Chapter 108
၎င်းတို့နှစ်ဦးသည် မက်ခါစတားသို့ပြိုင်တူလော့အင်ဝင်လိုက်ကြသည်။ သို့သော် ဦးဆောင်သူစာရင်းပေါ်ရှိ “L” အမည်ကို ယွမ်ရှင်းကျဲ ရှာဖွေသောအခါ အဆိုပါIDအစား "ဒါဆို မင်းကို ငါကာကွယ်မယ်" ဟူသည့် IDကို ပထမနေရာတွင်တွေ့လိုက်ရသည်။
“ဘာဖြစ်တာလဲ...” ယွမ်ရှင်းကျဲက တစ်ဖက်ရှိဂိမ်းအခန်းငယ်ကို ထုရိုက်လိုက်သည်။
“သာ့ချွမ်း...သာ့ချွမ်း...မင်းရဲ့IDမရှိတော့ဘူး...”
လော့ဝမ်ချွမ်းက အခန်းငယ်အပြင်သို့ခေါင်းပြူကြည့်လိုက်သည်။ အခုလေးတင် ခေါင်းဆောင်းကိုချွတ်ထားသည့်အတွက် သူ့ဆံပင်လေးများက အနည်းငယ်ရှုပ်ပွနေလေသည်။
“မရှိတော့ဘူးလား...”
ယွမ်ရှင်းကျဲ ခေါင်းညှိတ်လိုက်ရင်း “ဟုတ်တယ်...ပထမနေရာက တခြားIDကြီး…”
လော့ဝမ်ချွမ်းက ခပ်တည်တည်နှင့်ဘာမှမသိသလိုဟန်ဆောင်ကာ...”ငါခုနကကြည့်တာတော့ ငါ့ID ကထိပ်ဆုံးမှာရှိပါတယ်...”
ထို့နောက် သူကအခန်းငယ်ထဲပြန်ဝင်သွားကာ တံခါးပေါက်က အလိုအလျှောက်ပိတ်သွားခဲ့သည်။
ယွမ်ရှင်းကျဲက စိတ်ရှုပ်သွားကာ ဂိမ်းအခန်းထဲဝင်ပြီး ထပ်မံစစ်ဆေးရန်ပြင်ချိန်၌ သူ့ထံသို့စာအမြောက်အမြားဝင်လာသည်။
တစ်ခုကိုနှိပ်လိုက်ချိန်တွင် ရှီးပေါ်လိုင်ထံမှစာဝင်လာလေသည်။
(ရေခဲခြစ်လာစားလှည့်ပါ: မင်းပြောတော့ ဂိမ်းဆော့ဖို့အချိန််မရှိပါဘူးဆို...ခုကျမင်းကတစ်ယောက်ယောက်နဲ့ဒိတ်နေပြီပေါ့...)
(ရေခဲခြစ်လာစားလှည့်ပါ: ဒီဂိမ်းက မင်းတို့ဒိတ်ဖို့လုပ်ထားတယ်ထင်နေကြတာလား...စုံတွဲIDတောင်ထားလိုက်ကြသေးတယ်...အရမ်းမလွန်လွန်းဘူးလား)
ခဏအကြာတွင် ယွမ်ရှင်းကျဲက ရှီးပေါ်လိုင်၏စကားများကို နားလည်သွားခဲ့သည်။
ယွမ်ရှင်းကျဲ အချိန်အတော်ကြာ ဘာပြောရမှန်းမသိဖြစ်သွားခဲ့သည်။
'ဒါဆို ငါမင်းကိုကာကွယ်ပေးမယ်' က အတူယှဥ်ဆော့ရန် စာပို့လာသည့်အခါသူသတိပြန်ဝင်လာခဲ့၏။
ယွမ်ရှင်းကျဲ ချက်ချင်းလက်ခံမည့်အစား စာပြန်ပို့လိုက်သည်။
(ငါက အရမ်းအားနည်းတယ်): “စီနီယာ...ID ကိုဘာလို့ပြောင်းလိုက်တာလဲ...”
မေးပြီးသည့်နောက် ယွမ်ရှင်းကျဲရင်ခုန်လာခဲ့သည်။
သူဘာ့ကြောင့် ဤမျှစိတ်လှုပ်ရှားနေရမှန်းလည်း သူ မသိ။
[ဒါဆို ငါမင်းကိုကာကွယ်မယ်]: “မင်းပဲ အားနည်းတယ်ဆို...”
ယွမ်ရှင်းကျဲက တံတွေးမြိုချလိုက်ရင်း စခရင်မျက်နှာပြင်ကို နီးကပ်စွာကြည့်နေမိသည်။ လော့ဝမ်ချွမ်းဘာကိုဆိုလိုချင်မှန်း သူနားမလည်ချေ။
နောက်တစက္ကန့်၌ စာထပ်ရောက်လာသည်။
[ဒါဆို ငါမင်းကိုကာကွယ်ပေးမယ်]: “ကိုယ်က ကိုယ့်ရဲ့စက်ပြင်ဆရာလေးကို ကာကွယ်ပေးရမှာပေါ့...”
ယွမ်ရှင်းကျဲက ထိုစာကိုဖတ်ပြီးနောက် အနည်းငယ်စိတ်ဓာတ်ကျသွားပြီး ခံစားချက်တချိုက သူ့မျက်နှာတွင်ထင်ဟပ်လာသည်။
တစ်စုံတစ်ရာကို ဆုံးရှုံးလိုက်ရသလိုပင်။
သူ့ဦးနှောက်က ပုံမှန်မလည်ပတ်တော့ဘူးပဲ...
ရှီးပေါ်လိုင်ပြောသည့်အတိုင်း လော့ဝမ်ချွမ်း၏လုပ်ရပ်ကို အထင်လွဲတော့မလိုပင်…
[ငါက အရမ်းအားနည်းတယ်]: “အထင်လွဲခံရမှာ မစိုးရိမ်ဘူးလား...”
[ဒါဆို ငါမင်းကိုကာကွယ်ပေးမယ်]: “ဘယ်လို အထင်လွဲတာလဲ...”
ID နှစ်ခုကိုယှဥ်တွဲမြင်ရသည့်အခါ ရှေ့သွားနောက်လိုက်ညီနေပြီး ယွမ်ရှင်းကျဲရင်ထဲတွင် ရှင်းပြ၍မရသောခံစားချက်များပေါ်ပေါက်လာခဲ့သည်။
သူက ခေါင်းခါလိုက်ရင်း အတွေးမလွန်မိစေရန် ကိုယ့်ကိုယ်ကိုယ်သတိပေးလိုက်လေသည်။
[ငါက အရမ်းအားနည်းတယ်]: “ဘာမှမဟုတ်ပါဘူး...စ ရအောင်...”
ခဏအကြာတိတ်ဆိတ်သွားပြီးနောက် လော့ဝမ်ချွမ်းက ယှဥ်ဆော့ရန်တောင်းခံမှု နောက်ထပ်တစ်စောင်ထပ်မံပို့လာ၏။ ယွမ်ရှင်းကျဲ လက်ခံလိုက်သည့်ခလုတ်အားနှိပ်လိုက်သောအခါ ဂိမ်း၏ပင်မစာမျက်နှာ၌ စာကြောင်းတစ်ခုပေါ်ထွက်လာသည်။
[ကစားသူ (ငါက အရမ်းအားနည်းတယ်)က ကစားသူ (ဒါဆို ငါမင်းကိုကာကွယ်ပေးမယ်) ၏ ယှဥ်တိုက်ရန်တောင်းဆိုချက်ကို လက်ခံလိုက်သည်။]
နှစ်ဦးသား၏ IDနာမည်များအပေါ် အားလုံးက ထင်မြင်ချက်များရေးလာကြသည်။
“မဖြစ်နိုင်တာ...L ကသူ့ နာမည်ကိုအချစ်အတွက်ပြောင်းလိုက်တာလား...”
“ဟဲ့...Lက ငါကအရမ်းအားနည်းတယ် ကို မကြိုက်ဖူးမလား...”
“ငါထင်တာ သူတို့ကတစ်ယောက်နဲ့တစ်ယောက်လှည့်စားနေကြတာလားလို့...Lကယှဥ်တိုက်ရတာမကြိုက်ဖူး...ငါကအရမ်းအားနည်းတယ် ဆိုတဲတစ်ယောက်ကတော့ တိုက်ပွဲဆိုရင်ပြေးနေတာပဲမလား...ဒါပေမယ့် သူတို့နှစ်ယောက်ဆုံရင်တော့ ယှဥ်ဆော့ကြတယ်လေ...”
“နှစ်ယောက်က အချစ်မှာကျဆုံးသွားတဲ့နောက် တစ်ယောက်နဲ့တစ်ယောက်လိုက်သတ်နေကြတာလား”
“တိုက်ပွဲပြီးတာနဲ့ တူတူလူးလိမ့်ကြရောပေါ့...”
“အပေါ်ကတစ်ယောက်...နိုးထစမ်းပါ...ဒါကဂိမ်းသက်သက်ပဲလေ...ဘယ်လိုလုပ်ပြီးလူးလိမ့်လို့ရမှာလဲ...”
“တစ်ခန်းထဲတူတူဆော့နေတာလည်းဖြစ်နိုင်တာပဲ...”
“ဟားဟား...မဖြစ်နိုင်တာ...မင်းအရမ်းတွေးလွန်းနေပြီ...”
လူအများအပြားက သူတို့၏ဆက်ဆံရေးကိုခန့်မှန်းနေကြမှန်း လော့ဝမ်ချွမ်းရော ယွမ်ရှင်းကျဲပါ မသိကြ။
ဂိမ်းထဲဝင်ပြီးနောက် ယွမ်ရှင်းကျဲက ကြယ်နှစ်ထပ်မက်ခါကိုရွေးပြီး လော့ဝမ်ချွမ်းက အလင်းဓားမက်ခါကိုရွေးခဲ့သည်။
ပြိုင်ပွဲစသည်နှင့် စောစောကယောက်ယက်ခတ်နေသောအတွေးများပျောက်ကွယ်သွားပြီး ယွမ်ရှင်းကျဲစိတ်ထဲတွင် လော့ဝမ်ချွမ်းကိုအနိုင်ရရန်တစ်ခုသာ ကျန်ရှိတော့သည်။
အချိန်က တစ်မိနစ်ပြီးတစ်မိနစ်ကုန်သွားခဲ့ပြီး နှစ်ဦးသား ပြင်းထန်စွာတိုက်ခိုက်နေခဲ့ကြရာ ဘေးမှကြည့်သူအဖို့ ထိုနှစ်ယောက်ကိုခွဲခြားမြင်ရန်ပင် ခက်ခဲနိုင်သည်။
ယွမ်ရှင်းကျဲ၏အခန်းက တိတ်ဆိတ်နေသော်လည်း ဂိမ်းထဲတွင်မူ ဓားများနှင့်လက်နက်များ အဆက်မပြတ်အသုံးပြုနေခဲ့၏။
သူက တစ်ဖက်လူကို အခွင့်အရေးလုံးဝမပေးချေ။
ယွမ်ရှင်းကျဲက ပြိုင်ပွဲကြောင့်စိတ်လှုပ်ရှားနေသည်။ သူ့ခန္ဓာကိုယ်ရှိဆဲလ်တိုင်းက အနိုင်ရချင်စိတ်များနှင့်ပြည့်နှက်နေပြီး အလင်းဓားမက်ခါ၏လှုပ်ရှားမှုများကို မျက်ခြေမပြတ်စောင့်ကြည့်နေသည်။
ထိုစဥ် လူသားနှင့်မက်ခါတစ်သားထဲဖြစ်မှုကို အနည်းငယ်သဘောပေါက်လာသလိုရှိလာခဲ့သည်။
လူက မက်ခါကိုထိန်းချုပ်ခြင်းမျိုးမဟုတ်ပဲ လူကိုယ်တိုင်က မက်ခါဖြစ်နေခြင်းပင်။
ဖန်သားပြင်မှမြင်ရသော အကြောင်းအရာများက မိမိပတ်ဝန်းကျင်ရှိ တကယ့်ရှုခင်းများကဲ့သို့ဖြစ်လာသည်။ အလင်းဓားမက်ခါ၏ တုန်ခါမှုနှင့်အသံတစ်ခုစီက ယွမ်ရှင်းကျဲ၏စိတ်ထဲတွင် ပဲ့တင်ထပ်သွားသည်။
မိနစ် ၃၀ကြာသည်အထိ အနိုင်အရှုံးမကွဲပြားခဲ့။
စနစ်က မက်ခါ၏ပျက်စီးမှုကို နှိုင်းယှဉ်ပြီးနောက် အနည်းငယ်အသာစီးရလဒ်ဖြင့် ယွမ်ရှင်းကျဲအနိုင်ရကြောင်း ဆုံးဖြတ်ခဲ့သည်။
ယခုတိုက်ပွဲ၏ကြာချိန်က အရင်တစ်ခါကထက်တိုတောင်းပြီး နှစ်ဦးကလက်ရည်ညီလာသည်ဟု ပြော၍ရလေသည်။
108.2
ယွမ်ရှင်းကျဲက လော့ဝမ်ချွမ်း၏လုပ်ဆောင်မှုအပေါ် အံ့သြဘနန်းဖြစ်နေဆဲပင်။ မာစတာတစ်ယောက်အတွက်တောင်မှ ထိုအမြန်နှုန်းက လန့်စရာကောင်းလှသည်။
ဂိမ်းထဲမှထွက်ပြီးသည်နှင့် ယွမ်ရှင်းကျဲ ဆိုဖာပေါ်ပစ်လှဲလိုက်သည်။ သူ၏ပင်ပန်းနေသောမျက်ဝန်းများ၌ မပြီးပြတ်သေးသောကိစ္စများ ထင်ဟပ်နေသည်။
၎င်းမှာ လော့ဝမ်ချွမ်းနှင့်ယှဥ်ပြိုင်ပြီးတိုင်း ဖြစ်နေကျပင်။ ပြိုင်ဘက်ကိုနိုင်ချင်စိတ်ဖြင့် ရေကုန်ရေခမ်းတိုက်ခိုက်ရင်း တကယ်တမ်းနိုင်သွားသည့်အခါ ခြေကုန်လက်ပမ်းကျသွားခြင်းဖြစ်သည်။
လော့ဝမ်ချွမ်းက ရေတစ်ခွက်ကိုင်၍စောင့်နေသည်။ သူက ယွမ်ရှင်းကျဲကို ထူးမခြားနားမေးလိုက်သည်။ “ဘယ်လိုလဲ...”
“ကျွန်တော် နည်းနည်းတော့သဘောပေါက်လာပြီထင်တယ်...”
ယွမ်ရှင်းကျဲက ရေတစ်ငုံသောက်လိုက်ရင်း
“ကျွန်တော် အနိုင်ရချင်စိတ်ပိုများလာတော့ မက်ခါရဲ့စွမ်းအားကို အမြင့်ဆုံးအသုံးပြုချင်လာတယ်...ကျွန်တော့်အာရုံကြောတွေက မက်ခါရဲ့ဆက်သွယ်ရေးစနစ်နဲ့ အတူတူဖြစ်သွားသလိုပဲ...”
လော့ဝမ်ချွမ်း ကြောင်အသွားသည်။ ဤတစ်ကြိမ်ထဲနှင့် လူသားမက်ခါတစ်သားထဲဖြစ်မှု၏ အဓိကအချက်ကို ယွမ်ရှင်းကျဲသဘောပေါက်သွားမည်ဟု သူ မမျှော်လင့်ထားပေ။
မက်ခါ၏အမြင့်ဆုံးစွမ်းအင်ကို အသုံးပြုလိုပါက တစ်စုံတစ်ယောက်၏ အာရုံခံစနစ်က မက်ခါဆက်သွယ်ရေးစနစ်ကဲ့သို့ အလုပ်လုပ်ဖို့လိုအပ်သည်။
၎င်းက လူသားမက်ခါတစ်သားထဲဖြစ်မှုပင်။
ရစ်ချက်က အဆိုပါအကြောင်းအရာကြောင့် ယွမ်ရှင်းကျဲတွင် အနိုင်ယူလိုစိတ်ရှိရန်လိုအပ်ကြောင်း ထောက်ပြခဲ့ခြင်းဖြစ်သည်။
“ကံမကောင်းတာက ကျွန်တော် အပြည့်အဝမလုပ်နိုင်သေးဘူး...”
ယွမ်ရှင်းကျဲက ဂိမ်းဆော့သောအခန်းအား ရှူပ်ထွေးသောမျက်ဝန်းများဖြင့်ကြည့်ရင်း
“ဖြစ်နိုင်တာက မက်ခါကိုမထိခိုက်စေချင်တဲ့ တိုက်ခိုက်မှုပုံစံအတိုင်းပဲ အကြာကြီးတိုက်ခဲ့လို့ထင်တယ်…”
“အရင်ကတည်းက ဆော့နေကျလား...” လော့ဝမ်ချွမ်းက မေးလိုက်သည်။
“ကြည့်ရတာတော့ မင်းလက်ရှိတိုက်ခိုက်တဲ့ပုံစံက ပိုပြီးလိုက်ဖက်တယ်လို့ ငါထင်တယ်...”
ယွမ်ရှင်းကျဲက တိုက်ပွဲတစ်လျှောက်လုံး ပြိုင်ဘက်မက်ခါကိုအေးအေးဆေးဆေးလေ့လာရင်း အားနည်းချက်များကိုရှာဖွေကာ တိုက်စစ်အမျိုးမျိုးပြောင်းလဲတိုက်ခိုက်ခဲ့သည်။
သူက ဉာဏ်ကြီးရှင်တစ်ဦးပင်။
သို့သော် သူ့အနေဖြင့် "လူသား-စက်ပေါင်းစည်းမှု" အခြေအနေသို့ မဝင်ရောက်နိုင်သည်မှာလည်း ဖြစ်နိုင်သည်။
ယွမ်ရှင်းကျဲက သူ့ကိုယ်သူတွန်းအားပေးနေခြင်းကိုရပ်တန့်လိုက်သည်။ သူက လော့ဝမ်ချွမ်းကိုပြုံးကာကြည့်လိုက်ပြီး...
“ကျွန်တော့်ကို ကူညီပေးတာကျေးဇူးပါ...”
ရုတ်တရက် လော့ဝမ်ချွမ်း၏ IDအသစ်က သူ့ခေါင်းထဲရောက်လာသည်။ သူက ပုံမှန်မဟုတ်သောအမူအရာဖြင့်
“ဒါနဲ့လေ...IDက...အရမ်းသိသာလွန်းမနေဘူးလား...”
“ဟွန်...ဘယ်လိုသိသာတာလဲ...”
လော့ဝမ်ချွမ်းက ဆိုဖာပေါ်တွင်ခြေချိတ်ထိုင်လိုက်ရင်း ပျော်ရွှင်စွာစနောက်လိုက်သည်။
“မင်းက အဆင့်၈မှာပဲရှိသေးတာလေ...အကယ်၍ မင်းကိုယ်နဲ့ဘေးချင်းယှဥ်နိုင်တဲ့အထိ rank တက်လာရင်တော့တစ်မျိုးပေါ့...”
သူ့ဘေးရှိ ယွမ်ရှင်းကျဲက တုံးအအလေးကြည့်နေသည်။ ခဏကြာမှ..
“အဲ့တာ...အဲ့တာသိပ်မကောင်းဘူးထင်တယ်...”
စုံတွဲ ID တွေဖြစ်နေတာတောင် နည်းနည်းတစ်မျိုးဖြစ်နေတာ...အဲ့ဒီ့ ID တွေက ပထမနဲ့ဒုတိယသာဆိုရင်...
လော့ဝမ်ချွမ်းက မျက်ခုံးပင့်ရင်းမေးသည်။
“ဒါမှမဟုတ် ကိုယ်အဆင့်၇ကိုဆင်းလာပေးရမလား...”
(TN: သူကျီစားနာ)
“ဟမ်...စီနီယာ့မှာ အမှတ်တွေဒီလောက်များတာ...အဆင့်၇ထိဆင်းဖို့ဆို တော်တော်အချိန်ကြာမှာပဲ...”
“ဒါလည်းမှန်တာပဲ...” လော့ဝမ်ချွမ်းက သူ့ကိုကြည့်ရင်း... “အဲ့ဒီ့တော့ အဆင့်တက်အောင်ကြိုးစားဖို့က မင်းတာဝန်ဖြစ်သွားပြီ...”
ပြောပြီးပြီးချင်း လော့ဝမ်ချွမ်းက မတ်တပ်ရပ်လိုက်ကာ လှည့်ထွက်သွားသည်။ ယွမ်ရှင်းကျဲက သူ့နောက်ကျောကို ငေးကြည့်နေမိသည်။
အတည်ကြီးပြောနေတာလား...
“အကယ်၍ မင်းပျင်းနေရင်...” လော့ဝမ်ချွမ်းက လှည့်ကြည့်လိုက်ကာ အပြုံးကလေးနှင့်ပြောလာသည်။ “ကိုယ်မင်းကို လေ့ကျင့်ပေးမယ်လေ...”
လော့ဝမ်ချွမ်းက ဂိမ်းထဲရှိအလင်းဓားမက်ခါနှင့်တိုက်ခိုက်ချိန်တွင် အလွန်လျှင်မြန်လှသည်။ ယွမ်ရှင်းကျဲ၏ ခြားနားသောတိုက်ခိုက်နည်းနှင့်မတူပဲ သူတိုက်ခိုက်သည့်ဗျူဟာမှာ လူအားလုံးသိသော ပြဌာန်းစာအုပ်ထဲရှိနည်းလမ်းများသာဖြစ်သည်။
"အဲ့လိုရတယ်ဆို ကျွန်တော့်အတွက် အဆင်ပြေတာပေါ့...”
ယွမ်ရှင်းကျဲက မဆိုင်းမတွသဘောတူလိုက်သည်။
လော့ဝမ်ချွမ်းထွက်သွားသည့်အခါ ယွမ်ရှင်းကျဲကဆိုဖာပေါ်တွင် ဆက်လှဲနေရင်း မျက်နှာကြက်ကိုငေးနေမိသည်။
ခဏအကြာ၌ သူကမျက်မှောင်ကြုတ်ရင်း မကျေမချမ်းရေရွတ်လိုက်သည်။
“လော့ဝမ်ချွမ်းက ဘာလို့ဒီလောက်ကလေးဆန်ရတာလဲ”
ယွမ်ရှင်းကျဲ ပိုတွေးလေလေ ပို၍မှားယွင်းသည်ဟု ခံစားရလေလေပင်။
“ငါကရော ဘာကိစ္စနဲ့ အဲ့လိုကလေးဆန်တဲ့ကိစ္စမျိုးကို သဘောတူလိုက်ရတာတုန်း...”
အချိန်အတော်ကြာတွေးနေသော်လည်း သူ့မှာအဖြေပေါ်မလာခဲ့။ ယွမ်ရှင်းကျဲက သက်ပြင်းချလိုက်ကာ
“မေ့လိုက်တော့...ဘော့စ်ပြောတဲ့အတိုင်းပဲလုပ်ရအောင်...”
သူ့ဟာသူမသိလိုက်ခင် ထထိုင်မိသွားခဲ့သည်။
သို့သော် မကြာခင် ပို၍အရေးကြီးသောအရာတစ်ခုက ယွမ်ရှင်းကျဲ၏စိတ်ကို သိမ်းပိုက်သွားခဲ့သည်။ သူက "လူသား-စက်ပေါင်းစပ်မှု"အခြေအနေသို့မဝင်ရောက်နိုင်သေးချေ။
စိန့်ကလီတိုက ငါနဲ့ပြိုင်ရမယ်တစ်ယောက်သာ အဲ့လိုလုပ်နိုင်နေရင်ရော...အကယ်၍ အဲ့လိုသာဆို ငါအနိုင်ရဖို့ခက်လိမ့်မယ်...
ယွမ်ရှင်းကျဲက အနိုင်ယူရန်နည်းလမ်းအား စတင်စဥ်းစားခဲ့လေသည်။
xxxx