အပိုင်း ၁၀၉
Viewers 21k

Chapter 109


ယွမ်ရှင်းကျဲက  သူ့မက်ခါ၏အချက်အလက်များနှင့်  စိန့်ကလီတိုဘက်ရှိ တစ်ဦးချင်းပြိုင်ဆိုင်မှုတွင်ကစားနိုင်ခြေအရှိဆုံးဖြစ်သည့် ကစားသမားထံမှ အချက်အလက်များနှင့်အတူ ခန့်မှန်းဆော့ဖ်ဝဲလ်တွင် တွက်ချက်ကြည့်လိုက်သည်။ အနိုင်ရနိုင်ချေက ၄၀ ရာခိုင်နှုန်းထက်မပိုခဲ့ချေ။ 


အကယ်၍များ စိန့်ကလီတိုဘက်မှ လုပ်နေကျအတိုင်း ရက်စက်သောလှည့်ကွက်တချို့သုံးလာလျှင် သူရှုံးနိုင်ချေပို၍များမှာဖြစ်သည်။


စိန့်ကလီတိုက ကစားသမားတိုင်းလိုလိုပင် သန်မာကြ၏။ 


ဤနေ့ရက်များတွင် ယွမ်ရှင်းကျဲက တိုက်ခိုက်နည်းဗျူဟာများ တောက်လျှောက်စဥ်းစားနေခဲ့သည်။


သူ့တွင် အကြံအများအပြားပေါ်ထွက်လာခဲ့သည်။ မည်သည့်အချိန်ကတည်းကမှန်း သတိမထားမိသော်လည်း သူ၏ကာယအင်အားနှင့် စိတ်ခွန်အားကလည်း အတော်လေးတိုးတက်လာခဲ့လေသည်။


လော့ဝမ်ချွမ်းကပင် သူ့အမြန်နှုန်းကြောင့် အံ့အားသင့်နေခဲ့သည်။


၃ရက်အကြာတွင် အသင်းရှိအဖွဲ့ဝင်များအားလုံး၏ စိတ်ခွန်အားကို ရစ်ချက်ကစစ်ဆေးခဲ့သည်။ ယွမ်ရှင်းကျဲ၏စိတ်စွမ်းအားက Aအဆင့်မှ ၄၉ ရာခိုင်နှုန်း ကျော်လွန်နေပြီဖြစ်ကြောင်းတွေ့လိုက်ရသည့်အခါ လော့ဝမ်ချွမ်းမျက်ဝန်းများထဲ၌ အံ့သြမှုတစ်ချို့ဖြတ်ပြေးသွားခဲ့သည်။


ကျောင်းတွင်စစ်ဆေးစဥ်က ယွမ်ရှင်းကျဲ၏စိတ်စွမ်းအားမှာ Aအဆင့်သို့ဝင်ရောက်ကာစသာရှိသေးသည်။


ခုကျ Aကိုတစ်ဝက်နီးပါးလောက်ကျော်နေပြီလေ...


“တနေ့တနေ့ မင်းဘာတွေများစားနေတာလဲ...”


ရစ်ချက်က သူ့ကိုငေးကြည့်ရင်း ဒေတာကိုမှတ်ထားရန်ပင် မေ့သွားသည်။


“နိုအာကြယ်ရဲ့ မြေတွေလေတွေက မင်းအတွက်ပိုသင့်လျော်နေတာများလား...ဒီအရှိန်နှုန်းက လန့်စရာကြီး...”


ဘေးရှိ အော်ရီရယ်က မျက်ရည်ကျချင်နေပြီဖြစ်သည်။ သူ့စိတ်စွမ်းအားမှာ အထက်တန်းကျောင်းကတည်းက Aအဆင့်ဖြစ်ပြီး ၈၅ ရာခိုင်နှုန်းကျော်ရန်အတွက် တစ်နှစ်ထက်ပို၍အချိန်ယူခဲ့ရသည်။ ယွမ်ရှင်းကျဲကတော့ ၄၉ ရာခိုင်နှုန်းသို့ ခဏလေးရောက်သွားလေသည်။


အိုမီဂါဖြစ်နေလို့များလား...


“အဲ့လိုသာဆိုရင် ဖိုင်နယ်ပွဲမရောက်ခင် သူ Sအဆင့်ထိရောက်သွားမှာမဟုတ်လား...” 


အက်ရှလေက တွေးတွေးဆဆဖြင့်


“ရှင်းကျဲက ဝှက်ဖဲအနေနဲ့သုံးလို့ရလောက်တယ်...”


ရစ်ချက်က အက်ရှလေ၏စကားကို ထောက်ခံလိုက်သည်။


“Aအဆင့်အိုမီဂါက အချိန်တိုတိုလေးအတွင်းမှာ Sအဆင့်ရောက်သွားမယ်လို့ ဘယ်သူမှမထင်ထားလောက်ဘူး...”


ထို့နောက် ကာယအားစစ်ဆေးရာတွင်လည်း ယွမ်ရှင်းကျဲ၏ကာယအားက Aအဆင့်ရောက်နေပြီဖြစ်သည်။


ဤသည်မှာ အရေးကြီးသောချိုးဖျက်မှုတစ်ခုပင်။ သူ့အနေနှင့် ခက်ခဲပင်ပန်းသောလေ့ကျင့်မှုများကို လုပ်ရကျိုးနပ်လေသည်။


လေ့ကျင့်ရေးပြီးချိန်၌ လော့ဝမ်ချွမ်းက ပြောသည်။


“တစ်လခွဲရေကုန်ရေခမ်းလေ့ကျင့်ရတာက အကျိုးရှိသားပဲနော်...”


“ကာယအားကိုတော့ တိုးတက်လာမယ်မှန်း ကျွန်တော်ခန့်မှန်းမိပါတယ်...”


ယွမ်ရှင်းကျဲကအကြောဆန့်ပြီးနောက် ပဝါတစ်ခုကိုယူကာ လော့ဝမ်ချွမ်းနဖူးပေါ်ရှိချွေးများကို သုတ်ပေးလိုက်သည်။


“စီနီယာက တောက်လျှောက်ကြီးကျပ်နေတာပဲလေ...ကျွန်တော့်ရဲ့ သုံးနပ်စာကိုတောင်စီစဥ်ပေးသေးတယ်…”


ယွမ်ရှင်းကျဲက တစ်ဖက်လူ၏ရှည်လျားကျဥ်းမြောင်းသောမျက်ဝန်းများအားစိုက်ကြည့်ရင်း နှုတ်ခမ်းထောင့်လေးများမြင့်တက်သွားသည်။


“ကျေးဇူးပါ..”


ယွမ်ရှင်းကျဲလက်ထဲမှပဝါက သူ့နဖူးကိုခပ်ဖွဖွလာထိချိန်တွင် လော့ဝမ်ချွမ်းလည်စလုတ်က အထက်အောက်ရွေ့လျားသွားခဲ့သည်။


“ကျေးဇူးတင်မနေပါနဲ့...ငါကမင်းကိုနည်းနည်းပိုဝစေချင်တာပါ...”


ယွမ်ရှင်းကျဲက လက်ထဲမှပဝါပြုတ်ကျတော့မလိုဖြစ်သွားသည်။


လော့ဝမ်ချွမ်းက သူ့စိတ်ထဲရှိအတက်အကျများကို သတိထားမိပုံရသည်။ တုန့်ဆိုင်းခြင်းမရှိပဲ သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ရင်း ဖြည်းညှင်းစွာထကာ မျက်နှာသုတ်ပုဝါကို ယူလိုက်သည်။


“ကိုယ့်ရဲ့မက်ခါပြင်ဆရာလေးကို ဘယ်သူမှလာပြီးအနိုင်ကျင့်ခွင့်မပေးနိုင်ပါဘူး...” 


လော့ဝမ်ချွမ်းက ချွေးများသုတ်ရင်းပြောလာသည်။


“စီနီယာက အရမ်းမိုက်တာပဲ...” 


ရုတ်တရက် ယွမ်ရှင်းကျဲတစ်စုံတစ်ခုကိုသတိရသွားသည်။ 


“စိတ်စွမ်းအားရုတ်တရက်တက်လာတာကိုတော့ ထူးဆန်းတယ်လို့ခံစားရတုန်းပဲ...”


လော့ဝမ်ချွမ်း မျက်မှောင်ကြုတ်လိုက်သည်။


“အမှန်တော့ ပြိုင်ပွဲတစ်ခုအတွင်း သူတို့ရဲစိတ်စွမ်းအားကို A ကနေ Sအထိ မြှင့်တင်နိုင်တဲ့ ကစားသမားဆိုတာ သမိုင်းမှာတစ်ခါမှမရှိခဲ့ဖူးဘူး…​ကြည့်ရတာ လမ်းမှာပိတ်နေတဲ့အရာတွေ ရုတ်တရက်ပျောက်ကွယ်သွားလို့များလား...”


“ဖြစ်နိုင်တယ်...” ယွမ်ရှင်းကျဲခဏတွေးပြီး ​ပြောလိုက်သည်။


အဲ့ဒီ့လိုဆိုမှ အရင်ရက်တွေတုန်းကလည်း စိတ်စွမ်းအားတက်လာတယ်မခံစားမိပါဘူး…


“စကားမစပ်...မင်းစိန့်ကလီတိုကကောင်ကို ဘယ်လိုတိုက်မလဲဆိုတာ စဥ်းစားပြီးပြီလား...”


လော့ဝမ်ချွမ်းကမေးလိုက်သည်။


ယွမ်ရှင်းကျဲခေါင်းညှိတ်ရင်း... “မက်ခါသားရဲကို နည်းနည်းထပ်ပြီးပြုပြင်မလို့လေ...သူ့ကိုဘာမှမလုပ်ပဲထားထားတာကြာပြီ...ဒီတစ်ကြိမ်တော့ ပိုပြီးကြီးမားတာတစ်ခုခု လုပ်နိုင်မယ်ထင်တယ်...”


ယွမ်ရှင်းကျဲမက်ခါမွမ်းမံမည့်အကြောင်းကိုကြားတိုင်း လော့ဝမ်ချွမ်းက ရှင်းပြလို့မရသော မျှော်လင့်နေမိခြင်းကို မရပ်တန့်နိုင်ပေ။ တစ်ဖက်လူက မည်ကဲ့သို့ပြောင်မြောက်သောအကွက်မျိုး ဖန်တီးလာမလဲဆိုသည့်အပေါ် သူအရမ်းသိချင်သည်။


“ကျွန်တော် ပစ္စည်းနည်းနည်းလိုနေတာ...အနီးအနားမှာရနိုင်ပါ့မလားမသိ...”


လော့ဝမ်ချွမ်းက ချက်ချင်းပြောလာသည်။


“ငါမင်းနဲ့ညကျရင် ညစျေးကိုလျှောက်ကြည့်ဖို့ အဖော်လိုက်ပေးမယ်လေ...ဒီရက်ပိုင်း ဥယျာဥ်ပျော်ပွဲစားရှိတော့ မက်ခါပစ္စည်းအစုံအလင်ကို ညစျေးမှာသက်သက်သာသာနဲ့ရောင်းနေကြတယ်...”


“တကယ်လား...စီနီယာ...နိုအာကြယ်အကြောင်းကို ဘာလို့အကုန်သိနေရတာလဲ... ”


“အပိုမစ်ရှင်အတွက် မကြာခဏရောက်ဖြစ်တယ်လေ....ဒါဆိုည ၇နာရီကျရင် သွားကြမယ်နော်...”


ယွမ်ရှင်းကျဲက သဘောတူလိုက်ပြီး အခန်းပြန်ကာ အဝတ်အစားလဲလိုက်သည်။


နိုအာမြို့တွင် တစ်နှစ်မှာနှစ်ခါပွဲတော်ကျင်းပပြီး အကြာကြီးကျင်းပလေ့ရှိသည်။


လူအားလုံးက ဒေသတွင်းဓလေ့ထုံးတမ်းများကိုတွေ့ကြုံခံစားနိုင်သည့်အပြင် ပြပွဲအတွင်းအလွန်သက်သာသောစျေးနှုန်းများဖြင့် အထူးထုတ်ကုန်များစွာကို ဝယ်ယူနိုင်သည်။ 


လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲ၏ တံခါးဆီသို့သွားပြီး ထွက်လာမည့်သူကို စောင့်ဆိုင်းလေသည်။ တံခါးဖွင့်လိုက်သည်နှင့် သူ့မျက်လုံးတွေက အနည်းငယ်အေးခဲသွားခဲ့သည်။


အများအားဖြင့် ယွမ်ရှင်းကျဲက ကျောင်းဝတ်စုံများ၊ လေ့ကျင့်ရေးအဝတ်အစားများနှင့် ၎င်း၏ရုပ်ရည်ကို ဖုံးကွယ်ထားလေ့ရှိသည့် ခပ်မှိန်မှိန်အဝတ်အစားများကို ၀တ်ဆင်လေ့ရှိသည်။ ယခုမူသူက ရောင်စုံသော ပေါ့ပေါ့ပါးပါးအင်္ကျီကို၀တ်ထားရာ သူ့တစ်ကိုယ်လုံး လင်းလက်တောက်ပနေပြီး နုပျိုသောခံစားချက်ကိုရစေသည်။

109.2


လေ့ကျင့်ရေးကာလပြီးဆုံးပြီးနောက် ဖြူဖွေးနွဲ့နှောင်းသောပုံရိပ်နေရာတွင် ကြွက်သားလိုင်းများနှင့်ယောက်ျားပီသသောပုံရိပ်က အစားထိုးလာလေပြီ။


“ဘာဖြစ်လို့လဲ...” ယွမ်ရှင်းကျဲက လော့ဝမ်ချွမ်းကိုကြည့်ရင်းမေးလိုက်သည်။


“ကျွန်တော့်အင်္ကျီက အရမ်းရိုးနေလို့လား...ပါတီပွဲက ကျွန်တော့်ကိုဝင်ခွင့်ပြုပါ့မလား...”


“…အင်း...” လော့ဝမ်ချွမ်း၏လည်စလုတ်ကရွေ့လျားသွားပြီးနောက် ပြန်ဖြေလိုက်သည်။


“သွားရအောင်...”


ပါတီပွဲကို နိုအာမြို့လယ်​ခေါင်ရှိ လူစည်ကားသောလမ်းများတွင် ကျင်းပလေ့ရှိသည်။ 


အရပ်မျက်နှာအားလုံးကိုဖြန့်ကျက်ထားသော ​လေကြောင်းလမ်း၏အောက်ရှိပွဲတော်က ရှေးကျသောခံစားချက်ကို ပေးစွမ်းနေခဲ့၏။ ရှည်လျားသောလမ်းနှစ်ဖက်လုံးတွင် ဈေးဆိုင်မျိုးစုံနှင့်ပြည့်နှက်နေသည်။ ဆိုင်အများစုတွင် နေရောင်ခြည်နှင့် နိုအာကြယ်မြေကို ကိုယ်စားပြုသည့် ရွှေနှင့်ကြေးဝါများဖြင့် အလှဆင်ထားသည်။ 


အမျိုးမျိုးသောအလံငယ်များနှင့် ရောင်စုံမီးပုံးပျံများက ဈေးဆိုင်များထက်တွင်လွင့်ပျံနေပြီး ညမီးရောင်များထိန်ထိန်လင်း​နေသည်။ ပါတီပွဲက အလွန်ရိုးရှင်းသော်လည်း အမှန်တကယ်တွင်မူ လျှို့ဝှက်ချက်များစွာကိုဖုံးကွယ်ထား​ခြင်းဖြစ်သည်။ 


​သစ်လွင်​သောအ၀တ်အစားများကို ၀တ်ဆင်ထားသည့်စက်ရုပ်များစွာက မျက်နှာထက်တွင် ဖော်ရွေသောအပြုံးများကိုတပ်ဆင်ရင်း ခရီးသွားများကို ယဥ်ကျေးစွာ​ကြိုဆိုနေသည်။ 


လော့ဝမ်ချွမ်းက ဥယျာဉ်ပါတီ၏တံခါးထံသို့ လျှောက်သွားသည်။ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် သူ့နောက်ကွယ်မှ မထင်မှတ်သောအသံတစ်ခုကို ရုတ်တရက်ကြားလိုက်ရသည်။ ထို့နောက် ယွမ်ရှင်းကျဲပါမလာမှန်းသတိထားမိသွားကာ ထိတ်လန့်သွားသည်။


နောက်ပြန်ကြည့်တော့လည်း ရှာမတွေ့ချေ။.


လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲလမ်းပျောက်နေပြီအထင်နှင့် အလျှင်အမြန်ရှာလိုက်သည်။ ထိုစဥ် ဂိတ်ဝ၌တားမြစ်ခံနေရသော ပုံရိပ်တစ်ခုကို မြင်လိုက်ရ၏။


ယွမ်ရှင်းကျဲက ဂိတ်ဝရှိစက်ရုပ်နှစ်ခု၏ပိတ်ဆို့ခံနေရခြင်းပင်။ သူက လော့ဝမ်ချွမ်းအား အကူအညီမဲ့စွာ လက်ဝေ့ယမ်းပြလိုက်သည်။


“စီနီယာ...ခဏနေပါဦး...ကျွန်တော့်ကိုဝင်ခွင့်မပေးဘူး...”


လော့ဝမ်ချွမ်းက စိတ်ရှုပ်သွားဟန်ဖြင့် စက်ရုပ်ကိုမေးလိုက်သည်။


“မင်း သူ့ကိုဘာလို့ဝင်ခွင့်မပြုရတာလဲ...”


“စိတ်မကောင်းပါဘူး...ညဘက်မှာ ကန့်သတ်အဆင့် ဖျော်ဖြေပွဲတချို့ရှိတယ်...”စက်ရုပ်က ပြုံးပြုံးလေးပြောသည်။


 “အရွယ်မရောက်သေးတဲ့လူတွေ ညဘက်မဝင်ရဘူး...”


လော့ဝမ်ချွမ်းက ​ကြောင်တောင်​တောင်ဖြစ်သွားသည်။


သူကယွမ်ရှင်းကျဲကိုကြည့်လိုက်သည်။ 


သူဒီဇိုင်းနည်းနည်းပြောင်းလိုက်ရုံနဲ့ စက်ရုပ်ကသူ့ကိုအရွယ်မရောက်သေးတဲ့လူလို့ ထင်သွားတာလား...


လော့ဝမ်ချွမ်းက ချောင်းဟန့်လိုက်ပြီး ရယ်ချင်စိတ်မနည်းထိန်းနေရသည်။


“ရယ်နေတယ်ပေါ့လေ...စီနီယာ...ကျွန်တော်မလိုက်တော့ပဲနေမှာနော်…”


“မင်းရဲ့ မှတ်ပုံတင်ကိုပြလိုက်လေ...” လော့ဝမ်ချွမ်းက နှုတ်ခမ်းတင်းတင်းစေ့ကာ ပြုံးရင်းပြောသည်။


“အရွယ်မရောက်သေးတဲ့လူလို့ အထင်ခံလိုက်ရတာနဲ့ မင်းရဲ့IQပါကျသွားပြီလား...”


ယွမ်ရှင်းကျဲက သူ၏မှတ်ဉာဏ်တုကိုဖွင့်လိုက်ပြီး စက်ရုပ်၏ကြိုးမဲ့ကွန်ပြူတာထဲသို့ သူ့အချက်အလက်ကိုထည့်သွင်းကာ တိုးတိုးလေးပြောသည်။


"တော်ကြာ အချက်အလက်အတည်ပြုတာကြာနေရင် စီနီယာကအဝေးကြီးရောက်သွားမှာပေါ့...ကျွန်တော်အဲ့ဒါကြောင့်လှမ်းခေါ်လိုက်တာပါနော်…”


လော့ဝမ်ချွမ်း အံ့သြသွားသည်။


စက်ရုပ်က အချက်အလက်ကိုအတည်ပြုပြီး​နောက် လက်နှစ်ဘက်ယှက်ကာ ယွမ်ရှင်းကျဲကိုတောင်းပန်ရှာသည်။


“တောင်းပန်ပါတယ်...နားလည်မှုလွဲသွားလို့ပါ..အခုဝင်နိုင်ပါပြီ...ပါတီပွဲမှာနှစ်ယောက်လုံးပျော်ရွှင်ပါစေနော်...”


ယွမ်ရှင်းကျဲနှင့်လော့ဝမ်ချွမ်းက အတူတကွဝင်ရောက်သွားကြသည်။


စက်ရုပ်က သူတို့နောက်ကျောကို မြင်ကွင်းမှပျောက်ကွယ်သွားသည်အထိ ငေးကြည့်နေခဲ့သည်။ ထို့နောက် လက်မောင်းကိုမြှောက်ရင်း ဆက်သွယ်ရေးစနစ်ကိုဖွင့်လိုက်ကာ...


“ပစ်မှတ် ပါတီပွဲထဲကိုဝင်သွားပါပြီ…”


လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲထပ်ပျောက်သွားမည်ကို စိုးရိမ်နေပုံရသည်။ 


“ဒီကစက်ရုပ်တွေက အရမ်းခေတ်နောက်ကျနေပြီလို့ခံစားရတယ်” ဟု ယွမ်ရှင်းကျဲကတိုးတိုးလေးပြောသည်။ 


“သူတို့က အသက်အရွယ်ကိုတွက်တာတောင် မှားတယ်..သတင်းအချက်အလက်တွေ ထည့်သွင်းဖို့အတွက်လည်း ကြိုးမဲ့မျက်နှာပြင်ကို အသုံးပြုဖို့ လိုအပ်နေတုန်းပဲ...”


“အဲ့ဒါ မင်းငယ်နေတယ်လို့ပြောချင်တာလေ...” လော့ဝမ်ချွမ်းက စနောက်လိုက်သည်။


. “ဘာလို့ မပျော်မရွှင်ဖြစ်နေတာလဲ...”


ယွမ်ရှင်းကျဲက ပြန်လည်ချေပသည်။ “ကျွန်တော်က ပျော်မနေပေမယ့် စီနီယာ့ကိုကြည့်ရတာတော့ ပျော်နေပုံပဲနော်...”


ပန်းခြံထဲတွင် လူအများကြီးရှိ​နေခဲ့သည်။ တော်တော်များများက ကုန်ပစ္စည်းမျိုးစုံကိုသယ်လာပြီး ဈေးဝယ်လာကြသည်။ စျေးဝယ်အိတ်သေးသေးလေးများကိုပင် လက်ဖြင့်သယ်ဆောင်ထားကြရာ ဤနေရာရှိပစ္စည်းများ မည်မျှစျေးသက်သာသည်ကို သိနိုင်စေသည်။


“ကျွန်တော့်ကဒ်ထဲမှာ ပိုက်ဆံသိပ်မကျန်တော့ဘူး..” ယွမ်ရှင်းကျဲက မြေပုံကိုကြည့်ကာ မက်ခါပစ္စည်းရောင်းသည့်နေရာကိုရှာရင်း​ပြောသည်။


“ကျွန်တော် အများကြီးမဝယ်တော့ဘူး…”


သူက ငွေကုန်ကြေးကျနည်းသည့် အကြံကိုအကောင်အထည်ဖော်မှာဖြစ်သည်။


“တကယ်လား...” လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲကိုမေးနေရင်း သူ့မှတ်ဉာဏ်တုကိုဖွင့်လိုက်သည်။


ခဏအကြာတွင် ယွမ်ရှင်းကျဲအကောင့်တွင်းသို့ ငွေများဝင်လာခဲ့သည်။


ယွမ်ရှင်းကျဲက ကြယ်ဒင်္ဂါး ၆သိန်း လွှဲပြောင်းရရှိသော သတိပေးချက်ကို ဖတ်လိုက်ရသည်။


“မင်းကိုယ့်ရဲ့မက်ခါပြင်ဆရာဖြစ်တာ တစ်လပြည့်တော့မယ်...ဒါမင်းရဲ့လစာပဲ...”


ယွမ်ရှင်းကျဲက အံ့သြစွာဖြင့် “ဒါပေမယ့် တစ်လမှမပြည့်သေးတာ…”


“ခုကအရေးပေါ်လိုအပ်နေတာပဲလေ...” လော့ဝမ်ချွမ်းက အိတ်ကြီးအိတ်ငယ်များကိုင်ဆောင်လာသော လမ်းသွားလမ်းလာများကိုကြည့်ကာ ယွမ်ရှင်းကျဲအား အေးဆေးစွာပြောသည်။ “ကြိုက်တာ အကုန်ဝယ်..”


ယွမ်ရှင်းကျဲက လျှင်မြန်စွာပြောသည်။, “ ကျေးဇူးပါ စီနီယာ...ဘာပဲဖြစ်ဖြစ် လစာကြိုထုတ်ပေးဖို့အထိတော့မလုပ်လည်းရပါတယ်...ကျွန်တော် ပစ္စည်းအများကြီးလည်းမလိုဘူးလေ...နောက်ပြီးစျေးသက်သာတာပဲဝယ်မလားလို့…”


“ဒါဆိုလည်း တစ်ခုခုဝယ်ပေါ့..” လော့ဝမ်ချွမ်းက ပြုံးရင်း “ဥပမာ...မင်းကြိုက်တဲ့အသီးလိုမျိုး...”


“စီနီယာက တကယ့်ကိုသက်ရှိဘုရားပဲ...” ယွမ်ရှင်းကျဲက လက်အုပ်ပါချီလိုက်သည်။ “မဟုတ်သေးဘူး...အတိအကျပြောရရင် စီနီယာက ကျွန်တော့်ရဲ့ချမ်းသာခြင်းနတ်ဘုရားပဲ...”


“ကျွန်တော့်အပေါ်ဆို အရမ်းကောင်းတာပဲ...ကျွန်တော် အားတောင်နာလာပြီ...စီနီယာ့မက်ခါကို ဘာမှမွမ်းမံမပေးရသေးဘူးလေ...” ယွမ်ရှင်းကျဲ ခေါင်းကုတ်ရင်း... “ပြီးတော့ ၃သိန်းနဲ့စထားတာကို...ချက်ချင်းနှစ်ဆတိုးပေးတာကျတော့…”


“အရမ်းနည်းနေလို့လား...”


“ဘယ်ကသာ အရမ်းများလို့...ကျွန်တော်ဖိအားတောင်ရလာသလိုပဲ...” ယွမ်ရှင်းကျဲက အလျှင်အမြန်ပြောသည်။


“ဖိအားတွေရှိမနေပါနဲ့...အားလုံးဝယ်နေတာမြင်ရတော့ မင်းလည်းသုံးချင်မှာပဲလို့ ကိုယ်ယူဆမိလို့ပါ...ပစ္စည်းကောင်းတာလေးဝယ်သုံးပေါ့...”


ဤသို့ဖြင့် လော့ဝမ်ချွမ်းလစာကြိုထုတ်ပေးခဲ့သည့်အပေါ် ယွမ်ရှင်းကျဲ နားလည်သွားခဲ့သည်။ သူအခုစိုးရိမ်​နေသည်က သူ့ကိုယ်သူ ဝယ်ပြီးရင်းဝယ်နေသူများနှင့် ဘာမှမကွာခြားတော့မှာကိုပင်။ 


xxxxxx