသိလိုက်ရသည့် တစ်ခုတည်းသောအရာမှာ ထိုလူနှင့် စက်ရုပ်ပေါင်းစည်းမှုဟူသော အခြေအနေသည် အလွန်မြင့်မားသော အဆင့်အတန်းရှိပြီး ရှားပါးလှသော လူနည်းစုသာ ထိုအခြေအနေသို့ရောက်ရှိနိုင်မည်ဖြစ်ကြောင်းသိရှိလိုက်ရသည်။


ထိုပွဲထဲတွင် ချန်ကျွင်းနှင့် လော့ဝမ်ချွမ်းတို့နှစ်ဦးစလုံး ထိုလူနှင့် စက်ရုပ်ပေါင်းစည်းမှုအခြေအနေသို့ ဝင်ရောက်နိုင်မည်ဟု သူမထင်ထားခဲ့မိပေ။


လူတိုင်း၏ခွန်အားနှင့် အားနည်းချက်များအား ရစ်ချက်သုံးသပ်ပြီးချိန်တွင် လူတိုင်း၏အခြေအနေမှာ အနည်းငယ်တည်ငြိမ်သွားပြီး တစ်ပတ်အကြာတွင် ပြုလုပ်မည့် ပြိုင်ပွဲတွင် စိန့်ကလီတိုနှင့် မည်ကဲ့သို့ရင်ဆိုင်ကြမည်ဆိုသည်အား တွေးတောနေကြလေသည်။


မည်သို့ပင်‌ဖြစ်စေ အစမှအဆုံးအထိ ရစ်ချက် ယွမ်ရှင်းကျဲ၏အကြောင်းအား ဖော်ပြမလာခဲ့ပေ။


ဟိုတယ်သို့ ပြန်ရောက်ပြီးနောက် ယွမ်ရှင်းကျဲဟိုတယ်အခန်း၏ တံခါးကိုလာခေါက်သံတစ်ခုထွက်ပေါ်လာသည်။ သူတံခါးဖွင့်လိုက်ပြီး ထိုလူအားမြင်လိုက်ရချိန်တွင် ယွမ်ရှင်းကျဲ သူ၏နှုတ်ခမ်းကိုသပ်လျက် " တကယ်ခင်ဗျားပဲ… နည်းပြရစ်ချက်…"

104.2


ရစ်ချက်မှာ ငယ်စဉ်ကတည်းက သန်မာသော အယ်လ်ဖာတစ်ဦးဖြစ်‌ခဲ့သောကြောင့် သူ၏ပုံစံမှာ ကြမ်းကြမ်းတမ်းတမ်းဖြစ်နေခဲ့သည်။ ထိုအချိန်တွင် မည်သို့ပင်ဖြစ်စေ သူ၏လက်ထဲတွင် ပန်းရောင်အိတ်တစ်လုံးကိုင်ဆောင်ထားပြီး အမူအယာမှာ အနည်းငယ် ပုံမှန်မကျ ဖြစ်နေ၏။ ချောင်းအနည်းငယ်ဟန့်လိုက်ပြီးချိန်တွင် ရစ်ချက်ပြောလာခဲ့သည်။


 " ငါမင်းကိုအကဲဖြတ်တုန်းက အမှားလုပ်ခဲ့ပြီးတော့ မင်းကိုမုန်းတီးခဲ့မိတယ်… အဲ့ဒီအတွက် တောင်းပန်ချင်လို့ပါ…"


သူတို့တွေ့ဆုံပြီးချိန်ထဲက ယွမ်ရှင်းကျဲထင်ထားမိသည်မှာ ရစ်ချက်သည် မာသည် ပျော့သည်တို့ကို မစားသော ခေါင်းမာသည့် လူအိုကြီးတစ်ယောက် ဟူ၍ပင်ဖြစ်သည်။ ရစ်ချက်ထိုစကားမျိုးပြောလာလိမ့်မည်ကိုမူ သူဘယ်တုန်းကမှ မျှော်လင့်မထားမိချေ။


ခဏအကြာတွင် ရစ်ချက်သူ၏လက်ထဲမှ အိတ်ကို ယွမ်ရှင်းကျဲထံကမ်းပေးလိုက်ပြီး " မင်း ဒူးရင်းသရက်စားရတာကြိုက်တာ မြင်မိလိုက်လို့ ငါအထူးတလည်ဝယ်လာခဲ့တာ… ဟိုတယ်ကပြောတာတော့ အဲ့လိုစက္ကူအိတ်မျိုးက ဒီတစ်ခုပဲရှိတာတဲ့…"


ယွမ်ရှင်းကျဲပန်းရောင်အိတ်အား လှမ်းယူလိုက်ကာ ပျော်ရွှင်စွာဖြင့် ကျေးဇူးတင်လိုက်ပြီးနောက် မေးလိုက်လေသည် " ဘာလို့ ကျွန်တော့်ရဲ့ပွဲကို ကူပြီး အကဲဖြတ်မပေးခဲ့တာလဲ…"


" ဘာလို့လဲဆိုတော့…" 


ရစ်ချက် သက်ပြင်းနက်နက်ရှိုင်းရှိုင်းတစ်ချက်ချလိုက်ကာ ရုတ်တရက်ဆိုသလို သူ၏မျက်လုံးထဲတွင် ရှုပ်ထွေးနေသည့် အမူအယာများပေါ်ပေါက်လာခဲ့သည်။


 " ငါမင်းရဲ့ကစားပုံကို နားမလည်လို့ပဲ…"


ယွမ်ရှင်းကျဲ အနည်းငယ်ကြောင်အသွားရသည်။


သူရစ်ချက်အား မမျှော်လင့်ဘဲ ကြည့်လိုက်မိကာ သူ၏စကားကို ထပ်မံပြောဆိုလိုက်သည် " ခင်ဗျားနားမလည်လိုက်တာလား…"


ရစ်ချက် ပြန်မဖြေဘဲ မေးလာခဲ့သည် " ယွမ်ရှင်းကျဲ ကစားပွဲရဲ့ ရလဒ်ကမင်းအတွက်အရေးပါသလား…"


ယွမ်ရှင်းကျဲ ခဏတာမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းကိုငြိမ့်လျက်


 " ကျွန်တော်နိုင်ဖို့အတွက် ဦးတည်ထားပါသေးတယ်…"


" ဒါပေမယ့် မင်းကိုကြည့်ရတာ မင်းက မက်ခါနဲ့ကစားပွဲ‌တွေကိုပဲ နိုင်ခြင်း ရှုံးချင်ထက် ပိုဂရုစိုက်‌နေပုံရတယ်…" 


ရစ်ချက်၏မျက်လုံးမှာ ထက်ရှနေပြီး သူ၏စကားများမှာလည်း ထပ်တူထပ်မျှ ထပ်ရှနေခဲ့သည်။


 " သိသိသာသာကို ရှီးပေါ်လိုင်ကိုနိုင်ဖို့အတွက် ပိုပြီးတိုက်ရိုက်ကျတဲ့နည်းလမ်းကိုသုံးလို့ရတာပဲလေ.. ဒါပေမယ့်လည်း မင်းက သူ့ကိုယ်သူ ပိုးအိမ်ဖြစ်သွားခွင့် ပြုခဲ့တာ…မင်းရဲ့မျက်လုံးထဲမှာ အဲ့အရာက ပိုပြီးစိတ်ဝင်စားစရာကောင်းခဲ့တဲ့ပုံပဲ…"


ရစ်ချက်၏စကားများမှာ အမှန်တကယ်ပင် သူ့စိတ်ထဲရှိအတွေးများကို ထွင်းဖောက်နိုင်လိမ့်မည်ဟု ယွမ်ရှင်းကျဲထင်မထားမိချေ။


သူ၏ယခင်ဘဝတုန်းက ယွမ်ရှင်းကျဲ မက်ခါကိုအသုံးပြုခွင့် မရခဲ့ဖူးပေ။ ထို့ကြောင့်ပင် သူမက်ခါအားလေ့လာကြည့်ချင်ပြီး ဖြစ်နိုင်မည်ဆိုလျှင် သူကစားပွဲအား ပျော်မွေ့နေမည်ပင်။


သူသည် ရှီးပေါ်လိုင်၏တိုက်ခိုက်မှုပုံစံအား သူ၏လက်အနောက်ဘက်ကဲ့သို့ သိနေခဲ့ပြီး အကယ်၍သာ အနိုင်ရမှုအတွက်ပဲ ဆိုပါက သူပိုပြီးတိုက်ရိုက်ကျသည့် တိုက်ခိုက်မှုနည်းလမ်းအား အသုံးပြုမည်ဖြစ်သည်။


" အမှန်ပဲ…"


 ယွမ်ရှင်းကျဲ ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်သည်


 " ကျွန်တော်မက်ခါတွေကိုသဘောကျပြီးတော့ ကစားပွဲတွေထဲမှာ ပျော်ရတာကိုကြိုက်တယ်… ဒါပေမယ့်လည်း အဲ့ဒါကကျွန်တော်ရှုံးလိမ့်မယ်လို့ မဆိုလိုဘူး…"


" မင်းနဲ့လော့ဝမ်ချွမ်းမှာက တိုက်ခိုက်တာနဲ့ပတ်သက်ပြီးတော့ လုံးဝကိုကွဲပြားတဲ့ အတွေးအခေါ်တွေရှိတာပဲ…" 


ရစ်ချက် တည်တည်ငြိမ်ငြိမ်ဖြင့် သုံးသပ်လိုက်သည်


 " မင်းကမက်ခါရဲ့ဖြစ်နိုင်ချေတွေကို ရှာဖွေဖို့ ပိုပြီးရင်းနှီးမြုပ်နှံနေတဲ့အချိန်မှာ သူ့ရဲ့လှုပ်ရှားမှုနဲ့တိုက်ကွက်တိုင်းကတော့ အနိုင်ရဖို့ကြီးပဲ…မင်းလိုကစားသမားမျိုး‌ကိုတော့ ငါပထမဆုံးအကြိမ် မြင်ဖူးတာပဲ…"


ထိုအချက်မှာ လော့ဝမ်ချွမ်းနှင့်သူ့အကြားရှိ အကြီးမားဆုံး ကွာခြားချက်ဖြစ်ကြောင်းကို ယွမ်ရှင်းကျဲကိုယ်တိုင်လည်း သိရှိလေသည်။


" အဲ့ဒါဆို နည်းပြက အခုထိကျွန်တော့ကို မယုံသေးဘူးပေါ့…" ယွမ်ရှင်းကျဲ မျက်ခုံးများကိုပင့်လျက် မေးလိုက်‌သည်။


ခဏကြာ တိတ်ဆိတ်သွားပြီး‌နောက်တွင် ရစ်ချက် ဖြည်းဖြည်းချင်း ရှင်းပြလာသည် " ငါမင်းကိုကျောင်းအဖွဲ့ထဲဝင်ဖို့ မမေးခင်တုန်းက ငါမင်းရဲ့ခွန်အားကို အထင်သေးခဲ့တာမျိုးမဟုတ်ဘူး…ဒါပေမယ့် အဲ့ဒီမှာ မင်းနဲ့ပတ်သတ်ပြီး မသိနိုင်တဲ့ အပြောင်းအလဲတွေ အများကြီးရှိ‌နေတယ်လေ…ငါရဲ့မျက်လုံးထဲမှာတော့ ခွန်အားနဲ့ပတ်သက်လာပြီဆိုရင် ပြိုင်ဆိုင်လိုစိတ်ကလည်း ခွန်အားတစ်မျိုးပဲ.. ဟုတ်တယ်မလား…"


ယွမ်ရှင်းကျဲ တိတ်ဆိတ်သွားလေသည်။


သူ ယခုကမ္ဘာသို့ ရောက်လာပြီး မကြာမီတွင် သူတွေးခဲ့သည့် အရာအားလုံးမှာ မက်ခါအားဖွင့်ရန်သာဖြစ်သည်။ သူ့ထံတွင် အင်ပါယာ သို့မဟုတ် စစ်တက္ကသိုလ်နှင့်သက်ဆိုင်သော ခံစားမှုမျိုး မရှိခဲ့ပေ။ သို့ဖြစ်ရာ သဘာဝကျစွာပင် သူယှဉ်ပြိုင်လိုစိတ် မထားခဲ့ချေ။


ခဏအကြာတွင် ယွမ်ရှင်းကျဲ ရစ်ချက်အား ကြည့်လျက် သူ၏နှုတ်ခမ်းများမှာ ကွေးတက်သွားပြီး တည်တည်ငြိမ်ငြိမ်ဖြင့် မေးလိုက်လေသည်။


 " နိုင်ရင်ပြီးရော မဟုတ်ဘူးလား…"


ရစ်ချက် ထိုစကားများကြောင့် ကြောင်အသွားပြီး ပြုံးလျက် နောက်ပြောင်လိုက်သည်။


 " အမှန်ပဲ မင်းရဲ့ စူးစမ်းတတ်တဲ့ ပုံစံက နည်းနည်းအန္တရာယ်များတယ်ဆိုပေမဲ့ မင်းက ကျိုးဖေးရွှယ်ထက်တော့ ယုံကြည်လို့ရသေးတယ်…"


ယွမ်ရှင်းကျဲမေးလိုက်သည် " နည်းပြပြောတဲ့ဟာကို ဆရာကျိုးကောသိရဲ့လားနော်…"


သူတို့နှစ်ဦး တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကာ မနေနိုင်ဘဲ ရယ်မောမိသွားကြသည်။


" စိန့်ကလီတိုနဲ့ပွဲကျရင် ငါမင်းကို တစ်ဦးချင်းပွဲစဉ်ထဲထည့်ပေးဖို့ စီစဉ်ထားတယ်…" 


ရယ်လိုက်ပြီးနောက်တွင် ရစ်ချက်သူ၏အပြုံးကိုဖိနှိပ်ကာ " အဖွဲ့လိုက်ပွဲစဉ်တွေက တကယ်ပဲ မင်းရဲ့ခွန်အားကို ကန့်သတ်စေတယ်…"


ယွမ်ရှင်းကျဲ ပျော်ရွှင်စွာဖြင့် ခေါင်းငြိမ့်လိုက်ပြီး " ကျေးဇူးတင်ပါတယ်…"


" ဘယ်လိုပဲဖြစ်ဖြစ် စိန့်ကလီတိုကကောင်တွေကတော့ ပြိုင်ဆိုင်လိုစိတ် အရမ်းကြီးတယ်…"


 ရစ်ချက်သူ့အားကြည့်ကာ အလေးအနက်ထားသည့် အမူအယာဖြင့် ဆက်ပြောလိုက်သည်။


" သူတို့က မင်းအတွက်တော့ ကိုင်တွယ်ဖို့ နည်းနည်းခက်လိမ့်မယ်.. ပြီးတော့.."


ယွမ်ရှင်းကျဲ အလေးအနက်မေးလာခဲ့သည် " ပြီးတော့ ဘာဖြစ်လဲ…"


ရစ်ချက် ရပ်တန့်နေရာမှ ဆက်ပြောလာသည် " လူနဲ့စက်ရုပ်ပေါင်းစည်းခြင်း အခြေအနေကို ဝင်ရောက်ဖို့ လိုအပ်တဲ့အချက်တစ်ချက်က ယှဉ်ပြိုင်လိုစိတ်ရှိဖို့ပဲ…လာမဲ့ကစားပွဲတွေမှာ မင်းပိုပြီးယှဉ်ပြိုင်လိုစိတ်ရှိလာမယ်လို့ ငါမျှော်လင့်နေမယ်.."


ယွမ်ရှင်းကျဲ ကြောင်အသွားရသည်။


" ငါ့ရဲ့အမြင်မှာတော့ လော့ဝမ်ချွမ်းအပြင် ကျောင်းအဖွဲ့ထဲမှာ လူနဲ့စက်ရုပ်ပေါင်းစည်းခြင်းအခြေအနေကို ဝင်ရောက်နိုင်မယ်လို့ မျှော်လင့်မိတဲ့ ဒုတိယတစ်ယောက်ပဲ…." ရစ်ချက် လေးလေးနက်နက်ပြောလာခဲ့သည်။


 " ငါအဲ့ဒီအခိုက်အတန့်ကိုကြည့်ဖို့ စောင့်နေမယ်…"


xxxxxxx