အပိုင်း ၁၁၀
Viewers 17k

Chapter 110


ယွမ်ရှင်းကျဲ အတွေးလွန်နေချိန်တွင် လော့ဝမ်ချွမ်းက  သူ့ရှေ့သို့လျှောက်လာခဲ့သည်။ သူတို့ရှေ့တွင် ဂိမ်းဆော့နေတဲ့ လူတစ်စုရှိပုံရသည်။ အနီးနားရှိလူအုပ်က ပိုမိုများပြားလာပြီး သူတို့ပင်​လွင့်စင်လုနီးပါး ဖြစ်သွားသည်။


ထိုစဥ် ကျယ်ပြန့်သောလက်ဖဝါးက သူ့ခါးကိုလာရောက်ဆုပ်ကိုင်ခဲ့သည်။


ယွမ်ရှင်းကျဲ အနည်းငယ်ထိတ်လန့်သွားပြီး ခေါင်းကိုမြှောက်လိုက်သည့်အခါ လော့ဝမ်ချွမ်း၏ အရပ်မြင့်မြင့်နောက်ကျောကို ထိလုနီးပါးဖြစ်သွားသည်။


လော့ဝမ်ချွမ်းက နောက်ပြန်မလှည့်​ချေ။ သို့သော် ယွမ်ရှင်းကျဲ၏လက်ကို တိုက်ရိုက် ဆုပ်ကိုင်လိုက်သည်။ 


လော့ဝမ်ချွမ်းလှည့်ကြည့်လာသည့်အခါ သူ့မျက်တောင်များ၏အရိပ်က ယွမ်ရှင်းကျဲနှာခေါင်းပေါ်သို့ကျရောက်လာသည်။ 


“လမ်းမပျောက်စေနဲ့...” သူ့နှုတ်ခမ်းတွေက အနည်းငယ် ကွေးညွှတ်သွားပြီး


"အရွယ်မရောက်သေးတဲ့ ကောင်လေး..”


ယွမ်ရှင်းကျဲနှလုံးသားက လည်ချောင်းထဲမှခုန်ထွက်လာတော့မလိုပင်။


အရွယ်မရောက်သေးသောကလေးအဖြစ် ဆက်ဆံခြင်းကိုမနှစ်မြို့သော်လည်း လော့ဝမ်ချွမ်းအသံရှိ အလိုလိုက်ဟန်အရိပ်အယောင်များက သူ့ကိုစိတ်လှုပ်ရှားစေသည်။


တစ်ဖက်လူ၏ နွေးထွေးကာအားပါသောလက်ဖဝါး၏အထိအတွေ့ကြောင့် ယွမ်ရှင်းကျဲအနည်းငယ်ရှက်ရွံလာခဲ့၏။


လော့ဝမ်ချွမ်းက လုစုလူဝေးကိုဖြတ်သန်းပြီးသွားသည်နှင့် ဖက်ထားတာကိုလွှတ်ပေးလိုက်သည်။


ယွမ်ရှင်းကျဲ သူ့ကိုတိတ်တခိုးငေးကြည့်လိုက်သည်။ လော့ဝမ်ချွမ်းကိုကြည့်ရသည်မှာ ဘာမှထွေထွေထူးထူးမဟုတ်သည့်အတိုင်း တည်တည်ငြိမ်ငြိမ်ရှိနေလေသည်။


ထို့နောက် သူတို့နှစ်ဦးက မက်ခါအပိုပစ္စည်းများရောင်းသည့်နေရာကို အတူတကွလိုက်ရှာကြသည်။


ယွမ်ရှင်းကျဲလိုက်ရှာနေသော မက်ခါမှုတ်ဆေးက အရိပ်မက်ခါ၏မှုတ်ဆေးနှင့် ခပ်ဆင်ဆင်ရှိသည်။ သို့သော် သူရှာနေသည့်တစ်ခုက အလိုက်သင့်ပြောင်းလဲနိုင်ပြီး တုံပြန်မှုမြန်ဆန်သည်။


ယွမ်ရှင်းကျဲ အရင်ဘဝတုန်းက ထိုကဲ့သို့မှုတ်ဆေးကို အသုံးပြုဖူးသည်။ ၎င်းကိုပြုလုပ်ရမည့် သုတေသနလုပ်ငန်းစဉ်က ရှုပ်ထွေးပြီးအရင်းအနှီးများစွာလိုအပ်သောကြောင့် သူကလုပ်ပြီးသားမှုတ်ဆေးကိုသာ ဝယ်ယူရန်ရွေးချယ်ခဲ့ခြင်းပင်။ သို့သော် သူတို့နှစ်ယောက်လုံးရှာမတွေ့ခဲ့ကြ။


“ပြန်ရအောင်လေ...ကျွန်​​တော် လိုင်းပေါ်မှာတစ်ချက်ရှာကြည့်လိုက်မယ်...” 


ယွမ်ရှင်းကျဲက စိတ်ပျက်လက်ပျက်နှင့်ပြောလာသည်။


“အကြာကြီးလိုက်ရှာပြီး တစ်ခုမှလည်းမဝယ်ခဲ့ရဘူး...မတန်လိုက်တာ...”


ယွမ်ရှင်းကျဲက စတော်ဘယ်ရီအရသာရှိသော မာ့ရှ်မဲလိုတစ်ခုကို ပါးစပ်ထဲပစ်ထည့်လိုက်သည်။


အဆိုပါမာ့ရှ်မဲလိုက အရောင်ပြောင်းနိုင်သည်။ သူတစ်ကိုက်ကိုက်ပြီးသည်နှင့် သရက်သီးအရသာရှိသော အဝါရောင်သို့ထပ်ပြောင်းသွားလေသည်။


“ငါတို့ဒီမှာမတွေ့ရင် အွန်လိုင်းပေါ်မှာလည်းရမှာမဟုတ်ဘူး...ဥယျာဥ်ပါတီကျင်းပရတဲ့ရည်ရွယ်ချက်က ရှားပါးပစ္စည်းအကုန်လုံးကို တစ်နေရာထဲမှာတွေ့နိုင်လို့လေ...” 


လော့ဝမ်ချွမ်းက အေးဆေးစွာပြောလိုက်သည်။


“နောက်ပြီး...မင်းဘာမှမရတာတော့မဟုတ်ပါဘူးနော်...”


လော့ဝမ်ချွမ်းက သူ့လက်ထဲတွင်ကိုင်ဆောင်ထားရသည့် အချိုမုန့်များစွာကိုကြည့်လိုက်သည်။ အားလုံး ယွမ်ရှင်းကျဲရွေးချယ်ပြီးဝယ်လာခဲ့ခြင်းပင်။


ယွမ်ရှင်းကျဲ သက်ပြင်းချလိုက်သည်။ သူလက်လျှော့ခါနီးတွင် စားသောက်ဆိုင်နှစ်ဆိုင်အလယ်၌ မက်ခါအသုံးအဆောင်ပစ္စည်းဆိုင်ကို ရုတ်တရက်တွေ့လိုက်ရသည်။


“အဲ့ဒါ ကျွန်တော်တို့ခုလေးတင်ဖြတ်လာခဲ့တဲ့ဆိုင်မဟုတ်လား...” သူ လော့ဝမ်ချွမ်းကိုမေးလိုက်သည်။


“ကျွန်တော် အမှတ်တမဲ့ဖြစ်သွားတယ်...”


လော့ဝမ်ချွမ်း မျက်မှောင်ကြုတ်လိုက်သည်။ ကြည့်ရသည်မှာ သူလည်း အမှတ်တမဲ့ဖြစ်သွားပုံပင်။


ယွမ်ရှင်းကျဲက စိတ်ထဲမှာတွေးလိုက်သည်။


တကယ်လို့ ဒီဆိုင်မှာလည်းမရဘူးဆိုရင် ငါအဲ့ဒီ့မှုတ်ဆေးကိုဆက်ရှာမနေတော့ဘူး...


ဆိုင်ထဲသို့ဝင်လိုက်ချိန်၌ ပိုင်ရှင်တစ်ယောက်မှလွဲ၍ လူသူကင်းမဲ့နေသည်ကို တွေ့လိုက်ရ၏။


ဆိုင်ကိုရိုးရှင်းစွာအလှဆင်ထားပြီး များများစားစားအားထုတ်ထားခြင်းပင်မရှိချေ။


ထို့အပြင် မီးထွန်းထားခြင်းလည်းမရှိသည့်အတွက် သူတို့မမြင်ပဲအမှတ်တမဲ့ကျော်သွားခဲ့မိခြင်းဖြစ်လေသည်။


“ဟဲဲလို...ဘာများအလိုရှိပါသလဲ...” 


ကောင်တာရှေ့တွင်ရပ်နေသောပိုင်ရှင်က ငယ်ရွယ်သောအမျိူးသားတစ်ယောက်ပင်။ သူက အိုမီဂါနှင့်ဘီတာရောစပ်ထားသလိုအသံနှင့် ညှင်သာစွာမေးသည်။


ယွမ်ရှင်းကျဲ ဤကမ္ဘာသို့ရောက်ရှိသည်မှာ အချိန်အတော်ကြာပြီဖြစ်သည့်အလျှောက် လူတစ်ယောက်ကိုမြင်လိုက်သည်နှင့် အမျိုးအစားခွဲခြားနိုင်သည်။ သို့သော် ထိုအမျိုးသားက အိုမီဂါလား ဘီတာလား သူ မခွဲခြားနိုင်ချေ။


“ကျွန်တော် မှုတ်ဆေးတစ်ချို့လိုလို့ပါ…”


ယွမ်ရှင်းကျဲက ပြောသာပြောလိုက်ရသော်လည်း ထွေထွေထူးထူး မျှော်လင့်ထားခြင်းမရှိ။


သို့သော် ဆိုင်ရှင်က


“ရပါတယ်...ဒါပေမယ့်အဲ့ဒါက ဂိုဒေါင်ထဲမှာဆိုတော့ လိုက်ပြီးယူရလိမ့်မယ်...အဆင်ပြေမလားမသိဘူး...”


“သေချာပေါက်ရတာပေါ့...” ယွမ်ရှင်းကျဲ အပျော်လွန်သွားသည်။


“ဂိုဒေါင်ကို ဘယ်လိုသွားရမလဲ...”


ဆိုင်ရှင်က မတ်တပ်ရပ်လိုက်သည်။ သူကလည်ပိတ်ရှပ်အင်္ကျီနှင့် ဂျင်းဘောင်းဘီကိုတွဲဖက်ဝတ်ဆင်ထားပြီး ဘီတာနှင့်ပိုတူနေသည်။


“ကျွန်တော်နဲ့လိုက်ခဲ့ပါ...” သူက ဂိုဒေါင်ရှိရာသို့ လမ်းပြခေါ်ဆောင်သွားသည်။


ယွမ်ရှင်းကျဲနှင့်လော့ဝမ်ချွမ်းက သူ့နောက်မှ လိုက်ခဲ့ကြသည်။ တံခါးတစ်ခုက သူတို့၃ဦးရှေ့၌ ပေါ်လာလေသည်။


ထိုစဥ် ဆိုင်ရှင်ကလော့ဝမ်ချွမ်းကိုကြည့်ရင်း


“ကျွန်တော့်ရဲ့ဂိုဒေါင်ထဲကို ဝယ်သူတစ်ယောက်ပဲ ဝင်ခွင့်ရှိပါတယ်...”


လော့ဝမ်ချွမ်းမျက်ဝန်းများက သတိအပြည့်ဖြစ်သွားကာ... “ဘာလို့လဲ...”


“ကျွန်တော်တို့ဂိုဒေါင်ကို ဝင်နိုင်တဲ့အကြိမ်အရေအတွက်က အကန့်အသတ်ရှိလို့ပါ...” 


ဆိုင်ရှင်က လော့ဝမ်ချွမ်းကိုတစ်ချက်ကြည့်ရင်း ယွမ်ရှင်းကျဲအား


“အဲ့လိုမလုပ်ချင်ရင်တော့ တခြားမှာပဲသွားရှာလိုက်ပါ...”


ယွမ်ရှင်းကျဲက လော့ဝမ်ချွမ်းနားကပ်ကာ တီးတိုးဆိုလိုက်သည်။ 


"အဆင်ပြေပါတယ်...တစ်ခုခုဆိုတာနဲ့ ကျွန်တော် စီနီယာ့ကို ချက်ချင်းလှမ်းခေါ်မယ်လေ...”


သူဤကဲ့သို့ပြောရသည့်အကြောင်းမှာ ဆိုင်ရှင်က အသိဉာဏ်ပြည့်ဝကာ ယဥ်ကျေးဟန်ပေါ်ပြီး ဆိုးရွားသည့်အရာများလုပ်မည့်ပုံမျိုးမဟုတ်သည့်အတွက်ကြောင့်ပင်။


“…ကောင်းပြီလေ.” 


လော့ဝမ်ချွမ်းက ယွမ်ရှင်းကျဲကိုစိတ်မပျက်စေလိုသည့်အတွက် အဆိုပါတောင်းဆိုချက်ကိုလိုက်လျောလိုက်သည်။


သူ့ခမျာ့ ဒီမှုတ်​ဆေးကိုမရလို့ တစ်ညလုံးလိုက်ရှာနေရတာ..


တံခါးကတစ်ချက်လင်းသွားသည်။ ယွမ်ရှင်းကျဲဝင်ရောက်ပြီးနောက် ပြန်ပိတ်သွားခဲ့သည်။


“ကျွန်တော့်နာမည်က ယူဂျင်းပါ...” 


ယွမ်ရှင်းကျဲက ခဏကြောင်အသွားပြီးနောက် ယဥ်ကျေးစွာတုံပြန်လိုက်သည်။


“ကျွန်တော်က ယွမ်ရှင်းကျဲပါ...”


ထို့​နောက်စင်္ကြံလမ်းတစ်လျှောက်လုံး ထပ်မံစကားမဆိုကြတော့ချေ။ ယွမ်ရှင်းကျဲက ပစ္စည်းများသိမ်းဆည်းပုံကိုကြည့်ပြီး အံ့သြနေသည်။ ၎င်းတို့တစ်ခုချင်းစီတွင် ခိုးယူမှုကာကွယ်သောစနစ်ပင်ပါရှိလေသည်။


ယူဂျင်းက စင်္ကြံလမ်းဆုံးသည့်အခါ တံခါးတစ်ချပ်ကိုထပ်ဖွင့်လိုက်သည်။


တံခါးတွင် ကိုယ်တိုင်အတည်ပြုသောစနစ်ပါရှိလေသည်။ ယူဂျင်းက တံခါးရှေ့တွင်ခဏရပ်နေခဲ့၏။ တစ်စက္ကန့်အကြာ၌


“အတည်​ပြုခြင်း အောင်မြင်ပါသည်။”


သို့သော် ယူဂျင်းဝင်ပြီးသည်နှင့် တံခါးပြန်ပိတ်သွားခဲ့သည်

110.2


ယွမ်ရှင်းကျဲက တံခါးရှေ့မှာဆက်ရပ်ကျန်ခဲ့သည်။ သို့သော် တံခါးမှ (အတည်​ပြုခြင်း အောင်မြင်ပါသည်။) ဟူ၍ ထပ်မံပြောကြားလာပြီး ပွင့်သွားခဲ့သည်။


ယွမ်ရှင်းကျဲ စဥ်းစားမရဖြစ်သွားသည်။


ဘာလို့လုံခြုံရေးစနစ်ထဲမှာ သူ့အချက်အလက်တွေရှိနေတာလဲ..


လက်ရှိနည်းပညာက ဝယ်သူတွေကိုပါသိတဲ့အထိ တိုးတက်နေပြီလား...


ဝေခွဲမရဖြစ်နေသည့်ယွမ်ရှင်းကျဲက ဂိုဒေါင်ထဲဝင်လာခဲ့သည်။


အခန်းက ထုလုံးရှည်သဏ္ဍာန်ရှိပြီး သူဝင်လိုက်သည်နှင့် မီးများဖွေးကနဲ့လင်းသွားသည်။ အခန်းတွင်းအပြင်အဆင်မှာ ယွမ်ရှင်းကျဲမျှော်လင့်ထားသည်နှင့်တခြားစီပင်။ အလွန်သန့်ရှင်းနေသည်။


အခန်း၏အလယ်ဗဟိုတွင် နည်းပညာမြင့်တူရိယာအမျိုးမျိုးနေရာချထားသည့် ကြီးမားသောစားပွဲတစ်လုံးပါရှိသည်။ အပြင်ဘက်အလွှာက လျှို့ဝှက်ယန္တရားများဖြင့် တည်ဆောက်ထားသည့် အတန်ငယ်မြင့်မားသော အလင်းဖောက်ဝန်တင်စင်တစ်ခုဖြစ်ပြီး  ထုတ်လုပ်ပြီးမက်ခါမော်ဒယ်လ်အမျိုးမျိုး၏ အချက်အလက်များကိုပြသထားသည်။


ပစ္စည်းအားလုံးက စင်ပေါ်တွင်စနစ်တကျရှိနေသည်။


ယွမ်ရှင်းကျဲက သူ့ပတ်ပတ်လည်ကိုကြည့်လိုက်သည့်အခါ ဂိုဒေါင်တစ်ခုအစား သုတေသနအခန်းနှင့်တူနေသည်ကို သတိထားမိသွားသည်။


ယူဂျင်းက စင်တစ်ခုရှေ့တွင်ရပ်လိုက်ရင်း


“မင်းလိုချင်တာ ဒီမှာ...”


စင်က အခန်း၏အရှေ့ဘက်တွင်ရှိသည်။ ယွမ်ရှင်းကျဲ အနားကပ်ကြည့်လိုက်သည့်အခါ ဖန်ကရားထဲတွင် မှုတ်ဆေးများထည့်ထားသည်ကို တွေ့လိုက်ရ၏။


အချို့သောမှုတ်​ဆေးများနှင့် နှိုင်းယှဉ်ကာ အတည်ပြုပြီးနောက် ယွမ်ရှင်းကျဲက လှိုင်းအာရုံခံ နာနိုအရောင်တင်ခြင်းကို စိတ်ကူးလိုက်မိသည်။ 


၎င်းတွင် ပြီးပြည့်စုံခြင်းမရှိသော်လည်း ယွမ်ရျင်းကျဲ၏မျှော်လင့်ချက်နှင့် အလွန်ကိုက်ညီလေသည်။


“ဒီတစ်ခုက ဘယ်လောက်လဲ?"


ယွမ်ရှင်းကျဲက ယူဂျင်းကိုပျော်ရွှင်စွာပြန်ကြည့်လိုက်စဥ် သူ့မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားသည်။ ယူဂျင်း၏ဘေးတွင် အစိမ်းရင့်ရင့်​​သောဆံပင်နှင့် အယ်လ်ဖာကောင်လေးတစ်ယောက်ရပ်နေပြီး ၎င်းတို့နောက်တွင် အဖြူရောင်အင်္ကျီရှည်ဝတ်ထားသည့် လူများစွာရှိသည်။


"မင်းက...မင်ရှောင်းလား..."


ယွမ်ရှင်းကျဲက ယူဂျင်းဘေးနားရှိလူကို စိုက်ကြည့်နေသည်။ သူကခဏနေမှ သတိပြန်ဝင်လာသည်။


"မင်းဘာလို့ဒီကိုရောက်နေတာလဲ...ဒီနေရာကဘာကြီးလဲ...”


သူကလက်ထဲရှိမှုတ်ဆေးကိုချလိုက်ပြီး လော့ဝမ်ချွမ်းထံ အကြောင်းကြားချင်ခဲ့သည်။


မင်ရှောင်းက နှုတ်ခမ်ထောင့်များမြှင့်ကာပြုံးလိုက်ရင်း...


“အင်ပါယာမက်ခါသုတေသနဌာနက ကြိုဆိုပါတယ်...ကျွန်တော်က အလုပ်သင်မင်ရှောင်းပါ...”


ယွမ်ရှင်းကျဲက မယုံနိုင်သလိုမေးလိုက်သည်။


“အင်ပါယာ မက်ခါသုတေသနဌာန..ဟုတ်လား...”


ယူဂျင်းက ယွမ်ရှင်းကျဲကိုခေါင်းညှိတ်ပြလိုက်သည်။


"ကျွန်တော်က သုတေသနလုပ်တဲ့လူတစ်ယောက်ပါ”


ယွမ်ရှင်းကျဲက ရှော့ခ်ရသွားသည်။ စိတ်နဲ့ကိုယ်ပြန်ကပ်သွားချိန်တွင် မင်္သကာသလိုခံစားလိုက်ရပြီး ခါးနားရှိလက်နက်ကိုဆွဲထုတ်ရန် အသင့်အနေအထားဖြင့်ရှိနေခဲ့သည်။


“ဒါကဘယ်လိုလုပ်ပြီး အင်ပါယာသုတေသနဌာန ဖြစ်နိုင်မှာလဲ...” ယွမ်ရှင်းကျဲက မင်ရှောင်းကိုတည်ငြိမ်စွာကြည့်လိုက်သည်။


“သုတေသနအဖွဲ့အစည်းက အင်ပါယာရဲ့အင်အားဆိုတာအားလုံးသိကြတယ်...ပြီးတော့ဘယ်နေရာမှာတည်ရှိလည်းဆိုတာ ဘယ်သူမှပေးမသိဘူးလေ...”


“အတိအကျပြောရရင်တော့ ဒါကပင်မအဖွဲ့အစည်း ပစ္စည်းတွေထားတဲ့နေရာပါ...”


မင်ရှောင်း က ပြုံးပြီး ပြောလိုက်သည်။


“နိုအာ​ကြယ်မှာ သုတေသနတွေအဖွဲ့အစည်းတွေ နေရာတိုင်းမှာရှိပြီး မရေမတွက်နိုင်တဲ့မထင်ရှားတဲ့ အဆောက်အဦးတွေရဲ့ အနက်ရှိုင်းဆုံး​နေရာမှာ ဝှက်ထားတာပါ...အင်ပါယာရဲ့အင်အားဖြစ်တဲ့အတွက် အထောက်အထားအတည်မပြုဘဲ ဘယ်သူမှဝင်ရောက်ခွင့်မရှိပါဘူး...”


“ဒါဆိုကျွန်တော်ကျ ဘာလို့ဝင်လို့ရတာလဲ...”


ယူဂျင်းက “ဂိတ်မှာရှိတဲ့စက်ရုပ်က ခင်ဗျားရဲ့အချက်အလက်ကိုယူထားလိုက်တာပါ...ပြီးတော့ဒီစနစ်ထဲကိုထည့်လိုက်တာ...”


ယွမ်ရှင်းကျဲက ကစားခံရသလိုခံစားလိုက်ရသည်။ သူကမျက်မှောင်ကြုတ်ရင်း အေးစက်စက်မေးသည်။ 


“ဘာလို့ကျွန်တော့်ကို ဒီခေါ်လာတာလဲ...”


“အကြောင်းပြချက်ကတော့...” ယူဂျင်း၏တည်ငြိမ်သောမျက်ဝန်းများ လက်ဖြာသွားပြီး


“ကျွန်တော်တို့ ခင်ဗျားကိုလိုအပ်တယ်...”


အဆိုပါသုတေသနအဖွဲ့အစည်း သူ့ကိုဘယ်လိုတွေ့သွားမှန်းယွမ်ရှင်းကျဲမသိချေ။ အလိမ်အညာတစ်ခုဟူ၍သာ သူခံစားနေရသည်။


ယွမ်ရှင်းကျဲ၏ယုံကြည်မှုကိုရရန် မင်ရှောင်းက စင်ပေါ်မှ ကရားများကိုကြည့်ရင်းပြောလိုက်သည်။


“မင်းလိုချင်နေတဲ့ မှုတ်ဆေးကို ဒီနေရာမှာပဲရနိုင်တယ်...”


ထိုစကားကိုကြားပြီး​နောက် ယွမ်ရှင်းကျဲသံသယက အနည်းငယ်လျော့ပါးသွားသည်။ ဤနေရာတွင်ရှိသော မက်ခါနည်းပညာက အင်ပါယာတစ်ခုလုံးထက်အဆင့်မြင့်လေသည်။


“ပင်မဌာနက မင်းကိုအရင်စုံစမ်းခဲ့တယ်...မင်းရဲ့ စိတ်ပိုင်းဆိုင်ရာထိန်းချုပ်နိုင်စွမ်းက သာမန်ထက် သာလွန်တယ်လို့ ငါတို့ထင်တဲ့အတွက်စမ်းသပ်မှုတစ်ခုပြီးမြောက်အောင် ကူညီပေးစေချင်တယ်...” 


မင်​ရှောင်းက ဆက်လက်ရှင်းပြသည်။ 


“ကျွန်တော်က အဓိကအဖွဲ့အစည်းက ပါမောက္ခကျင်းရွှမ်ရဲ့ လက်ထောက်ပါ..သူမက အာရုံကြော ချိတ်ဆက်နည်းပညာကို အထူးပြုပြီး မင်းရဲ့အချက်အလက်တွေကိုစုဆောင်းဖို့ ကျွန်တော့်ကို တာဝန်ပေးခဲ့တယ်လေ...​မင်းငါ့ကို ခွင့်လွှတ်မယ်လို့ မျှော်လင့်ပါတယ်...”


“ခွင့်လွှတ်ရမယ်...သုတေသနအဖွဲ့အစည်းက ခိုးလုပ်ရတာကို ဝါသနာပါတာလား...”ယွမ်ရှင်းကျဲက အေးစက်စက်ပြောသည်။


ယူဂျင်းက နှုတ်ခမ်းတင်းတင်းစေ့လိုက်ပြီး “နောက်ဆုံးရသတင်းတွေအရ မဟာမိတ်သူလျှိုတွေက နိုအာကြယ်ကိုဝင်ရောက်ခဲ့တယ်...ငါတို့အကြောင်းတွေကို မင်းကလွဲပြီးဘယ်သူ့ကိုမှ ပေးသိလို့မရဘူး...”


မင်ရှောင်းနှင့်ယူဂျင်း၏စကားများကို နားထောင်ပြီးနောက် ယွမ်ရှင်းကျဲအားလုံးနီးပါးကို သဘောပေါက်သွားသည်။ အင်ပါယာမက်ခါသုတေသနဌာနက သူ၏ထူးခြားသောစိတ်ပိုင်းဆိုင်ရာထိန်းချုပ်နိုင်စွမ်းကို ရှာဖွေတွေ့ရှိခဲ့သည်။ သူတို့က သူ၏အကူအညီကို ရရန်မျှော်လင့်ထားပြီး သူတို့လုပ်ရပ်ကို သူလျှိုများရှာတွေ့မှာကိုလည်းမလိုချင်ကြပေ။


“စကားမစပ်...,” မင်ရှောင်းက ပြုံးရင်းယွမ်ရှင်းကျဲထံ လျှောက်လာသည်။ 


“ငါမင်းကို နိုအာပန်းတစ်စည်းပေးခဲ့တယ်မဟုတ်လား...”


ယွမ်ရှင်းကျဲ သူ့ကိုကြည့်လိုက်သည်။ “ပန်းတွေကို မွမ်းမံထားတာလား...”


“ဒါပေါ့...” မင်ရှောင်းက မဆိုင်းမတွပြန်ဖြေလိုက်သည်။ “အထင်မလွဲပါနဲ့...ပန်းရဲ့ရနံကစိတ်စွမ်းအားမြန်မြန်တက်လာစေတယ်လေ...Sအဆင့်အောက်ကလူတွေအတွက် အရမ်းအကျိုးရှိတယ်...”


ယွမ်ရှင်းကျဲက သတိကြီးစွာဖြင့် “ဒါဖြင့် ဘေးထွက်ဆိုးကျိုးရှိလား...”


မင်ရှောင်းမျက်နှာပေါ်တွင် တွန့်ဆွတ်မှုတချို့ထွက်ပေါ်လာသည်။


“ဘေးထွက်ဆိုးကျိုးတစ်ခုတော့ရှိတယ်...” ယူဂျင်း က အစပြုပြီး ပြောလိုက်သည်။ “ရနံ့က ခန္ဓာကိုယ်ထဲက ဖယ်ရိုမုန်းကိုလျော့ကျစေတဲ့ဆိုးကျိုးရှိတယ်...ငါစိတ်မကောင်းပါဘူး...မင်းစိတ်စွမ်းအား​မြန်မြန်တိုးလာမှ စမ်းသပ်ချက်လု​ပ်လို့ရမှာမို့လို့ ငါတို့ရွေးချယ်စရာမရှိပဲလုပ်ခဲ့ရတာပါ...”


ဤကဲ့သို့မသိသာသော ဘေးထွက်ဆိုးကျိုးမျိုးက ဘယ်သူမှသတိထားမိမှာမဟုတ်ချေ။


“အဓိပ္ပာယ်က ကျွန်တော့်ခွင့်ပြုချက်မရှိပဲ ဒီလိုတွေလုပ်ခဲ့တာပေါ့...” ယွမ်ရှင်းကျဲ နှာခေါင်းရှုံလိုက်သည်။. “အဲ့ဒါကိုများ ကျွန်တော့်ကိုသုတေသနမှာ ကူညီစေချင်သေးတယ်နော်...”


ယူဂျင်းနှင့်မင်ရှောင်းနောက်မှ သုတေသီကတီးတိုး​ပြောသည်။


“အင်ပါယာ မက်ခါသုတေသနအဖွဲ့အစည်းဆိုတာကို အဲ့ကောင်လေးကမကြားတာလား...ပြီးတော့ နိုအာပန်းတွေကို လိုချင်တဲ့လူတွေမှအများကြီး...”


“အေးလေ...ပြီးတော့ သုတေသနဌာနမှာအလုပ်လုပ်ချင်တဲ့လူတွေမှတပုံကြီး...”


“နိုအာပန်းစည်းတစ်စည်းစျေးကဖြင့် မိုးပေါ်ရောက်နေတာကို သူကနာအံ့ထင်နေသေးတယ်...ပြောရရင်သူ့စိတ်ခွန်အားလည်းတိုးသွားတာပဲ မဟုတ်ဘူးလား...”


“အလကား...သွေးနားထင်ရောက်နေတာ…”


ယူဂျင်းက ထအော်လိုက်သည်။ “တိတ်စမ်း...”


xxxxx