Chapter 107
ရှင်းဟိုင်တက္ကသိုလ်နှင့် ကယ်လီတိုမက်ခါတက္ကသိုလ်ကြားပြိုင်ပွဲက တစ်ပါတ်အကြာ၌ စတင်မှာဖြစ်သည်။
ကြားဖြတ်ကာလတွင် NCLM စီစဉ်သူက ကစားသမားများအား သီးသန့်လေ့ကျင့်ရေးနေရာနှင့်အစည်းအဝေးခန်းကို နေရာချထားပေးသည်။
မနက်တိုင်း ကျောင်းအဖွဲ့သားများ နေ့စဉ်လေ့ကျင့်မှုပြီးသည်နှင့် နည်းပြက တိုက်ခိုက်နည်းဗျူဟာများ ဆွေးနွေးရန် အစည်းအဝေးခေါ်လေ့ရှိသည်။
ယနေ့တွင် စိန့်ကလီတိုတက္ကသိုလ်နှင့် ရှင်းဟိုင်တက္ကသိုလ်၏အစည်းအဝေးခန်းမက ဘေးချင်းကပ်ဖြစ်သွားခဲ့သည်။
“တစ်ယောက်ချင်းပြိုင်တာနဲ့ အုပ်စုလိုက်ပြိုင်တာကို ငါနေရာညှိထားတယ်... ”
ရစ်ချက်က ပြောသည်။
“ဟဲဟောင်မင်..မင်း ချီယုနဲ့ကာလက်ကိုခေါ်သွားရမယ်... ခယ့်လိုင်...မင်းကအက်ရှလေနဲ့နေရာလဲရမယ်... ပြီးတော့…ယွမ်ရှင်းကျဲ မင်းကတစ်ယောက်ချင်းစီပြိုင်ရမယ်...”
အားလုံးက ရစ်ချက်ရဲ့အစီအစဥ်ကြောင့် အံ့သြသွားကြသည်။
တကယ်တမ်းတွင် ရစ်ချက်က ယွမ်ရှင်းကျဲကို သဘောကျခြင်းမရှိချေ။
ယခုတွင်မူ တစ်ဦးခြင်းပြိုင်ပွဲကို ယုံယုံကြည်ကြည်ဖြင့် လွှဲပေးနေသည်။
“ကြည့်...ညီလေးယွမ်...မင်းအရင်တစ်ခါကောင်းကကောင်းလုပ်နိုင်လို့ အသိအမှတ်ပြုခံရတာတွေ့လား...”
အော်ရီရယ်က ယွမ်ရှင်းကျဲနားနားကပ်ကာ တီးတိုးဆိုသည်။
“ခယ့်လိုင်တို့၊ ကာလက်တို့ထက် မင်းကအများကြီးပိုသန်မာတယ် သိလား…”
သို့ရာတွင် ယွမ်ရှင်းကျဲက အဆိုပါကိစ္စနှင့်ပတ်သတ်၍ စိတ်ခံစားချက်မကောင်း။ တစ်ဦးချင်းပြိုင်ရမည်ဆိုကတည်းက သူ့ပုခုံးပေါ်ရှိတာဝန်မှာ ပို၍ကြီးလေးသွားပြီဖြစ်သည်။
ရစ်ချက် ဆက်ပြောသောအကြောင်းအရာများကြောင့် ယွမ်ရှင်းကျဲအပေါ် လူတိုင်းကစိုးရိမ်သွားကြ၏။
“စိန့်ကလီတိုက တစ်ဦးခြင်းပြိုင်ပွဲကို အရမ်းအလေးထားတယ်...အရင်နှစ်တုန်းက သူတို့ဘက်ကလွန်လို့ပြစ်ဒဏ်သတ်မှတ်ရတယ် ဆိုတာမျိုးမရှိပေမယ့် သူတို့ကြောင့်ပြိုင်ပွဲစည်းမျဥ်း အတော်များများကိုပြောင်းလိုက်ရတာ...အခုနှစ်တွေတော့ တိုက်ခိုက်တဲ့နေရာမှာ ထိန်းထိန်းသိမ်းသိမ်းရှိလာပေမယ့် ပြိုင်ပွဲမှာညစ်တတ်တုန်းပဲ...”
ရစ်ချက်ကပြောရင်း စိန့်ကလီတိုနှင့်ယွမ်ရှန်းတိုက်
ခိုက်သည့် ဗီဒီယိုတစ်ခုကိုဖွင့်ပြသည်။
ဗီဒီယိုတွင် စိန့်ကလီတိုမှအဖွဲ့ဝင်နှစ်ဦးသည် ယွမ်ရှန်းအဖွဲ့ဝင်အား ဝန်းရံထားသော်လည်း အမြန်ဖယ်ရှားခြင်းမပြုခဲ့ပေ။
အဆိုပါအဖွဲ့ဝင်နှစ်ဦးက ပြိုင်ဘက်ကစားသမားကို မီးခိုးဗုံးများနှင့်တိုက်ခိုက်လိုက်သည်။ ထို့နောက် တတိယအဖွဲ့ဝင်က ကစားသမား၏မျက်နှာကို အလင်းကြာပွတ်ဖြင့် ရိုက်ချလိုက်လေသည်။
စည်းမျဥ်းများချိုးဖောက်ခြင်းမရှိသော်လည်း ကြည့်ရှုရသည်မှာ မသက်သာလှပေ။
ယွမ်ရှန်းမှ အခြားအသင်းဖော်နှစ်ဦးက ကူညီရန်လာချိန်တွင် စိန့်ကလီတိုမှလူများက အဆိုပါကစားသမား၏ မက်ခါအားအဆစ်များလှုပ်၍မရအောင်ရိုက်ချိုးလိုက်ပြီး ယွမ်ရှန်းမှမက်ခါများထံ ပစ်ချလိုက်သည်။
ယွမ်ရှန်းမှမက်ခါများက သူတို့ထံပစ်ဝင်လာသောမက်ခါအား ဖမ်းနိုင်ခြင်းမရှိခဲ့ပဲ သုံးဦးစလုံးလဲကျကုန်ကာ ထို့နောက် စိန့်ကလီတိုမှမက်ခါများ၏ ဝန်းရံခြင်းခံလိုက်ရတော့သည်။
အားလုံးက သူတို့၏အပြုအမူမှာ အလွန်အမင်းဖြစ်လွန်းသည်ဟု ခံစားလိုက်ရသည်။
သို့ရာတွင် တစ်ဦးချင်းပြိုင်ပွဲကိုကြည့်ရချိန်၌မူ သူတို့ပို၍အံ့သြတုန်လှုပ်သွားကြ၏။
ပိုင်ကျားရှီဟူသည့် မက်ခါမောင်းနှင်သူက Sအဆင့်ကြယ်တံခွန်မက်ခါကို မောင်းနှင်သည်။ သူက တစ်ဦးခြင်းပြိုင်ရာ၌ ကင်းမြှီးကောက်လိုအကျင့်စရိုက်မျိုးရှိပြီး သူ၏တိုက်ကွက်များမှာ ရက်စက်ပြင်းထန်လှသည်။
ဗီဒီယိုထဲ၌ သူကပြိုင်ဘက်မက်ခါကိုတက်နင်းထားသည်။ ဒိုင်ရေတွက်နေသည့် အမှတ်စဥ်အတိုင်း အဆိုပါမက်ခါ၏လက်ချောင်းများကို တစ်ချောင်းချင်းချိုးနေခဲ့သည်။
ထိုအသံက ပြိုင်ကွင်းတစ်ခုလုံးကြားရလောက်အောင်ပင် ပဲ့တင်ထပ်နေပြီး လူများကိုစိတ်မသက်မသာဖြစ်စေလေသည်။
ဆယ်စက္ကန့်အကြာတွင် ပြိုင်ဘက်၏လက်ချောင်းအားလုံးကျိုးကျေသွားခဲ့သည်။
လက်ချောင်းကျိုးကျေသွားသည့် ပြိုင်ဘက်ခမျာ့ ဘဝတစ်လျှောက်လုံး ဒိုင်၏အမှတ်စဥ်ရေတွက်သံအား နားထောင်နိုင်စွမ်းမရှိတော့သည်အထိ စိတ်တွင်းတွင် အရိပ်မည်းကြီးထင်ဟပ်နေတော့မှာပင်။
“ဒါက…” အော်ရီရယ် မယုံနိုင်ခဲ့။ “ဒီလိုတိုက်ခိုက်ပုံကြီးက အရမ်းရွံစရာကောင်းတာပဲ...”
ရစ်ချက်က တည်ငြိမ်စွာဖြင့်..“သူတို့ဆီမှာ ဘယ်သူ မှအားမနည်းဘူး...နည်းပြတွေကအစ ပြိုင်ဘက်ကို စိတ်ဓာတ်စစ်ဆင်ရေးဘယ်လိုလုပ်ရမယ်ဆိုပြီး နည်းစနစ်အားလုံးသင်ပေးထားတာ...နိုအာကျောင်းရဲ့ပထမရတဲ့လူတောင် သူတို့နဲ့ယှဥ်မတိုက်ချင်ဘူး...ငါတို့ကနောက်တပါတ်ကျရင် အဲ့ဒီ့လိုလူတွေနဲ့ယှဥ်ပြိုင်ရမှာ...ဒါ့ကြောင့် ပြိုင်ပွဲမတိုင်ခင် အားလုံးအဆင်သင့်ဖြစ်နေကြဖို့ မျှော်လင့်ပါတယ်…”
ရစ်ချက်က ဖိုင်ကိုဖွင့်လိုက်ပြီး တစ်ဦးချင်းအလိုက်လုပ်ပေးထားသော နည်းဗျူဟာစာဖိုင်များကို ကမ်းပေးလိုက်၏။
ယွမ်ရှင်းကျဲက သူ့အတွက်ရစ်ချက်စီစဥ်ပေးထားသည်ကိုဖတ်ကြည့်ရာ၌ ထိပ်တိုက်ရင်ဆိုင်ရမည့်အစား ညစ်ပတ်သောလှည့်ကွက်များကိုအသုံပြုရန် ဗျူဟာရေးဆွဲထားကြောင်းတွေ့လိုက်ရသည်။ သူပို၍ အကောက်ကြံရတော့မလိုပင်။
ထို့ကြောင့် ယွမ်ရှင်းကျဲက ရစ်ချက်ကိုပြောလိုက်သည်။
“နည်းပြ ကျွန်တော်ကြည့်ရသလောက်နည်းနည်းများပိုနေသလားလို့...ဆရာကျိုးကတောင် ကျွန်တော့်ကို ဉာဏ်များလွန်းတယ်လို့ ချီးကျူးလေ့ရှိတယ်...”
“စိန့်ကလီတိုနဲ့ဆိုရင် မင်းဉာဏ်များပုံလောက်နဲ့မလုံလောက်ဘူး...”
ရစ်ချက်က အလေးအနက်ပြောသည်။
. “မင်းရဲ့အကျင့်စာရိတ္တကို စွန့်ပယ်ရုံတင်မဟုတ်ဘူး...လူ့ကျင့်ဝတ်ကိုလည်း ဖယ်ရှားပစ်ရမယ်...သူတို့ထက်ဆိုးတာက သူတို့လုပ်သမျှခံရတာထက်တော့ပိုသာတယ်မဟုတ်လား...မင်းမလုပ်နိုင်ရင် မင်းရဲ့ကြောင်ကိုလုပ်ခွင့်ပေးလိုက်ပါ...”
ယွမ်ရှင်းကျဲက ရစ်ချက်သူ့ကိုစနောက်နေသည်ဟု ထင်နေသော်လည်း အဖွဲ့ဝင်အားလုံးကမူ ခေါင်းတညှိတ်ညှိတ်လုပ်ရင်းထောက်ခံနေကြသည်ကို တွေ့လိုက်ရပြီးနောက်
“…ကျွန်တော် အကောင်းဆုံးကြိုးစားပါ့မယ်...”
တစ်ချိန်ထဲတွင် စိန့်ကလီတိုရှိအဖွဲ့ဝင်များကလည်း ကပ်လျှက်အခန်းတွင် အစည်းအဝေးလုပ်နေကြသည်။
စိန့်ကလီတို၏နည်းပြဖြစ်သူ ဂါမာက “ငါတို့ရဲ့ပန်းတိုင်က အနိုင်ရဖို့ပဲ...ငန်းနက်ကြယ်စုရဲ့ဂုဏ်ကို မြှင့်တင်ရမယ်ဆိုတာသဘောပေါက်ပါ...ငါတို့စိန့်ကလီတိုတက္ကသိုလ်က အနိုင်ရကိုရရမယ်...”
ငန်းနက်ကြယ်စုက ဝေးလံခေါင်သီသောနေရာတွင် တည်ရှိပြီး အင်ပါယာ၏ စွန့်ပစ်ကြယ်စုများပါရှိသောနယ်နိမိတ်နှင့် အနည်းငယ်သာဝေးသည်။ အတိတ်ကာလတွင် အရင်းအမြစ်ရှားပါးမှုနှင့် လူဦးရေနည်းပါးမှုတို့ကြောင့် ဖွံ့ဖြိုးတိုးတက်မှုမရှိခဲ့ချေ။
သို့ရာတွင် NClM အတွင်း စိန့်ကလီတိုရှိသန်မာသောတပ်သားသစ်များ ရုတ်တရက်ထွက်ပေါ်လာမှုက ဘုရင့်တပ်မတော်အထက်ပိုင်းအရာရှိများ၏အာရုံကို အပြည့်အဝရယူနိုင်ခဲ့သည်။
ထိုအချိန်မှစ၍ ငန်းနက်ကြယ်စုက အရင်းအမြစ်များစွာကို မမျှော်လင့်ပဲရရှိခဲ့သည်။ အဆိုပါကြယ်စုရှိတိုးတက်မှုဆိုင်ရာ အညွှန်းကိန်းများသည် လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်း သိသိသာသာမြင့်တက်လာခဲ့ပြီး အနာဂတ်ရှိစစ်တပ်အင်အားမှာ ငန်းနက်ကြယ်စုအပေါ်မူတည်သည်ဟူ၍ပင် ပြောစမှတ်တွင်လာခဲ့လေသည်။စိန့်ကလီတိုတက္ကသိုလ်က ထိုသို့ပြောရသည့်အဓိကအကြောင်းအရင်းပင်။
ထို့ကြောင့် စိန့်ကလီတိုရှိကျောင်းသားများရင်ထဲတွင် အကယ်၍များရှုံးနိမ့်သွားပါက သူတို့ကြယ်စုသည် အရင်အခြေအနေသို့ ပြန်ရောက်သွားမည်ဟူသောအတွေးက အမြဲစိုးမိုးနေလေ့ရှိသည်။
ဂါမာက မှတ်ဉာဏ်တုမှတဆင့် အချက်အလက်များကိုပို့ဆောင်လိုက်ပြီး..."ရှင်းဟိုင်တက္ကသိုလ်က ကျောင်းသားတွေရဲ့ အားနည်းချက်တွေအားလုံး ဒီအထဲမှာရှိတယ်...ရင်ဆိုင်တဲ့အခါကျရင် အသုံးပြုဖို့သေချာမှတ်ထားပါ... ”
ကျောင်းလက်ရွေးစင်အသင်းအားလုံးက တစ်ဖက်အသင်း၏အားနည်းချက်များကို ခွဲခြမ်းစိတ်ဖြာရလေ့ရှိသည်။
သို့သော် စိန့်ကလီတိုက ကွဲပြားသည်။ သူတို့က ပြိုင်ဘက်၏မက်ခါမောင်းနှင်ခြင်းဆိုင်ရာ အားနည်းချက်ကိုတင်မက သူတို့ကိုယ်ပိုင်ဘဝရှိ အားနည်းချက်များကိုပါ လေ့လာလေ့ရှိသည်။
ပြိုင်ဘက်မက်ခါ၏ အားနည်းချက်များနှင့် ပုဂ္ဂိုလ် ရေးဆိုင်ရာ အားနည်းချက်များကိုသိရှိပြီးသည်နှင့် အဆိုပါအားနည်းချက်များကို ဖိနှိပ်ရန် နည်းလမ်းအားလုံးကိုအသုံးပြုပြီး စည်းမျဉ်းများကိုမသိမသာဖောက်ဖျက်နေခြင်းမှာ စိန့်ကလီတို ၏ တိုက်ခိုက်ရေးပုံစံဖြစ်သည်။
“အာရုံစိုက်ရမယ့်ပြိုင်ပွဲဝင်ရှိလား...” စိန့်ကလီတို၏ခေါင်းဆောင်ဖြစ်သူ ပိုင်ကျားရှီက နည်းပြအားမေးလိုက်သည်။
107.2
ဂါမာက မျက်ဝန်းများမှိတ်ကာ စဥ်းစားလိုက်ရင်း... “လော့ဝမ်ချွမ်းကိုရင်ဆိုင်ရမှာတော့ နည်းနည်းဒုက္ခများလိမ့်မယ်...ဒါပေမယ့် နောက်ထပ်တစ်ယောက်ထပ်ရှိသေးတယ်...အဲ့ဒါက ယွမ်ရှင်းကျဲ...”
ပိုင်ကျားရှီက မှတ်ဉာဏ်တုမျက်နှာပြင်ရှိ ယွမ်ရှင်းကျဲအားကြည့်လိုက်သည်။
“ ဒီကောင်ရဲ့ဇာစ်မြစ်ကို ငါမသိဘူး...သူက အိုမီဂါတစ်ယောက်ဖြစ်ပေမယ့် လှည့်ကွက်နည်းနည်းသုံးတတ်တယ်...” ဂါမာက လှောင်ပြောင်လိုက်သည်။
“အိုမီဂါရဲ့ ချို့ယွင်းချက်ကတော့သိသာပါတယ်...ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုမရှိတာပဲ...သူနဲ့ဘယ်သူပဲတွေ့တွေ့. အရမ်းကြီးဂရုစိုက်နေစရာမလိုဘူး...အစပိုင်းမှာကတည်းက အပေါ်စီးကဖိနှိပ်ထားပြီး အဆုံးသတ်ခါနီးကျရင်စိတ်ဒဏ်ရာရအောင် လုပ်ဖို့မမေ့ပါနဲ့...သူ့မှာ စိတ်ပိုင်းဆိုင်ရာအရိပ်တစ်ခုရသွားခဲ့ရင် အနာဂတ်မှာငါတို့ထပ်တိုက်ရခဲ့သည်ရှိသော် ပိုပြီးလွယ်ကူလိမ့်မယ်...”
ပိုင်ကျားရှီက သူ၏ရှည်လျားကျဥ်းမြောင်းသောမျက်ဝန်းများကို မျက်တောင်တစ်ချက်ခတ်လိုက်ရင်း “နည်းပြ...ဒါကရက်စက်ရာမကျဘူးလား...”
“မင်းကောင်းကောင်းကျွမ်းကျင်တဲ့ကိစ္စပဲမဟုတ်ဖူးလား...”
ဂါမာက မေးခွန်းနှင့်တုံ့ပြန်လိုက်သည်။
ပိုင်ကျားရှီက နှုတ်ခမ်းထောင့်လေးများကိုကော့ညွှတ်လိုက်ကာ ပြုံးလိုက်သည်။
“ဒါဆို ကျွန်တော်သူနဲ့တွေ့ရမှာပဲ...ယှဥ်မတိုက်ရရင်တော့ စိတ်မကောင်းတောင်ဖြစ်မိလိမ့်မယ်ထင်ရတယ်...ဘာပဲဖြစ်ဖြစ် သူကအိုမီဂါတစ်ယောက်ပဲမဟုတ်လား...”
သူ့အသံထဲတွင် သနားရိပ်ထင်ဟပ်နေခဲ့၏။
အသင်းနှစ်သင်းက အစည်းအဝေးခန်းမအပြင်ထွက်ရာတွင် တစ်ဖက်အသင်းနှင့် ထိပ်တိုက်တွေ့ကြလေသည်။
လေထုက အပ်ကျသံပင်မကြားရလောက်အောင် တိတ်ဆိတ်သွားခဲ့သည်။
ဂျက်ကော့၏ မောက်မာမှုနှင့်နှိုင်းယှဉ်ပါက စိန့်ကလီတိုက အနည်းငယ်နိမ့်ကျနေဟန်ရသည်။ အနောက်ပိုင်းကြယ်စုတွင် ရိုးရှင်းမှုများရှိသလို ယဥ်ပါးအောင်လုပ်ယူ၍မရသော တောရိုင်းများလည်း ရှိသည်။
ဂါမာက ရှေ့ကိုလျှောက်သွားရင်း တောက်ပစွာပြုံးလိုက်သည်။
“ဒီမှာတွေ့မယ်လို့မထင်ထားဘူး …”
ထို့နောက် ယွမ်ရှင်းကျဲကိုကြည့်ရင်း “အိုး...အိုမီဂါတစ်ယောက်ပါလား...ဘယ်သူကများမင်းနဲ့ယှဥ်တိုက်ဖို့အခွင့်အရေးရမှာပါလိမ့်...ပိုင်ကျားရှီ...မင်းဘယ်လိုမြင်လဲ...”
ပိုင်ကျားရှီက ရှေ့သို့တိုးလာရင်း ယွမ်ရှင်းကျဲအား သိချင်စိတ်အပြည့်ဖြင့်ကြည့်လိုက်သည်။ ထို့နောက် ရိုးရှင်းစွာပြုံးရင်း...
“အင်ပါယာကြယ်က အတော်လေးနေလို့ကောင်းတဲ့ပုံပဲ...စိန့်ကလီတိုမပြောနဲ့ ငန်းနက်ကြယ်စုမှာတောင် ဒီလောက်ကြည့်ကောင်းတဲ့အိုမီဂါ မတွေ့ဖူးဘူး...”
လော့ဝမ်ချွမ်းက အဆိုပါစကားများကိုကြားပြီး မသက်မသာခံစားလိုက်ရသဖြင့် ယွမ်ရှင်းကျဲရှေ့မှပိတ်ရပ်ကာ ထိုသူတို့အမြင်ကိုကွယ်လိုက်သည်။
“မင်းတို့ ဂျက်ကော့ကိုနိုင်လာတယ်ဆို...”
ဂါမာက ရှင်းဟိုင်၏အဖွဲ့သားများကိုကြည့်ရင်း
“ငါတကယ့်ကို ထင်မထားဘူး...”
ယွမ်ရှင်းကျဲက အဆိုပါနည်းပြ၏မျက်ဝန်းထဲတွင် ဓားတစ်ချောင်းဖွက်ထားသည်ဟုခံစားရသည်။ ပိာင်ကျားရှီ၏မျက်ဝန်းများကမူ မုဆိုးတစ်ယောက်ကသားကောင်ကိုချောင်းနေသလိုပင်။ သူ့အားမသက်မသာဖြစ်စေသည်။
“မင်းတို့ ယွမ်ရှန်တက္ကသိုလ်ကိုနိုင်လာတယ်ဆိုတာကလည်း မယုံနိုင်စရာပါပဲ...” ယွမ်ရှင်းကျဲက ဂါမာကိုတည့်တည့်ကြည့်လိုက်ရင်း အပြုံးနှင့်ပြောသည်။
(TN: ကြောက်တော့ကြောက်တယ်...ဒါပေမယ့် စွာတယ်)
လေထုက အနည်းငယ်အေးစက်စက်ဖြစ်လာခဲ့သည်။
“ငါနောက်ပြိုင်ပွဲကို စောင့်ကြည့်နေမယ်...”
ယွမ်ရှင်းကျဲအပေါ်သို့ ဝေ့ဝဲကြည့်လိုက်ရင်း ဂါမာ၏အပြုံးက မှိန်ဖျော့သွားခဲ့သည်။
“ဘယ်လောက်ထိကံကောင်းနိုင်မလဲ ကြည့်ကြသေးတာပေါ့...”
“ငါတို့က ကံတရားအပေါ်မှီခိုစရာမလိုဘူး...” ရစ်ချက်က မျက်နှာသေနှင့်ပြောသည်။
“ဂါမာ...မင်းကအရင်အတိုင်းပဲ...စကားပြောပုံကအစ စိတ်ပျက်စရာကောင်းတယ်...”
“ဟုတ်လား...ငါတော့မထင်ပါဘူး...ဒါဆို ပြိုင်ပွဲမှာဆုံကြမယ်နော်…”
ထို့နောက် ယဥ်ကျေးစွာပြုံးပြရင်း စိန့်ကလီတိုအသင်းကိုဦးဆောင်ကာ ထွက်ခွာသွားခဲ့သည်။
အဖွဲ့နှစ်ဖွဲ့က ရှေ့ဆင့်နောက်ဆင့်လျှောက်လာကြသည်။ ရှင်းဟိုင်အဖွဲ့သားများက မပြုံးနိုင်ကြသော်လည်း စိန့်ကလီတိုမှလူများကမူ အေးအေးဆေးဆေးသာဖြစ်သည်။
ယွမ်ရှင်းကျဲပင် ပြိုင်ပွဲဗီဒီယိုရှိရက်စက်ယုတ်ညံ့သည့်လူက သူတွေ့လိုက်ရသော ပိုင်ကျားရှီနှင့် အတူတူဖြစ်ကြောင်း ယုံရခက်လေသည်။ နောက်ရက်များတွင် ရှင်းဟိုင်းကျောင်းအဖွဲ့မှ အဖွဲ့ဝင်များက နေ့ဘက်တွင် အပြင်းအထန်လေ့ကျင့်ခဲ့သည်။ စိန့်ကလီတိုသည် ခက်ခဲသောပြိုင်ဘက်ဖြစ်သောကြောင့်သာမကပဲ ၎င်းတို၏အပြုအမှုကြောင့်လည်းပါသည်။
ရှင်းဟိုင်းကျောင်းအဖွဲ့မှ လူတိုင်းသည် ထိုကဲ့သို့သောအသင်းအား မရှုံးလိုကြပေ။ ညဘက်တွင် ယွမ်ရှင်းကျဲက သူ့အခန်းသို့ပြန်လာသည့်အခါ ဂိမ်းအခန်းငယ်တစ်ခုနှင့်အတူ လော့ဝမ်ချွမ်းကိုတွေ့လိုက်ရသည်။
“ဒါကိုဘာလို့ ဒီယူလာတာလဲ...”
လော့ဝမ်ချွမ်းက မျက်ခုံးများပင့်လိုက်ရင်း ပြောသည်။
“မင်းရဲ့ အနိုင်ယူချင်စိတ်ကို လှုံ့ဆော်ပေးမလို့လေ...နည်းဗျူဟာရှာတဲ့နေရာမှာလည်း နည်းနည်းကူမလားလို့...”
ယွမ်ရှင်းကျဲက ခေါင်းကုတ်လိုက်သည်။ “စီနီယာ့ကို အနှောင့်အယှက်ပေးနေမိလိမ့်မယ်…”
“မင်းပဲပြောတယ်လေ...ငါ့ကိုပဲ မင်းကအနိုင်ရချင်တာဆို...ဒီလိုဆိုမှတော့ မင်းရဲ့အနိုင်လိုချင်စိတ်ကို လှုံ့ဆော်ပေးဖို့က ငါ့တာဝန်ဖြစ်သွားပြီမဟုတ်လား...”
လော့ဝမ်ချွမ်း ကြိုးကြိုးစားစား အလုပ်လုပ်နေသည်ကို မြင်လိုက်ရသည့်အခါ ယွမ်ရှင်းကျဲအနေဖြင့် သူ့ကို ဂိမ်းအခန်းငယ်အားသယ်ယူရန် ကူညီပေးရုံသာတတ်နိုင်တော့သည်။
xxxxxx