Chapter 105
ရစ်ချက် ထွက်သွားပြီးချိန်တွင် ယွမ်ရှင်းကျဲ ကူကယ်ရာမဲ့စွာဖြင့် မျက်လုံးများအားပိတ်လိုက်ကာ ရစ်ချက်ပြောခဲ့သည့်အရာများအား သူ၏စိတ်ထဲတွင် ပြန်လည်တွေးတောလိုက်သည်။
အနိုင်ရဖို့
ရည်မှန်းချက်
လူနဲ့စက်ရုပ်တစ်သားထဲ ဖြစ်ရမယ်
ထိုစကားအနည်းငယ်မှာ ယွမ်ရှင်းကျဲအား အံ့ဩစေခဲ့သည်။
ဒီကမ္ဘာသို့ရောက်လာပြီးချိန်တွင် သူသန်မာသော ယှဉ်ပြိုင်လိုစိတ်ဖြင့် ပြိုင်ဆိုင်ခဲ့သည့်ပွဲမှာ တစ်ပွဲသာရှိခဲ့ဖူးသည်။
၎င်းမှာ စုကျီနန်နှင့် ပွဲစဉ်ဖြစ်သည်။
ထိုအချိန်တုန်းက လုရန်ရှုကို လက်စားချေဖို့ သူ့မှာ တာဝန်ရှိသည်ဟူ၍သာ ခံစားမိခဲ့ပြီး သူ၏စိတ်သက်သာရာ ရစေရန်အတွက်ဖြစ်သည်။
ထို့နောက်တွင် သူဆက်လက်၍ မက်ခါမောင်းနှင်ခြင်းတွင်သာ ပျော်မွေ့နေခဲ့ပြီး ထိုခိုင်မာသည့် ယှဉ်ပြိုင်လိုစိတ်မှာ ပျောက်ကွယ်သွားပုံရသည်။
ထိုအချက်အား တွေးလိုက်မိပြီးမှ ယွမ်ရှင်းကျဲ၏ မျက်လုံးများ ပြူးကျယ်လာခဲ့သည်။
မဟုတ်ဘူး … မမှန်သေးဘူး
ထိုပွဲစဉ်အပြင် သူအနိုင်ရရှိရန်အတွက် ဆုံးဖြတ်ပြီး တိုက်ခဲ့သည့် နောက်ထပ်ပွဲစဉ်တစ်ခု ရှိနေသေးသည်။
မက်ခါကြယ်ပွင့်ထဲမှ အယ်လ်နှင့် တိုက်ခိုက်ခဲ့သည့် ပွဲစဉ်…
ယွမ်ရှင်းကျဲ တောင့်တင်းသွားရသည်။
ထိုအချိန်တွင် သူ၏စိတ်ထဲ၌ လော့ဝမ်ချွမ်းအား အနိုင်ရလိုစိတ်များသာ ပြည့်နှက်နေသဖြင့် သူ၏ပန်းတိုင်မှ အနိုင်ရရှိရန်သာ ဖြစ်ခဲ့လေသည်။
နိုင်ခြင်းနှင့် ရှုံးခြင်းတို့အတွက် သန်မာလှသော စိတ်ဆန္ဒကြောင့် သူ၏လက်များပင် ဂိမ်းအပြီးတွင် ဆက်လက်တုန်ယင်နေခဲ့သည်။
ယွမ်ရှင်းကျဲ တံတွေးသာ မြိုချလိုက်မိသည်
ထိုကဲ့သို့ ပြိုင်ဆိုင်လိုစိတ်မျိုး ပြန်လည်ရရှိရန်အတွက် သူအယ်လ်အား ရှာဖွေ၍တိုက်ခိုက်သင့်သည်လော…
ယွမ်ရှင်းကျဲ သက်ပြင်းတစ်ချက်ချလိုက်ကာ ရစ်ချက်ပေးလာသည့် ဒူးရင်းသရက်သီးများကို ရေခဲသေတ္တာ၏အောက်ခြေတွင်ထည့်လိုက်ပြီး မင်ရှောင်းပေးလာသည့် ပန်းများကိုမူ ရေခဲသေတ္တာအပေါ်ဘက်တွင်တင်လိုက်လေသည်။
ထို့နောက် ဟိုတယ်ထဲတွင် ဂိမ်းကစားသည့်အခန်းအား ရှာဖွေရန်အတွက် မဝံ့မရဲလျှောက်လာလိုက်ပြီး သူ၏မက်ခါကြယ်ပွင့်အကောင့်အား တိုက်ရိုက်ပင်ဝင်လိုက်လေသည်။
အွန်လိုင်းပေါ်သို့ရောက်ချိန်တွင် ယွမ်ရှင်းကျဲ ချက်ချင်းဆိုသလို အယ်လ်၏နာမည်အား ရှာဖွေလိုက်သော်လည်း ထိုသူမှာမူ လိုင်းပေါ်တွင် ရှိမနေခဲ့ချေ။
ယွမ်ရှင်းကျဲ မတတ်နိုင်သော်လည်း အနည်းငယ်ဆုံးရှုံးသွားသည်ဟု ခံစားလိုက်ရသည်။ တစ်ချိန်ထဲမှာပင် သူသည်အနည်းငယ်တုံးအသွားခဲ့သည့်ပုံပင်။ အဘယ့်ကြောင့် အယ်လ်မှာ သူ့အားစောင့်ဆိုင်နေလိမ့်မည်ဟူသော အထင်မှားမှုမျိုးရှိခဲ့ရသည်နည်း။
တစ်ချိန်တည်းမှာပင် သူ၏ဂိမ်းထဲတွင် များပြားလှသော စာပေါင်းစုံ၏ အသိပေးချက်များ ဆက်လက်ပေါ်ပေါက်လာခဲ့သည်။
ထိုထဲမှ ဇွဲအရှိဆုံး ပေးပို့နေသည့်လူမှာ ရှီးပေါ်လိုင်ပင်ဖြစ်၏။
ထိုလူမှာ သူ့အား နေ့စဉ်ရက်ဆက် စာပို့နေခဲ့ကာ " ငါကအရမ်းအားနည်းတယ် " အွန်လိုင်းပေါ်သို့ရောက်လာသည်အား မြင်လိုက်ရချိန်တွင် သူထပ်မံ၍ စာတစ်စောင်ပေးပို့လိုက်သည်။
ရေခဲခြစ်လာစားလှည့်ပါ : မပြေးနဲ့
ရေခဲခြစ်လာစားလှည့်ပါ : ငါမင်းနဲ့မပြိုင်ပါဘူး
ရေခဲခြစ်လာစားလှည့်ပါ : ငါမင်းကိုအရမ်းအရေးကြီးတဲ့ကိစ္စမေးဖို့ရှိလို့
ယွမ်ရှင်းကျဲနှင့် ရှီးပေါ်လိုင်တို့ မကြာသေးမီကမှ တိုက်ခိုက်ခဲ့ကြပြီး ဂိမ်းအဆုံးတွင် ငယ်ရွယ်သော ငွေရောင်ဆံပင်ပိုင်ရှင်ကောင်ငယ်လေး၏ မျက်လုံးမှာ နီမြန်းသွားရပြီး ငိုချလုမတတ်ဖြစ်သွားခဲ့ရသည်။
ထို့ကြောင့် သူပြန်ရေးလိုက်သည် " ? "
ရှီးပေါ်လိုင် " ငါကအရမ်းအားနည်းတယ် " ထံမှ စာပြန်ရမည်ဟု မျှော်လင့်မထားခဲ့ချေ။ သူမထင်ထားခဲ့သည့်အရာမှာ တစ်ဖက်လူသည် အမှန်တကယ်ပင် သူ့အား စာပြန်လာခဲ့သည်။
ရှီးပေါ်လိုင် မတ်မတ်ပင် မထိုင်နိုင်တော့ချေ။ တစ်ဖက်လူ လိုင်းပေါ်မှဆင်းသွားမည်စိုးရသောကြောင့် သူအလျင်အမြန် အသံမက်ဆေ့တစ်စောင့်ပေးပို့လိုက်လေသည်။
ယွမ်ရှင်ကျဲဖွင့်ကြည့်လိုက်ချိန်တွင် ရှီးပေါ်လိုင်၏အနည်းငယ်အက်ရှနေပြီး မာန်အပြည့်နှင့် အသံမှာထွက်ပေါ်လာသည် " မင်းယွမ်ရှင်းကျဲကိုသိလား…"
" ငါကဘယ်လိုလုပ်ပြီး ယွမ်ရှင်းကျဲကိုသိရမှာလဲ…" ယွမ်ရှင်းကျဲ ပြန်ဖြေလိုက်သည်။
တစ်ဖက်လူ၏ပြန်စာအား မြင်လိုက်ရချိန်တွင် ရှီးပေါ်လိုင်အနည်းငယ် စိတ်ပျက်သွားရသော်လည်း အလျင်အမြန်ပင် နောက်ထပ်မေးခွန်းတစ်ခုအား တွေးမိသွားကာ မေးလိုက်လေသည်။
" မင်းဘယ်ကျောင်းကလဲ…"
" ငါကဂျက်ကော့ကပဲ…" ရှင်းဟိုင်တက္ကသိုလ်၏အဖွဲ့ဝင်မှာ ပြောင်ပြောင်တင်းတင်းပင် ဖြေချလိုက်သည်။
ရှီးပေါ်လိုင် ထိုသူသည် သူ့အားအမြဲလို လိမ်ညာနေသည်ဟု ခံစားမိခဲ့သော်လည်း မည်သည့်သက်သေမှ မရှာနိုင်ခဲ့သဖြင့် သူရိုးရှင်းစွာပင် PKဖိတ်ခေါ်ချက်တစ်ခုပေးပို့လိုက်လေသည် " တစ်ပွဲလောက်ဆော့ရအောင်…"
ယွမ်ရှင်းကျဲ ရှီးပေါ်လိုင်၏ဖိတ်ခေါ်မှုအား ပယ်ချလိုက်သည်။
လော့ဝမ်ချွမ်းအွန်လိုင်းပေါ်တွင် မရှိဖူးဆိုမှတော့ သူသည်လည်း နောက်တစ်နေ့မှသာ အွန်လိုင်းပေါ်သို့ တက်ရန် စဉ်းစားတော့မည်….
ထိုအချိန်တွင် နောက်ထပ် PK ဖိတ်ခေါ်မှုတစ်ခုပေါ်လာခဲ့သည်။
ယွမ်ရှင်းကျဲငြင်းလိုက်မည် ပြုချိန်တွင် ပေးပို့လာသူအား ကြည့်လိုက်ပြီး သူ၏မျက်လုံးများတောင့်ခဲသွားရသည်။
105.2
၎င်းမှာ အယ်လ် ထံမှဖြစ်၏။
သူ၏မျက်လုံးများ ပြူးကျယ်သွားရကာ အလွန်အံ့ဩနေရသဖြင့် လက်ခံဖို့ရန်ပင် အချိန်အတန်ကြာမျှ မေ့လျော့သွားခဲ့သည်။
တစ်ဖက်တွင်ရှိသော ရှီးပေါ်လိုင်မှာမူ စိတ်မချနိုင်သေးဘဲ စာတစ်စောင်ထပ်ပို့လိုက်သည်။
ရေခဲခြစ်လာစားလှည့်ပါ : မင်းနဲ့မတိုက်ရတာ အချိန်အတော်ကြာနေပြီ ငါ့ရဲ့ခွန်အားလည်း တိုးလာတယ်ဆိုတော့ မင်းကိုသေချာပေါက်ရိုက်နှက်နိုင်မှာ… အိုကေတယ်မလား
ရေခဲခြစ်လာစားလှည့်ပါ : မင်းငါ့ကိုကြောက်နေသလို ဟန်ဆောင်မနေနဲ့
ရှီးပေါ်လိုင် ငါကအရမ်းအားနည်းတယ် ထံသို့ နှိုးဆွပေးရန် စာအတော်များများပို့လိုက်ပြီး နောက်ဆုံးတွင် စာပြန်လာခဲ့သည်
ငါကအရမ်းအားနည်းတယ် : ငါ့မက်ခါကိုပြင်ဖို့ပို့ထားလို့… အားနာပါတယ် နောက်နေ့ပေါ့
ရှီးပေါ်လိုင် သူ၏သွားများကို တင်းတင်းကြိတ်လိုက်မိတော့သည်။
ရေခဲခြစ်လာစားလှည့်ပါ : မလိမ်နဲ့
ထိုအချိန်တွင် စနစ်၏ လူတိုင်းမြင်ရသည့်မျက်နှာပြင်ပေါ်တွင် အချက်ပေးချက်တစ်ခုပေါ်ပေါက်လာသည်။
[ ကစားသမား " ငါကအရမ်းအားနည်းတယ် " သည် ကစားသမား " အယ်လ် " ၏ ဖိတ်ခေါ်မှုအား လက်ခံလိုက်သည် ]
ရှီးပေါ်လိုင် : "..."
သောက်ချီးလိုပဲ သူ့ဦးနှောက်လည်းပျက်နေပြီလား… သူဘာလို့များ အဲ့ဒီ မက်ခါပြင်ဖို့ပို့ထားတယ်ဆိုတဲ့ ပေါက်ကရစကားက တစ်ခုခုမှားနေတယ်ဆိုတာ မတွေးမိရတာလဲ…
အခန်းထဲသို့ဝင်လိုက်ချိန်တွင် ယွမ်ရှင်းကျဲ သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ၏အရင်ကရှိခဲ့သည့် တိုက်ခိုက်လိုစိတ်ပြန်ရရန် ကြိုးပမ်းလိုက်သည်။
ထို့စဉ် ဟိုတယ်ရှိနောက်အခန်းတစ်ခုထဲတွင်…
လွန်ခဲ့သော နှစ်မိနစ်က..
ညစာစားချိန်ပြီးချိန်တွင် လော့ဝမ်ချွမ်း " ငါကအရမ်းအားနည်းတယ် " အတွက် အထူးသတိပေးချက်ကို သတ်မှတ်လိုက်ပြီး သူအွန်လိုင်းပေါ်ရောက်လာသည်နှင့် လော့ဝမ်ချွမ်း၏မှတ်ဉာဏ်တုထဲသို့ အလိုအလျောက် သတိပေးချက်ပေးပို့လာမည်ဖြစ်သည်။
အွန်လိုင်းပေါ်သို့တက်ပြီးနောက် သူ "ငါကအရမ်းအားနည်းတယ် " ထံသို့ PK ဖိတ်ခေါ်မှုပေးပို့လိုက်တော့မည်အချိန်တွင် ရုတ်တရက်ဆိုသလို သူ၏အကြံအား ပြောင်းလဲလိုက်သည်။
လော့ဝမ်ချွမ်း ဂိမ်းအခန်းထဲမှ ထွက်လိုက်ပြီး ခယ့်လိုင်၏တံခါးသို့ သွားခေါက်လိုက်သည်။
တံခါးပွင့်လာချိန်တွင် လော့ဝမ်ချွမ်းပြောလိုက်လေသည် " ငါ့ကိုတစ်ခုလောက်ကူညီ.. ငါ့အကောင့်ကိုယူပြီး ငါကအရမ်းအားနည်းတယ်နဲ့ PKတိုက်ပေးစမ်းပါ…"
ထိုစကားအားကြားလိုက်ရချိန်တွင် ခယ့်လိုင်၏မျက်လုံးများ ဖြည်းညင်းစွာပွင့်လာပြီး " ဘာလို့သူနဲ့PKရမှာလဲ.. အစ်ကိုမတိုက်ဘူးလား.."
" ငါ့မှာပိုပြီးအရေးကြီးတဲ့ကိစ္စတစ်ခုရှိလို့…" လော့ဝမ်ချွမ်း ငြင်းပယ်၍ မရမည့်အသံဖြင့် တစ်လုံးချင်းပြောလာခဲ့ရာ ခယ့်လိုင်မှာ လက်ခံရုံသာ တတ်နိုင်တော့သည်။
PK တရားဝင်စတင်လိုက်ချိန်တွင် ယွမ်ရှင်းကျဲသတိပြုမိသည်မှာ အယ်လ်သည် သူ၏အလင်းဓားမက်ခါအား ကြယ်ပျံမက်ခါနှင့်ပြောင်းလဲလိုက်လေသည်။ သူအနည်းငယ် ရှုပ်ထွေးသွားရသော်လည်း ခယ့်လိုင်အရင်ကပြောခဲ့ဖူးသော လော့ဝမ်ချွမ်းသည် မည်သည့်မက်ခါမဆို မောင်းနှင်နိုင်သည်ဟူသော စကားကြောင့် သူအများကြီး အရေးမစိုက်ခဲ့ပေ။
ယွမ်ရှင်းကျဲသည်လည်း ကြယ်တံခွန်မက်ခါအား ပြောင်းလိုက်ကာ ပွဲထဲသို့ ဝင်လိုက်လေသည်။
သူမထင်ထားခဲ့သည်မှာ လော့ဝမ်ချွမ်း၏ကြယ်ပျံမက်ခါပုံစံမှာ အရင်အလင်းဓားမက်ခါ၏တိုက်ခိုက်မှုပုံစံနှင့် လုံးလုံးဆိုသလို ကွဲထွက်နေခဲ့သည်။
" ဘာလို့ ဒီအကွက်တွေကို ရင်းနှီးနေပါလိမ့်…"
ယွမ်ရှင်းကျဲ ရှုပ်ထွေးနေမှုကြောင့် ရေရွတ်မိလိုက်သည်။
ထို့အပြင်ယွမ်ရှင်းကျဲအား ရှုပ်ထွေးစေသည့် နောက်ထပ်အရာတစ်ခုရှိနေသေးသည်။
လော့ဝမ်ချွမ်း၏ကြယ်ပျံမက်ခါသို့ပြောင်းလဲပြီးချိန်တွင် အစပိုင်း၌ သူ့ထံတွင် အနိုင်ရလိုစိတ်ရှိနေသေးသော်လည်း ခဏအကြာတွင် ထိုစိတ်ဆန္ဒမှာ လုံးလုံးဆိုသလို ပျောက်ကွယ်သွားရသည်။
အယ်လ်နှင့်တိုက်ခိုက်ချင်သည့် သူ့ခန္ဓာကိုယ်ဆဲလ်တိုင်းတွင်ရှိသော အငြိုးထားခြင်းနှင့် တန်ဖိုးထားခြင်းတို့ကြားတွင်ရှိသည်ဟု ဆိုနိုင်သော သူ၏စိတ်အားထက်သန်မှုမှာ မတည်ရှိတော့သည့်ပုံပင်။
ထိုခံစားချက်မှာ ယခင်အယ်လ်သည်သာ ပေးစွမ်းနိုင်သည့် အရာပင်လော…
ယွမ်ရှင်းကျဲ ပို၍ ရှုပ်ထွေးလာရသည်။
ထိုစဉ် တံခါးခေါက်သံတစ်ချက်ထွက်ပေါ်လာသည်။
ယွမ်ရှင်းကျဲမှာ ကြောင်အသွားလေသည်။
အခုချိန်ကြီး သူ့ကိုရှာဖို့ ဘယ်သူရောက်လာသည်နည်း…
ခဏအကြာတွင် ဧည့်သည်၏အသံအားသယ်ဆောင်၍ အိမ်ထိန်းစနစ်ထံမှ ထွက်ပေါ်လာသည် " ကိုယ်ပါ လော့ဝမ်ချွမ်း "
" အိုး ခဏစောင့်ပါဦး.." ယွမ်ရှင်းကျဲ အိမ်ထိန်းစနစ်အား ပေါ့ပေါ့ပါးပါးပြန်ဖြေလိုက်သည်။
ခဏအကြာတွင် တစ်စုံတစ်ခုမှာ မှားယွင်းနေသည်အား သူသတိပြုမိသွားရသည်။
ဂိမ်းထဲတွင် အယ်လ်မှာ သူ့အားလိုက်နေဆဲပင်ဖြစ်၏။
ပဟေဠိများစွာ ဖြစ်ပေါ်သွားပြီး ယွမ်ရှင်းကျဲ တစ်စုံတစ်ခုအား ချက်ချင်းဆိုသလို သဘောပေါက်သွားရကာ သူ၏မျက်လုံးကိုကျယ်ကျယ်ဖွင့်၍ ဂိမ်းအားပိတ်လိုက်လေသည်။
မိနစ်ဝက်ခန့်အကြာတွင် ယွမ်ရှင်းကျဲ သူ၏ထိတ်လန့်နေမှုအား ဖြေလျော့လိုက်ကာ တံခါးသွားဖွင့်လိုက်သည်။
အပြင်ဘက်တွင် ရှိနေသော လော့ဝမ်ချွမ်းအား တည်ငြိမ်စွာ ကြည့်လျက် " စီနီယာသာ့ချွမ်း ဒီလောက်နောက်ကျမှ ဘာကိစ္စရှိလို့လဲ…"
လော့ဝမ်ချွမ်း မျက်ခုံးပင့်လိုက်ပြီး သူ့အားကြည့်ကာ " မင်းဂိမ်းဆော့နေတာလား…"
" အမ် မဟုတ်ပါဘူး…" ယွမ်ရှင်းကျဲတည်ငြိမ်ချင်ယောင်ဆောင်လိုက်ပြီး " ကျွန်တော်ကအခုပဲ…"
ပြောလိုက်ပြီးသည်နှင့် သူ၏မှတ်ဉာဏ်တုအားဖွင့်ကာ ကျပန်းအားကစားချန်နယ်တစ်ခုအား ဖွင့်ပြလိုက်သည်။
" ဗီဒီယိုကြည့်နေတာ…"
လော့ဝမ်ချွမ်း၏မျက်လုံးများမှာ ပုံရိပ်ယောင်မျက်နှာပြင်ပေါ်သို့ ရွှေ့သွားခဲ့ပြီး တည်တည်ငြိမ်ငြိမ်ဖြင့် အို ဟူသော အသံပေးကာ မရည်ရွယ်သည့်သဘောဖြင့်မေးလိုက်သည် " တကယ်လား…"
ယွမ်ရှင်းကျဲ သူ၏ဘေးတွင်ရှိသော ရေခွက်အားကောက်ယူကာ သောက်ချလိုက်ပြီးနြော် ပြောလိုက်လေသည် " အင်း အခုရက်ပိုင်း ကျွန်တော်ရဲ့ခွန်အားကို လေ့ကျင့်ပေးဖို့လိုလို့လေ… ပြီးတော့ မက်ခါအတွဲလိုက်တွေကိုလည်း လေ့ကျင့်ပေးရဦးမယ်…"
" မင်းမက်ခါအတွဲလိုက်တွေကို လေ့ကျင့်တဲ့နည်းက…" လော့ဝမ်ချွမ်း၏မျက်လုံးများအား မျက်နှာပြင်ပေါ်မှ ယွမ်ရှင်းကျဲထံသို့ ရွှေ့လိုက်ပြီး ဖြည်းဖြည်းချင်းမေးလိုက်လေသည် " ယောဂဗီဒီယိုတွေကိုကြည့်ရင်းနဲ့လား…"
အဟွတ် အဟွတ်…
ယွမ်ရှင်းကျဲမှာ သီးတော့မလိုပင်။ သူအလျင်အမြန် ယောဂဗီဒီယိုများအား လှမ်းပိတ်လိုက်ပြီး တံတွေးမြိုချကာ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည် " ဘယ်သူကမှ မက်ခါတွေလည်း ယောဂမလုပ်နိုင်ဘူးလို့ သတ်မှတ်မထားဘူးလေ ဟုတ်တယ်မလား…"
ယွမ်ရှင်းကျဲ၏ရိုးရိုးသားသား အမူအယာအား လော့ဝမ်ချွမ်းပင် ယုံမိတော့မလိုဖြစ်သွားခဲ့သည်။
ခဏအကြာတွင် ဆန့်ကျင်ဘက်အခန်းမှ ခယ့်လိုင်ပြေးထွက်လာကာ အော်ပြောလိုက်သည်။
" ဘာဖြစ်တာပါလိမ့် အခုပဲ အစ်ကိုက ယွမ်ရှင်းကျဲရဲ့တံခါးကိုခေါက်ကော ငါကအရမ်းအားနည်းတယ် လည်း လိုင်းပေါ်ကဆင်းပြေးသွားတာပဲ…"
ယွမ်ရှင်းကျဲနှင့် လော့ဝမ်ချွမ်းတို့ တစ်ချိန်တည်းမှာပင် တိတ်ဆိတ်သွားကြလေသည်။
xxxxxx