အပိုင်း ၁၁၂
Viewers 17k

Chapter 112


စိန့်ကလီတိုနှင့်ပတ်သတ်နေသော သတင်းများကို ယွမ်ရှင်းကျဲ ဆက်ကြည့်နေလိုက်သည်။


ပြိုင်ပွဲတစ်ခုပြီးတိုင်း သတင်းထောက်များက စိန့်ကလီတိုဘက်ကို မ​ပြီးနိုင်မစီးနိုင်မြှောက်ပင့်နေပြီး ပြိုင်ဘက်ကိုမူ နည်းမျိုးစုံသုံးကာထိုးချကြသည်ပင်။


ယွမ်ရှင်းကျဲက ရှင်းဟိုင်၏စကားပြောအဖွဲ့ထဲဝင်ကြည့်လိုက်သည်။


အဖွဲ့နာမည်မှာ ကြယ်များ၏အရှင်သခင် ဖြစ်သည်။ သူတို့စကားပြောနေသောအကြောင်းအရာမှာ ပုံမှန်ပင်ဖြစ်သော်လည်း လေထုကအနည်းငယ်ထိုင်းမှိုင်းနေ၏။


ရစ်ချတ်က်လည်း ထိုအရာကိုသတိထားမိသည်။ သူက အွန်လိုင်းကပို့စ်များလိုက်ဖတ်ခြင်းကို ဒီလောက်နဲ့ရပ်ပြီး လာမည့်ပြိုင်ပွဲများတွင်သာကြိုးစားကြရန် တိုက်တွန်းလိုက်သည်။


လူတိုင်းကိုအားပေးရန်အတွက် ရစ်ချတ်က တတိယအဆင့်သတင်းထောက်တစ်ဦးကိုရှာဖွေကာ  ရှင်းဟိုင်တက္ကသိုလ်ကိုချီးမွမ်းသည့် ဆောင်းပါးအနည်းငယ်ရေးပေးရန် တောင်းဆိုခဲ့သည်။


သိပ်မကြာခင်မှာပဲ [ကြယ်များ၏အရှင်သခင်] အဖွဲ့ထဲသို့ ရစ်ချက်က သတင်းတစ်ပုဒ်ပို့လာခဲ့သည်။ သူက ပို့စ်ခေါင်းစဥ်ပင်ရေးထားသေးသည်။ “ဖတ်ရကျိုးနပ်တဲ့ ဆောင်းပါးကောင်းတွေ အများကြီးပါ..”


ဆောင်းပါး၏ ခေါင်းစဉ်များမှာ-


<NCLM ချန်ပီယံ၏ကိုယ်စားလှယ်လောင်းများမှာ   နိုအာလည်းမဟုတ်သလို ဖန်ယွန်းလည်းမဟုတ်...>, <ဒီနေ့မှာတော့ အားအနည်းဆုံးအဖွဲ့က မက်ခါဦးဆောင်သူစာရင်းမှာ ရပ်တည်နေပါတယ်...> <နိုအာကျောင်းလက်ရွေးစင်အဖွဲ့က အဆိုပါအသင်းနှင့်မကြုံရန် တစ်ညလုံးဆုတောင်းခဲ့သည်>


လူတိုင်း: "…"


ရစ်ချက်: “အားလုံးပဲ...ဒါကိုဖတ်ပြီးတာနဲ့ စိတ်ခံစားချက်ပိုကောင်းလာဖို့မျှော်လင့်ပါတယ်... [နှင်းဆီ] [နှင်းဆီ]"


ယွမ်ရှင်းကျဲ သူ့နဖူးသူအုပ်ကိုင်လိုက်မိသည်။


ဒါက ဘယ်လိုသတင်းမျိုးလဲ....နိုအာစစ်တက္ကသိုလ်ကလူတွေသာ ဒါကိုဖတ်ပြီးရင်ရယ်နေကြမှာ မဟုတ်ဘူးလား...


သို့သော်လည်း ရစ်ချတ်၏ အနည်းငယ်မိုက်မဲသောအပြုအမူရှိ ဖုံးကွယ်ထားသောစေတနာကို သူ ခံစားနိုင်သည်။


မသိမသာဖြင့် စကားပြောအဖွဲ့ရှိလေထုက မူလအခြေအနေသို့ တဖြည်းဖြည်းပြန်လည်ရောက်ရှိသွားခဲ့၏။


လာမည့်ပြိုင်ပွဲတွင် စိန့်ကလီတိုကအရှုံးမခံနိုင်သလို သူတို့ကလည်းမရှုံးချင်ကြ။


ပြိုင်ပွဲမတိုင်ခင်ည၌ ပါဝင်သူစာရင်းများထွက်ရှိလာခဲ့သည်။


စာရင်းက ရစ်ချက်၏ခန့်မှန်းချက်နှင့် အကြမ်းဖျင်း ကိုက်ညီသည်။ သို့သော် သူ မထင်မှတ်ထားသည့်အရာမှာ တစ်ဦးချင်းပွဲစဉ်တွင် ယွမ်ရှင်းကျဲက ပိုင်ကျားရှီနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။


စိန့်ကလီတိုက အပြင်းထန်ဆုံးကစားသမားများကိုသာ တစ်ဦးချင်းယှဉ်ပြိုင်ရန် စေလွှတ်လေ့ရှိသည်။


၎င်းတို့အနက် ပိုင်ကျားရှီ၏အင်အားမှာ S+အဆင့် ဖြစ်​သည်။ သူက စိန့်ကလီတိုအသင်းရှိအသန်မာဆုံးမဟုတ်သော်လည်း အကောင်းဆုံးစံချိန်ကိုပိုင်ဆိုင်ထားသူပင်။ အရင်ကယှဥ်​ပြိုင်ခဲ့သော တစ်ဦးချင်းပွဲစဉ်များတွင် သူ၏အနိုင်ရနှုန်းမှာ ၉၅ရာခိုင်နှုန်းရှိလေသည်။ ယွမ်ရှင်းကျဲအဖို့ သူနှင့်ယှဥ်ပြိုင်ရသည်မှာ ကောင်းကျိုးမရှိပေ။


ပြိုင်ပွဲစသည့်နေ့...။


စိန့်ကလီတိုနှင့်ရှင်းဟိုင် စစ်တက္ကသိုလ်နှစ်ခု..။ တစ်ခုမှာ အစွမ်းထက်မြက်သောဖျက်မြင်းဖြစ်ပြီး နောက်တစ်ခုမှာ ကွင်းထဲသို့ပြန်လည်ရောက်ရှိလာသော ဘုရင်ဟောင်းတစ်ဦးဖြစ်သည်။


ထို့ကြောင့် ပွဲကြည့်စင်တွင် ပရိတ်သတ်အမြောက်အများရှိနေလေသည်။


ပွဲမစခင်အကြိုလက်ဆွဲနှုတ်ဆက်ပွဲတွင် စိန့်ကလီတိုအဖွဲ့ဝင်များက အလွန်ယဉ်ကျေးသည်။  လူတိုင်းက ၎င်းတို့၏မျက်နှာပေါ်တွင် ပေါ့ပေါ့ပါးပါးအပြုံးတစ်ခုချိတ်ဆွဲထားကြ၏။


သို့သော် ထိုအပြုံးများနောက်ကွယ်တွင် ဤဂိမ်းကိုအနိုင်ရရန်စိတ်ပိုင်းဖြတ်ထားကြောင်း ယွမ်ရှင်းကျဲခံစားလို့ရသည်။ သူတို့မျက်လုံးထဲတွင် ရှင်းဟိုင်ကို လုံးဝအလေးမထားပေ။


ယွမ်ရှင်းကျဲနှင့်လက်ဆွဲနှုတ်ဆက်သူမှာ ပိုင်ကျားရှီပင်။


ပိုင်ကျားရှီက မှားယွင်းတွက်ချက်ထားပုံရသည်။ သူက မထီမဲ့မြင်ဟန်ဖြင့်ယွမ်ရှင်းကျဲကိုကြည့်ရင်း...


"တိုက်ဆိုင်လိုက်တာ...”  


သူ့နှုတ်ခမ်းထောင့်များမြင့်တက်သွားကာ သူ့လေသံက ကျီစယ်ဟန်စွက်​နေသည်။


"မင်းကို တကယ်ရင်ဆိုင်ရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး...ရိုးရိုးသားသားပြောရရင် ငါမင်းနဲ့မတိုက်ချင်ဘူး..."


ယွမ်ရှင်းကျဲကမျက်ခုံးပင့်ကာ သူ့ကိုကြည့်လိုက်သည်။ 


"ရှုံးမှာကိုကြောက်ရင် အခုအရှုံးပေးလိုက်လေ..."


"ငါက အိုမီဂါကိုအနိုင်ကျင့်တယ်ဆိုပြီး တခြားလူတွေပြောလာမှာကို စိုးရိမ်မိရုံပါ..."  


ပိုင်ကျားရှီက သူ့ဆံပင်တွေကိုသပ်တင်လိုက်ပြီး


"မင်း ​ပြိုင်ပွဲပြီးသွားရင်မငိုရဘူးနော်..."


"မင်းပြောတာကို ငါမတော်တဆ မှတ်တမ်းတင်မိလိုက်တယ်..."  


ယွမ်ရှင်းကျဲက ပြုံးပြုံးရွှင်ရွှင်နဲ့ပြောရင်း သူ၏မှတ်ဉာဏ်တုကို ညွှန်ပြလိုက်သည်။ 


"မင်းရှုံးရင် မင်းရဲ့ပွဲအကြိုကြေငြာချက်ကို လူတိုင်းရှေ့မှာ ဖွင့်ပြပေးမယ်..."

112.2


ယွမ်ရှင်းကျဲ ဤကဲ့သို့တုံ့​ပြန်လာလိမ့်မည်ဟု ပိုင်ကျားရှီ မမျှော်လင့်ထားချေ။ သူက တစ်စက္ကန့်မျှကြောင်အသွားပြီးနောက် ဟားတိုက်ရယ်မောလိုက်သည်။


"မင်းကိုငါကရှုံးမယ်...ဟုတ်လား...မင်းတို့ကောင်တွေအသေဆွဲထုတ်ခံရမယ်ဆိုတာ အွန်လိုင်းကလူတိုင်းသိတယ်...ဘာကြောင့်လဲဆိုတာကိုရော မင်းသိလား...အကြောင်းကတော့...”


"ဘာလို့လဲဆို​တော့ မင်းဖတ်​ဖူးသမျှသတင်း​တွေက အတုအ​ယောင်​တွေမို့လို့လေ..."


ယွမ်ရှင်းကျဲက တည်ငြိမ်စွာပြောသည်။ 


“ကွန်ရက်မှာ ရေပန်းစားနေတဲ့ ဆောင်းပါးကို မဖတ်ဖူးဘူးလား။


<အားနည်းတဲ့အမှိုက်တွေက စိန့်ကလီတိုနိုင်မယ်ထင်ကြတယ်...ဆရာကြီးတွေကတော့ ရှင်းဟိုင်ကနိုင်မယ်လို့​ပြောကြတယ်...ကျွမ်းကျင်သူတွေကတော့...>.”


ပိုင်းကျားရှီ အူကြောင်ကြောင်ဖြစ်သွားကာ မေးလိုက်သည်။


"ကျွမ်းကျင်သူတွေက ဘာပြောလဲ..”


“ငါမင်းကိုဘာလို့ပြောပြရမှာလဲ...”


ယွမ်ရှင်းကျဲက သူ့ကိုဆက်လက်မေးမြန်းနေသောပိုင်ကျားရှီကိုထားခဲ့ပြီး အသင်းဖော်များစောင့်နေသည့်နေရာဆီသို့ ပြန်လာခဲ့သည်။ 


တစ်ဦးချင်းပြိုင်ပွဲက မကြာခင်စတော့မှာဖြစ်သည်။


ပထမပွဲစဥ်က ခယ့်လိုင်နှင့် စိန့်ကလီတိုရှိဒိုင်ရက်တာဟူသောကစားသမားတို့ ယှဥ်ပြိုင်ရမှာဖြစ်သည်။ ဒိုင်ရက်တာက SSအဆင့်မောင်းနှင်သူဖြစ်ပြီး မုန်တိုင်းမက်ခါကိုမောင်းနှင်လေသည်။


ကစားသမားနှစ်ဦးက အင်အားအတော်လေးကွာဟနေသည်။ မည်သို့ပင်ဆိုစေ Sအဆင့်က SSအဆင့်ထက်တော့အားနည်းမှာအသေအချာပင်။ 


နှစ်ယောက်လုံးပြိုင်ကွင်းထဲဝင်ပြီးသောအခါ ပရိတ်သတ်အများစုက စိန့်ကလီတိုဘက်မှအားပေးကြသည်။ 


“ဒိုင်ရက်တာ...မြန်မြန်အဆုံးသတ်ပစ်လိုက်...”


“ရှင်းဟိုင်ဘက်က အယ်လ်ဖာက အားနည်းတဲ့ပုံပဲ...သူချေမွခံရတာကိုမြင်ဖို့မစောင့်နိုင်တော့ဘူး...”


မုန်တိုင်းမက်ခါများက ခုခံမှုအားကောင်းပြီး ကြယ်ပျံမက်ခါများတွင် အဆိုပါခုခံအားကိုရိုက်ချိုးနိုင်စွမ်းရှိသည်။ အကယ်၍ အဆင့်တူခြင်းယှဥ်တိုက်ပါက အနိုင်ရသူကိုအလွယ်တကူခန့်မှန်းနိုင်လေသည်။


သို့သော် ဒိုင်ရက်တာ မုန်တိုင်းဒိုင်းကာအားထုတ်လိုက်ချိန်တွင် ခယ့်လိုင်ကအင်အားမဲ့နေသလိုဖြစ်သွားသည်။


အရှိန်နိမ့်အဖျက်ကျည်အများအပြားကို ထောင့်အမျိုးမျိုးမှနေ၍ ပစ်ခတ်ခဲ့သော်လည်း ဒိုင်ရက်တာက အလွယ်တကူတားဆီးနိုင်ခဲ့သည်။


အရင်ပွဲများတွင် ခယ့်လိုင်၏စွမ်းဆောင်ရည်က အသိအမှတ်ပြုချင်စရာပင်။ သူက အဖွဲ့လိုက်ပြိုင်ပွဲတွင်ရှုံးခဲ့သော်လည်း ခုခံမှုရောတိုက်ခိုက်မှုပါအားကောင်းသည်။


ဒိုင်ရက်တာက ခယ့်လိုင်ကို ဖိအားပေးနိုင်မည်ဟု ယွမ်ရှင်းကျဲမမျှော်လင့်ထားခဲ့။


၅မိနစ်အကြာတွင် ဒိုင်ရက်တာက ရုတ်တရက်ဒိုင်းကာကိုချလိုက်ပြီး လျှပ်စစ်သံလိုက်ချိန်းကြိုးဓားကိုသုံးကာ ခယ့်လိုင်ကိုစတင်ရစ်ပတ်လိုက်သည်။


မုန်တိုင်းမက်ခါများ၏ ကြီးမားသောအရွယ်အစား​ကြောင့် အဆိုပါချိန်းကြိုးဓားကဲ့သို့ ကွေးညွှတ်လွယ်သည့်လက်နက်များ ကိုင်ဆောင်လို့မရချေ။ သို့သော် SSအဆင့်မောင်းနှင်သူအတွက်တော့ ပြသနာမရှိ။


ဧရာမလျှပ်စစ်သံလိုက်ချိန်းကြိုးဓားက မြေပြင်ကို ရိုက်မိချိန်တိုင်း နက်နဲသောခြစ်ရာများချန်ထားခဲ့သည်။


သံကြိုးဓား၏အစွန်းက ဖောက်ထွင်းမြင်ရသောအကာအကွယ်အဖုံးကိုခြစ်မိသည့်အခါ ကျယ်လောင်သောအသံများထွက်ပေါ်လာသည်။


ရှင်းဟိုင်လက်ရွေးစင်အဖွဲ့မှ အဖွဲ့ဝင်များသည် ထိတ်လန့်နေပုံရသော်လည်း အားကစားကွင်းအပြင်ဘက်ရှိ ပရိသတ်များကမူ စိတ်ပါလက်ပါတုံ့ပြန်ခဲ့ကြသည်။


ခယ့်လိုင်က အဆိုပါတိုက်ခိုက်မှုကိုရှောင်နေရင်း ဒိုင်ရက်တာက ရည်ရွယ်ချက်ရှိရှိလှည့်စားနေခြင်းဖြစ်ကြောင်း ရုတ်တရက်တွေ့ရှိသွားခဲ့သည်။


သူက ရှောင်တိမ်းနိုင်နေသော်လည်း အမှန်တကယ်တွင် ဧရာမသားရဲ၏လှည့်စားခြင်းကို ခံရသော သားရဲငယ်လေးကဲ့သို့ခယ့်လိုင်ခံစားနေရ၏။ ခုခံရန်အခွင့်အရေးပေးသလိုလိုနှင့် တကယ်တမ်းတွင်တော့ ထိုသို့မဟုတ်ချေ။


ဒိုင်ရက်တာက လုံလောက်ပြီဟုခံစားရသည့်အခါ သံကြိုးဓားနေရာတွင် ဓားရှည်ကိုအစားထိုးလိုက်သည်။


သူကခယ့်လိုင်ကိုတိုက်ခိုက်နေရင်း တစ်ဖက်တွင် မြေပြင်ပေါ်တွင်လည်း အဆက်မပြတ်ထွင်းထုနေသည်။


မကြာခင်၌ ပရိသတ်များက သူ၏ရည်ရွယ်ချက်ကိုရိပ်မိသွားကြ၏။


ကွင်းထဲတွင် ဒိုင်ရက်တာကမြေပြင်ပေါ်၌သံကြိုးဓားကိုအသုံးပြုကာ မြှားကြီးတစ်ချောင်းဆွဲ​ပြီးနောက် ခယ့်လိုင်၏မက်ခါကို မြှား၏ရှေ့တွင်ထောင်ချောင်ဆင်ခဲ့သည်။


သူက တစ်ချိန်တည်းမှာပင် မြှားအတွင်း၌ စာလုံးများစွာကို ရေးထိုးလိုက်သည်။


သံကြိုးဓားနှင့်လုပ်ထားသောခြစ်ရာများမှာ ရှုပ်ထွေးသော်လည်း ပရိသတ်က ၎င်းစာများကိုကြည့်လိုက်သည်နှင့် ခယ့်လိုင်ကိုလှောင်ပြောင်ထားမှန်းသိလိုက်သည်။


"ဒါက တကယ့်ကိုဒိုင်ရက်တာရဲ့ပုံစံပဲ...အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်..."


"မြှား၏ဦးတည်ချက်က ရှင်းဟိုင်အဖွဲ့ရဲ့စောင့်ဆိုင်းခန်းကို ညွှန်ပြနေတဲ့ပုံပဲနော်..."


စောင့်ဆိုင်းခန်းထဲရှိ ရှင်းဟိုင်တက္ကသိုလ်မှလူများအားလုံး တိတ်ဆိတ်နေလေသည်။ သူတို့က ဒိုင်ရက်တာ၏အပြုအမူနှင့်နှိုင်းယှဉ်ပါက ခယ့်လိုင် စိတ်ထိခိုက်မည်ကို ပို၍စိုးရိမ်နေကြခြင်းပင်။


"စီနီယာခယ့်လိုင် စိတ်ဆိုးနေပြီထင်တယ်..." အော်ရီရယ်က စိုးရိမ်တကြီးမေးလိုက်သည်။


ခယ့်လိုင်က များသောအားဖြင့်ဒေါသထိန်းနိုင်သော်လည်း ကွင်းထဲတွင်ဒေါသဖြစ်လိုက်သည်နှင့် သူ့တိုက်ခိုက်မှုကပြင်းထန်လာမည်ကို လူတိုင်းသိသည်။  ဒါက စစ်တက္ကသိုလ်ကျောင်းသားတော်တော်များများ ဖြစ်လေ့ဖြစ်ထရှိသောကိစ္စတစ်ရပ်ပင်။


ရစ်ချက်က သူ့နှုတ်ခမ်းတွေကိုတင်းတင်းစေ့လိုက်ရင်း 


“ငါ ခယ့်လိုင်ရဲ့စိတ်ပိုင်းဆိုင်ရာကို လေ့ကျင့်ပေးခဲ့တယ်...လက်ရှိခယ့်လိုင်က ဒီလိုရန်စရုံနဲ့အာရုံထွေပြားမှာမဟုတ်ဘူး…”


ခယ့်လိုင်က တန်ပြန်တိုက်ခိုက်ရန်ကြိုးစားရင်း အလုပ်များနေသောကြောင့် အဆိုပါစာများကို အစပိုင်းတွင်သတိမထားမိခဲ့ပေ။ သို့သော် သိပ်မကြာခင်မှာပင် တစ်စုံတစ်ခုမှားနေသည်ကို သတိပြုမိလိုက်သည်။


မြေပြင်ပေါ်တွင် ထင်ရှားသောစာလုံးများကို သူတွေ့လိုက်ရ၏။


အရှုံးသမား...


မြှားပုံနှင့်တွဲလိုက်သည့်အခါ ခယ့်လိုင်က သူ၏အရှက်ရစရာအဖြစ်အပျက်ကို ပြန်လည်သတိရသွားခဲ့၏။


xxxxxxx