Chapter 106
စက္ကန့်အနည်းငယ်တိတ်ဆိတ်နေပြီး ခယ့်လိုင်က တစ်စုံတစ်ခုမှားနေမှန်းသတိပြုမိသွားသည်။
သူက တံခါးဝတွင်ရပ်နေသည့် လော့ဝမ်ချွမ်းနှင့်ယွမ်ရှင်းကျဲအား ကြည့်လိုက်သည်။ သူတို့နှစ်ဦးကြားရှိလေထုမှာ တနည်းတဖုံထူးဆန်းနေလေသည်။
ငါပြောတာ တစ်ခုခုမှားသွားလို့လား...
ခယ့်လိုင်က အဆိုပါကို့ရိုးကားရားလေထုမှ လွတ်မြောက်ရန်အလို့ငှာ ရယ်သံစွက်၍ပြောလိုက်သည်။
“အဲ့ဒီ့ ငါကအရမ်းအားနည်းတယ် ဆိုတဲ့တစ်ယောက်သာ Lကသာ့ချွမ်းမှန်းသိသွားရင် တောင်းဆိုမှုကို လက်ခံနိုင်ဦးမလားဆိုတာငါသိချင်သား...ဟားဟား.. ”
ယွမ်ရှင်းကျဲ: “…”
ခယ့်လိုင်က “အဲ့ဒီ့တစ်ယောက်က ပညာတွေလျှိုထားတာဖြစ်ရမယ်...သာ့ချွမ်း...မင်းသူ့ကိုစိတ်မဝင်စားဘူးမဟုတ်လား...မဟုတ်ရင်ဘာလို့အဲ့ဒီ့တုန်းက ငါ့ကိုအစားသွားခိုင်းမှာလဲ...”
လော့ဝမ်ချွမ်း : “…”
ခယ့်လိုင် : “အလကားနောက်တာပါ..မင်းကြိုက်တဲ့တစ်ယောက်က…”
“မင်းအခန်းထဲကို ကြွက်တစ်ကောင်ဝင်သွားတယ်...”
လော့ဝမ်ချွမ်း ကရုတ်တရက်ခယ့်လိုင်အခန်းဘက်သို့ညွှန်ပြရင်းပြောသည်။
“မင်း တစ်ချက်သွားကြည့်သင့်တယ်နော်...”
“ဘာ...”
ခယ့်လိုင်အမုန်းဆုံးမှာ ကြွက်ဟူသောသတ္တဝါပင်။ သူက အမြန်ပြေးသွားသည်။
ယွမ်ရှင်းကျဲနှင့်လော့ဝမ်ချွမ်း အကြည့်ချင်းဆုံသွားသည်။
ခယ့်လိုင်ရှိနေခဲ့သည့်တစ်လျှောက်လုံး လော့ဝမ်ချွမ်းရှင်းပြရန်အခွင့်မသာခဲ့ချေ။
သို့သော် သူတို့နှစ်ဦး၏မျက်ဝန်းများတွင် အချင်းချင်း နားလည်မှုများနှင့်ပြည့်နှက်နေသည်။
လော့ဝမ်ချွမ်းကယွမ်ရှင်းကျဲအခန်းထဲသို့ဝင်ရင်း တံခါးကိုညှင်သာစွာပိတ်လိုက်သည်။
ယွမ်ရှင်းကျဲက နောက်သို့ခြေတစ်လှမ်းဆုတ်မိသွားသည်။ သူတို့နှစ်ဦးက မျက်နှာချင်းဆိုင်လျှက်ရှိနေလေသည်။
“မင်း ရှင်းမပြတော့ဘူးလား...”
လော့ဝမ်ချွမ်းက မျက်ခုံးပင့်ရင်းမေးသည်။ သူ၏ရှည်လျားကျဥ်းမြောင်းသောမျက်ဝန်းများတွင် စူးစမ်းလိုရိပ်များထင်ဟပ်နေ၏။
ယွမ်ရှင်းကျဲက သူ့ဦးနှောက်အားခဏတာအလုပ်ပေးလိုက်သော်လည်း မည်ကဲ့သို့ပြန်ဖြေရမှန်းမသိ။
“ခင်ဗျားကရော...ခယ့်လိုင်ပြောတဲ့ စစ်ဆေးတယ်ဆိုတာဘာများပါလိမ့်နော်...စီနီယာလော့...”
တစ်ဖက်လူက သူ့အားတည်ငြိမ်စွာကြည့်ပြီး ပြန်ဖြေလာသည်။
“ငါအရမ်းအားနည်းတယ် ဆိုတဲ့အကောင့်ကမင်းအကောင့်မှန်း အလိုလိုသိတာ...”
ယွမ်ရှင်းကျဲက ပွစိပွစိဖြင့် “သူ့အလိုလိုသိစိတ်ကြီးကလည်း ကြောက်စရာကြီး…”
“အရင်တစ်ခါမေးတုန်းက ဘာလို့မပြောပဲထားတာလဲ...”
လော့ဝမ်ချွမ်းက သူ့မျက်ဝန်းများထဲစိုက်ကြည့်ရင်း မေးလာသည်။
“တကယ်တော့…” ပြိုင်ပွဲ၌ သူအနည်းငယ်ဆိုးရွားခဲ့သည်ကိုသတိရသွားပြီး ကောင်းမွန်သောဖြေရှင်းချက်တစ်ခု ခေါင်းထဲပေါ်လာခဲ့သည်။
“ကျွန်တော် ညာခဲ့တာ...”
လော့ဝမ်ချွမ်းက အိုး ဟုအသံပြုလိုက်ရင်း
“ဟုတ်လား...”
ယွမ်ရှင်းကျဲက ခဏတိတ်ဆိတ်သွားသည်။ လော့ဝမ်ချွမ်း၏ စူးရှထက်မြက်သောမျက်ဝန်းများကိုရင်ဆိုင်ရချိန်တွင် သူကဆက်လက်၍ ဝေ့လည်ကြောင်ပတ်မလုပ်နိုင်တော့။
“ကောင်းပြီ...ကျွန်တော်မပြောပဲထားခဲ့တာ...”
လော့ဝမ်ချွမ်းက သူ့အပြောကိုစောင့်ကြည့်နေသည်။
“L ကကျွန်တော်နဲ့ မပြိုင်လောက်ဘူးလို့ ထင်ထားတာလေ...ပြီးတော့ L ကခင်ဗျားမှန်းမှ ကျွန်တော်မသိတာ...”
ယွမ်ရှင်းကျဲက အလေးအနက်မေးသည်။
“ကျွန်တော့်ကို စိတ်မဆိုးဘူးမဟုတ်လား...”
“မဆိုးပါဘူး...” လော့ဝမ်ချွမ်းက ခပ်တိုတိုဖြေလိုက်သည်။ “ဒါဆို...မင်းနောက်ကျဘယ်လိုသိသွားတာလဲ...”
“နောက်နေ့ကျတွေ့တော့ ခင်ဗျားကကျွန်တော်ထင်ထားသလောက်ကြည့်လို့မကောင်းတာနဲ့...”
လော့ဝမ်ချွမ်း “…”
ခဏအကြာတွင် သူက “အရင်တစ်ခါကရော ဘာလို့ထွက်ပြေးသွားတာလဲ...”
“အဲ့ဒါက...ခင်ဗျားစိတ်မကောင်းဖြစ်မှာစိုးလို့...” ယွမ်ရှင်းကျဲက လော့ဝမ်ချွမ်းကိုအလေးအနက်ကြည့်လိုက်သည်။
“ကျွန်တော်က အယ်လ်ဖာတွေငိုမှာကို မကြိုက်ဆုံးပဲ...ကျွန်တော်ခင်ဗျားကိုကာကွယ်ချင်လို့ အဲ့ဒီ့လိုလုပ်ခဲ့တာ...”
လော့ဝမ်ချွမ်းက နှာခေါင်းရှုံ့လိုက်သည်။.
. “မင်းက အားလုံးကိုလိုက်ပြီးကာကွယ်နေတာပဲလား...တခြားကျောင်းကကောင်တွေကိုတောင် ဂရုစိုက်နေတယ်... ”
ယွမ်ရှင်းကျဲက မသိချင်ယောင်ဆောင်နေခဲ့သည်။
အနိုင်ရပြီးပြီးချင်း ယွမ်ရှင်းကျဲပြေးထွက်သွားသောအပြုအမူက လူတော်တော်များများ၏အာရုံကိုဆွဲဆောင်သွားခဲ့ပြီး လော့ဝမ်ချွမ်းလည်းစိတ်ဆိုးသွားခဲ့သည်။
သို့ရာတွင် တရားခံလေးသူ့ရှေ့ရောက်နေသည့်အချိန်၌ ရင်တွင်းရှိဒေါသက အနည်းငယ်ပင်မကျန်တော့။
လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲမျက်ဝန်းထဲရှိ အပြစ်မကင်းရိပ်ကိုတွေ့ချိန်၌ သူ့အားအခက်တွေ့အောင် မေးခွမ်းမထုတ်နိုင်တော့ပဲဖြစ်သွားသည်။ သူက လေသံမာမာကို ပြန်လျှော့လိုက်ပြီး...
"ညဥ့်နက်တဲ့အထိ ကစားနေတာလား..."
ယွမ်ရှင်းကျဲ ခဏတာ အံ့အားသင့်သွားသည်။ လော့ဝမ်ချွမ်းက ဒီကိစ္စကိုလွယ်လွယ်လွှတ်ပေးလိုက်မည်ဟု သူ မမျှော်လင့်ထားပေ။
သူဌေးကို နှောင့်ယှက်တဲ့ဝန်ထမ်းတစ်ယောက်က သေချာပေါက်အလုပ်ထုတ်ခံရမှာမဟုတ်ဖူးလား...
"မစ္စတာရစ်ချတ်က ကျွန်တော့်မှာ အနိုင်ယူချင်တဲ့စိတ်ဓာတ်မရှိဘူးလို့ ပြောတယ်လေ....ဒါကြောင့် ကျွန်တော် စီနီယာနဲ့ တိုက်ခိုက်ကြည့်ချင်တယ်...”
လော့ဝမ်ချွမ်းက မျက်ဝန်းကိုအောက်စိုက်လိုက်ကာ...
"ငါ့ကိုအနိုင်ရဖို့ အရမ်းစိတ်အားထက်သန်နေတာလား...”
ယွမ်ရှင်းကျဲကခေါင်းညိတ်ပြပြီး လေးနက်သည့်လေသံနှင့်ပြောသည်။
"ဟုတ်တယ် စီနီယာ့ကို ကျွန်တော်အနိုင်ယူချင်တယ်...”
ယွမ်ရှင်းကျဲက ထိုသို့ပြောခြင်းသည် သိပ်ကောင်းမည်မဟုတ်ဟုခံစားလိုက်မိသည့်အတွက် ခေါင်းကုတ်လိုက်ပြီး
"ပြိုင်ပွဲမှာအနိုင်ယူချင်တယ်လို့ပြောတာပါ...စိတ်ထဲမထားပါနဲ့...”
လော့ဝမ်ချွမ်း၏မျက်ဝန်းများက ယွမ်ရှင်းကျဲ မျက်နှာပေါ်တွင် အကြာကြီးစိုက်ကြည့်နေခဲ့သည်။ သူ့အောက်နှုတ်ခမ်းထောင့်လေးများ ရုတ်တရက်မြင့်တက်သွားကာ...
"နောက်တစ်ခါ တိုက်ခိုက်ချင်ရင် ကိုယ့်ကိုတိုက်ရိုက်လာရှာပါ...”
ယွမ်ရှင်းကျဲက လော့ဝမ်ချွမ်းကို ကြောင်တက်တက်ကြည့်ကာ ချက်ချင်းပြုံးလိုက်သည်။
106.2
ရုတ်တရက် သူက အခြားအရာတစ်ခုကို သတိရသွားပြီး လော့ဝမ်ချွမ်းကို မေးလိုက်သည်။
“ဒါနဲ့လေ ကျွန်တော်နားမလည်တာရှိသေးတယ်...နိုင်ချင်တဲ့စိတ်ရှိခြင်းမရှိခြင်းက အဲ့လောက်အရေးပါလို့လား...”
လော့ဝမ်ချွမ်းက တုံဆိုင်းခြင်းအလျဥ်းမရှိပဲ ပြန်ဖြေသည်။
“အရေးပါတာပေါ့...”
ယွမ်ရှင်းကျဲ သူ့ကိုထပ်မမေးပဲမနေနိုင်။
“ဒါဆို လူသားနဲ့မက်ခါတစ်သားထဲဖြစ်ဖို့အတွက် အနိုင်ရယူလိုစိတ်ကအရေးကြီးတာလား...”
“ဟုတ်တာပေါ့...” လော့ဝမ်ချွမ်းက ပြန်ဖြေသည်။
စိတ်ပျက်မှုအနည်းငယ်က ယွမ်ရှင်းကျဲမျက်ဝန်းထဲတွင်ဖြတ်သန်းသွားကာ “ဒါပေမယ့် ပြိုင်ပွဲမှာနိုင်နိုင်ရှုံးရှုံး ကျွန်တော့်အတွက်အရေးမှမကြီးတာ...”
လော့ဝမ်ချွမ်းက သူ့အားကြည့်ရင်းအသံနိမ့်နိမ့်နှင့်မေးလိုက်သည်။
“မင်းက မနိုင်ချင်ဘူးလား...”
“ထင်တာပဲ...” ယွမ်ရှင်းကျဲအသံက မရည်ရွယ်ပဲအားပျော့သွားကာ “ပြိုင်ဘက်က စီနီယာမဟုတ်ဖူးဆိုရင် နိုင်သွားရမှာက စိတ်ဝင်စားစရာမကောင်းဘူး...”
လော့ဝမ်ချွမ်း ကြောင်အသွားခဲ့သည်။
ယွမ်ရှင်းကျဲစကားလူံးများက သူ့ကိုအံ့သြစေသည်။
မည်သို့ပင်ဖြစ်စေ သူနှင့်ယွမ်ရှင်းကျဲတို့ယှဥ်ပြိုင်ရစဥ်က အဆင့်တူပြိုင်ဘက်များတွင်ရှိတတ်သော အရှိန်အဝါကိုခံစားမိခဲ့သည်ပင်။
သူက မရည်ရွယ်ပဲပြုံးလိုက်မိသည်။
ယွမ်ရှင်းကျဲက အပေါ်ကိုမော့ကြည့်လိုက်ချိန်တွင် သူ့ကိုကြည့်ရင်းပြုံးနေသော လော့ဝမ်ချွမ်းကိုတွေ့လိုက်ရ၏။
“နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ငါအရမ်းအားနည်းတယ်ရဲ့ တစ်ဦးတည်းသောရန်သူအဖြစ် သတ်မှတ်ခံရတာ အရမ်းကိုဂုဏ်ယူမိပါတယ်...”လော့ဝမ်ချွမ်းက စနောက်နေရင်း လေးနက်စွာပြောလာသည်။
“မင်းခုလိုပြောတာကြားရတော့ နောက်တခါငါတို့ပြိုင်တဲ့အခါကျရင် မရှုံးအောင်သေချာလုပ်ရတော့မှာပဲ...”
ယွမ်ရှင်းကျဲက အဆိုပါစကားများကို သဘောတကျဖြင့် ပြန်လည်ချေပလိုက်သည်။
“ကျွန်တော်က အဲ့ဒီ့လောက်နာမည်ဆိုးထွက်နေတာလည်း မဟုတ်ပါဘူးနော်...”
တစ်မိနစ်လောက်အကြာတွင် လော့ဝမ်ချွမ်းက အပြုံးကိုပြန်လည်ရုတ်သိမ်းလိုက်ပြီး အလေးအနက်သတိပေးသည်။ “ဒါပေမယ့် မင်းတစ်ခုကိုတော့အသေအချာမှတ်ထားရလိမ့်မယ်...အနာဂတ်မှာ မက်ခါတွေက စစ်ပွဲအတွက်လက်နက်ဖြစ်ပြီးတော့ ငါတို့တွေက အဲဒီ့လက်နက်တွေကို အသုံးပြုရမယ့်စစ်သားတွေပဲ...အကယ်၍စစ်သားတစ်ယောင်မှာ အနိုင်ရလိုစိတ်မရှိဘူးဆိုရင် လက်နက်ရဲ့အကောင်းဆုံးအခြေအနေကို ဘယ်လိုလုပ်ပြီးအသုံးပြုနိုင်ပါ့မလဲ...”
လော့ဝမ်ချွမ်းက ဤကဲ့သို့ရှည်ရှည်ဝေးဝေးပြောခဲလေသည်။
လော့ဝမ်ချွမ်းစကားများက ယွမ်ရှင်းကျဲလျစ်လျူရှုထားမိသည့် အတိမ်းအစောင်းခံ၍မရသောအမှန်တရားကို ထောက်ပြနေခဲ့သည်။
ယွမ်ရှင်းကျဲ၏ အရင်ဘဝတစ်လျှောက်လုံးတွင် ဆေးရုံ၌သာကုန်ဆုံးခဲ့ရပြီး စစ်ပွဲကိုမကြုံခဲ့ဖူးချေ။ သူ့အနေဖြင့် လူသားများ၏ရှင်သန်နိုင်စွမ်းကို အတိုင်းအတာတစ်ခုအထိတိုးတက်စေသည့် မက်ခါများကိုဒီဇိုင်းဆွဲရန် ပို၍စိတ်အားထက်သန်နေသော်လည်း တကယ်တမ်းတွင် မက်ခါများကစစ်ပွဲများအတွက်လိုအပ်ခြင်းဖြစ်သည်။
လက်နက်ကိုသဘောကျ၍ တိုက်ခိုက်ကြသောစစ်သားမရှိ။
“ဒါပေါ့...အခုတော့ ပြိုင်ပွဲသက်သက်ပဲလေ...”
လော့ဝမ်ချွမ်းက ခဏရပ်ပြီးဆက်ပြောသည်။
“စစ်ပွဲထဲမှာလိုမျိူး ခံယူချက်ကြီးကြီးမားမားမရှိလည်း မင်းမှာလိုအပ်တဲ့ကျွမ်းကျင်မှုရှိနေသရွေ့ အနိုင်ရနေဦးမှာပဲ...”
ယွမ်ရှင်းကျဲက တစ်ဖက်လူသူ့အားနှစ်သိမ့်ပေးနေသည်ကို နားလည်ဟန်ဖြင့်ခေါင်းညှိတ်လိုက်သည်။
သို့ရာတွင် လော့ဝမ်ချွမ်းမျက်ဝန်းများထဲ၌ မက်ခါကိုချစ်၍တိုက်ခိုက်နေခြင်း ဟူသောခံယူချက်အား သဘောမကျကြောင်း သူတွေ့နေရလေသည်။
စစ်မြေပြင်မဟုတ်သော်လည်း ပြိုင်ကွင်းမှာသဘောတရားချင်းအတူတူပင်။
“လူသားနဲ့မက်ခါတစ်သားထဲဖြစ်မှုကတော့…” လော့ဝမ်ချွမ်းက ခဏတွေးရင်းပြောသည်။ “ကိုယ်တော့အဲ့ဒါနဲ့ပတ်သတ်ပြီး အထွေအထူးမလေ့လာခဲ့ဖူးဘူး...တိုက်ပွဲရဲ့အရေးပါပုံကို နားလည်လာတဲ့အခါ မင်းက မင်းရဲ့မက်ခါအတွက်အရာအားလုံးကိုပေးချင်လာလိမ့်မယ်...ပြီးတော့ အဲဒီခံစားချက်က မင်းကို ပိုသန်မာလာစေလိမ့်မယ်...”
ယွမ်ရှင်းကျဲ အသက်ပြင်းပြင်းရှူလိုက်မိသည်။ သူလျှောက်ရမည့်လမ်းမှာ အဝေးကြီးကျန်နေသေးသည်။
“ကျေးဇူးပါ စီနီယာ...ကျွန်တော်နားလည်ပါပြီ... ”
တံခါးနားတွင် နှစ်ဦးသားရပ်ရင်းစကားပြောနေခဲ့သည်မှာ အတော်လေးကြာသွားပြီဖြစ်သည်။ ယွမ်ရှင်းကျဲသတိပြုမိချိန်၌ အနည်းငယ်ရှက်သလိုဖြစ်သွားကာ အအေးခန်းထဲမှအအေးတစ်ဘူးကိုသွားယူလိုက်သည်။
လော့ဝမ်ချွမ်းက လည်သာဆိုဖာပေါ်တွင်ထိုင်ရင်း အအေးခန်းအောက်ရှိပန်းအိုးပေါ်အကြည့်ရောက်သွားသည်။
သူက ယွမ်ရှင်းကျဲကမ်းပေးသည့်အအေးဘူးကိုယူရင်း “ပန်းစည်းက ဘယ်သူပေးတာလဲ...”
ယွမ်ရှင်းကျဲက လော့ဝမ်ချွမ်းကြည့်နေသောနေရာကိုလိုက်ကြည့်ပြီးနောက်..: “အိုး...ပန်းစည်းကို ပရိသတ်ကပို့ပေးတာလေ...အဲဒါကို စောင့်ဆိုင်းခန်းထဲမှာ ကျွန်တော်မေ့ပြီးထားခဲ့မိလို့ အော်ရီရယ်က ပြန်ယူလာပေးတာ...သူကကျွန်တော်တိုက်ခိုက်တာကိုကြည့်ဖို့လာခဲ့တာ တဲ့...ပန်းအိုးကိုအဆင်သင့်တွေ့တာနဲ့ အလှဆင်ထားလိုက်တာ...”
“တကယ်လား...” လော့ဝမ်ချွမ်းက အအေးတစ်ငုံသောက်လိုက်ပြီးနောက် ပန်းများထံလျှောက်သွားရင်းပြောသည်။
“သူစိမ်းတွေဆီကနေ ပန်းမယူသင့်ဘူး...”
“ကျွန်တော် တစ်ယောက်ဆီကကြားခဲ့တယ်...ဒီပန်းကို နိုအာလို့ခေါ်ပြီး နိုအာကြယ်ကလာတာတဲ့...ဘာမှမဖြစ်ပါဘူး...ဟုတ်တယ်မဟုတ်လား...”
လော့ဝမ်ချွမ်းက ပန်းအိုးကိုအသေအချာစိုက်ကြည့်ရင်းစူးစမ်းပြီးနောက်.. “အင်း...ပုံမှန်ပါပဲ..အန္တရာယ်မရှိဘူး...”
သင်းပျံ့သော နိုအာပန်း၏ရနံ့က အခန်းတွင်းဝေ့ဝဲနေကာ သက်တောင့်သက်သာဖြစ်နေစေသည်။
“နောက်တောင်ကျနေပြီ...နောက်တစ်ခါ ငါနဲ့ယှဥ်တိုက်ချင်ရင် တိုက်ရိုက်လာရှာနော်...” လော့ဝမ်ချွမ်းက ဆိုဖာဆီသို့ပြန်လျှောက်လာကာ ကိုယ်ကိုကိုင်းညွှတ်ရင်း ယွမ်ရှင်းကျဲလက်ထဲရှိအအေးဘူးနှင့် သူ့အအေးဘူးတို့ကို ထိခတ်စေလိုက်သည်။
“ကိုယ်သွားပြီနော်...”
ထို့နောက် သူကလှည့်ထွက်လိုက်သည်။ သူ့နောက်ကျောက ရှည်လျားကာဖြောင့်မတ်ဟန်အပြည့်ပင်။
ယွမ်ရှင်းကျဲက ခဏကြာမှသတိပြန်ဝင်လာပြီး အယောင်ယောင်အမှားမှားဖြင့် အအေးသောက်လိုက်မိသည်။
လော့ဝမ်ချွမ်းထိသွားသောအအေးက..
ပို၍ချိုမြနေသလိုလို...
xxxxxx